Wednesday, August 22, 2007

3D Fund will use 21 million dollar in 2007-08

၂၁၊ ၈၊ ၂၀၀၇

သရီးဒီဖန် ၂၀၀၇-၀၈ ခုနှစ်တွင် ဒေါ်လာ ၂၁ သန်းသုံးမည်

မြန်မာနိုင်ငံတွင် ခုခံကျရောဂါ၊ တီဘီရောဂါ နှင့် ငှက်ဖျားရောဂါ တို့ကို တိုက်ဖျက်ရန် သြစတေးလျ နှင့် ဥပရောပသမဂ္ဂ (European Union) အဖွဲ့ဝင် နိုင်ငံများဖြစ်သော အင်္ဂလန်၊ နယ်သာလန်၊ နော်ဝေး၊ ဆွီဒင် တို့က 3DFund (Three Diseases Fund) ခေါ် ရန်ပုံငွေ တစ်ရပ်ကို ထူထောင်ခဲ့လေသည်။ စီမံကိန်း သက်တမ်း ၅ နှစ်အတွက် အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၀၀ ခန့်ကို သုံးစွဲသွားမည်ဟု ဆိုလေသည်။ အဆိုပါ ရန်ပုံငွေသည် မြန်မာနိုင်ငံအနေဖြင့် လတ်တလော ရရှိနေသော လူမှုကူညီရေး အထောက်အပံ့များအနက် အများဆုံးဟု ဆိုနိုင်ပေမည်။

၂၀၀၇ ခုနှစ် စက်တင်ဘာတွင်စတင်သော ဘဏ္ဍာရေးနှစ်အတွက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့များ၊ အန်ဂျီအိုများ စုစုပေါင်း ၂၅ ဖွဲ့ကို အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ထောက်ပံ့သွားမည်ဖြစ်ကြောင်း 3DFund ၀က်ဆိုက် တွင် ဖော်ပြထားသည်။

စာကိုး
Funding Round 1, Three Diseases Fund, retrieved from http://www.3dfund.org/funding.html on August 21, 2007.

Read More...

Monday, August 20, 2007

The Request

မြန်မာလူမျိုး ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူများသည် ကမ္ဘာအနှံ့ တာဝန်ထမ်းဆောင်ရင်း လူ့အသက်ပေါင်းများစွာကို ကယ်တင်လျက် ရှိကြသည်။ ထို့အတူ မြန်မာနိုင်ငံတွင်းတွင်လည်း ရောက်ရာနေရာမှ ကျရာတာဝန်ထမ်းဆောင်နေသော ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူများလည်း ရှိပေသေးသည်။ သို့ရာတွင် ဤအုပ်စု နှစ်ခုမှာ တွေ့ဆုံခဲလှသည်။ ပညာရပ်ဆိုင်ရာ ဆွေးနွေးတိုင်ပင်မှုများ မရှိသလောက်ရှားကာ မိမိတို့၏ အတွေ့အကြုံများကို လက်ဆင့်ကမ်းနိုင်မှုတွင် အားနည်းလှပေသည်။ နှမျောစရာ ကောင်းလှပါတကား။

ယနေ့ခေတ်သည်ကား အင်တာနက်ခေတ်ပင် ဖြစ်ကာ သမားရိုးကျ ဆက်သွယ်ရေး နည်းလမ်းများ ဖြစ်သော သတင်းစာ၊ ရေဒီယို နှင့် ရုပ်မြင်သံကြားတို့သည် ဘလောက် ခေါ် အင်တာနက်စာစောင်များကို မယှဉ်နိုင် ဖြစ်လာရသည်။ သတင်းဦး သတင်းထူးများမှာ ဘလောက်များတွင် သာတွေ့ရပြီး သတင်းစာ၊ ရေဒီယို နှင့် ရုပ်မြင်သံကြားတို့က နောက်မှ နေ၍ အပြေးအလွှား လိုက်နေကြရသည်။

