ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ဆက်ဆံလို့ရပါသလား။ တကယ်လို့ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။
ပုံမှန်ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အ၀မှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော်တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ပြဿနာ မတက်ပါ။
ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်းရာဇ၀င် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။
ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ၀ါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာတယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။
ပုံမှန်ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇ၀င် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ကိုယ်ဝန် (၃၇ ပါတ်ထက်စော) မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အ၀ဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အ၀ကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အ၀နား ရှိနေတာတွေကို ဆိုလိုတယ်။
အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအ၀င် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရသဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။
ဇနီးသည် ကိုယ်ဝန်ရှိချိန်လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေးတယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေးအတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။
“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား”လို့ ပြောကြတာလည်းရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား)ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမိုဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။
ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘ၀ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ်ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။
စုံအောင်ထည့်ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်းမှုတ်တာမျိုး ဖြစ်မသွားစေရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။
ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (၀ပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။
သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန်ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်းအပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။
အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို သတိထားခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။
Dr. တင့်ဆွေ
၃၀-၄-၂၀၁၀
Friday, April 30, 2010
ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား။ Is it safe to live as before during pregnancy?
Posted by Anonymous 4 comments
Labels: Reproductive Health, Sex Education
Wednesday, April 28, 2010
ဟိုနေရာမှာ ခြောက်နေတာ Dryness of Vagina
“ဆရာခင်ဗျား ကျွန်တော် မနှစ်ကမှ အိမ်ထောင်ပြုထားတဲ့ အိမ်ထောင်သည် တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးနဲ့ အတူနေတဲ့ အချိန်တိုင်း အကြိမ်တော်တော် များများမှာ အမျိုးသမီးရဲ့ အင်္ဂါဟာ အစပိုင်းခဏမှာ သွေ့ခြောက်နေတတ်ပါတယ်။ အတူနေချိန် အစပိုင်းဆို သူရော ကျွန်တော်ပါ နာကျင်ပြီး၊ သက်တောင့်သက်သာ မရှိဖြစ်ရပါတယ်။ နောက်ပိုင်းမှာ စိုစွတ်လာပေမယ့် အပြင်ခဏ ထုတ်မိရင် ချက်ခြင်းလိုလို ပြန်ခြောက်သွားတတ်ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်၊ ဒီ အခက်အခဲကို ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာ လမ်းညွှန်အကြံပေးပါဦးဆရာ။”
KY Jelly ကိုသုံးပါ။ Johnson & Johnson ကနေ ထုတ်တယ်။ ရေအခြေခံ Lubricant ဖြစ်လို့ ဆေးရင်လဲ လွယ်တယ်။ (ကွန်ဒွန်) ကိုလဲ မထိခိုက်စေပါ။ Vaseline (Petroleum Jelly) လို ဆီပါတာမျိုးက (ကွန်ဒွန်)ကို ထိခိုက်နိုင်တယ်။ ဆပ်ပြာနဲ့ ဆေးမှရတယ်။ အိမ်သုံးဆီတခုခု သုံးတာက သုံးလို့ရပေမဲ့၊ မသန့်ရင် မှိုရောဂါ ၀င်တတ်တယ်။ KY Jelly က ဘာ အန္တရာယ်မှ မရှိပါ။ နာမည် အမျိုးမျိုးတော့ ရှိနိုင်တယ်။ Tube, Cream, Liquid အမျိုးမျိုး အတူတူဘဲ။
“ကျွန်တော်က အသက် ၃၀၊ ကျွန်တော့် အမျိုးသမီးက ၂၉ နှစ်ပါ။ အခုလို ကိစ္စမျိုးက အသက်အရွယ်မရွေး ဖြစ်လေ့ဖြစ်ထ ရှိပါသလား။ ဖြစ်တတ်တယ်ဆိုရင် ဘာကြောင့် ဖြစ်တတ်တယ်ဆိုတာလေးလဲ သိပါရစေ။ နောက်ပြီးတော့ (ဂျယ်လီ) ကို သုံးရင် (ကွန်ဒွန်) မပါပဲ၊ သုံးဖို့ သင့်-မသင့် လမ်းညွှန်ပေးပါဦး ဆရာ။”
မွေးလမ်းကြောင်း ခြောက်နေခြင်း Dryness of Vagina က အများအားဖြင့် အသက် ၄၅ ကျော် Menopause သွေးဆုံးရင် သေချာပေါက် ဖြစ်တယ်။ ကျန်အရွယ်တွေမှာက ရှိတော့ ရှိတယ် ရှားတယ်။ Estrogen ခေါ်တဲ့ မ-ဟော်မုန်း နည်းသွားလို့ပါ။ ဖြစ်စေနိုင်တဲ့ အခြေခံ ရောဂါတွေလဲရှိတယ်။ Hypothyroidism လည်ပင်း-သိုင်းရွိုက် ဟော်မုန်း နည်းရောဂါ နဲ့ Vaginitis (ဗဂျိုင်းနား) ရောင်တာတွေ ဖြစ်ပါတယ်။ အစိုဓါတ်ဟာ ဆီးချိုရှိရင်လဲ နည်းတယ်။ ဘာလို့ ဖြစ်ရမှန်း မသိတာလဲ ရှိပါတယ်။
Vaginitis ကတော့ STD/STI လိင်ကတဆင့်ကူးစက်ရောဂါ တခုခုကြောင့်ပါ။ ဆေးကုလို့ လွယ်ပါတယ်။ Hypothyroidism ရဲ့ ရောဂါလက္ခဏာတွေကတော့ အားယုတ်တာ၊ စိတ်ဓါတ်ကျတာ၊ ကိုယ်အလေးချိန် (အနည်းငယ်) တိုးတာ၊ အအေးဒဏ် မခံနိုင်တာ၊ အိပ်ချင်စိတ် ကဲနေတာ၊ အသားအရေ ခြောက်တာ၊ ၀မ်းချုပ်တာ၊ ကြွက်သားနာတာ၊ (ကိုလက်စထော) များတာ၊ စိတ်အာရုံစိုက်မှု နည်းလာတာ နဲ့ ခြေထောက်ရောင်တာတို့ ဖြစ်တယ်။
ဒီစာမျိုး ရေးရတာက ခေါင်းစဉ်တခုကို တတ်နိုင်သလောက် ပြည့်စုံအောင်ရေးမှ ဖြစ်တာ။ လူ တထောင် တယောက်၊ တသောင်း တယောက် ဖြစ်နိုင်တာလဲ မချန်ရဘူး။ ဖတ်တဲ့သူက ပိုလို့တောင် သတိထားသင့်တယ်။ စာဖတ်ရင်း လည်ပင်း စမ်းနေသူလဲ ရှိနိုင်တယ်။ အစိုးရိမ် မကြီးစေချင်ပါ။ လက္ခဏာတွေဆိုလဲ သေးသေးဖွဲဖွဲလဲ ပါရတာ။ ရေးတဲ့ထဲမှာ ၀မ်းချုပ်တာတခု ပါနေတာမို့ ဖတ်တဲ့သူက တရက်လောက် Bathroom မသွားရင်ကို ငါ့မှာ ဒါဖြစ်သလား သွားထင်မိမှာ စိုးရသေးတယ်။ ပညာနဲ့ ဆင်ခြင်ပါလေ။
အရွယ်ရှိစဉ်မှာ (ဗဂျိုင်းနား) ကို ဖုံးထားတဲ့ အရေပြားဟာ ပြည့်ဖေါင်း၊ နီရဲ (ပန်းရင့်ရောင်)၊ ရှိပြီး၊ အမြဲလို စိုစွပ်နေတယ်။ ကြုံ့နိုင်-ဆန့်နိုင်တယ်။ လိင်စိတ်ရှိလာချိန်မှာ ပိုပြီး စွပ်စိုလာတာက (ဗဂျိုင်းနား) အ၀၊ အတွင်းကရှိတဲ့ Bartholin's glands ဆိုတဲ့ အကြိတ်နှစ်ခုကနေ အရည် ထွက်ပေးလို့ပါ။ မ-ဟော်မုန်း နည်းလာတာနဲ့အမျှ အဖုံးလွှာက ပါး၊ ဖြူ(ဖြူပြာ)၊ ခြောက်လာတယ်။ ကြုံ့နိုင်-ဆန့်နိုင်စွမ်းပါ နည်းလာတယ်။ သွေးဆုံးချိန်မှာ ဒီလိုဖြစ်လာတာ ပုံမှန်ဖြစ်စဉ်ပါ။ Vaginal atrophy (ဗဂျိုင်းနား) သေးကြုံ့တဲ့ရောဂါလို့ ခေါ်တယ်။
မ-ဟော်မုန်း Estrogens ဆိုတာ မျိုးဥအိမ် Ovaries တွေကနေ ထုတ်ပေးတာဖြစ်တယ်။ သူ့အစွမ်းကြောင့် မိန်းကလေးဟာ ရင်သား ဖွံ့ထွားလာစေတယ်၊ ကိုယ်ခန္ဓာပုံပန်းကလည်း ငါးရံ့ကိုယ်ဖြစ်လာစေတယ်။ ကိုယ်က မွှေးညှင်းလေးတွေကိုလဲ ချောနုလာစေတယ်။ ရုပ်သွင်ကို သာမက လစဉ်ရာသီလာတာ၊ ကိုယ်ဝန်ဆောင်တာတို့အတွက်ကိုလဲ လုပ်ပေးတယ်။
မွေးလမ်းကြောင်းခြောက်တာက သွေးဆုံးတာနဲ့ မဆိုင်ဘဲလဲ ဖြစ်တတ်ပါတယ်။ ကလေးဖွါးပြီးချိန်၊ စိတ်ဖိစီးမှုများချိန်နဲ့ ကိုယ်ဝန်တားဆေး တချို့ကြောင့်လည်း ဖြစ်နိုင်တယ်။ ခြောက်နေရင် ပူစပ်နေတာကိုတော့ ခံစားရတတ်တယ်။ မလိုဘဲနဲ့တော့ ဆေးကုစရာမလိုပါ။ သွေးဆုံးသည်ဖြစ်စေ မဆုံးသည်ဖြစ်စေ ကျား-မ ဆက်ဆံချိန်မှာ ပြဿနာရှိလာတာ (နာတာ-ခြောက်တာ) ဆိုရင် ကုပါ။ ကုနည်း အမျိုးမျိုး ရှိတယ်။
ဟော်မုန်းပေးကုတာကို (HT) ခေါ်တယ်၊ (PHT) လဲခေါ်တယ်၊ (HRT) လို့လဲ ခေါ်တယ်။ အထူးလိုတာမို့ အထူးကုနဲ့သာ ကုသင့်တယ်။ အခက်ကြီးတော့ မဟုတ်ပါ။ စားဆေးနည်းရော ဆေးထည့်နည်းရော ရှိတယ်။ Vaginal estrogen ring ဆေးကွင်း၊ Vaginal estrogen cream (ခရင်မ်)၊ Vaginal estrogen tablets ဆေးပြား၊ အမျိုးများတယ်။ Estriol Cream BP (Evalon Cream) ကို OG ကညွှန်လို့ သုံးခါစမှာ သကြားနဲ့ဆား မှားတာကို လူနာတယောက် ကြုံရဘူးတယ်။ အစသာ ဖြစ်တာပါ။
(KY jelly) (ဂျယ်လီ) က အများဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်တယ်။ အရွယ်မရွေး သုံးနိုင်တယ်။ ရေနဲ့လုပ်တာ၊ ဆီမပါလို့ ဆေးရတာ လွယ်တယ်။ (ကွန်ဒွန်)ကိုလဲ မထိခိုက်စေဘူး။ (ကွန်ဒွန်) မပါဘဲလဲ သုံးလို့ရပါတယ်။ ဈေးချိုတယ်။ ၀ယ်ရတာ လွယ်တယ်။ အရွယ်အစား အမျိုးမျိုး ရောင်းတယ်။ အခါ ၅၀ လောက် သုံးနိုင်တာရော၊ ခရီးဆောင်ရော။ သုံးသူ အဆင်ပြေ၊ ရောင်းသူငွေရ။ တကယ်လို့ အမျိုးသမီးက Yeast မှိုပိုး မကြာမကြာ ရတတ်သူဆိုရင် ရိုးရိုး (ဂျယ်လီ)က (ဗဂျိုင်းနား)ရဲ့ pH အက်စစ်ဓါတ်နဲ့ မတူလို့ pH တူတဲ့ Astroglide (Silken Secrete) ကို ရှာဝယ်သင့်တယ်။ ဒီဆေးကိုတော့ Applicator နဲ့ ထည့်ရတယ်။ အတွင်းထဲထိ ထည့်ပေးနိုင်တယ်။ ဒါပမဲ့ လက်တွေ့မှာ အ၀နေရာမှာသာ ထည့်ပေးဘို့ လိုတာပါ။ ကိုယ်ခန္ဓာကို ငွေကြေးနဲ့ လဲရသူများမှာလည်း၊ အဖေါ်က မင်းသားလို ချောချော၊ ကျိကျိတက် ချမ်းသာနေနေ၊ ဘယ်စိတ်မှ လာတာ မဟုတ်လို့၊ (ဂျယ်လီ) ကိုသာ အိပ်စိုက်သုံးကြရတယ်။
နောက်တမျိုးကတော့ Vaginal moisturizer စိုစွပ်စေတဲ့ထည့်ဆေး (Yes, Sylk, Replens or Senselle, K-Y Silk-E Vaginal Moisturizer or KY Liquibeads) တွေ ဖြစ်တယ်။ ရေငွေ့ဓါတ်ပေးတဲ့သဘောပါ။
ဗီတာမင် E ကို အမျိုးသမီးတွေအတွက် ညွှန်းပါတယ်။ သောက်ဘို့သာမက capsule အတောင့်ထဲက ဆေးကို ဖေါက်ပြီး၊ အဂ်ါအထဲ ညှစ်ထည့်ပေးနိုင်သေးတယ်။ ပဌမတပါတ်မှာ နေ့စဉ် အဲလိုလုပ်ပြီး၊ နောက်ဆိုရင် တပါတ်မှ ၁ ခါ၊ ၂ ခါသာ လုပ်ဘို့ လိုတယ်တဲ့။ ဒါပေမဲ့ ဒီနည်းကို သိပ်မညွှန်းတော့ပါ။ အဆီဖြစ်လို့ (ကွန်ဒွန်)ကို ထိခိုက်နိုင်လို့။ ဗက်တီးရီးယား အခြေအနေ ပြောင်းစေနိုင်လို့ပါ။
အစားအစာထဲမှာ Soy ပဲပုပ် နဲ့ Flax ဗီသွာ(နှမ်းကြတ်) တွေကလည်း ဒီနေရာမှာ ခြောက်နေတာကို စိုစေတယ်လို့ဆိုတယ်။ တချို့က နှမ်းဆီ စစ်စစ်ကို ဂွမ်းမှာ ဆွတ်ပြီး၊ (ဗဂျိုင်းနား) အတွင်းသားမှာ တနေ့တခါ တပါတ်ကြာ သုတ်လိမ်းခိုင်းတယ်။
တခြား အထောက်အကူပြုမဲ့နည်းတွေကတော့ ရေများများ သောက်ပါ။ အတူနေတာ အကြိမ်များလာရင်လဲ ပိုကောင်း လာနိုင်တယ်။ (ဖိုးပလေး) ခေါ်တဲ့ အင်္ဂါနှစ်ခု မထိစပ်ခင် ကြိုတင်ဆောင်ရွက်မှုမျိုးအတွက် အချိန်ပေးပါ။ အမျိုးသမီးများဟာ အမျိုးသားတွေထက် စိတ်ဖြစ်ပေါ်မှု နှေးတယ်။ ဘယ်သူကသုံးသုံး၊ (အိုရယ်) နည်း သုံးနိုင်တယ်။ တံတွေးသုံးနည်းကလဲ အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ ခံတွင်းသန့်ရှင်းမှု ကောင်းကောင်း လုပ်ထားရမယ်။ ဒါတောင် အမျိုးသမီးမှာ ဆီးအောင့်တာ ဖြစ်လာတတ်တယ်။ သတိထားဘို့က ဆီ၊ တံတွေး၊ (အိုရယ်)နည်းကြောင့် ဗက်တီးရီးယား နဲ့ မှိုပိုး ၀င်တတ်တယ်။
Belladonna, Bryonia နဲ့ Lycopodium တို့က Homeopathic (ဟိုမီယိုပက်သစ်) ဆေးတွေပါ။
ကြော်ညာတာတွေလဲ ထည့်ရေးပါမယ်။ Aloe Vera gel, Fenugreek seeds, Ginkgo Biloba, Oat straw နဲ့ Black Cohosh Actaea racemosa စသဖြင့်ရှိတယ်။ Lady secret serum ဆိုတာက phyto-estrogen နဲ့ ထိုင်း-အိန္ဒိယ ဆေးဘက်ဝင် အပင်ထွက်တွေပါတယ်တဲ့။ “ကလေးဖွါးပြီးသူများ၊ (ဗဂျိုင်းနား) တအားကောင်းစေသည်” လို့ ကြော်ညာတယ်။
ဆေးပညာ ပညာပေးရတာမှာ ရေးသူအဖို့ ဖတ်သူရဲ့အခြေခံသိမှ ကောင်းတယ်။ အများဖတ်ဘို့ ရေးတဲ့အခါ အတော် ချင့်ချိန်ရတာ။ တချို့က “ချက်ဆို နားခွက်ကမီးတောက်” ပေမဲ့၊ တချို့က လုံးစေပတ်စေ့ ပြောတာတောင် လွဲသွားတာတွေ ရှိတယ်။
မိသားစုစီမံကိန်း ပညာပေးအစီအစဉ်တခုမှာ “ဟောဒီလို သုံးရတယ်” ဆိုပြီး၊ ဆရာသမားက (ကွန်ဒွန်)ကို လက်မမှာ ကျကျနန စွပ်ပြပြီး၊ စတိုင်ပါပါနဲ့ ပညာတော့ ပေးလိုက်တာပါဘဲ။ မကြာပါဘူး “ဆရာရယ် ဆရာပြောသလို လုပ်တာပါဘဲ၊ ကလေး ရှိပြန်ပြီ” ဆိုပြီး၊ (ကွန်ပလိမ့်) လာတယ်။ (ကွန်ဒွန်) လဲ မပေါက်၊ (ဒိတ်) လဲ မအောက်။ မနောက်ပါနဲ့ဗျာ ဘယ်လို စွပ်လဲ ပြောစမ်းပါအုံး။ “ညတိုင်း ညတိုင်း၊ ဆရာခိုင်းသလို ကျွန်တော့် ဘယ်ဘက်လက်မမှာ ကျကျနန စွပ်တာပါ။ ဘယ်-ညာတောင် မလွဲဘူး။” တဲ့ ခင်ဗျာ။
Dr. တင့်ဆွေ
၂၈-၄-၂၀၁၀
Posted by Anonymous 4 comments
Labels: Q and A, Respiratory system, Sex Education
Tuesday, April 27, 2010
ကိုယ်ဝန်က သားအိမ်ထဲမှာ မဟုတ်ဘဲ၊ တခြားနေရာတည်တာ ဘာ့ကြောင့်လဲ။ What Causes Ectopic Pregnancy?
