Saturday, January 15, 2011

Penile retraction တိုနာ ရောဂါ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၁)
September 03, 2010 12:16 AM
ကျွန်တော့်အသက် (၂၃)နှစ်ရှိပါပြီ။ နိုင်ငံခြားမှာ ကျောင်းတက်နေပါတယ်။ လိင်ဝင် (တိုနာ) ရောဂါနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။ လိင်ဝင်တာကို ဆီးခုံမွှေးရှူပေးရင် ပျောက်ကင်းနိုင်တယ်လို့ ကြားဖူးပါတယ်။ တိုနာရောဂါကို ကြောက်ရွံ့နေမိလို့ ဘယ်လို နေထိုင်ရမလဲ ဆိုတာကိုပါ ဖြေပေးစေချင်ပါတယ်။

ဒီ ကျန်းမာရေး ပြဿနာကို အရပ်စကားသဘော ပြောနေကြတာ အမှန်ဘဲ။ “တိုနာ” လို့ သာမက “သိုဝင်တာ” လို့ပါ ခေါ်သေးတယ်။ “အရေးပေါ်ဖြစ်တယ်”၊ “ကုသဘို့ရာ အမျိုးသမီး မ-အင်္ဂါအမွှေးကို မီးရှို့ပြီး၊ အရှူခိုင်းရတယ်၊” “မဟုတ်ရင် သေနိုင်တယ်၊” လို့ ပြောကြတယ်။ သူ့အရပ်နဲ့သူ အခေါ်နဲ့ ကုသနည်းတွေ ရှိနိုင်မယ် ထင်တယ်။ ဆရာဝန်တွေ သင်ရတဲ့ အထဲမှာ ပါတာတော့ မတွေ့သေးဘူး။ ဒါပေမဲ့ သူများနိုင်ငံတွေမှာ အဲလိုဖြစ်တာ စွယ်စုံကျမ်းတွေမှာ စာတင်ခံရတဲ့အထိ ရှိပါတယ်။

အင်္ဂလိပ်လို Koro ခေါ်တယ်။ တရုပ်လို Shuk yang, Shook yong, Suo yang လို့ ခေါ်သတဲ့။ Koro ဟာ ရောဂါ တခု အဖြစ် သတ်မှတ်တယ်လို့ ပြောနိုင်ပြီ။ အမေရိကန် “စိတ်ရောဂါ ရောဂါရှာဖွေရေးနှင့် စာရင်းဇယား အညွှန်း” ထဲမှာ ထည့်သွင်း ထားတာ တွေ့လာရတယ်။ “ယဉ်ကျေးမှု အခြေပြု စိတ်နဲ့ သက်ဆိုင်တဲ့ ဖြစ်စဉ်အုပ်စု” ထဲမှာ ထည့်ထားပါတယ်။ Disease ရောဂါလို့ မပြောဘဲ Syndrome လက္ခဏာ-အစုအဝေး လို့ ခေါ်တယ်။

Koro ဆိုတဲ့ စကား မူလအစက အင်ဒိုနီးရှား တောင်ပိုင်း ဆူလာဝေစီ ကနေ လာတယ်။ Shrinkage “သေးငယ်-တိုတယ်” ဆိုတဲ့ အဓိပ္ပါယ်ရတယ်။ တရုပ် နဲ့ မလေးမှာလဲ အဓိပ္ပါယ်တူ စကားလုံးတွေ ရှိတယ်။ အာသန် နဲ့ ထိုင်း နိုင်ငံတွေမှာလည်း သူ့အခေါ်နဲ့သူ ရှိတယ်။ တိုင်းပြည်က ညံ့သလား မမေးနဲ့ ဗမာတွေမှာ အဲလိုရှိတာ သူများတွေ မသိကြသေးဘူး။ တယောက် လောက်ကနေ MySpace နဲ့ YouTube ကနေ ဗီဒီယိုဖိုင် တင်ပေးရင် နာမည်ကြီးနိုင်တယ်။

Koro ဆိုတာ ရုတ်တရက် အပြင်းအထံ ယောက်ျားက “သူ့လိင်တံ Genital shrinkage တိုရာ၊ သေးရာကနေ Genital retraction ကိုယ်ထဲ ၀င်သွားမယ်-တယ်” ဆိုတဲ့ ရောဂါဆန်းတခု ဖြစ်တယ်။ တချို့မှာ နှစ်မျိုးလုံးဖြစ်တယ်။ နာရီနဲ့ ရက်နဲ့ အထိ ကြာသတဲ့။ နာတာရှည် သမားလည်း ရှိသတဲ့။ ဒါ့ပြင်လဲ ကျားအင်္ဂါ ပုံပန်း ပြောင်းသွားတာ၊ အားနည်းသွားတာ၊ ဖြစ်သူတွေ ရှိသတဲ့။ မိန်းမတွေမှာလည်း “သူ့နို့သီးထိပ်ဖျား၊ ဒါမှမဟုတ် မ-အင်္ဂါ အထဲထဲ ၀င်သွားမယ်-တယ်” လို့ ရှိသတဲ့။