ထိုကဲ့သို့ မြန်ဆန်အသုံးဝင်လှသော ဆက်သွယ်နည်းကို အသုံးချ၍ အထက်ပါ အုပ်စု နှစ်ခုကို ပေါင်းကူးဆက်သွယ်ပေးလိုသည်။ မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော ပြည်သူ့ကျန်းမာရေး ပြဿနာများကို ဆွေးနွေး တိုင်ပင် အဖြေရှာစေလိုသည်။ နိုင်ငံတကာတွင် ရှာဖွေတွေ့ရှိလာသော ပြည်သူ့ကျန်းမာရေး ပညာ နည်းနာသစ်များကို ဝေမျှကြစေလိုသည်။ လူများနိုင်သမျှ များများကို ပါဝင်လာစေနိုင်ရန်အတွက် မြန်မာစာ ကို အဓိက ဘာသာစကား အနေဖြင့်ထားပြီး ဆွေးနွေးသွားမည်ဖြစ်ပြီး ရံဖန်ရံခါ အင်္ဂလိပ်ဘာသာ ဖြင့်ဆွေးနွေးမှုများလည်း ပါရှိမည် ဖြစ်သည်။

ဤကဲ့သို့ မြန်မာလူမျိုး ပြည်သူ့ကျန်းမာရေး ပညာရှင်များ စုပေါင်းပါဝင်မည့် ဘလောက်တွင် ရက်သတ္တ နှစ်ပတ်လျင် စာတစ်ပိုဒ်ခန့် အနည်းဆုံး ရေးသားနိုင်မည်ဆိုပါက မိမိတို့၏ တစ်သက်တာ အတွေ့အကြုံများကို ဝေမျှ ရေးသားကြပါရန် တိုက်တွန်းလိုက်ရပေသည်။

လေးစားစွာဖြင့်
ရဲမွန်မြင့်

စိတ်ပါဝင်စားပါက မှတ်ချက်တွင် အမည် နှင့် ဆက်သွယ်ရန် လိပ်စာ ရေးသားပေးသွားပါရန်။

Read More...

(Daw) Swe Zin Htaik enrolls in Blogosphere

မြန်မာ့ နာမည်ကြီး ရုပ်ရှင်မင်းသမီး အဖြစ်မှ လူမှုကူညီရေး လုပ်ငန်းများကို တစိုက်မတ်မတ် လုပ်ဆောင်နေသော (ဒေါ်) ဆွေဇင်ထိုက်သည် ၄င်း၏ အတွေ့အကြုံ နှင့် အမြင်များကို ဘလောက်ရေးသားခြင်းဖြင့် မျှဝေနေလေပြီ။

ဘလောက်လိပ်စာမှာ
http://graceswezinhtaik.blogspot.com/

Read More...

Sunday, August 12, 2007

UNAIDS enrolls in blogosphere

၁၂၊ ၈၊ ၂၀၀၇

ယူအန်အေ့ဒ်စ် လည်း ဘလောက် လုပ်ရလေပြီ
  • ဘာ ... ဘလောက် ... အဲဒါ ဘာကြီးလဲ။
  • ဘလောက်ရေးနေမယ့် အစား အားကစားလေး ဘာလေး တစ်ခုခု လုပ်ပါလား။
  • ဘယ်သူကဖတ်မှန်းမသိ၊ ဘယ်သူကလာပြီး မှတ်ချက်ပေးသွားမှန်း မသိနဲ့ အချိန်ကုန်ခံပြီး ရေးနေသေးတယ်။
  • တော်တော်အားနေပုံရတယ်။
ကျွန်တော့် ဘလောက် လိပ်စာက ဒါလေ။ အားရင် လာဖတ်ပါလား လို့ဆိုလိုက်ရင် ရလာတတ်တဲ့ တုန့်ပြန်မှုလေးတွေပေါ့။

ဒါပေမယ့်လည်း ခေတ်ရေစီးကို လူတွေ မလွန်ဆန်နိုင်ကြပါ။ ဘလောက်ကို အထင်သေးသူများ အနေနဲ့ ရုပ်မြင်သံကြား ပေါ်ခါစမှာတုန်းက “တစ်နေ့နေ့ တချိန်ချိန်ကျရင် လူတွေ ဒီလေးထောင့်ပုံးလေးကို ထိုင်ကြည့်ချင်တော့မှာ မဟုတ်ဘူး” ... လို့ ဟောကိန်းထုတ်ခဲ့သူလို ဖြစ်နေကြပါလိမ့်မယ်။

မောင်ရဲမွန် တစ်ယောက် ဘာကြောင့်များ သိုင်းဝိုင်းနေပါလိမ့်။ အကြောင်းရင်းက ဒီလို ...