ထူးဆန်းသည့် ကိုယ်ဝန် Ectopic Pregnancy ဘာကြောင့် အဲလို ဖြစ်ရတာပါလဲဆရာ.. သိချင်ပါတယ်..
သိချင်လို့ မေးတာကို မသိတာနဲ့ စရတော့မှာဘဲ။ အများဆုံးကတော့ ဘာ့ကြောင့်မှန်း မသိပါ။ Risk factors ဖြစ်စေနိုင်တဲ့ အခြေအနေတွေက အမျိုးရှိတယ်။ သားအိမ်ပြွန်မှာ ပြဿနာရှိသူ၊ ဆေးဝါးရဲ့ မကောင်းကျိုးဆက်များနဲ့ ဆေးလိပ် စွဲသူတွေမှာ ဖြစ်ကြပါတယ်။ ဒါမျိုးကို တခုကမှ ဆရာဝန်တွေ ရှာမရသူကလည်း သုံးပုံတပုံကနေ တ၀က်အထိ ရှိတယ်။
Ectopic Pregnancy အများဆုံးဖြစ်တဲ့ သားအိမ်ပြွန်ဆိုတာ သားအိမ်ရဲ့ထိပ်မှာ ချိုနှစ်ချောင်းလို ဘေးကားထွက်နေတာ။ တရိစ္ဆာန်ချိုလို သူများ သွားခွေ့ဘို့ မဟုတ်ဘူး။ အလုပ်ကြတော့ လက်နှစ်ချောင်းနဲ့ ပိုတူတယ်။ မျိုးဥအိမ်ကနေ တလတခါ ထွက်နေကျ မျိုးဥကို ကောက်ယူ၊ စုပ်ယူ၊ ဆွဲယူ လုပ်ပေးတယ်။ သု့အထဲမှာ ပေါင်းစပ်စရာလဲ နေရာပေးတယ်။ ဒါပေမဲ့ တလမှာ တခါသာ တာဝန်ကျတယ်။ ဒါတောင် အလုပ် အတော်ချောင်တဲ့သူတွေ၊ တဖက်က လုပ်ရင် နောက်တဖက်က လုပ်စရာမလို သန်းရှာနေယုံဘဲ။
ကလေးမရနိုင်တာကိုလဲ ထည့်ပြောတယ်။ အမှန်က ကလေးမရတာက အကြောင်းမဟုတ်ဘူး။ အကျိုးပါ။ စုံအောင် ထည့်ရေးရရင် ကလေးမရအောင် ပြွန်ကို ဖြတ်-ချည်ထားတာလဲ ပါတာပေါ့။ ကလေးမရအောင် ပြွန်ကို Tubal cautery မီးသုံး ပိတ်တဲ့နည်း လုပ်ပေးထားသူတွေရဲ့ ၇၀%၊ Tubal ligation ပြွန်ကို ချည်နှောင်နည်းဆိုရင် ၃၀% တို့က သားအိမ်ပြင်ပ ကိုယ်ဝန် ရစေနိုင်တယ်။ ဆိုချင်တာက Sterilization လုပ်ထားပြီး Ectopic Pregnancy ဖြစ်သူတွေရဲ့ ရာနှုန်းကိုသာ ပြောတာပါ။ နောက်ပြီး Tubal sterilization reversal or tubal ligation reversal ဆိုတဲ့ ကလေးမရအောင် ပြွန်ကို တနည်းနည်းနဲ့ လုပ်ထားပြီးခါမှ ကလေး ပြန်ရချင်သူကို ကြိုးစား ခွဲစိတ် ပြုပြင်နည်းကြောင့်လည်း ကိုယ်ဝန်က သားအိမ်ပြင်ပမှာ တည်နိုင်သေးတယ်။ သဘာဝမဟုတ်ရင် ဘာမှမကောင်းပါ။
သားသမီးဝေးအောင် သားအိမ်ထဲ IUCD (Copper T, Loop) ပစ္စည်း ထည့်တာလဲ အဆင်မသင့်ရင် သားအိမ်ပြင်ပ ကိုယ်ဝန်ရနိုင်တယ်။ အဆင်မသင့်တာသာ မကဘဲ၊ ဒါလုပ်ပေးရာမှာ ပိုးမသန့်ရင်လဲ PID ဖြစ်စေတတ်တယ်။
PID လို့ခေါ်တဲ့ တင်ပဆုံကွင်းထဲက အင်္ဂါတွေ ရောင်တာက လက်ညှိုးထိုး အခံရဆုံးဘဲ။ ဒီရောဂါထဲမှာ Gonorrhea နဲ့ Chlamydia ဆိုတဲ့ STD/STI လိင်ကနေ ကူးစက်ရောဂါတွေက အများဆုံးဘဲ။ ရောဂါ စဖြစ်တာက Vagina မွေးလမ်း ကြောင်းမှာပေမဲ့ အထက်တက်ပြီး၊ Uterus သားအိမ်၊ Tube သာအိမ်ပြွန်၊ Ovary မျိုးဥအိမ် စတာတွေဆီ ပြန့်နိုင်တယ်။ ရောဂါရရင် ပြွန်ထဲက လက်ချောင်းငယ်လေးတွေလိုရှိတဲ့ အလွှာက (ဆဲလ်)တွေ ပျက်စီးစေတယ်။ ဆေးကုလို့ ပိုးသေ၊ ရောဂါ ပျောက်ရင်တောင် အနာရွတ် ဖြစ်သွားလို့ မျက်နှာပြင် ပုံပြောင်းသွားပြီး၊ လမ်းကျဉ်းသွားစေတယ်။ ဒီတော့ မ-မျိုးဥနဲ့ ကျားသုတ်ပိုးတို့ ၀င်ကြ ထွက်ကြ လုပ်ရမှာကို တားဆီးတာမို့ ကိုယ်ဝန်က သားအိမ်အထဲ ၀င်မဆောင်နိုင်တော့ဘဲ၊ တခြား သွားတည်စေနိုင်တာပါ။
ကိန်းဂဏန်းရှိတဲ့ တိုင်းပြည်ကိုဘဲ ကိုးကား ပြောရရင်၊ အမေရိကားမှာ နှစ်တိုင်း အမျိုးသမီး တသန်းမှာ PID တွေ့နေရပြီး၊ တသိန်းမက ဒါ့ကြောင့် ကလေးမရ ဖြစ်နေကြရတယ်။ ထောင်နဲ့ချီပြီး အမျိုးသမီးတွေမှာ သားအိမ်ပြင်ပ သန္ဓေတည်ကြတယ်။ ဗိုက်အောက်နားက နာတာ၊ ရာသီရက် မမှန်တာ၊ အဖြူ-အ၀ါဆင်းတာ၊ ဆီးအောင့်တာ၊ အိမ်ထောင်နဲ့ အတူနေရင် နာကျင်တာစတဲ့ လက္ခဏာတွေက PID ရှိတာကို ပြတယ်။ ဒါပေမဲ့ ဘာ လက္ခဏာမှ မပြဘဲလဲ၊ PID ရှိနေတတ်တယ်။ အပျိုရွယ်ကတည်းက PID ရှိနေတာကို အိမ်ထောင်ကျမှ၊ ကိုယ်ဝန်ရမှ သိကြရတာလဲ မနည်းဘူး။ ဆက်ဆံဘက် များသူတွေမှာ ဒုက္ခ မလှမပ တွေ့ရလိမ့်မယ်။ အကာကွယ်မဲ့ ဆက်ဆံသူတွေလဲ ပါတယ်။ ဒါ့ကြောင့် (ကွန်ဒွန်) သုံးသင့်ကြတယ်။
Clomiphene citrate နဲ့ Pergonal ဆိုတဲ့ ကိုယ်ဝန်ရှိအောင်လုပ်ပေးစေမဲ့ Fertility drugs ဆေးတွေ၊ Progesterone-like hormones ပါတဲ့ Contraceptive ပဋိသန္ဓေတားဆေး၊ Diethylstilbestrol (DES) ဆိုတဲ့ မ-ဟော်မုန်း စတီရွိုက်ဆေး ကြောင့်လဲ ပြောကြသေးတယ်။
Endometriosis ဆိုတဲ့ သားအိမ်က တစ်ရှူးတွေ အပြင်ထွက်ပြီး ပေါက်ပွါးတဲ့ရောဂါကြောင့်လဲ ပြွန်ကို ကျဉ်းစေတယ်။ ဆေးလိပ်သောက်သူတွေမှာ ၅ ဆပိုတယ်။ Nicotine က ပြွန်ကို ဆွပေးလို့ပါ။ အသက် ကြီးလာသူတွေမှာ ငယ်သူတွေထက် ပိုဖြစ်နိုင်တယ်။ အိုပြီဆိုရင် ဘာမှ မကောင်းပါလား။
ရောဂါမှန်သမျှ ဖြစ်ရတာမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ဆိုတဲ့ အကြောင်းတရား လေးပါးရှိတယ်။ ဘာမှ ရှာမရရင် ကံတရား ကြောင့်ဆိုတာ အမှန်ပါ။ ဒါ့ကြောင့် ဆေးလိပ်မသောက်နဲ့၊ တလင်တမယားသာနေ၊ (ကွန်ဒွန်) ကို အမြဲသုံး၊ ခွဲတာစိတ်တာ မခံရစေနဲ့။ ကံကောင်းအောင် သောက်ရေကန်၊ သုံးရေကန် တူး-ဆည်-သန့်ပေး၊ မွေးနေ့တိုင်း ဆွမ်းကြွေး၊ အနန္တော အနန္တငါးကို မပြတ် ဆီးကပ် ကိုးကွယ်ပါလေ။ မအိုစေနဲ့။
Dr. တင့်ဆွေ
၂၇-၄-၂၀၁၀
Posted by Anonymous 3 comments
Labels: Q and A, Reproductive Health
Sunday, April 25, 2010
ထူးဆန်းသည့် ကိုယ်ဝန် Ectopic Pregnancy
နက်ဖြန် အလှူနေ့ပါ။ သားတွေကိုသင်္ကန်းဆီး၊ သမီးကို နားသ၊ လာသမျှကို အ၀ကြွေးပြီး၊ အလှူမင်္ဂလာပွဲကြီး ဝှဲချီး လုပ်မှာပါ။ “အလှူ” ဆိုတာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအဖို့ တသက်တာမှာ တခါတော့ လုပ်ဖြစ်အောင် လုပ်ကြရတယ်။ အရပ်ကူ၊ လူဝိုင်း၊ ဆွေမျိုးတိုင်း လာကြ။ မိတ်ဆွေ ရင်းခြာတွေလည်း နီးသော၊ ဝေးသောမဟူ အလှူလာကြတယ်။ “မနက်ဖြန်အလှူရက် စည်ချက်မကျန်ဘူး” ပြောရမှာပေါ့။
အလှူ့တကာက ဆရာဝန်။ နယ်မြို့တွေမှာ ဆရာဝန်တိုင်း၊ ၈ နာရီတဆိုင်း မရှိပါ။ နေ့တိုင်း၊ နာရီတိုင်း ဂျူတီကျတွေ ဖြစ်ပါတယ်။ ကျွန်တော် မြို့နယ်ဆရာဝန်ဖြစ်တာ ကံကောင်းတယ်။ မွေးရပ်မှာ တာဝန်ကျတဲ့ပြင်၊ လက်ထောက်ဆရာဝန်က ညီတော်တယ်။ သူက အလုပ်ကြိုးစားပြီး၊ ၀ါသနာမှာ ကျွန်တော်နဲ့ လာတူတာတွေ ရှိတယ်။ ခွဲချင်စိတ်ချင် ဒါးဆရာဝန်တွေ။ ပုံမှန်ဆိုရင် သူတလှည့် ကိုယ်တလှည့် ညဂျူတီယူကြတာ၊ အလှူကာလ တလျှောက်လုံး သူကချည်း တာဝန်ယူပေးပါတယ်။
အလှူဖိတ်နေ့ညမှာ အရေးပေါ်ပါလေရော။ ဆေးရုံက ၀န်ထမ်းတယောက် ယူလာတဲ့ (ဒစ်ရှ်ပက်) စာအုပ်မှာ “မွေးလူနာ လာတယ်။ အသက်ကြီးပြီး၊ မမွေးနိုင်ဘူး” တဲ့။ ဗိုက်ခွဲမွေးရမဲ့ လူနာမှန်း တန်းသိလိုက်ပါပြီ။ လက်ထောက်ဆရာဝန်က ဒီလောက်တော့ ထမင်းစား-ရေသောက်။ သူ့ကို “(LSCS) လုပ်ရန်” လို့ မှတ်ချက် ပြန်ပေးလိုက်ပါတယ်။ “လိုရင် ခေါ်ပါ” ပေါ့။
မကြာပါဘူး လိုပါလေရော၊ ခေါ်ပါလေရော။ နောက်တခါ (ဒစ်ရှ်ပက်) စာအုပ်ယူလာသူကို ညီတော်မောင်ဆရာသမားက စကားလဲ ပါးလိုက်တယ်။ “ဗိုက်ထဲမှာ ထူးထူးဆန်းဆန်း တွေ့တယ်။ လာမှရမယ်” တဲ့။ နက်ဖြန် အလှူရှိတာရော လူနာ အခြေအနေရော သူ့ထက်သိတာ ရှိမှာ မဟုတ်ပါ။ သန်းခေါင်ကျော်နေတာလဲ သူ့နာရီနဲ့ ကိုယ့်နာရီ အတူတူပါ။ ဒါပေမဲ့ အလှူလဲ ကုသိုလ်၊ ဆေးကုတာလဲ ကုသိုလ်၊ နှစ်ထပ်ကွမ်းကုသိုလ် ယူရမှာပေါ့။ “အလှူ့အမရေ အိပ်နှင့်ပေတော့”။
ခွဲခန်းထဲ တန်းဝင်တာနဲ့ လူနာကို ခါးထုံဆေး ထိုးပြီးသား၊ ဗိုက်ကိုလဲ ဖွင့်ထားပြီးသား၊ ဗိုက်ထဲက ကလေးကိုလဲ မြင်နေရပါပြီ။ ဒါပေမဲ့ လားလာ့း “ကလေးတခြား သားအိမ်တခြား”။
လူနာကို မှတ်မိပြီ။ အသက်က ၄၅ လောက်၊ ကိုယ်ဝန်မဆောင်တာ ကြာပြီးမှ ရှိလာပြန်လို့ ကိုယ်ဝန်လာပြထားသူ၊ တောင်ဘက် ကျောက်တောင်ရွာက။ တောနယ်တွေမှာ တရွာနဲ့တရွာ ဝေးကြတာ မဟုတ်ပါ။ အမျိုးစပ်ရင်လဲ နီးကြတယ်။ ဟိုဘက်ကတော်၊ ဒီဘက်ကတော်။ အမျိုးရဲ့ ဟိုဘက်ကအမျိုး စသဖြင့် ဆွေမျိုးချည်းဘဲ ထင်ရတယ်။ ကြုံလို့ ရေးရဦးမယ်။ ကျွန်တော့်ထက် ကျွန်တော့် အမျိုးတွေကို ကျွန်တော့်ဇနီးက ပိုသိ၊ ပိုရင်း၊ ပိုချစ်တယ်။ လုပ်ရတာက ဆရာဝန်မို့ လာသမျှ အမျိုးဘဲဆိုပြီး စိတ်ထဲ ထားလိုက်တာကြောင့်လဲ နည်းနည်းပါမယ်။ ရောချလိုက်တာဆိုလဲ ဟုတ်တယ်ပေါ့ဗျာ။