ဘာလို့ ဖြစ်သလဲ ဆိုတာတွေထဲမှာ Psychosexual conflicts လိင်-စိတ် အထာမကျတာ၊ Personality factors သူဘဲ ဖြစ်နေတာ ဆိုတဲ့ တကိုယ်ရေ ပြဿနာ၊ Cultural beliefs ယဉ်ကျေးမှုအရဆိုတဲ့ ရိုးရာ-အစဉ်အလာ တူကြသူတွေမှာ ဖြစ်တယ်လို့ ယုံနေတာတွေ ပါတယ်။ ဒီသဘောမျိုးဟာ လိင်ဆက်ဆံဘက် အများကြီး ရှိတတ်သူ။ ကိုယ့်ဖါသာ အာသာ ဖြေတာကို အပြစ်ကြီးထင်မှတ်သူ၊ ပန်းညှိုးသူတွေမှာလိုဘဲ Sexual adjustment လိင်နဲ့ ပတ်သက်တာမှာ အထာ မကျသူတွေ ဖြစ်ပါတယ်။

ဆန်းစစ်သူတွေက စိတ်နဲ့ ဆိုင်တာနဲ့ မဆိုင်တာ၊ လုံးဝ နဲ့ တ၀က်တပျက်၊ ကြိုးစားပြီး အမျိုးအစား ခွဲနေကြတယ်။ ဆေးဝါး သုံးလို့ ဖြစ်တာ၊ ဦးနှောက်-အာရုံကြော ရောဂါ စသဖြင့် ပါတယ်။ ဖြစ်လို့ သေတော့မှာဘဲ ထင်တာကတော့ Anxiety neurosis ကြောက်စိတ်ဝင် ရောဂါ အမျိုးအစား ဖြစ်တယ်လို့ ဆရာဝန်တွေက ဆိုတယ်။ အနောက် နိုင်ငံတွေမှာလည်း ဖြစ်တာဘဲ။ ဒါပေမဲ့ အာရှသားတွေလို သေမယ်လို့ သိပ်မထင်ကြဘူး။

တရုပ်မှာ ဒါမျိုး များတယ်။ တရုပ်ရိုးရာ ဆေးကျမ်းမှာ ဒီလိုဖြစ်တာကို ၂ မျိုးခွဲထားတယ်။ အသဲနဲ့ ကျောက်ကပ်မှာ Yin and Yan မျှခြေလွဲ ဖြစ်တဲ့ လိင်ရောဂါတဲ့။ သိတဲ့အတိုင်း ဧကရာဇ်တွေ လက်ထက်မှာ Eunuch ဆိုတဲ့ မိန်းမစိုး သင်ကွပ်ထားတဲ့ ယောက်ျားတွေ ရှိခဲ့တယ်။ တရုပ် Taoism အယူအဆထဲမှာ သုတ်ထွက်များတာ မကောင်းဘူးလို့ ယူဆတာဟာ ခေတ် ဆေးပညာနဲ့ ကွဲလွဲနေတယ်။ တရုပ်မှာ ပြောစရာတွေ အများကြီးရှိသေးတယ်။ တစ္ဆေ၀တ္ထုထဲမယ် Fox spirit မြေခွေး-၀ိဥာဉ်ကနေ ခွန်အားနဲ့ လိင်ပိုင်းကို အများကြီး အားနည်းစေတယ်လို့ ရေးထားတာမို့ ဖတ်တဲ့သူတွေရဲ့ စိတ်ကို လွှမ်းမိုးနေတယ်။ ဒါ့ကြောင့် တိုဝင်တာလည်း တစ္ဆေပြုစားတယ်လို့ မှတ်ထင်ကြတယ်။

ဆေးပညာအရ ကုသနည်းက စိတ်ရောဂါကုသနည်း အခြေခံတယ်။ စမ်းသပ် စစ်ဆေးမှုတွေ လုပ်ပြီး၊ လိင်အင်္ဂါရဲ့ ခန္ဓာဗေဒကို ရှင်းပြရတယ်။ Penis ကျားလိင်အင်္ဂါဟာ Pubic bone ဆီးစပ်ရိုး ကို Suspensory ligament အရွတ်နဲ့ ဆက်နေတာမို့ ဘယ်လိုမှ အထဲဝင်မသွားနိုင်ဘူး။ လိုသေးရင် စိတ်ဆေး ပေးပါမယ်။