UNAIDS လို့ခေါ်တဲ့ ကုလသမဂ္ဂရဲ့ ခုခံကျရောဂါ ဆိုင်ရာ အဖွဲ့အနေနဲ့ ကိုယ်ပိုင် ဘလောက်တစ်ခုကို စတင် ထုတ်လွှင့်လိုက်ပြီ ဖြစ်လို့ပါပဲ။ ခွေးလှေးခုန်လို့ ဖုန် မထပေမယ့် UNAIDS ခုန်ရင်တော့ ဖုန်ထပါလိမ့်မယ်။ ခုခံကျ ရောဂါနဲ့ ပတ်သက်တဲ့ သုတေသနစာတမ်းတွေ လေ့လာချက်တွေဟာ နေ့စဉ်နှင့် အမျှ အများအပြားထွက်နေတာကြောင့် လူတွေကို မျက်စိလည်စေပါတယ်။ ဘယ်စာတမ်းကိုလေ့လာသင့်လဲ၊ ဘယ်စီမံချက်ကို နမူနာယူသင့်သလဲ ဆိုတာတွေကို လွယ်လွယ်ကူကူသိရှိ နိုင်အောင်လို့ ကုလသမဂ္ဂ ခုခံကျရောဂါဆိုင်ရာ အဖွဲ့က ဘလောက်တစ်ခုကို ၂၀၀၆ ခုနှစ်လောက်ကတည်းက စတင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ UNAIDS ၀န်ထမ်းတွေအတွက်သာ ဖြစ်ခဲ့ပြီး တဖြည်းဖြည်း လူကြိုက်များလာတဲ့ အတွက် အများပြည်သူများ လေ့လာနိုင်ရန် နဲ့ ပါဝင်ဆွေးနွေးနိုင်ရန် လွန်ခဲ့တဲ့နှစ်ရက် (သြဂုတ် ၁၀ရက်နေ့) က ဖွင့်ပေးခဲ့ပါတယ်။ HIV/AIDS နဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျ လေ့လာချက်တွေကို အနှစ်ချုပ် ရေးသားထားတဲ့အတွက် အချိန်ကုန်နည်းနည်းနဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

သွားရောက်လေ့လာချင်တယ် ဆိုရင်ဖြင့် http://hivthisweek.unaids.org/

စာကိုး
New Blog gets HIV science online ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Read More...

Tuesday, July 24, 2007

Public Health Dictionary

ပြည်သူ့ကျန်းမာရေး အဘိဓါန်


Availability = ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခြင်း
Accessibility = လူတိုင်းသွားရောက်ကုသနိုင်ခြင်း
Affordability = မိမိတတ်နိုင်သော ငွေကြေးပမာဏသာ ကုန်ကျခြင်း

Psychological barrier = စိတ်တွင်းအတားအဆီး
Physical barrier = နေရာဒေသအတားအဆီး
Administrative barrier = အုပ်ချုပ်မှုဆိုင်ရာအတားအဆီး
Financial barrier = ငွေကြေးအတားအဆီး

NGO (Non-Governmental Organization) = လူမှုရေးအဖွဲ့အစည်း
National Health Plan = အမျိုးသား ကျန်းမာရေး စီမံကိန်း
National Health Policy = အမျိုးသား ကျန်းမာရေး မူဝါဒ
Primary Health Care = ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု
National Immunization Days = အမျိုးသား ကာကွယ်ဆေးတိုက်နေ့များ
National Sanitation Week = အမျိုးသား ပတ်ဝန်းကျင် ရက်သတ္တပတ် လှုပ်ရှားမှု

Read More...

NGOs and their Participation and Involvement in PHC Activities of Myanmar !