လူနာဟာ “သားအိမ်ပြင်ပ သန္ဓေတည်ခြင်း” Ectopic pregnancy ဆိုတာဖြစ်တာပါ။ သားအိမ်ပြင်ပ သန္ဓေတည်တယ် ဆိုတာ ဘယ်သားဖွါးမီးယပ်စာအုပ် လှန်ကြည့်ကြည့် အများဆုံး တည်တတ်တဲ့ နေရာတွေကို ဖေါ်ပြရင် သားအိမ်ပြွန် တနေရာရာမှာ ဖြစ်တာ ၉၅-၉၉%။ နောက်ပြီး သားအိမ်နံရံ တနေရာရာနဲ့ မျိုးဥအိမ်ဆိုတဲ့ နီးနီးနာနား နေရာများမှာသာ ဖြစ်တတ်တယ်။ မျိုးပွါးလမ်းကြောင်းနဲ့ ဘာမှမဆိုင်တဲ့ တခြားနေရာဆိုတာ ရှာမှရှား သွားဖြစ်တယ်။ ၀မ်းဗိုက်ခေါင်းထဲမှာ တည်တာ ပြောတာပါ။ အခုလူနာက အရှားဆုံးဟာ လာဖြစ်နေပါတယ်။
အများဆုံးဖြစ်တဲ့ သားအိမ်ပြွန်ဆိုတာ အတွင်းခေါင်းအကျယ်က အကြောဆေး သွင်းပေးရတဲ့ပိုက်ထက် ကျဉ်းတယ်။ စဉ်းစားကြည့်ပေါ့။ အဲဒီထဲမှာ သန္ဓေသားငယ် ဘယ်အရွယ်အထိ ကြီးလို့ ရနိုင်မလဲ။ ကိုယ်ဝန် ၂ လလောက်ဆို “မဆန့်မပြဲ” မဟုတ်၊ “မဆန့်ကွဲ” ဖြစ်လာတာ သေချာပေါက်ပါ။ ကွဲထွက်ရင် အရေးပေါ် ခွဲပေတော့။ ကိုယ်ဝန်ရှိခါစ၊ ဗိုက်အောက်နားက တအား နာတယ်ဆိုရင် ဒါဖြစ်နိုင်တယ်။ (အာလ်ထွာဆောင်း) မရှိရင် မွေးလမ်းကြောင်းထဲ လက်ထည့်စမ်းရတယ်။ သားအိမ်အ၀ နောက်(အောက်)နေရာ POD မှာ ဖေါင်းနေမယ်။ အပ်နဲ့စုပ်ရင် ပြွန်တည်ကိုယ်ဝန် ပေါက်လို့ ထွက်လာတဲ့ သွေး ရှိနေတာသိရမယ်။ လူနာခံနိုင်အောင်လုပ်ပြီး၊ ချက်ချင်းခွဲပေတော့။ ဒီကိုယ်ဝန်လူနာကတော့ ၉ လမက၊ နေ့စေ့ လစေ့မက၊ ရက်တောင် ကျော်နေပါပြီ။ ဗိုက်သိပ်မနာ သရိုးသရည်သာဖြစ်လို့ စမ်းတော့ သားအိမ်ကမပွင့်။ မကွဲဘဲနဲ့ ခွဲရတာပါ။
ကိုယ်ဝန်ဆိုတာ “ကလေး” နဲ့ “အချင်း” နှစ်မျိုးဖြစ်လာတာပါ။ Fetus ကလေးက Amniotic sac အရည်အပြည့်ရှိတဲ့ အိပ်ထဲမှာ ရှိနေရပြီး၊ Placenta အချင်းက သားအိမ်အတွင်းနံရံကို တွယ်ကပ်နေရတယ်။ မအေကို မှီခိုနိုင်ဘို့ပါ။ ကလေးဆိုတာ ဗိုက်ထဲကတည်းက အတော် လူလည်ကြတဲ့ကောင်။ မအေဆီက လိုချင်တာယူပြီး၊ မလိုတာစွန့်တတ်တယ်။ အချင်းကနေလုပ်ပေးတာပါ။
အခုလူနာမှာ ကလေးနဲ့ အရည်ပါတဲ့အိပ်က မိခင်ရဲ့ အူတွေကြားမှာ ထူးထူးခြားခြား ရှိနေတယ်။ အချင်းကလဲ အနားရှိသမျှ အူတွေရဲ့ အပြင်နံရံမှာ လာကပ်နေတယ်။ အဲဒီ အူနံရံတွေ ကတဆင့် လိုချင်တာ ယူပြီး၊ မလိုတာ စွန့်နေခဲ့တာ ဖြစ်တယ်။
ရေမြွှာအိပ်ကို ဖေါက်ပြီး၊ ကလေးမွေးထုတ်ရတာ ပိုလို့တောင် လွယ်သေးတယ်။ ခါတိုင်း ဗိုက်ခွဲမွေးသလို သားအိမ် အောက်နားမှာ ကန့်လန့် ဒါးရာပေး၊ ခွဲမွေးစရာ မလိုပါ။ အကြာဆုံးနဲ့ သတိအထားရဆုံး အဆင့်ဖြစ်တဲ့ သားအိမ်နံရံကို သုံးထပ် ပြန်ချုပ်စရာလဲ မလိုတော့ပါ။ လူနာ့ သားအိမ်ဟာ “ကိုယ်ဝန်နဲ့သူနဲ့ ဘာမှမဆိုင်သလို” ဣနြေ္ဒရွှေပေးမရ၊ တွေ့ရပါတယ်။
သိပ်ခက်တာ လာပါပြီ။ အချင်းကို အူကနေ ဘယ်လို ခွါထုတ်မလဲ။ အူထဲမှာ အစာတွေရှိတယ်။ အူအောက်ပိုင်းရောက်လေ အစာက ဟောင်းလေ။ ဟောင်းလေ မကောင်းတာ များလေ။ ဗိုက်ထဲမှာ အူထဲကဟာ တစက်ကလေးမှ ထွက်မလာ မသင့်ပါ။ အူပေါက်လို့ကတော့ အစာအိမ်ပေါက်သလို၊ အပေါက်ကို ဖါပြီး၊ ဗိုက်ကို အတိုင်းတိုင်း ပြန်ပိတ် မရပါ။ အထက်က အူအစကို ဗိုက်အပြင်နံရံမှာ ပါးစပ်လို့ ဖွင့်ထားပြီး ၀မ်းသွားစေရတယ်။ အောက်က အူဆက်တာ-ဖါတာ ကျက်ပါမှ၊ စိတ်ချရပါမှ၊ ပြန်ဖွင့်၊ ပြန်ပိတ် လုပ်ရတယ်။ အူထဲက ပိုးမွှားတွေ သေအာင် ဆေးကလဲ ရွေးတတ်မှ။
ဒီတော့ ဒီလူနာရဲ့အချင်းကို အူ မထိခိုက်အောင်လုပ်ပြီး ခွါထုတ်ဘို့ အရေးသည် ဆရာဝန် ညီအကိုမှာ မဟာ တာဝန်ကြီး ဖြစ်လာပါတော့တယ်။ ခွဲစိတ်ဆရာဝန်များ ရှိအပ်တဲ့ Lion’s heart, Eagle’s eyes, Lady’s hand အရည်အချင်း သုံးပါး အနက် “(လေဒီ)ရဲ့ လက်” လိုလာပြီပေါ့ ခင်ဗျာ။
သတိကြီးခြင်းနဲ့ စိတ်ရှည်ခြင်း ဆိုတာတွေက ဘာသာရေးနဲ့ နိုင်ငံရေးမှာသာမက ခွဲစိတ်တာမှာပါ လိုတယ်။ ကပ်ကြေးနဲ့ ဒါးမပါ၊ တုံးတဲ့ ကရိယာတွေနဲ့သာ ဖြေးဖြေး ညင်သာ၊ အူတခွေချင်း တခွေချင်း ခွါချရပါတယ်။ အကူဆရာမတွေကတော့ ရေနွေးဝတ် နိုင်နိုင် လုပ်ပေးရတယ်။ အူနံရံက စိမ့်ထွက်လာသမျှ သွေးကို ရေနွေးဝတ်နဲ့ ဖိကပ်ပေးတာ အတော် အလုပ်ဖြစ်တယ်။ အိန္ဒိယမှာ မတူတာက ခွဲစိတ်ရာမှာ ရေနွေးမပါဘူး။ သူတို့ခွဲခမ်း-မွေးခမ်းမှာ သွားခွဲပေးရရင် အတော် ကသိကအောင့် နိုင်လှတယ်။
အူကနေ ထွက်တဲ့သွေးကို ရေနွေးနဲ့ မနိုင်ရင် သွေးကြောညှပ် သေးသေးနဲ့ အပ်ခြည်ကိုသုံး ပိတ်ပေးရတယ်။ အူဆိုတာက အထပ် သုံးထပ်ရှိတာ။ အတွင်းဆုံးလွှာကို မထိလို့ကတော့ ပြဿနာမကြီးပါ။ အူ-အစာအိမ်ကို ဘယ်လိုချုပ်ရမယ် ဆိုတာ တောမှာ ကျတဲ့ ဆရာဝန်တိုင်း တတ်ကြွမ်းကြတယ်။ Catgut 3-0 “ကြောင်အူ ချုပ်ကြိုး၊ သရီးဇီးရိုး” ဘယ်နှစ်ကြိုး ကုန်လဲ မသိပါ။
အချင်းတခုလုံး ကွာကျမှ လက်ထောက်ဆရာဝန်က သီချင်းစဆိုပါတယ်။ ဗိုက်ကိုလည်း သူဘဲ ဆက်ပိတ်တယ်။ အတော် အားကိုးရတဲ့သူ။ ကျွန်တော်က အလှူရှိတယ် မဟုတ်ပါလား။
အဲဒီခေတ်က ဒစ်ဂျစ်တယ်ကင်မရာ မပေါ်သေးလို့ (ဘလောခ်)မှာတင်ဘို့ ပုံရိုက်မထားနိုင်လိုက်ပါ။ သုတေသနဆိုတာလဲ အားမပေးပါ။ စာတမ်းဖတ်စရာနေရာလဲ ကျဉ်းလွန်းလှပါတယ်။ မရှိ ရှိတာလေးနဲ့ မဖြစ်ဖြစ်အောင် လုပ်ပေးကြရတာကို သွားပြမိရင်လဲ ချို့တဲ့တာ၊ ဆင်းရဲတာကို လူမြင်ခံအောင် လုပ်ခွင့်မရှိပါ။ ဆရာဝန်ကိုလည်း (အက်သစ်) မကျ၊ မလုပ်ရလို့ ပြောခံရမှာ သေခြာတာမို့၊ ဒီစာကို ဖတ်ရင် (ဖစ်ရှင်)လို့သာ မှတ်ပါခင်ဗျား။
မွေးပေးခဲ့တဲ့ကလေး မတ်တတ်ပြေးအရွယ်မှာ သူတို့အိမ်ကို တခေါက်ရောက်တယ်။ လက်ဖက်နဲ့ ထန်းလျက်အပြင် နှမ်းဆီဆမ်း အမဲခြောက်ဖုတ်နဲ့ ဧည့်သည်လုပ်ခဲ့ပါတယ်။
Dr. တင့်ဆွေ
၂၅-၄-၂၀၁၀
Posted by Anonymous 4 comments
Labels: Reproductive Health, Reproductive System
Wednesday, April 21, 2010
ဝမ်းမလျှောခင် ကြိုသိထားဖို့
ရာသီတစ်ခုကုန်ဆုံးလို့ နွေအကုန် မိုးအကူးကို ရောက်ပါတော့မယ်။ သရက်သီးပေါ်ချိန် ဖြစ်သလို ၀မ်းပျက် ၀မ်းလျော ရောဂါတွေ ထကြွချိန်လည်းဖြစ်တယ်။ နောက်တစ်ခုကတော့ သွေးလွန်တုတ်ကွေးပေါ့။ သွေးလွန်တုတ်ကွေး ကာကွယ်ရေး ခြင်နှိမ်နင်းရေး အစီအစဉ်တွေကို အခုကတည်းက စလုပ်ရတော့မှာပါ။ အခုဝမ်းပျက်ဝမ်းလျှောရောဂါ ကုသမှုနဲ့ ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးလိုပါတယ်။
antibiotic သောက်သင့်သလား
ဖြစ်ပွားတဲ့ case အများစုဟာ virus ပိုးကြောင့် ဖြစ်တာပါ။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာရှားပါတယ်။ ဖြစ်ရင်လည်း ပြင်းထန်တတ်တယ်။ virus ကြောင့် ဖြစ်တယ်ဆိုရင်တော့ သူ့အလိုလို ပြန်ကောင်းသွားတတ်တယ်။ ဖြစ်လို့ရှိရင် လူအများစုက ပိုးသတ်ဆေး (antibiotic) သောက်တတ်ကြတယ်။ ပိုးသတ်ဆေးဆိုတာက ဘက်တီးရီးယားကြောင့် ဖြစ်မှာသာ အစွမ်းထက်တာပါ။ virus ကြောင့်ဖြစ်တာဆိုရင် ဘာမှ ထူးမှာ မဟုတ်ပါဘူး။ အဲဒီတော့ ၀မ်းလျှောပြီး မဖျားရင် ဗိုက်က ရစ်ပြီးနာတာမျိုး မရှိရင် ပိုးသတ်ဆေး မသောက်သင့်ပါဘူး။ မလိုအပ်ဘဲ ပိုးသတ်ဆေးယဉ်သွားတာမျိုး ဖြစ်နိုင်လို့ပါ။ အမှန်တကယ်လိုအပ်လာလို့ သောက်မယ်ဆိုရင် ဆေးမတိုးတော့ဘူးပေါ့။ အထူးသဖြင့် ကလေးတွေမှာ ၀မ်းလျောတာရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ rota virus နဲ့ သူ့အနွယ်ဝင်တွေကြောင့် ဖြစ်တာပါ။ အဲဒီတော့ ပိုးသတ်ဆေးမတိုက်မိအောင် ပိုပြီး သတိထားသင့်ပါတယ်။ ဆေးဆိုင်ကဆေးစပ်ပြီး တိုက်မယ်ဆိုရင်လည်း ပိုးသတ်ဆေးမပါအောင် ပြောပြဖို့ လိုပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အချို့ ပိုးသတ်ဆေးတွေက ကလေးတွေမှာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုများစေလို့ပါ။ overdose ဖြစ်ဖို့ ပိုများပါတယ်။