ရိုးရာနည်းတွေမှာလည်း ဘာလို့ဖြစ်သလဲ အပေါ် မူတည်ပြီး ကုတယ်။ တစ္ဆေထင်ရင် ဘုရားတို့ နတ်တို့ ပူဇော်တာ၊ ပသတာ၊ လုပ်တယ်။ မောင်ထုပြီး အပထုတ်တယ်။ ကျား၊ သမင်၊ စတဲ့ အကောင်တွေကနေ ထုတ်တဲ့ ဆေးတွေ ပေးတယ်။ pepper soup, ginger soup ချင်း၊ ငရုပ်ကောင်း ဟင်းချို တိုက်သေးတယ်။ ကာကွယ်နည်းအနေနဲ့ သိပ်စိုးရိမ်သူတွေက လိင်အင်္ဂါ အထဲ မ၀င်အောင် သူတို့ဖါသာ ကြံဖန် လုပ်တတ်ကြတယ်။ မိန်းမတွေလည်း လုပ်ကြတယ်။ ဆေးပညာအရ အန္ထရာယ် မကင်းတာတွေ ဖြစ်လို့၊ နည်းတွေကို မရေးတော့ပါ။

တိုဝင်တာကို "Penis panic" လို့ ခေါ်ကြတယ်။ လိင်အင်္ဂါနဲ့ပတ်သက်ပြီး ကျီးလန့်စာစား ချောက်ချားစိတ်ဝင်တာလို့ ပြောချင်တာပါ။ စိတ်ဖိအားများတာ၊ အပူချိန်နည်းတာ၊ လန့်စိတ်ဝင်တာမျိုးတွေက ဖြစ်စေတယ်။ Adrenaline အပြင် မူးယစ်ဆေးအုပ်စုထဲက Amphetamine, Cocaine တွေရဲ့ ဘေးထွက်-ဆိုးကျိုးကနေလည်း ဖြစ်စေနိုင်တယ်။

Dr. တင့်ဆွေ
၃-၉-၂၀၁၀


Related Posts :



2 comments:

Unknown said...

ီDr.
အသက် ၃၀ ပါရှင်. သားလေး ၁ ယောက်ရှိပါတယ် ၃ နှစ်ပါရှင်.လွန်ခဲ့တဲံ့ ၁လနေစပြီးအဖြူဆင်းပါတယ်။ယခင်ကတော့ရာသီမလာခင် ၁ ပတ်လောက်တွင်လာတတ်နေကြမို့ သိပ်အလေးမထားမိပါ။နောက် ၂ ပတ်လောက်ကြာတော့နေ့စဉ်လာမြဲမို့စိတ်အနှောက်အယှတ်ရှိလာပါတယ်။၃ပတ်မြောက်မှာတော့ ဗယ်ဘက်ဆီးစပ်မှာနာနေပြီး အဖြူလည်းဆက်ဆင်းပါတယ်။ယခု ၁ လမှာတော့အိပ်နေရင်လည်းသိလာတယ် ဆီးစပ်ကဗယ်ဘက်အခြမ်းပဲနာတယ် ။ထိုင်ရင်လည်းနာတယ်။ အမြဲမဟုတ်ပေမယ့် နာတာကိုသိသိသာသာခံစားလာရပါပြီး။ တစ်ခါတစ်ခါ အဖြူရောင် တစ်ခါတစ်လေ အဝါရောင် နဲ့ဂျယ်လီလိုပဲ နှပ်ချေးနဲ့လည်းတူတယ် အချွဲတန်းကြီး အဖြူတွေဆင်းနေတာ ဆီးစပ်ဗယ်ဘက်ကနာတာ သာအိမ်ကင်ဆာလား?သားအိမ်ရောင်နေတာလား? ပုံမှန်အဖြူဆင်းတာလား ??ဘာဆေးမှမသောက်ရသေးဘူးဆရာ ဆေးဈေးကြီးတဲ့ နိုင်ငံမှာ လစာနည်းနည်းနဲ့ အလုပ်လုပ်နေရလို့ပါဆရာ။အဲဒီရောဂါတွေဖြစ်နေပြီးလား? ဘာဆေးသောက်ရမလဲ? ဆရာဝန်နဲ့ပြဖို့ လိုနေပြီးလား? ngwesinthoun9@gmail.com (or)ဒီနေရာကနေပဲဖြစ်စေပြန်ဖြေပေးပါဆရာ။ လေးစားစွာဖြင့်..ငွေစင်သွန်း

Anonymous said...

ဒီမေးတာကို အခုဘဲဖတ်ရလို့ ပြန်တာ သိပ်နောက်ကျတဲ့အတွက် ဆောရီးဗျာ။ ဒီ (ဆိုဒ်) ကို ကျွန်တော်က တခါတလေမှ ၀င်မိနေလို့ပါ။ ကိုယ်ပိုင် နေရာမှာတော့ နေ့-ညမပြတ် ဖြေနေတာပါ။

“အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၅) Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း” ကို တိုက်ရိုက် ပို့လိုက်ပါမယ်။

မစိုးရိမ်ပါနဲ့။ ကင်ဆာ မဟုတ်ဘို့ သေခြာသလောက်ပါ။ ဆေးလဲ ဈေးမကြီးပါ။
http://dts-medicaleducation.blogspot.com/