ဤစာစုတွင်း၌ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ (အန်ဂျီအို) ဆိုရာတွင် ကျန်းမာရေးဝန်ကြီးဌာန နှင့်ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြသော နိုင်ငံတကာ နှင့် ပြည်တွင်း၊ပြည်ပ လူမှုရေး အဖွဲ့အစည်းများ အားလုံးကို ဆိုလိုပါသည်။ တတ်နိုင်သမျှ စာရင်းအင်းများ မဖေါ်ပြထားပါ။

မူဝါဒအခြေခံ

မြန်မာနိုင်ငံရဲ့ အမျိုးသား ကျန်းမာရေး မူဝါဒများမှာ ပဏာမကျန်းမာရေး စောင့်ရှောက်မှု နှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို တိုက်ရိုက် ထည့်သွင်းဖေါ်ပြထားပါတယ်။

  • နိုင်ငံသားအားလုံး ကာယသုခ၊ စိတ္တသုခ ပြည့်ဝစေမည့် အားလုံးအတွက် ကျန်းမာရေး ရည်မှန်းချက်ကို ရရှိစေရန် အမျိုးသား ကျန်းမာရေး စီမံကိန်းများ ရေးဆွဲပြီး ကျန်းမာရေးလုပ်ငန်များကို ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုကို အခြေခံ၍ အကောင်အထည်ဖေါ်ရန်၊
  • သမ၀ါယမ၊ ဖက်စပ်၊ ပုဂ္ဂလိကများ နှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ ဆောင်ရွက်လျှက်ရှိသော ကျန်းမာရေး ကဏ္ဍများကို ပြောင်းလဲနေသော စီပွားရေးမူဝါဒနှင့် လိုက်လျောညီထွေ ဖြစ်စေရေးအတွက် တွန်းအားပေးရန်၊

အမျိုးသားကျန်းမာရေးစီမံကိန်းနှင့် ဆက်နွယ်မှု

အမျိုးသားကျန်းမာရေးစီမံကိန်း (၂၀၀၆ - ၂၀၁၁)ရဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု အခန်းမှာ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးကို အောက်ပါ ရည်ရွယ်ချက်များနဲ့ ထည့်သွင်း ရေးဆွဲထားပါတယ်။

(က) အမျိုးသားကျန်းမာရေးစီမံကိန်း အကောင်အထည်ဖေါ်ရေးတွင် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများ၏ ပူးပေါင်း ပါဝင်ဆောင်ရွက်မှုဖြင့် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြုစေရန်၊

(ခ) အမျိုးသားကျန်းမာရေးစီမံကိန်း၏ စီမံချက်များ ဆောင်ရွက်ရာတွင် အစိုးရမဟုတ်သော လူမှုရေး အဖွဲ့အစည်းများမှ တစ်ဖွဲ့ခြင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း တက်ကြွစွာပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန်၊

(ဂ) အမျိုးသားကျန်းမာရေးစီမံကိန်းကို အရှိန်မပျက် ပူးပေါင်းအကောင်အထည်ဖေါ်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ မူဝါဒ နှင့် ရည်ရွယ်ချက်များ အလိုက် တစ်သားတည်း ဆောင်ရွက်ရန်၊

ကျန်းမာရေးစောင့်ရှောက်မှုဖွဲ့စည်းပုံ နှင့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

အချို့ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အသီးသီးဟာ အဆင့်ဆင့်သော (ပြည်နယ်၊တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ) ကျန်းမာရေးကော်မတီတွေမှာ အဖွဲ့ဝင်အဖြစ် အလိုအလျောက် ပါဝင်နေပါတယ်။

ဥပမာ -

  • ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း
  • မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း
  • မြန်မာနိုင်ငံကြက်ခြေနီအသင်း

အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၏ အခန်းကဏ္ဍနှင့် လုပ်ငန်းဆောင်ရွက်ချက်များ