virus တွေနဲ့ ဘက်တီးရီးယားပိုးတွေဟာ အစာနဲ့အတူ ပါသွားပြီးရင် အူသိမ် (small intestine) ကို ရောက်သွားပါတယ်။ အူသိမ်ရဲ့ အတွင်းဘက်နံရံတွေကို ရောင်ရမ်းစေပါတယ်။ ဆေးပညာအ၇ enteritis လို့ ခေါ်ပါတယ်။ အူတွေဟာ ရောင်လာရင် အစပိုင်းမှာ လှုပ်ရှားမှု မြန်လာတယ်။ စားလိုက်တဲ့ အစာနဲ့ ရေတွေကို မစုပ်ယူနိုင်သေးခင်မှာဘဲ လျင်လျင်မြန်မြန် စွန့်ထုတ်လိုက်တယ်။ ဒါ့အပြင် အချို့သော ပိုးတွေဟာ အဆိပ်တစ်မျိုးကို ထုတ်လွှတ်တယ်။ အဲဒီ အဆိပ်က အူနံရံမှာ ရှိတဲ့ ဆဲလ်တွေဆီကနေ ရေတွေထွက်စေတယ်။ ထွက်သွားတဲ့ ရေတွေကို ပြန်ပြီး မစုပ်နိုင်သေးခင် စွန့်ထုတ်လိုက်တဲ့အတွက် ခန္ဒာကိုယ်မှာ ရေဓာတ်ဆုံးရှုံးမှုဆိုတာ ဖြစ်လာတယ်။ အဆိပ်တကာ့ အဆိပ်ထဲမှာ ကာလ၀မ်းရောဂါ (cholera) ပိုးရဲ့ အဆိပ်က အမြန်ဆုံးနဲ့ အပြင်းဆုံးပဲ။ အဲဒီပိုးပါတဲ့ အစာကို စားမိပြီး ၂၄ နာရီအတွင်း အသက်ဆုံးရှုံးနိုင်လောက်သည်အထိ ရေတွေ ထွက်စေပါတယ်။ သို့ပေမယ့် ရေတွေအများကြီး မစင်နဲ့ အတူပါသွားခြင်းဟာ ကိုယ်ခန္ဒာကို ကာကွယ်ခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။ အူလမ်းကြောင်းအတွင်း သန့်စင်ပြီး ပိုးတွေအပြင်ထွက်သွားအောင် လုပ်ဆောင်ပေးတာကြောင့် ဖြစ်ပါတယ်။ အူအတွင်းက ရေတွေက အပြင်ကိုမထွက်လည်း ကိုယ်အတွင်းကို ပြန်မ၀င်နိုင်တော့ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ရောင်ရမ်းနေတဲ့ အူသိမ်ဟာ ရေတွေကို မစုပ်နိုင်တော့ပါဘူး။ ဘာ့ကြောင့် ကျွန်တော် ဒါကို ရေးရသလဲဆိုတော့ လူအများစုက ၀မ်းလျောရင် ၀မ်းပိတ်ဆေး သောက်တတ်လို့ပါ။ အပြင်မှာ lomotil တို့ decotil တို့ဆိုတဲ့နာမည်တွေနဲ့ ရှိပါတယ်။ ပါဝင်တာက loperamide လို့ ခေါ်တဲ့ ၀မ်းပိတ်ဆေးဖြစ်ပါတယ်။ ဆေးဆိုင်တွေမှာ မြန်မာနိုင်ငံ FDA က မရောင်းရဘူးဆိုပြီး ပိတ်ပင်ထားတဲ့ ဆေးပါ။ ဒါပေမယ့် ရောင်းနေကြတာပဲ။ ပိုက်ဆံတစ်ခုတည်းကြည့်တဲ့ ဆ၇ာဝန်တွေကလည်း ပေးနေကြတာပါ။ အချို့ကတော့ ကျောင်းတုန်းက စာမကျေခဲ့လို့ ဒါမှမဟုတ် ဆက်လက်မလေ့လာလို့ ပေးနေကြသေးတယ်။ ခန္ဒာကိုယ်အတွက် မသင့်တော်လို့ အပြင်ကိုထုတ်ပစ်တဲ့ အရေတွေကို ကိုယ့် body အတွင်းမှာ ဘာ့ကြောင့် သိမ်းထားမှာလဲ။ စွန့်ပစ်လိုက်ပါ။ မနှမြောပါနဲ့။ ဆေးသောက်လိုက်လို့ ၀မ်းပိတ်သွားလည်း ရေဓာတ်ဆုံးရှူံးတာက ရပ်သွားတာမှ မဟုတ်တာ။ စအိုပေါက်က မထွက်တာပဲရှိတာကို။ ပိုးတွေပါဝင်တဲ့ ရေတွေက အပြင်ကိုမထွက်ရတော့ အထဲမှာပဲ အောင်းနေပြီး ကြာလာရင် အူတွေက အဲဒီမသန့်တဲ့ အရည်တွေနဲ့ တင်းကားလာတယ်။ လှုပ်ရှားမှု မကောင်းတော့ဘူး။ အူတွေ မလှုပ်တော့ရင် အဲဒီပိုးတွေဟာ သွေးကြောတွေထဲကို တဆင့်ဝင်သွားဖို့ ပိုလွယ်သွားပြီ။ ကိုယ်ခံအားသိပ်မကောင်းတဲ့ ကလေးတွေမှာဆိုရင် အရမ်းကြောက်ဖို့ ကောင်းလို့ လုံးဝမပေးဖို့ တောင်းဆိုလိုပါတယ်။ မဟုတ်လို့ ကိုယ့်ကလေးအသက် ဆုံးရှုံးရင် တရားခံဟာ ရောဂါပိုးမဟုတ်ဘဲ ကိုယ့်ကြောင့်ဆိုတာ ကြိုတင် သတိရှိသင့်ပါတယ်။
ဓာတ်ဆားရည် ဘယ်လောက်သောက်ရမလဲ
ဝမ်းလျောလို့ ဆုံးရှုံးသွားတဲ့ ရေတွေထဲမှာ အူလမ်းကြောင်းက အစာခြေဖို့ ထုတ်လွှတ်လိုက်တဲ့ အစာခြေရည်တွေလည်းပါဝင်ပါတယ်။ ဆားဓာတ်ကြွယ်ဝတဲ့အတွက် ဆားဓာတ်ပါဝင်တဲ့ အရေတွေ ပြန်သောက်ဖို့ လိုပါတယ်။ MPF က ထုတ်တဲ့ ဓာတ်ဆားရည်ဟာ အကောင်းဆုံးပါပဲ။ ဆားဓာတ်နဲ့ အခြားဓာတ်ပေါင်းကို ခန္ဒာကိုယ်က အမြန်ဆုံး စုပ်ယူနိုင်တဲ့ အချိုးအစားနဲ့ ထုတ်လုပ်ထားတာပါ။ အချိုဓာတ်များတဲ့ သီးစုံ ဓာတ်ဆားတွေ ဟာ သောက်လို့တော့ ကောင်းပါလိမ့်မယ်။ သို့ပေမယ့် အလျင်အမြန် ရေဓာတ်လိုအပ်နေတဲ့ ၀မ်းလျောနေတဲ့ အချိန်မှာ မသင့်တော်ပါဘူး။ ဒီအချိန်မှာ အရသာက အရေးမကြီးတော့ပါဘူး။ ကျန်းမာရေးက ပိုအရေးကြီးတယ်။ ဘယ်လောက်ပမာဏ သောက်ရမလဲဆိုတော့ တစ်နေ့ကို အနည်းဆုံး ၂ ပုလင်းစာ သောက်ရပါမယ်။ အဲဒါမှ မနုံးချိဘဲ နေနိုင်မှာ ဖြစ်ပါတယ်။ တစ်နေ့ကို လူတစ်ယောက်က ရေ ၂ ပုလင်းလိုတဲ့အတွက် အနည်းဆုံး ၂ပုလင်းသောက်ဖို့ လိုတာ ဖြစ်ပါတယ်။
ရေးသားသူ - ဇီဝက (ဆေး-၂)
Posted by Anonymous 2 comments
Labels: Gastrointestinal system, Health Awareness
Saturday, April 17, 2010
Health benefits of blood donor
သွေးလှူရှင်များအနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူလိုက်ရလို့ ကျေနပ်ပီတိတွေ ခံစားရတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးများလည်း ရရှိစေပါသေးတယ်။
လူရဲ့ခန္ဓာကိုယ်က ထုတ်လုပ်ပေးနေတဲ့ သွေးကို ပုံမှန်လှူဒါန်းပေးခြင်းဟာ သွေးထဲက ကိုလက်စထရော ပမာဏကို ထိန်းထားနိုင်စေပါတယ်။ အထူးသဖြင့် ပုံမှန်သွေးလှူဒါန်းတဲ့ အမျိုးသားများအတွက် ကျန်းမာရေး အကျိုးကျေးဇူး များစေပါတယ်။ ထုတ်လှူလိုက်တဲ့သွေးနဲ့အတူ ပါသွားတဲ့ သံဓါတ်တွေကြောင့် သွေးလှူရှင်ရဲ့ ခန္ဓာကိုယ်ထဲက သံဓါတ်တွေ လျှော့နည်းစေပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရာသီဓမ္မတာကြောင့် လစဉ် ခန္ဓာကိုယ်ထဲကနေ သွေးတွေ ဆုံးရှုံးထွက်ရှိလို့ သံဓါတ်ပမာဏ လျှော့နည်းကြပေမယ့် အမျိုးသားများအနေနဲ့ သွေးလှူဒါန်းမှုကနေပဲ ကိုယ်တွင်းက သံဓါတ်ပမာဏကို လျှော့နည်းစေတာပါ။
သွေးလှူရှင်တွေမှာ လေဖြတ်တာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ အလားအလာဟာ သွေးမလှူတဲ့ လူထက် သုံးပုံတစ်ပုံ နည်းပါးတယ် ဆိုတာကို Kansas University Medical Centerက လေ့လာတွေ့ရှိခဲ့ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သံဓါတ်ပမာဏ များလွန်းနေတာဟာ မကောင်းပါဘူး။ သံဓါတ်တွေဟာ ကိုလက်စထရော ဖြစ်စေတဲ့အရာမှာ တစ်ခုအပါအဝင်ပေါ့။ ကိုလက်စထရော များလွန်းနေရင် နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်သွေးလှူဒါန်းတဲ့ သွေးလှူရှင်တွေမှာ သွေးလှူခြင်းဖြင့် သံဓါတ်ပမာဏ လျှော့ချနိုင်ပြီး ကိုလက်စထရောကိုလည်း လျှော့စေပါတယ်။
သွေးလှူပြီးတဲ့နောက်ပိုင်း ကိုယ်အလေးချိန်တိုးပြီး ဝ လာမယ်ဆိုတဲ့ အယူအဆ အမှားတွေလည်း ရှိပါတယ်။ တကယ်တမ်းမှာတော့ ထုတ်ယူလိုက်တဲ့ သွေးတစ်အိတ်ကြောင့် သွေးလှူရှင်မှာ ကယ်လိုရီ ၆၅၀-စာ လျော့ကျစေပါတယ်။ သွေးလှူလိုက်လို့လည်း အားနည်းမယ်ဆိုတာလည်း မဟုတ်ပါဘူး။
ထုတ်လှူလိုက်တဲ့ သွေးတွေကို အစားထိုးပေးဖို့အတွက် ခန္ဓာကိုယ်က သွေးအသစ်တွေကို အချိန်ပိုင်းအတွင်း ပြန်လည် ထုတ်လုပ်ပေးပါတယ်။ အဲဒီလို ထုတ်လုပ်ပေးတဲ့အတွက် သွေးဆဲလ်အသစ်တွေကို ရရှိစေပါတယ်။ ဒါကြောင့် သွေးလှူဒါန်းတာဟာ လတ်ဆတ်တဲ့ သွေးသစ်တွေ ရရှိစေပြီး ကျန်းမာ လန်းဆန်းစေပါတယ်။
သွေးလှူဒါန်းတဲ့အခါ သွေးမလှူခင်မှာ သွေးလှူရှင်ကို ကျန်းမာရေး စစ်ဆေးပါတယ်။ သွေးပေါင်ချိန်၊ သံဓါတ် ပမာဏ၊ ကိုယ်အလေးချိန် စတာတွေကို စစ်ပေးပါတယ်။ ဒါကြောင့် သွေးလှူရှင်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးခံရသလို ဖြစ်စေပါတယ်။ အဲဒါ့တွေအပြင် သွေးထဲမှာ အိတ်ခ်ျအိုင်ဗွီ၊ အသည်းရောင် အသားဝါ ဘီပိုး စီပိုး၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုး ပါ မပါကိုပါ စစ်ပေးပါသေးတယ်။ ဒါပေမယ့် အဲဒီလို ရောဂါပိုးတွေ ရှိမရှိ သိချင်လို့ သွေးလှူဒါန်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။
ပုံမှန် သွေးလှူဒါန်းတာဟာ လူသားဆန်တဲ့ ကျေနပ်ပီတိတွေအပြင် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များတယ်...ဆိုတာ သိပြီးတဲ့နောက်မှာ ကျန်းမာရေးကောင်းမွန်တဲ့ အရွယ်ရောက်ပြီးသူတိုင်း သွေးလှူပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ...
Reference:
http://edition.cnn.com/2000/HEALTH/04/26/give.blood.wmd/
http://www.rotarybloodbank.org/press/reports.htm
http://en.wikipedia.org/wiki/Blood_donor#Benefits
http://www.mayoclinic.org/donateblood/know.html
Posted by July Dream 0 comments
Labels: Blood
Friday, April 16, 2010
ဟိုနေရာ စိုလာတတ်တဲ့ ရောဂါ
မေးမြန်းသူ(၁) “ရောဂါတစ်ခုရှိနေပါတယ် ဆရာရေ ပြောရမှာတော့ ရှက်စရာကောင်းလှပါတယ်။ နားနှင့်မနာပဲ ဖ၀ါးနဲ့သာ နာစေချင်ပါတယ်။ sexy girl တွေကြည့်တဲ့အခါ အမြဲတန်းလိုလို လိင်တံက semen သုက်အရည်တွေ ထွက်တက်ပါတယ်။ အဲဒါ ဘယ်လိုလုပ် ကုစားရမယ်ဆိုတာကို ကျေးဇူးပြုပြီး ဖြေကြားပေစေချင်ပါတယ်။ လိင်အဂ်ါမှာ အရည်မစိုအောင်း လုပ်သင့်သလား၊ မလုပ်သင့်ဘူလားဆိုတာကို ကျေးဇူးပြုပြီး ဖြေကြား ပေးစေချင်ပါတယ်။ နောက် လိင်အဂ်ါမှာ အရည် မစိုအောင် လုပ်လိုက်မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ဆိုကျိုးတွေ၊ ကောင်းကျိုးတွေကို မျှဝေပေးစေချင်ပါတယ်။ လူတိုင်း ဖြစ်နေမယ်ဆိုရင် ဆရာရဲ့ web-site ထဲမှာ ဒီအကြောင်းအရာကို ရေးမယ်ဆိုရင် ကောင်းမယ်ထင်ပါတယ်။ လူတိုင်းက ရှက်တက်တဲ့သူတွေဆိုတော့ မေးရမှာ အဆင်မပြေနိုင်ကြပါဘူး။”
မေးမြန်းသူ(၂) “စိတ်တော့မရှိကြပါနဲ့နော်၊ ကျနော်တစ်ခုလောက်မေးချင်လို့ပါ။ စိတ်ပညာနဲ့မကြည့်ပဲ၊ ဆေးပညာနဲ့ပဲ ကြည့်ရပါဗျာ။ ကျနော် လူပျိုဝင်ကာစ တစ်ခါကတော့ ဖြစ်ဘူးပါတယ်။ အဲ့ဒီတုန်းကတော့ လူပျိုဝင်ကစပဲလို့ ထင်ပြီး၊ နေလိုက်တယ်။ ယောကျားအင်္ဂါကနေ အရည်ကြည့်လေးတွေထွက်တယ်။ နောက်ပိုင်းတော့ မထွက်တော့ဘူး။ အခု ၂၃ ၀င်ခါစမှပဲ ထပ်ဖြစ်လာတယ်။ ဖြစ်ပုံကတော့ ဒီလို့ အပြာကားတွေ ကြည့်ရင်ထွက်တယ်။ မကောင်းတဲ့စကားတွေ ပြောရင်လဲ ထွက်လာတယ်။ အဲ့ဒါကတော့ စိတ်တက်ကြွလို့ပဲဆိုပြီး နေလို့ရတယ်။ ဒါပေမယ့် မစဉ်းစားပဲလဲ ထွက်နေပြန်ရော။ ဘောင်းဘီလဲရတာလဲ မနည်းတော့ဘူး။ အဲဒါ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိချင်ပါတယ် ခင်ဗျာ။ အဲ့လိုမဖြစ်အောင်လဲ ဘာဆေးတွေဆောင်ထားရင် ကောင်းမလဲဆိုတာ သိချင်ပါတယ်။ အဲ့လိုဖြစ်ရင် အားပြတ်တာတော့ အမှန်ပဲ။ စားတိုင်းလဲမ၀ဘူး။ ပိန်ပိန်လာတယ်။ အဲဒါ အစများ ဖြစ်လာနိုင်မလားဗျာ။ ဟိုရောဂါကလဲ ၂နှစ် နဲ့ ၁၀နှစ် ကြားမှာ ပေါ်တက်တယ်လို့ သိရပါတယ်။ အရည်တွေ မကျအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ ပြောပြပေးကြပါခင်ဗျာ။”
ဒီလိုဖြစ်တာက သိပ် (နော်မယ်လ်) ဖြစ်တယ်။ ယောက်ျားလေးတိုင်းဖြစ်တယ်။ မိန်းကလေးလဲ ဖြစ်တာဘဲ။ လိင်စိတ်ကို ဆွပေးတာကို ကြည့်တာဖြစ်ဖြစ်၊ စိတ်ကူးတာဖြစ်ဖြစ် လိင်အဂ်ါမှာ အရည်စိုလာတာ ပုံမှန်ပါ။ ဆေးကုစရာ မလိုပါ။ လိင်စိတ်ဆိုတာမျိုးက စိတ်အပြင် ဟော်မုန်းဓါတ်ကြောင့်ပါ ဖြစ်ရတာပါ။ စိတ်မကစားလဲ ဟော်မုန်းသတ္တိပြလာရင် ဒီစိတ်က ကြွလာတယ်။ ဖြစ်ဖန်များသူဆိုရင် အကျင့်လိုရလာတတ်သေးတယ်။
မအိပ်ခင်က ဘာမှ စိတ်ကူး မထားတာတောင်၊ အိပ်မက်မက်ယင်း အိပ်ရာထဲမှာ သုတ်ထွက်တာမျိုးလဲ ရှိတယ်။ ဒါဟာ ထွက်ပေးဘို့ လိုနေတာကြောင့်လို့ ပြောရင် ရနိုင်တယ်။ ဘာမှ စိုးရိမ်စရာမလိုပါ။ လူ့ကိုယ်ခန္ဓာကြီး တည်ဆောက်ထားပုံနဲ့ လူ့ဇီဝကမ္မအလုပ်များဟာ အင်မတန် ကောင်းလွန်းလှတဲ့ စက်တို့ ကွန်ပြူတာတို့ထက် အဆ အများကြီး သာတယ်။ ပိုတာ-မလိုတာကို ထုတ်ပြစ်တတ်တယ်။ မသင့်တာကို သန့်ပေးနိုင်တယ်။ လိုတာကို ဖြည့်ပေးနိုင်တယ်။
ဒီပြဿနာမှာလဲ Semen အရည်ကြည် ဖြစ်ဖြစ် Sperm သုတ်ရည်ဖြစ်ဖြစ် ထွက်သင့်ချိန်မှာ ထွက်စေတာ ဖြစ်ပါတယ်။ Semen အရည်ကြည်ဆိုတာက လိင်စိတ်ပေါ်လာရင် အင်္ဂါအ၀မှာ စိုလာတာကိုပြောတာပါ။ တကယ်လို့ ဆက်ဆံမယ်ဆိုရင် အဆင်ပြေအောင် ပြင်ဆင်ပေးမှုဖြစ်တယ်။ Sperm သုတ်ရည်ကတော့ လိင်စိတ် ပြည့်ဝ-ကျေနပ် သွားချိန်မှာ ယောက်ျားအင်္ဂါကနေ ထွက်တာပါ။ မိန်းမတွေမှာလဲ Orgasm ရတယ်ဆိုရင် အရည်ထွက်လာတယ်။
ဒီလိုဖြစ်ခြင်း နှစ်မျိုးလုံးကြောင့် အားအင်ကုန်ခမ်းစေတာ အမှန်ပါ။ လိင်စိတ် ဖြစ်ပေါ်လာတာနဲ့ နှလုံးခုန် မြန်မယ်၊ သွေးလျှောက်တာ ပိုလာတယ်။ နွေးလာတယ်။ ဆောင်းတွင်းမှာတောင် အေးမှန်းမသိဘူး။ ဒါ့ကြောင့် အား ပိုသုံးပြစ်လိုက်တယ်။ (ကလိုရီ) လျှော့ချင်ရင် နည်းကောင်းတခုလို့တောင် ဆိုကြသေးတယ်။
Orgasm ရသွားရင် ဘယ်သူဘဲဖြစ်ဖြစ် (အင်နာဂျီ) အများကြီး ကုန်သွားတာမို့ ခြေပြစ်-လက်ပြစ် ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ဒီလိုဖြစ်ပြီးတာနဲ့ တခါတည်း အိပ်စက်လိုက်ရင် အားအင်တွေ အလိုလို ပြန်ပြည့်လာတယ်။ မနက် အိပ်ယာထချိန်တိုင်းမှာ အားမှန်သမျှ ပြည့်ဝနေတယ်။
တကယ်လို့ အိပ်ရာထဲမှာ သု့ဖါသာ သုတ်လွှတ်တာ ဖြစ်ဖြစ်နေရင် ညမအိပ်ခင် ရေမသောက်ဘဲနေ၊ ဆီးသွားပြီးမှ အိပ်ရာဝင်၊ တခါခါ (မာစတာဘိတ်) လုပ်ပါလို့ တချို့က အကြံပေးတယ်။
အားအင်ကုန်တာကို နားတာ၊ အိပ်တာနဲ့ မလုံလောက်ရင် ရိုးရိုးအားဆေး (ဗီတာမင် ဘီအုပ်စု)ကို သောက်ပါ။ အမျိုးအစား ကောင်းတာ ရွေးသင့်တယ်။ နာမည်ရှိ ဆေးကုမ္ပဏီက လာတာမျိုးပြောတာပါ။ အစားအသောက်မှာလဲ အားဖြစ်စေတာမျိုး ပိုစားပါ။ အမျိုးသမီးများအတွက်ဆိုရင် ဗီတာမင် ဘီ၊ စီ၊ အီး အပြင် ဇင့်(သွပ်ဓါတ်) နဲ့ မက်ဂနီဆီယံ ဓါတ်ဆားတွေ ပါဘို့ လိုတယ်။ အစားအစာထဲကဆိုရင် ပဲပုတ်စေ့ကကောင်းသတဲ့။ ယောက်ျားတွေအတွက် ကြက်ဥ၊ ငှက်ပျာသီးကို ညွှန်းတယ်။ သင်္ဘောသီးကို အရှောင်ခိုင်းတာကတော့ သုတေသန မဟုတ်ပါ။ ကိုယ်တွေ့ဆိုပြီး တယောက်ချင်းက ပြောတာပါ။ နှလုံးအတွက်ကောင်းတဲ့ အစားတွေဟာ ဒီကိစ္စအတွက်ပါ ကောင်းတယ်လို့ ဆိုတာလဲရှိတယ်။
လိင်အတွက် ဆေး၊ အစာတွေဆိုတာက လိင်စိတ် အားပေးတာတွေ ဖြစ်တာမို့ မေးခွန်းမေးသူများ အလိုနဲ့ ပြောင်းပြန် ဖြစ်နေတာကို သတိထားပါ။
ဒီလိုဖြစ်တာကို ကိုယ်က မဖြစ်စေချင်ရင် အမြင်-အကြား-စိတ်ကူးစိတ်သမ်း-အထိအတွေ့၊ လိင်စိတ်ကြွစေတာမှန်သမျှ ရှောင်ပါ။ အားနည်းတာ သက်သာအောင် ဒီလိုဖြစ်ပြီးတာနဲ့ ခဏအနားယူလိုက်ပါ။ စိတ်မှာ “ငါ ဒါ့ကြောင့် အားတွေ ယုတ်သွားလိုက်တာ” လို့ မတွေး၊ မထင်ပါနဲ့။ “ငါ့မှာ အားတွေ ပိုနေလို့ ဖြစ်နိုင်စွမ်းတာ” လို့ မှတ်ပါ။ “အသုံးပြုစဉ် အားပြန်ဝင်သည်” ဆိုတဲ့ “အေစီ-ဒီစီ ဒိုင်နမို” ကိုယ်ထဲမှာ ရှိနေပါတယ်။
Dr. တင့်ဆွေ
၁၆-၄-၂၀၁၀
Posted by Anonymous 2 comments
Labels: Q and A, Reproductive System, Sex Education
Wednesday, April 14, 2010
ခူနာ Abscess
ဆရာခင်ဗျာ
ကျနော့် အမျိုးသမီးမှာ ခူနာရောဂါကို ခံစားနေရပါတယ် ဆရာ။ ဟိုးအရင် သူငယ်စဉ် အချိန်မှာလဲ ဖြစ်ခဲ့ဖူးပါတယ် ဆရာ။ ကျနော် သိခြင်တာက အဲဒီရောဂါက ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေလဲဆိုတာရယ်၊ ဘာ့ကြောင့် ဖြစ်စေတယ် ဆိုတာရယ်၊ ဘယ်လိုကုသပျောက်ကင်းနိုင်သလဲ ဆိုတာလေး ပြောပြပေးပါလား။ နောက်ထပ် အဒီရောဂါကို အမြစ်ပြတ်အောင် ကုသလို့ရသလား ဆိုတာရယ်၊ ဘယ်လို ကာကွယ်ရမယ်ဆိုတာရယ်ကိုပါ ရှင်းပြပေးပါ ဆရာခင်ဗျာ။
(ကို)့
ခူနာရောဂါ ဆိုတာကို အတိအကျ သိချင်ပါတယ်။ ကျွန်တော်တို့ လူမျိုးများဟာ နာမည်ပေး အလွန် ကောင်းသလို အတော်လဲ လွယ်လွယ် ပေးတပ်ကြတယ်။ တခြားဟာတွေက ပြဿနာ သိပ်မရှိပေမဲ့ ရောဂါ နာမည်က တလွဲရောက်စေတတ်တယ်။ ၀မ်းကိုက်တယ်ပြောတာနဲ့ ၀မ်းချုပ်တယ်ပြောတာကို ထပ်မမေးရင် လွဲရောဗျို့။
ဒါ့ကြောင့် ခူနာရောဂါ ဆိုတဲ့ အနာအကြောင်းလေး ပြောပြပါဦး။ ဘယ်နေရာမှာလဲ၊ ဘယ်လောက်ကြာပြီလဲ၊ ဘယ်ပုံပန်းလဲ၊ (နီ-နာ-ရောင်-ယား)၊ ဘယ်အချိန်-အခါမျိုးမှာ ပိုဆိုးသလဲ-သက်သာသလဲ။ ကြည့်ရတာ အဲ့ ကြည့်တော့ မကြည့်ရသေးဘူးပေါ့လေ။ နှင်းခူနာ ဖြစ်ဘို့များသဗျ။ Eczema လို့ခေါ်တာပေါ့။
တဆ
ဆရာခင်ဗျာ
ဆရာပြောသလိုပါဘဲခင်ဗျာ။ ကျနော်က အဲဒီအနာကိုလဲ သေသေချာချာမမြင်ဘူးပါဘူးခင်ဗျာ။ ဘာလို့လဲဆိုတော့ ကျနော် နဲ့ ကျနော့် အမျိုးသမီးနဲ့က တနေရာဆီမှာမလို့ပါဆရာ။ ကျနော် သူ့ကိုသေသေချာချာမေးကြည့်တော့ ဖြစ်တဲ့နေရာကတော့ လက်မမှာပါဆရာ။ အဲ... ဒါပေမဲ့ အရေပြားပေါ်မှာတော့ ဘာလဏ္ခာမှ မပြဘူးတဲ့ဆရာ။ အတွင်းထဲမှာဘဲ ပူပြီးတော့ ကိုက်နေသလိုဘဲတဲ့ဆရာ။ သူကတော့ ခူနာလို့ပြောလို့ သာကျနော်လဲ ခူနာလိုက်ရတာပါဆရာ။
အစဉ်လေးစားလျက်ပါ ဆရာ။
(ကို)့
ပိုတောင်ခက်လာတယ်ဗျို့။ “သိုက်စာ ဘာသာပြန်ရသလို” ဖြစ်တော့မှာဘဲ။ ခင်ဗျားလဲ မှန်းသိ၊ ကျွန်တော်လဲ မှန်းကု ဖြစ်ကြပြီပေါ့။ ကဲ့ ဘာဘဲဖြစ်ဖြစ် မှန်းလိုက်ပါမယ်။ အပေါ်ယံမှာ ဘာမှမမြင်ရရင်တော့ “နှင်းခူနာ” မဟုတ်နိုင်တော့ပါ။ “ခူနာ” ရောဂါနာမည်က ဗမာဆေးပညာအရခေါ်တာဖြစ်နေလို့၊ ကျွန်တော်ကလည်း တိုင်းရင်းဆေးကို စနစ်တကျ မသိတာမို့ စွယ်စုံကျမ်းကို လှန်ရတယ်။ ဒီလိုဆိုသဗျ။
“ခူနာသည် လက်ချောင်းတွင် ပေါက်လေ့ရှိသည့် အနာတမျိုးဖြစ်သည်။ ထိုအနာမျိုး ပေါက်လျှင် သတိမမူမိလျှင် လက်ဆစ်များကိုပင် ဖြတ်ပစ်ရတတ်သည်။ ထိုအနာ ဖြစ်ပေါ်သည့် အကြောင်းရင်းမှာ အစဉ်ပွတ်တိုက်မှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် (စတြက်တိုကောကပ်)ခေါ် ဗက်တီးရီးယား ကြောင့်လည်း ဖြစ်တတ်သေးသည်ဟုဆိုသည်။ ထိုအနာမျိုးသည် လက်ချောင်းရှိ တစ်ရှူး (အသားမျှင်) များတွင် သွေးသွားစုရာမှ စတင်ဖြစ်ပေါ်တတ်သည်။ ထိုသို့ သွေးသွားစုခြင်းကြောင့် လက်ချောင်း၏ အရေပြားသည် တင်းမာပြီး ရောင်လာလေသည်။