  • ကျန်းမာရေးစီမံကိန်းရေးဆွဲအကောင်အထည်ဖေါ်မှု အဆင့်ဆင့်တွင် ပါဝင်ခြင်း
  • အသိပေးဆွေးနွေးတင်ပြခြင်း
  • အဖွဲ့အစည်းများ အလိုက်စည်းရုံးဆောင်ရွက်ခြင်း
  • ကျန်းမာရေးပညာပေးခြင်း
  • ၀န်ဆောင်မှုပေးခြင်း
  • ဘဏ္ဍာငွေရှာဖွေဖြည့်ဆည်းခြင်း
  • သုတေသနပြုခြင်း
  • လေ့ကျင့်သင်ကြားပေးခြင်း

ပူးပေါင်းဆောင်ရွက်အောင်မြင်မှုများ

  • အမျိုးသားကာကွယ်ဆေးတိုက်နေ့များ
  • အမျိုးသားပတ်ဝန်းကျင်ရက်သတ္တပတ်လှုပ်ရှားမှု
  • အမျိုးသားငှက်ဖျားကာကွယ်ရေးသတ္တပတ်လှုပ်ရှားမှု
  • အနာကြီးရောဂါ ကင်းစင်ရေး လှုပ်ရှားမှု
  • ဆေးလိပ်နှင့်ဆေးရွက်ကြီး ဆန့်ကျင်ရေးလှုပ်ရှားမှု
  • တီဘီရောဂါ ပပျောက်ရေး (တိုက်ရိုက်ကြည့်ရှုအချိန်တိုနှင့်ကုသခြင်း)

မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေး အတွက် လူမှုရေးအဖွဲ့အစည်းများ အားလုံးမှ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုကို အခြေခံ၍ ပူးပေါင်း ပါဝင်ဆောင်ရွက်လျှက်ရှိသည့် အနေအထားကို ဝေမျှလိုက် ခြင်းသာ ဖြစ်ပါတယ်။

Read More...

Wednesday, July 18, 2007

Different areas of public health

These are the proposed areas of public health to be posted on this joint-blog.

1. behavior change communication
2. biostatistics
3. environmental health
4. epidemiology
5. health policy and management
6. infectious diseases
7. mental health
8. population and reproductive health

Your comments and suggestions are most welcome.

Read More...

What is Public Health?

ပြည်သူ့ကျန်းမာရေး ဆိုသည်မှာ အဘယ်နည်း

လွယ်မယောင်နှင့်ခက်၊ တိမ်မယောင်နှင့်နက် ဆိုသကဲ့သို့ အမေးလွယ်၍ အဖြေ ခက်လှသည်။ ပညာရှင်များက တစ်မျိုးတစ်ဖုံစီ အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ အဓိပ္ပါယ်ဖွင့်ပုံ အချို့ကို ကြည့်ကြပါကုန်။
  • လူမှုကူညီရေးစနစ်
  • အသက်မွေးဝမ်းကြောင်းပညာရပ်
  • ပြည်သူလူထုတစ်ရပ်လုံး၏ ကျန်းမာရေးကို စောင့်ရှောက်ခြင်း
  • အစိုးရ၏တာဝန်တစ်ရပ်၊ အထူးသဖြင့် မတတ်နိုင်သူများကို အခမဲ့ဆေးကုပေးခြင်း
  • ရောဂါကာကွယ်ခြင်း၊ လူ့သက်တမ်းကိုရှည်စေခြင်း၊ ကျန်းမာရေးအဆင့်မြှင့်တင်ပေးခြင်း စသည်တို့ကိုဆောင်ရွက်သော သိပ္ပံနှင့် ၀ိဇ္ဇာ ပေါင်းစပ်ထားသည့် ပညာရပ်
  • ပြည်သူအများ ကျန်းမာစွာနေထိုင်နိုင်သည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးခြင်း