ထိုအနာ ဖြစ်ပေါ်စ၌ အလွန်ကိုက်ခဲနာကျင်၍ နောက်မကြာမီ အနာတွင် ပြည်တည်လာတတ်၏။ ကုသပုံနည်းမှာ လက်ချောင်းရောင်လာသည်ကို သိသည်နှင့်တပြိုင်နက် ၂ နာရီခြား တခါမျှ အဝတ်ပိုင်းကို ရေနွေးတွင်စိမ်၍ ကျပ်ပူ ထိုးပေးရ၏။ အနာဖြစ်နေသော အစိတ်အပိုင်းကို ငြိမ်ငြိမ်ထားရသည်။ (အန်တီဖလိုဂျစ်စတင်)ကိုလည်း အပေါ်မှ အုံပေးရ၏။ အကိုက်အခဲကို (အက်စပီရင်) ဆေးပြားများ မှီဝဲခြင်းဖြင့် သက်သာစေနိုင်သည်။
ရောင်ခါစ၌ လက်ချောင်းသည် ပြောင်၍ နီလာပြီးနောက် တဖြည်းဖြည်း အဝါပုပ်ရောင် ဖြစ်သွားသည်။ ထိုအခြေအနေ၌ အနာတွင်းရှိ ပြည်များကို ခွဲထုတ်ပစ်ရသည်။ အနာခွဲကရိယာများကို အသုံးမပြုမီ ရေနှင့်ပြုတ်၍ ပိုးများကို သေစေရသည်။ ပိုးသတ်မထားသော ကရိယာများဖြင့် မဖေါက်ခွဲသင့်ပေ။ ပိုးများကြောင့် အနာတွင် အဆိပ်ဖြစ်စေတတ်သည်။ ခွဲစိတ်သောအခါ၌ အနာကို သင့်ရုံလောက်ခွဲ၍ ပြည်ကိုထုတ်ပြီးလျှင် အနာပေါက်ထဲသို့ ဆေးရည်စိမ်ထားသော ဂွမ်းဖတ်များကို ထည့်ပေးရသည်။ လူနာကိုလည်း (ပင်နီဆီလင်)ဆေး ထိုးပေးလေ့ရှိသည်။”
သိလာပြီဗျာ။ ရိုးရိုးအနာပါဘဲ။
အနာက အတွင်းနက်မှာဖြစ်ရင် တော်တော်နဲ့ မပေါ်ဘူး။ ဥပမာ တင်ပါး၊ ရင်သား။ ဖြစ်တဲ့နေရာ အနီးအနားမှာ အာရုံကြောရှိရင် ပိုနာမယ်။ လက်ချောင်း ခြေချောင်းတွေမှာ နေရာက ကျဉ်းတော့ အာရုံကြောနဲ့ မဝေးဘူး။ ဒါ့ကြောင့် နာတယ်။
ခူနာဆိုတာ ပြည်ရှိလာရင် Abscess ခေါ်ပါတယ်။ ပြည်မတည်ခင် အနာဖြစ်တဲ့နေရာမှာ လက္ခဏာ ၅ ပါး ဖြစ်လာတယ်။ ဖြစ်တဲ့နေရာ (တစ်ရှူး) အင်္ဂါအစိတ်အပိုင်းဟာ နီ-နာ-ရောင်-ပူ ဆိုတာအပြင် သူလုပ်ရမဲ့ အလုပ်ကို မလုပ်နိုင် ဖြစ်လာတယ်။ ဒီအဆင့်မှာ Infection “ရောင်ခြင်း” ဆိုတာသာ ရှိပါသေးတယ်။ ရောဂါနာမည်တွေ အဆုံးမှာ “-itis” ပါရင် ဒါဖြစ်တာလို့ မှတ်ပါလေ။ လျှာနာ၊ မျက်စိနာ၊ အူအတက်ရောင်၊ အသဲရောင် စတာတွေပေါ့။
ဒီအဆင့်မှာ လုပ်ပေးဘို့က “ပိုးကိုနိုင်တဲ့ဆေး” တွေ ပေးရမှာပါ။ နောက်မှာ ပိုးဝင်လာတတ်တာမို့ပါ။ ပိုးကိုနိုင်တဲ့ဆေး အမျိုးမျိုးရှိတယ်။ ပဋိဇီဝဆေးလို့ ဆေးစာကို ခန့်အောင် ပါဠိစာ သုံးထားတာပေါ့။ ဗမာတွေသာ မဟုတ်ပါဘူး။ သူများတွေလဲ ရှေးကျတဲ့ ဂရိစာကို အတော် သုံးကြတာ။ ဆေးပညာ အထိမ်းအမှတ်ကိုတောင် ဘီစီ ၂၀၀၀ က (ဆူမေရီယန်း) ဘုရား Ningishzida နဲ့ မြွေနှစ်ကောင် Gryphons ကို ခုထိ သုံးကြတယ်။
ပိုးကိုနိုင်တဲ့ ပဋ္ဋိဇီဝဆေးတွေကို အုပ်စု (၁၃) ခုတောင်ခွဲထားတာ။ အစောဆုံးပေါ်ခဲ့တာက Sulfonamides (ဆာလ်ဖိုနမိုက်) အုပ်စုပါ။ အတော်များများလဲ သုံးတတ်ကြတယ်။ Sulfacetamide မျက်စဉ်း၊ Trimethoprim-Sulfamethoxazole ဆိုတာကို Septrin လို့ ပိုသိကြတယ်။
နောက်ပေါ်ကတော့ Cephalosporins (ကက်ဖလိုစပိုရင်) ဖြစ်တယ်။ နောက်ပေါ်ထဲမှာ နောက်ပေါက်တွေရှိတယ်။ မျိုးဆက်တွေ ထပ်ထပ် တိုးလာလို့ အခုဆို မျိုးဆက် လေးခုတောင် ရှိနေပြီ။ ဒီအုပ်စုဆေးတွေက “Cef” နဲ့စတယ်။ ပဌမမျိုးဆက် Cefadroxil, Cephalexin, Cephaloridine, Cephalothin, Cephapirin, Cefazolin, Cephradine ဒုတိယမျိုးဆက် Cefaclor, Cefoxitin, Cefprozil, Cefuroxime တတိယမျိုးဆက် Cefdinir, Cefixime, Cefpodoxime, Ceftibuten, Ceftriaxone, Cefotaxime စတုတ္ထမျိုးဆက် Cefepime, Cefluprenam, Cefozopran, Cefpirome, Cefquinome တွေပါ။
Tetracyclines (တက်ထရွာ-ဆိုက်ကလင်း) အုပ်စုကိုလဲ လူအတော်များများ သိကြတယ်။ ဆေးတောင့် အနေနဲ့ လာတာများပြီး၊ အရင် BPI ကနေ ထုတ်တော့ အတောင့်အရောင်က နီပြီး၊ အလည်မှာ အပြာရောင် စဉ်းလေး လုပ်ထားတော့ ကိုယ့်ဗမာတွေက “ခါးပတ်ကြားဆေး” လို့ခေါ်ကြတယ်။ အ၀ါရောင်ကို အပြာပတ်ထားတာက Chloramphenicol ဖြစ်တယ်။ ဒီခါးပတ်ကြားများက စွမ်းသလားမမေးနဲ့၊ ဒါပေမဲ့ မကောင်းတဲ့ အာနိသင်တွေရှိတာမို့ “သတိထားပါ၊ သတိထားပါ” နဲ့ ဆရာဝန်တွေက ခဏခဏ သတိပေးကြတယ်။
အများဆုံးသိကြတာကတော့ (ပနယ်စလင်) တွေပေါ့။ ခူနာအတွက်လဲ သူ့ကိုသုံးတာ များတယ်။ ဒီအုပ်စုဆေးတွေထဲမှာ Amoxicillin, Ampicillin, Cloxacillin အပြင် Penicillin ထိုးဆေး နဲ့ စားဆေးတွေ ပါတယ်။ အနာက ပြည်ရှိရင် Ampicillin နဲ့ Cloxacillin ၂ မျိုးတွဲပေးမှ ပိုကောင်းတယ်။ ဆေးကို နှစ်မျိုးတွဲ တပါတည်း ထုတ်တာလဲရှိတယ်။ Ampiclox ခေါ်တယ်။ အများအားဖြင့် ၂၅၀ အားက ၆ နာရီခြား၊ ၅၀၀ အားက ၁၂ နာရီခြားသောက်ရမယ်။ ၄ ရက် အနည်းဆုံး သောက်မှ ကောင်းတယ်။ မဟုတ်ရင် နောက်ဖြစ်တော့ ဆေးယဉ်သွားမယ်။
အနာဆိုတာ ပြည် တည်လာရင်တော့ ခွဲထုတ်ရမယ်။ ခွဲစိတ်ပညာမှာ “ပြည်ရှိရင်-ခွဲထုတ်” ဆိုတာ ဖေါ်မြူလာပါ။ ဦးနှောက်၊ ခြေထောက်၊ အသဲ၊ ဘယ်ထဲရှိရှိ ပြည်ကို ထုတ်ရပါမယ်။ “ပြည်ပေါက်-ပျောက်ပြီ” ဆိုတာ အမှန်ပါ။
ပိုးကိုနိုင်ဆေးတွေအပြင် အနာ-အရောင်ကို သက်သာဆေးလဲ ပေးသင့်တယ်။ Painkillers လို့ ခေါ်တာတွေပေါ့။ အိမ်တိုင်းမှာ ခေါင်းကိုက်၊ ကိုယ်ပူ၊ အနာ-ဒဏ်ရာ မှန်သမျှ ဖြစ်တာနဲ့ အသောက်ခိုင်းတဲ့ ဆေးတွေပေါ့။ “ဆေးကို ပဲလှော် ၀ါးသလို စားတယ်” ဆိုပြီး၊ နောက်ပြောင် ပြောကြတာ ရှိတယ်မဟုတ်လား။ ကလေးရှိတဲ့ အိမ်တိုင်း (ပါရာစီတမော) ရှိတယ်။ ခြေဆစ်လက်ဆစ်နာသူများ (အက်စ်ပရင်) ဆောင်ထားကြတယ်။ နဲနဲပိုဆိုးတဲ့ ခါးနာ၊ ဇက်ကျောတက်သူများ (အနာဂျက်ဆင်) စတာမျိုး သုံးကြတယ်။ ဒီဆေးအုပ်စုက အစွမ်းသုံးပါး ထက်တယ်။ အဖျားကျ၊ အနာသက်သာပြီး အရောင် လျှော့စေတယ်။
ဆေးတွေ အပြင် တခြားအထောက်အကူ လုပ်ပေးနိုင်တာလေးတွေ ရှိပါသေးတယ်။ အနာမှန်သမျှကို ငြိမ်ငြိမ်ထားပေးရင် အနာကျက် မြန်စေတယ်။ အရိုးကျိုးရင် မလှုတ်နိုင်အောင် ကျပ်စည်း၊ ကျောက်ပတ္တီး စည်းရတယ်မဟုတ်လား။ အနာရှိရင် ငြိမ်ငြိမ်ထား၊ အလုပ်နားပေါ့။ အနာမပေါက်ခင် အပေါ်ကနေ ပိုးသတ်ဆေးရည်တခုခု လိမ်းပေးတာလဲ အကျိုးရှိတယ်။ ဒက်တော၊ အရက်ပြန်၊ အိုင်အိုဒင်း၊ ဆိုတာမျိုး။ အနည်းဆုံးတော့ ရေ-ဆပ်ပြာနဲ့ မကြာမကြာဆေးပေးပါ။
အပူပေးတာဟာ သွေးကို ပိုလျှောက်စေတာမို့၊ အနာကို မြန်မြန် ပျောက်စေတဲ့သဘော ရှိတယ်။ ရေနွေးအိပ် တင်တာ၊ ရေနွေးပုလင်း ကပ်တာ။ နောက်ပြီး၊ ပရုပ်ဆီ လိမ်းတာ၊ ဇာတိပ္ဖိုလ်သီး သွေးလိမ်းတာ၊ ကြပ်ထုပ်ထိုး၊ ကြပ်ပူတိုက်တာလဲ ဒီအတွက် ဖြစ်မယ်ထင်တယ်။
နို့စို့အရွယ် (အဇာတသတ်) ရဲ့လက်မှာ ပေါက်တဲ့အနာကို ခူနာလို့ ပြော-ဟောကြတယ်။ သူ့အနာက ပြည်မှည့်နေချိန်မို့ ခမည်းတော် (ဗိမ္ဗိသာရ) မင်းကြီးကနေ ပါးစပ်ထဲမှာ ငုံထားပေးတဲ့အခါ ပြည်ပေါက်ထွက်သွားရတယ်။ မင်းတရားကြီးဟာ သမားတော် ဇီဝကရဲ့ Prescription ဆေးညွှန်းအရ လုပ်တာတော့ ဟုတ်မယ် မထင်ဘူး။ နှစ်နှစ်ကာကာ ချစ်လာရင် “ဆီးဖြူ-ဖန်ခါး ငုံထားသလို” ဆိုပြီး ပြောလေ့ရှိတာကြောင့် နေမှာပါ။ ကိုယ်အပူချိန် အာငွေ့ဆိုတာက ၃၇ ဒီဂရီ ရှိလို့ အပြင်လေထက် ပိုပူမယ်။ ဒါက ပုံမှန်ဆိုရင်သာ ပြောရတာ။ အခုစာရေးနေတုံး ရန်ကုန်မှာ ၃၈ ရှိနေပြီး၊ နောက် ရက်တွေ ၄၀၊ ၄၁ ရှိမယ်ဆိုဘဲ။ “ခူနာရှိသူ နေပူ မထွက်စေနဲ့” နော်။ ခေတ်ကာလက မကောင်းသူတွေ မင်းမူနေသဗျ။
မိဘမေတ္တာကို ညွှန်းရင် အထိမိဆုံး ဥပမာရှိခဲ့သလို၊ ဇနီးသည်မှာ ခူနာပေါက်လို့ အဲလို ငုံပေးသူရှိလာရင်တော့ ချစ်မေတ္တာ ပုံပြင်သစ်ကလေးတခု တိုးလာပါမှာပေါ့ဗျာ။
Dr. တင့်ဆွေ
၁၄-၄-၂၀၁၀
Posted by Anonymous 1 comments
Labels: health education, Q and A, Skin health
Saturday, April 10, 2010
Stress Part Three
စိတ်ဖိစီးမှုလို့ခေါ်တဲ့ mental stress ဒါမှ မဟုတ် psychological stress ကို ဖြေရှင်းနည်းတွေကတော့ online မှာကော စာအုပ်တွေထဲမှာပါ အများကြီးတွေ့ရပါတယ်။ လိုက်လုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ခက်တာက သူတို့ ပြောသလို မလုပ်နိုင်လို့ စိတ်ဖိစီးမှုဝင်တာပေါ့။ မဟုတ်ရင် ဘယ်သူမှ အလုပ်ရှုပ်ခံပြီး ဒီစာတွေ ဖတ်နေမှာ မဟုတ်ဘူး။ အဲဒီတော့ စကြည့်ရအောင်။
ပထမဆုံးနှလုံးသွင်းထားဖို့ လိုတဲ့ အချက်ကတော့ stress ဆိုတာ အခက်အခဲကြုံလာရင် အသုံးဝင်အောင် ပြုလုပ်ထားတာပါ။ လူအတွက် အကျိုးရှိအောင်ပါ။ အဲဒီတော့ သူ့ကို လုံးဝပျောက်အောင် လုပ်လို့မရပါဘူး။ ဘယ်သူမဆို stress ကိုယ်စီ ရှိကြတာပဲ။ သူက ပုံစံမျိုးစံနဲ့ ရှိနေတာ။ ဥပမာ။ ။ စာမေးပွဲကြောင့် စိတ်ဖိစီးတယ်ဆိုပါတော့။ စာမေးပွဲလည်းပြီးရော စိတ်ထဲမှာ ပေါ့သွားသလို ဖြစ်သွားတယ်။ ဖိစီးမှု လျော့နည်းသွားတယ်ပေါ့။ လျော့ပဲလျော့သွားတာပါ။ အပြီးပျောက်မသွားဘူး။ စာမေးပွဲပြီးလို့ ပျော်ပွဲစားထွက်မယ်လို့ စိတ်ကူးလိုက်တာနဲ့ ဖိစီးမှုအသစ်တစ်ခုက ထပ်ပေါ်လာပြန်တယ်။ အဲဒီတော့ စိတ်နေစိတ်ထားနဲ့လည်း အများကြီးဆိုင်တယ်။ လွယ်လွယ်ပြောရရင် တာဝန်ယူစိတ်ရှိတဲ့သူတွေက စိတ်ဖိစီးမှုဒဏ်ကို ပိုခံရလေ့ရှိတယ်။ ကျောင်းသားချင်းယှဉ်ကြည့်လေ။ စာမတတ်မှာ စာမေးပွဲကျမှာ ကြောက်တဲ့ ကျောင်းသားက စာမေးပွဲနီးလာရင် အလိုလိုနေရင်း စာတွေနဲ့ ပိပြီး ဖိစီးလာတယ်။ အလေနတ်တော ကျောင်းသားတွေကတော့ အေးအေးဆေးဆေးပဲ။ မအောင်လည်း ဘာဖြစ်လဲ။ နောက်နှစ်ထပ်နေမှာပေါ့ အစရှိ သဖြင့် နေလေ့ရှိကြတယ်။
စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အကြောင်းအရာအပေါ်မူတည်ပြီး အရင်ဆုံး ၂ ပိုင်း ပိုင်းကြည့်ရအောင်။
(၁) ကိုယ်ပြုပြင်၍ရသော အလုပ်ကြောင့် ဖြစ်သည့် စိတ်ဖိစီးမှု
(၂) ကိုယ်ဘာမှ မတတ်နိုင်သည့် ဖြစ်ရပ်များကြောင့် ဖြစ်သော စိတ်ဖိစီးမှု ဟူ၍ ဖြစ်ပါသည်။
(၁) ကိုယ်ပြုပြင်၍ရသော အလုပ်ကြောင့် ဖြစ်သည့် စိတ်ဖိစီးမှု
ဒီအထဲမှာ ပါတာတွေကတော့ အလုပ်ကြောင့် ဖြစ်သော၊ ကျောင်းစာကြောင့် ဖြစ်စေသော၊ လူမှုဆက်ဆံရေးကြောင့် ဖြစ်သော စိတ်ဖိစီးမှုတွေ ပါဝင်ပါသည်။ Management ဂုရုတွေပြောတဲ့ စိတ်ဖိစီးမှု ပပျောက်နည်းတွေက သူ့အတွက် အသုံးဝင်ပါတယ်။ သူ့ကို ပပျောက်အောင်လုပ်ဖို့ ပထမဆုံးအဆင့်ကတော့ အလုပ်ကြောင့်ဖြစ်စေ ကျောင်းစာကြောင့်ဖြစ်စေ ကိုယ့်ဆီမှာ စိတ်ဖိစီးမှုဖြစ်တယ်ဆိုတာ အရင်ဆုံးလက်ခံရပါမယ်။ လက်ခံရသည့်အပြင် သတိလည်းရှိဖို့လိုတယ်။ ငါဘယ်လိုအလုပ်တွေလုပ်ရင် ငါနဲ့ သင့်တော်ပါ့မလား။ ငါစာမဖတ်ဘဲနေရင် ငါစာမေးပွဲနီးတဲ့အခါ စိတ်ပူရမှာလား အစရှိတဲ့ မေးခွန်းတွေကို အလုပ်တစ်ခုခုလုပ်မယ်ကြံတိုင်း ကိုယ့်ကိုယ်ကိုမေးပြီး သတိနဲ့ ဆုံးဖြတ်ဖို့ လိုပါတယ်။ planning မရှိဘဲ လုပ်ချင်တာလျောက်လုပ်ရင်တော့ မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေ ၀င်လာမယ်ဆိုတာ လက်ခံထားရပါမယ်။ အခုလောလောဆယ်ရှိနေတဲ့ စိတ်ဖိစီးမှုကို မလျော့ဘဲထားရင် ကိုယ့်အတွက်မကောင်းဘူးဆိုတာ လက်ခံရပါမယ်။ တချို့က အဲဒီလိုဝန်ခံတာကို အားနည်းချက်လို့ ယူဆကြတယ်။ အဲဒါမှားပါတယ်။ အရှိအတိုင်းမြင်ခြင်းသာ ဖြစ်တဲ့အတွက် ဆိုးကျိုးမရှိနိုင်ပါဘူး။
အခုဖြစ်နေတဲ့ စိတ်ဖိစီးမှုတွေဟာ ဘာကြောင့်ဖြစ်လာတာလဲ ဆိုတာ ကို ဆင်ခြင်ကြည့်ပါ။ ကိုယ့်ဘက်က ဘာအချက်တွေ ပြုပြင်ရမှာလဲ။ ဥပမာ။ ။အလုပ်မှာ ကိုယ်မကျွမ်းကျင်တဲ့ နေရာမှာ တာဝန်ထမ်းဆောင်နေရလို့လား။ အဲဒါဆိုရင် အဲဒီ role နဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ပြီး ဖြေရှင်းမလား။ ဒါမမဟုတ် senior တွေ ကို မေးမြန်းပြီး ဖြေရှင်းမလား။ အစရှိတဲ့ မေးခွန်းတွေကို ပြန်မေးပါ။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ မူလအကြောင်းအရာကို မသိဘဲနဲ့ လျော့ချလို့မရပါဘူး။ အချိန်ကုန်လူပန်းဖြစ်ပါလိမ့်မယ်။ ဒီအဆင့်က အရေးအကြီးဆုံးပါပဲ။ တစ်ခါတစ်လေကျရင် ကိုယ်သတိမထားမိတဲ့ ကိုယ့်ရဲ့ အားနည်းချက်တွေကြောင့် ဖြစ်နေတတ်တယ်။ အဲဒီအချက်တွေကို သေချာသိချင်ရင် ၀ိပဿနာ ရှုမှတ်ပါ။ ၀ိပဿနာ အားကောင်းလာရင် သတိအားကောင်းလာမယ်။ သတိအားကောင်းလာရင် ကိုယ်အရင်က မမြင်မိ မတွေးမိတာတွေကို သတိထားမိလာမယ်။ အနာသိရင် ဆေးကရှိမှာပါ။ အောက်မှာ နာမည်အကြီးဆုံးဖြေရှင်းနည်းတွေကို ဖော်ပြပေးပါမယ်။
အချိန်ကို အကောင်းဆုံးနဲ့ အထိရောက်ဆုံး အသုံးချပါ။ (Proper Time Management)
အချိန်ကို ထိရောက်အောင် သုံးဆိုလို့ တစ်နေ့မှာ ၄ နာရီလောက်ပဲ အိပ်ပြီး နာရီ ၂၀ လောက်အလုပ်လုပ်တာကို ပြောတာမဟုတ်ပါဘူး။ အချိန်ဆိုတာ resource တစ်မျိုးဖြစ်တယ်။ resource ရဲ့သဘောက ဘယ်တော့မှ ပေါတယ်မရှိတယ်။ လူတိုင်းကို မေးကြည့်လေ အချိန်တွေ ပေါနေတဲ့သူတွေရှိလားလို့။ အချိန်မလုံလောက်မှုက အလုပ်လုပ်နေတဲ့လူတိုင်းမှာ ဖြစ်နေတာပါ။ ကန့်သတ်ချက်ရှိနေတဲ့ ဘောင်အတွင်းမှာ အလုပ်ပြီးအောင်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုရင် အရင်ဆုံး စာရင်းတစ်ခုပြုစုပါ။ အရေးကြီးတဲ့အပေါ်မူတည်ပြီး ကြီးစဉ်ငယ်လိုက်စီပါ။ အရေးကြီးတာချင်းတူရင် ကိုယ်မလုပ်ချင်တာကို ရှေ့ကထားပါ။ နေ့တိုင်းနေ့တိုင်းမှာ လုပ်စရာရှိတဲ့အလုပ်တွေကို အဲဒီလို စီပြီးလုပ်ကြည့်လိုက်ရင် အလုပ်ပြီးနှုန်းက အလိုလိုနေရင်းတက်လာပါလိမ့်မယ်။ အလုပ်ပြီးရင် စားဝင်အိပ်ပျော်တာပေါ့။ ကိုယ်တွေ့စမ်းသပ်ထားပြီးသား ဖြစ်တဲ့အတွက် ကျွန်တော်ကတော့ အခုလောလောဆယ် အဲဒီနည်းလမ်းကို သုံးနေပါတယ်။
လိုအပ်တဲ့အချိန်မှာ အနားယူပါ။
ကျောင်းမှာတုန်းက စာဂျပိုးတွေကို တွေ့ရင် ကျွန်တော်ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါကဘာလည်းဆိုတော့ "ကျောင်းသားဆိုတာ စာရဖို့လိုတယ်။ စာကျက်ဖို့မလိုဘူး" လို့ ပြောပြီး နောက်လေ့ရှိတယ်။ သူတို့က အားရင် စာတွေကို ကြက်တူရွေးလို အချိန်တိုင်းရွတ်နေကြတာ။ မြန်မာပြည်မှာတော့ လုပ်စားလို့ရမှာပေါ့။ အပြင်ထွက်ရင် ဒုက္ခလှလှတွေ့တော့မှာ။ ဘယ့်နဲ့ဗျာ။ ဆေးကျောင်းေ၇ာက်နေပြီး အထက်တန်းတုန်းက မဟုတ်မဟတ်နည်းတွေကို ကျင့်သုံးနေကြတုန်း။ ပြောချင်တာက ကျောင်းသားဆိုတာ စာဖတ်ရမယ်။ သို့သော် နားနားပြီးဖတ်၊ ကြားထဲမှာ သီချင်းနားထောင်ချင်ထောင်၊ အပြင်သွားချင်သွား၊ စာကိုတော့ပုံမှန်ဖတ်။ စာသေချာ ကြေညက်ဖို့ အာမခံတယ်။ ဆေးကျောင်းကို အမှတ်လိမ်ပြီး ရောက်လာရင်တော့ မပြောတတ်ဘူးပေါ့။ အဲဒီလို အနားယူပြီး စာဖတ်တဲ့သူနဲ့ စာကိုတစ်ချိန်လုံးဖတ်နေတဲ့သူနဲ့ ယှဉ်ပြီး discussion လုပ်ကြေးဆိုရင် ပထမလူက အနိုင်ရမှာ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ခေါင်းက အနားရတဲ့ အတွက် ကြည်လင်တယ်။ မှတ်သားထားတာကို ပြန်လည်အသုံးချတဲ့နေရာမှာ မြန်ဆန်တယ်။ တစ်ချိန်လုံးစာ မှ စာလုပ်နေတဲ့သူက ဟုန်ပြီး ချက်ချင်းထွက်မလာဘူး။ ထွက်ရင်လည်း စာအကြောင်းလိုက်တွေဖြစ်နေတတ်တယ်။ ဖြတ်တောက်ပြီး ကောက်နုတ်ဖို့ ခေါင်းထဲမှာ ချန်မထားတော့ဘူး။ အလုပ်မှာလည်း ဒီလိုပဲ။ အဲဒီလို လိုအပ်တဲ့အချိန်မှာ အနားယူခြင်းက ကိုယ့်ရဲ့ productivity ကို တက်စေတဲ့အတွက် အလုပ်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုကိုလည်း လျော့စေမှာ အမှန်ပါပဲ။
လက်တွေ့ကျပါ။
လောကကြီးမှာ ကိုယ့်အရည်အချင်းနဲ့ လုပ်လို့ရတဲ့အရာတွေ ရှိသလို ကိုယ်လက်လှမ်းမမှီတာ တွေ လည်း ရှိပါတယ်။ ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တယ် ဆိုတဲ့စကားရှိပေမယ့် ဘယ်လိုကြိုးစားရမယ် ဘယ်လောက် ကြိုးစားမှ ဘုရားဖြစ်မယ်ဆိုတာကို တော့ ထည့်မပြောထားပါဘူး။ အဲဒါကိုထောက်ခြင်းအားဖြင့် လက်တွေ့ဆန်တဲ့ ရည်မှန်းချက်တွေ သာထားတာ အကောင်းဆုံးပါပဲ။
အားမနာပါနဲ့။
အားနာတယ်ဆိုတာ ပျော့ညံ့ခြင်းရဲ့ လက္ခဏာပဲလို့ ကျွန်တော်ကတော့ ယူဆပါတယ်။ လုပ်စရာရှိတာလုပ်ပါ။ သူတပါးကျေးဇူးသိတတ်ပါ။ ငြင်းဆိုစရာရှိရင် ပြတ်ပြတ်သားသား ငြင်းဆိုပါ။ စီးပွားရေးပဲဖြစ်ဖြစ် ပညာရေးပဲဖြစ်ဖြစ် လူမှုရေးပဲဖြစ်ဖြစ် အားနာလို့ လိုက်လျောရတယ် လုပ်ပေးလိုက်တယ်ဆိုရင် မအောင်မြင်ဖို့က တော်တော်သေချာနေပြီ။ ကိုယ်က သူတစ်ပါးဆီက တောင်းဆိုစရာရှိရင် ပြတ်ပြတ်သားသားတောင်းဆိုဖို့ လိုသလို ပေးကမ်းစရာရှိရင်လည်း ရက်ရက်ရောရော ပေးကမ်းတတ်စေလိုတယ်။ သူငယ်ချင်းတွေကို အားနာလို့ လက်ဖက်ရည်ဆိုင်ပါသွားတာ၊ အဲဒီတော့ အလုပ်မပြီးတာ စတာတွေဟာ ကျရှုံးဖို့ လမ်းစတွေပါ။ အဲဒီတော့ စိတ်မဖိစီးချင်ရင် အားမနာနဲ့။ လုပ်စရာရှိတာသာလုပ်။
အခက်အခဲကို ဆွေးနွေးတိုင်ပင်ပါ။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ကို ချစ်တဲ့ မိသားစု တွေ မိတ်ဆွေတွေ သူငယ်ချင်းတွေရှိတတ်ပါတယ်။ ကိုယ့်အခက်အခဲတွေ ပြဿနာတွေကို သူတို့ကို ပြောပြပါ။ သူတို့ကအကြံဥာဏ်မပေးနိုင်တောင် ကိုယ့်ကို နှစ်သိမ့်မှုတော့ ပေးနိုင်ပါလိမ့်မယ်။ ကိုယ့်လောက်မှ မတတ်တာ၊ ပြောတော့လည်း ဘာထူးမှာ မို့လို့လဲ လို့ မတွေးပါနဲ့။ ကိုယ်မတွေးမိတာ ကိုယ်က ပညာရူးရူးပြီး ခပ်မြင့်မြင့်တွေးလို့ အဖြေမထွက်တာတွေဟာ တခါတရံမှာ သာမန်လူတစ်ယောက်ဆီက အကြံဥာဏ်ကြောင့် အဖြေရသွားတာမျိုးတွေ ရှိပါတယ်။ ကိုယ့်ရဲ့ မိဘတွေ ဆရာတွေနဲ့လည်း တိုင်ပင်ကြည့်ပါ။ သူတို့ရဲ့ အတွေ့အကြုံတွေ ကိုယ်ရလာမယ်။ သူတို့ရဲ့ အဆက်အသွယ်တွေကြောင့် ကိုယ့်လုပ်ငန်းအဆင်ပြေနိုင်ပါတယ်။ အဲဒီတော့ နှုပ်ဆိတ်မနေဘဲ ဖွင့်ပြောခြင်းဟာ အနည်းဆုံးတော့ စိတ်ထဲမှာ ပေါသွားစေမှာပေါ့။
ဝါသနာအတွက် မိသားစုအတွက် အချိန်ပေးပါ။
ဒီနေ့ဒီခေတ် အိမ်တိုင်းလိုလို မိသားစုအားလုံး အလုပ်လုပ်ကြရတယ်။ မိသားစု ဆုံညီတွေ့ဆုံတဲ့အချိန်ဆိုတာ အတော်နည်းသွားပါပြီ။ ရလဒ်အဖြစ် လူတိုင်းလူတိုင်းမှာ အထီးကျန်တဲ့ ခံစားချက်ကလေးတွေ ရှိလာမှာပါ။ လူဆိုတာ အထီးကျန်လာရင် စိတ်ဖိစီးမှုဒဏ်ကို ပိုခံစားရတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် တစ်နေ့မှာ တစ်နာရီလောက်တော့ မိသားစု ကို အချိန်ပေးသင့်တယ်။ အချိန်ပေးတယ်ဆိုလို့ လူကြီးတွေကိုပဲ ပြောတာမဟုတ်ဘူး။ လူငယ်တွေကလည်း မိသားစုနဲ့ ရှိတဲ့အချိန်ကို သူငယ်ချင်းတွေထက် ပိုပြီး တန်ဖိုးထားရပါမယ်။ နောက်တစ်ချက်က ကိုယ်ဝါသနာပါတာကို လုပ်ဖို့ နေ့စဉ်အချိန်ပေးပါ။ အားကစားဖြစ်စေ ဘောလုံးပွဲဖြစ်စေ နောက်ဆုံး ဖဲရိုက်တာဖြစ်စေ အချိန်ပေးပြီး ခဏလေးဖြစ်ဖြစ် စိတ်ကို နှစ်ထားလိုက်ပါ။ အလုပ်အကြောင်း ကျောင်းစာအကြောင်း လုံးဝမစဉ်းစားနဲ့။ ဒါဆိုရင် စိတ်ဖိစီးမှုကနေ တော်တော်လေး သက်သာရာ ရပါလိမ့်မယ်။ နောက်ပြီး တစ်နှစ်မှာ အနည်းဆုံး တစ်ခေါက်တော့ ကိုယ်မရောက်ဖူးတဲ့ ဒေသကို ခရီးထွက်ပါ။ ရန်ကုန်က သူတွေကို အားရင် ချောင်းသာ သွားသလို မဟုတ်ဘူး။ ဒီနှစ် ချောင်းသာ သွားရင်၊ နောက်နှစ် အညာ၊ နောက်နှစ်ကျတော့ မြစ်ဆုံ စသည်ဖြင့် မတူညီတဲ့ဒေသတွေကို သွားလည်ခြင်းကသာ ကိုယ့်စိတ်ကို လန်းဆန်းစေမှာ ဖြစ်ပါတယ်။
(၂) ကိုယ်ဘာမှ မတတ်နိုင်သည့် ဖြစ်ရပ်များကြောင့် ဖြစ်သော စိတ်ဖိစီးမှု