လူတစ်ဦး သို့တည်းမဟုတ် လူအများ ကျန်းမာစွာဖြင့် အသက်ရှင်နေထိုင်နိုင်ရန်မှာ အချက်အလက်ပေါင်း များစွာအပေါ် မှီတည်နေပေသည်။ ထိုအချက်အလက်ပေါင်းများစွာ နှင့် ဆက်စပ်သော ကိစ္စမှန်သမျှသည် ပြည်သူ့ကျန်းမာရေး နှင့် သက်ဆိုင်သည်ဟု ယေဘူယျ ဆိုနိုင်ပေသည်။ မည်သို့သော အချက်အလက်များနည်း။ အာဟာရပြည့်သော အစားအစာ နှင့် ရေကောင်းရေသန့် ရရှိရေး၊ လေကောင်းလေသန့် ရှုရှိုက်နိုင်ရေး၊ ရောဂါပိုးမွှားများ ကင်းစင်ရေး၊ ရောဂါကာကွယ်ဆေးများထိုးနှံခွင့်ရရေး၊ နေထိုင်မကောင်းပါက မြန်မြန်ဆန်ဆန် ဆေးကုသခွင့်ရရေး စသည်တို့ဖြစ်သည်။ ထို့ကြောင့် လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်များ နေခြင်းသည်၎င်း၊ သောက်သုံးရေ လုံလောက်စွာမရရှိခြင်းသည်၎င်း၊ စက်ရုံအလုပ်ရုံများတွင် အလုပ်သမားများ ဘေးကင်းရန် စီစဉ်ထားမှုမရှိခြင်းသည်၎င်း၊ ခုခံကျရောဂါသည်များကို ၀ိုင်းကျဉ်ထားခြင်းသည်၎င်း၊ လူနာများကို ဆေးကုသမှုမပေးနိုင်ခြင်းသည်၎င်း၊ ကိုယ်ဝန်ဆောင်များ အိမ်တွင်သာ မီးဖွားရခြင်းသည်၎င်း၊ ဆူနာမီ သတိပေးစနစ်မရှိခြင်းသည်၎င်း၊ ကျန်းမာရေး ဆိုင်ရာ သုတေသနလုပ်ငန်းများ လွတ်လပ်စွာ လုပ်ဆောင်ခွင့်မရခြင်းသည်၎င်း၊ လူတိုင်းလူတိုင်း၏ ကျန်းမာရေး ကို အခြေခံ ဥပဒေက ကာကွယ်မှု ပေးမထားခြင်းသည်၎င်း၊ ပြည်သူများ အခြေခံပညာမတတ်ခြင်းသည်၎င်း၊ ဆည်မြောင်းများဆောက်လုပ်သဖြင့် ငှက်ဖျားရောဂါ ပိုမိုထူပြောလာခြင်းသည်၎င်း၊ ရွှေ့ပြောင်းလုပ်သားများ ပေါများလာခြင်းသည်၎င်း၊ နျူကလီးယား စွန့်ပစ်ပစ္စည်းများကို လူနေသိပ်သည်းသည့် နေရာတွင်ထားရှိခြင်းသည်၎င်း အစရှိသည့် နေ့စဉ် နေမှုထိုင်မှု ကိစ္စရပ်များသည် ပြည်သူ့ကျန်းမာရေး နှင့် ဆက်ဆိုင်သည်ဟု ပြောဆိုရနိုင်ပေသည်။

ခြုံငုံပြောရလျင် ပြည်သူ့ကျန်းမာရေး ဆိုသည်မှာ လူအများစုဝေးနေထိုင်ကြရာတွင် ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာ နေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားသည့် စနစ်တစ်ရပ်ပင်ဖြစ်သည်။

စကားချပ်
ကျန်းမာရေး ဆိုသည်ကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ဤသို့ အဓိပ္ပါယ် ဖွင့်ဆိုလေသည်။
ကျန်းမာရေး ဆိုသည်မှာ အနာရောဂါ ကင်းစင်ရုံမျှသာမကပဲ ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာခြင်း အပြင် လူမှုအသိုင်းအ၀ိုင်းတွင် အဆင်ပြေစွာ နေထိုင်နိုင်ခြင်းတို့ကို ခြုံငုံခေါ်ဆိုခြင်းပင်ဖြစ်သည်။
အာရောဂျံ ပရမံ လာဘံ
တက္ကသိုလ် လှမွန်

စာကိုး။
  1. Public Health: What is and how it works. 3rd Ed. Bernard J. Turnock.
  2. http://www.who.int


Read More...