တချို့အကြောင်းအရာတွေက ကိုယ်ဘာမှ ပြုပြင်လို့မရတော့ဘဲ ကိုယ့်ကို စိတ်အနှောက်အယှက်ပေးတာမျိုးတွေ ရှိတတ်ပါတယ်။ လူတော်တော်များများက အဲဒီလိုဖြစ်ရင် တ၇ားထိုင်လို့ ပြောလေ့ရှိကြတယ်။ ဟုတ်ပါပြီ။ တရားက ဘယ်လိုထိုင်ရမှာလဲ မေးရင် ၀ိပဿနာလား။ အာနာပါန သမ္မထလားလို့ မေးရင် သေချာမပြောတတ်ကြဘူး။ စိတ်ပညာအမြင်အရပြောရရင် ၀ိပဿနာနည်းက စိတ်ထဲက အပူတွေကို ကင်းစင်စေတဲ့နေရာမှာ ပိုကောင်းပါတယ်။ သို့သော်သူက အစပိုင်းမှာ ထိုင်ရတာ ပိုခက်ပါလိမ့်မယ်။ ဒါပေမယ့် ထိုင်ကျင့်ရသွားရင် ဘယ်နေရာမှာမဆို အသုံးချလို့ရတယ်။ မျက်စိကိုစုံမှိုတ်ပြီး ၀င်သက်ထွက်သက်မှတ်နေမှ မဟုတ်ဘူး။ အလုပ်မှာလည်း မှတ်လို့ရတယ်။ ကျောင်းမှာလည်း မှတ်လို့ရတယ်။ ကားမောင်းရင်းလည်း မှတ်လို့ရတယ်။ ဘာသာရေးက ကျွန်တော် ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တဲ့အတွက် အသေးစိတ်မရေးတော့ပါ။
ဒါလေးတွေကတော့ ကျွန်တော် စုတုပြုထားတဲ့ စိတ်ဖိစီးမှု ပြေပျောက်နည်းလေးတွေပါ။ စာဖတ်သူတို့ သိရှိပြီး စာထဲမှာ မပါတဲ့ နည်းလမ်းတွေရှိရင်လည်း comment မှာ တဆင့် မျှဝေပေးဖို့ တောင်းဆိုလိုပါတယ်။
စာရေးသူ - ဇီဝက (ဆေး-၂)
ဤဆောင်းပါးဖြင့် စာရေးသူအား Management ပညာရပ်အခြေခံများကို သင်ကြားပေးခဲ့သော MHR မှာ ဆရာဆရာမများအား ကန်တော့ပါ၏
Posted by Anonymous 3 comments
Labels: Lifestyle
Friday, April 9, 2010
Stress part two
oxidation ကို မြန်မာလို ဓာတ်တိုးခြင်းလို့ ဓာတုဗေဒက ဆရာတွေက ခေါ်လေ့ရှိပါတယ်။ oxygen molecule တစ်လုံးပေါင်းထည့်လိုက်တယ်ပေါ့။ အဲဒီလို ပေါင်းလိုက်ရင် ဒြပ်ပေါင်း တော်တော်များများဟာ ပုံပျက်သွားလေ့ရှိတယ်။ ပုံပျက်သွားတာကြောင့် မူလလုပ်ငန်းဆောင်တာတွေကို မလုပ်နိုင်တော့ပါဘူး။ tissue တွေ ပျက်စီးသလို cell တွေလည်း သေကျေကြပါတယ်။ အရေပြားမှာ ဖြစ်ရင် tissue တွေ ပျက်စီးတာ များတာကြောင့် အိုမင်းခြင်းကို ဖြစ်စေတယ်လို့ ပြောကြတယ်။ တကယ်တော့ oxidation က လူ့ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့နေရာတွေ အများကြီးရှိပါတယ်။ မလိုအပ်တော့တဲ့ tissue တွေကို ဖျက်ဆီးပစ်တဲ့နေရာမျိုးတွေ နဲ့ ဘက်တီးရီးယားပိုးတွေကို သတ်တဲ့အခါမျိုးတွေမှာ oxidation ကို ဖြစ်စေတဲ့ reactive oxygen free radicals (reactive oxygen species) (ROS) လို့ခေါ်တဲ့ ငတိကလေးတွေကေ၇ှ့တန်းက ပါဝင်ပါတယ်။ သို့သော် မလိုအပ်ဘဲနဲ့ အစွမ်းတွေ စွပ်ပြနေရင်တော့ အကောင်းထက် အဆိုးက ပိုများလာမှာပါ။ oxidative stress ကို ဖြစ်စေနိုင်တဲ့ အရာတွေနဲ့ သက်ဆိုင်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အရေပြား နှင့် မျက်ကြည်လွှာ - နေရောင်ခြည် (UV ray, gamma ray and so on)၊ ဓာတ်ရောင်ခြည်သင့်ခြင်း (ဥပမာ။ ။ဓာတ်မှန်ရိုက်ခြင်း)၊
အစာအိမ်နှင့် အူလမ်းကြောင်း - nitrate (ယမ်းစိမ်း) ပါဝင်သော အကင်များ၊ ၀က်အူချောင်းများ စားခြင်း၊ အရက်၊ မီးကင် ကြက်တိုက်ထားသော အစားအစာများ၊
အသက်ရှူလမ်းကြောင်း - ဆေးလိပ်ငွေ့၊ ပြင်ပမှ လေထုညစ်ညမ်းစေသော ဓာတ်ငွေ့များ၊ ကား အိပ်ဇောငွေ့များ၊ စက်ရုံအလုပ်ရုံများမှ ထွက်သော ရှူရန်မသင့်သည့် ဓာတ်ငွေ့များ (အနံ့ရှိချင်မှရှိမည်)၊ မီးရှို့ခြင်းမှ ထွက်သော မီးခိုးငွေ့
အထက်ဖော်ပြပါ အစားအသောက်နှင့် ပြင်ပမှ အရာများသည် လူ့ကျန်းမာရေးအတွက် လုံးဝ မသင့်တော်ပါ။ ကိုယ်ခန္ဓာအတွင်းသို့ ၀င်ရောက်လာပါက ဆဲလ်များကို ဓာတ်တိုးစေပြီး သေစေနိုင်သည်။ မသေပါက ကင်ဆာအဆင့်အထိ ရောက်အောင် ဒုက္ခပေးနိုင်သည်။ အိုမင်းရင့်ရော်ခြင်းကို လျင်မြန်စေသည်။ မလိုအပ်ဘဲ နေမကောင်းဖြစ်တော့ ဆေးဖိုးဝါးခ မကုန်သင့်ဘဲ ကုန်နိုင်သည်။ ဘယ်လိုရှောင်ကြဉ်ရမလဲဆိုတာကတော့ လူအများစု သိမည်ဟု ယူဆသည့်အတွက် မဖော်ပြတော့ပါ။ စက်ရုံအလုပ်ရုံများတွင် နှာခေါင်းစွပ်တပ်ထားပါဟု ရေးထားလျင် မြန်မာကျင့်မြန်မာကြံဖြင့် ပြီးစလွယ် မတပ်ဘဲထားဖို့ မကြံပါနဲ့။ လိုအပ်သောကြောင့် တပ်ခိုင်းခြင်းဖြစ်ပါသည်။ မြန်မာလုပ်သားအများစုက မျက်နှာဖုံးတို့ နှာခေါင်းစွပ်တို့ဆို တပ်ရမှာ အလွန်ပျင်းပုံရတယ်။ ကိုယ့်အသက်ကို ငဲ့ရင်တော့ တပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ နောက်တစ်ချက်ကတော့ ရန်ကုန်မြို့မှာ အလွန်ပေါများလာတဲ့ အကင်ဆိုင်တွေ။ ဘာ အာဟာရမှလည်း မရဘဲ ဒုက္ခပေးမည့် အစားအသောက်တွေ ဖြစ်ပါတယ်။ အမြတ်တစ်ခုတည်းကို ကြည့်ပြီး လူအများ အကျိုးမရှိတဲ့ လုပ်ငန်းတွေကို လုပ်နေတဲ့ စီးပွားေ၇းသမားတွေ ရှိနေသ၍တော့ ကျန်းမာရေး ကဏ္ဍဟာ မှေးမှိန်နေအုံးမှာပါ။ Cooporate social responsibility တို့ business ethics တို့နဲ့ ပတ်သက်ပြီး လူအများသိအောင် လုပ်ဖို့ လိုနေပါပြီ။
Mental Stress
စိတ်ဖိစီးမှုကို လူတိုင်းကြုံဖူးပါတယ်။ ဟိုးငယ်ငယ်ကလေးကနေ လူကြီး ဖြစ်တဲ့အထိ ကြုံရတာပါ။ ကလေးတွေမှာလည်း mental stress ၇ှိတာပါပဲ။ ကိုယ်လိုချင်တဲ့အရုပ် ရပါ့မလား၊ လူကြီးတွေက ငါ့ကို ချစ်ပါ့မလား စသည်ဖြင့် သူ့အပူနဲ့ သူတော့ ရှိကြတာပါပဲ။ အသက်ကြီးလာတော့ အပူတွေလည်း ကြီးလာတာပေါ့။ ဒီနေ့ဒီခေတ်လို အပြိုင်အဆိုင်များတဲ့ လောကကြီးမှာ စိတ်ဖိစီးမှုဆိုတာ ရှောင်လွှဲလို့ မရတော့ပါဘူး။ စိတ်ဖိစီးမှုဖြစ်လာရင် အပိုင်း ၁ မှာ ဖော်ပြခဲ့တဲ့stress response ၀င်လာတယ်။ နှလုံးခုန်တာ နည်းနည်းမြန်လာမယ်။ သွေးဖိအားတက်လာမယ်။ အစာချေတာ မကောင်းတော့ဘူး။ ညဘက်ကောင်းကောင်းအိပ်မပျော်ဘူး။ အဆီဓာတ်တွေကို သေချာမချေဖျက်နိုင်တဲ့အတွက် body ကနေ မစွန့်ပစ်နိုင်တော့ဘဲ ကိုယ်မှာ အဆီတွေစုလာတယ်။ တနည်းအားဖြင့် ပြောရင် ၀လာမယ်ပေါ့။ အအိပ်လည်းနည်းပြီး အစာလည်း အများကြီးမစားဘဲ ဘာဖြစ်လို့ ၀လာလဲဆိုရင် stress ကြောင့်လို့ ပြောရမှာပဲ။ အဲဒီလိုဖိစီးနေတာက ရက်ပိုင်း လပိုင်းသာမကဘဲ နှစ်ချီပြီး ကြာလာရင်တော့ နောက်ဆက်တွဲရောဂါတွေဖြစ်တဲ့ သွေးတိုး နှလုံး ဆီးချိုရောဂါတွေ ၀င်လာနိုင်ပါတယ်။
စိတ်ဖိစီးမှုနဲ့ ပတ်သက်ပြီး လူအများယုံကြည်ကြတာက enervon C လို vitamin C high dose ပါဝင်တဲ့ ဆေးတွေ သောက်ရင် စိတ်ဖိစီးမှုသက်သာတယ် ဆိုပြီး ဖြစ်တယ်။ ဆေးကြော်ငြာတာကလည်း အဲဒီလိုဆိုတော့ ယုံကြတာမဆန်းပါဘူး။ vitamin C က မည်သည့် stress ကြောင့်မဆို tissue ပျက်စီးတာကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးတာ မှန်ပါတယ်။ သို့သော် သူ့ကို သောက်လိုက်လို့ စိတ်ထဲမှာ တင်းကြပ်နေတာတွေကတော့ လျော့သွားမှာ မဟုတ်ဘူး။ သူက ရုပ်ပိုင်းကို ကုတာပါ။ စိတ်ပိုင်းကို ကုတာမဟုတ်ဘူး။ enervon C တစ်နေ့ ၁၀လုံးသောက်လည်း အလုပ်ကို ဖြစ်မြောက်အောင် မလုပ်နိုင်ရင် ဖိစီးမြဲ ဖိစီးနေမှာပါပဲ။ နောက်ပြီး သူက ကြာရှည်စွဲသောက်ရင် လူအတွက် ကောင်းကျိုးရှိမရှိဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့ vitamin C တစ်နေ့ လိုအပ်ချက်က ၂၀၀ ပဲ ရှိတယ်။ သူ့ဆေးမှာ ၅၀၀ ပါတယ်။ မလိုအပ်ဘဲ ၃၀၀ ကို ကျောက်ကပ်ကနေ စွန့်ပစ်နေရတယ်။ ရေရှည်မှာ ကျောက်ကပ်မှာ ကျောက်တည်နိုင်တယ်လို့ ဆေးကျမ်းတွေမှာတော့ ရေးတယ်။ ဘယ်လောက် dose ကို ဘယ်လောက်ကြာအောင် သောက်ရင် ဖြစ်မယ်လို့တော့ မရေးထားဘူး။ အဲဒီတော့ ကာကွယ်ဖို့နဲ့ ကုသဖို့အတွက် ရေတိုဆိုရင် သောက်ဖို့အားပေးပါတယ်။ ရေရှည်အတွက်ကတော့ ဘာဖြစ်မယ်မှန်းမသိတဲ့ ဆေးတစ်ခုကို မသောက်တာကောင်းတယ်။ စိတ်ဖိစီးမှုကိုအကောင်းဆုံးကိုင်တွယ်ဖြေရှင်းနည်းဖြစ်တဲ့ Time Management အကြောင်းကို သတ်သတ် ဆောင်းပါးတစ်ပုဒ်ရေးပေးပါ့မယ်။
Metabolic stress
လူတစ်ယောက်စားလိုက်သမျှ အစာတွေကို အူလမ်းကြောင်းက စုပ်လိုက်ပြီးရင် အားလုံးကို အသည်းဆီကို အရင်ပို့ပါတယ်။ အသည်းမှတဆင့် လိုရင်လိုသလို မလိုရင် မလိုသလို အာဟာရဓာတ်တွေကို စီမံခန့်ခွဲပေးပါတယ်။ သွေးထဲမှာ ဓာတ်တစ်မျိုးမျိုးက လိုအပ်သည်ထက် အလွန်အမင်း များနေလျင်ဖြစ်စေ နည်းနေလျင်ဖြစ်စေ metabolic stress ကို ဖြစ်စေပါတယ်။ လူတိုင်းလူတိုင်း ကြုံတွေ့ရပြီး သတိမထားမိတာကတော့ အစားစားချိန်မမှန်ခြင်းနှင့် အစာမှားစားခြင်းတို့ ဖြစ်ကြတယ်။ အထူးသဖြင့် စိတ်ဖိစီးမှု များနေတဲ့ အချိန်တွေမှာပေါ့။ အစာစားချိန်မမှန်ခြင်းဆိုတာကတော့ နံနက်အိပ်ယာထမှာ နံနက်စာကို လုံလောက်စွာမစားခြင်း၊ နံနက်စာနဲ့ နေ့လည်စာကို ပေါင်းစားခြင်း တို့ဖြစ်ပါတယ်။ လူ့ကိုယ်ခန္ဓာသည် သကြားဓာတ် စွမ်းအင်နှင့် အာဟာရဓာတ်များကို ပုံမှန်လိုအပ်နေပါသည်။ စိတ်ဖိစီးမှုများသော အချိန်များ၊ နလန်ထစ အချိန်များ၊ ဖျားနာနေသောအချိန်များတွင် ပိုမိုလိုအပ်တတ်ပါသည်။ သို့သော်လူတစ်ယောက်က အစားကို ပုံမှန်မစားဘဲ စိတ်ကူးပေါက်တဲ့အချိန်ရောက်မှ ထစားပါက အသည်းမှနေ၍ ကိုယ်တွင်းကလီစာများ ပုံမှန်လည်ပတ်နိုင်ရန် တစ်နည်းအားဖြင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ထိန်းသိမ်းနိုင်ရန် stress hormone တွေကို ထွက်အောင် လုံ့ဆော်လေသည်။ ရလဒ်အဖြစ် သကြားဓာတ်ကို ထိန်းထားနိုင်ပေမယ့် stress response ဒဏ်ကို ခံရမည်ဖြစ်သည်။ ထို့ကြောင့် မည်မျှ အလုပ်များစေကာမူ လုံလောက်ပြီး အာဟာရရှိသည့် breakfast ကို စားခြင်းသည် နေ့တစ်နေ့တာအတွက် အလွန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် ညအိပ်လိုက်ကတည်းက လူက ဘာအစာမှ မစားတော့ပေ။ ထိုအခါ သွေးတွင်းသကြားဓာတ် ကျဆင်းနေတတ်သည်။ နံနက်စာစားလိုက်ပါက သကြားဓာတ်ပြန်တက်လာပြီး stress hormone များမထွက်အောင် တားဆီးထားနိုင်ပါသည်။ ညအိပ်ခါနီး ပျားရည် ၂ ဇွန်းခန့်သောက်ခြင်းသည်လည်း stress ကြောင့် ဗိုက်ရွှဲခြင်းကို လျော့ကျစေနိုင်ပါသည်။ သူက တစ်ညလုံး သကြားဓာတ်ကျမသွားအောင် ထိန်းထားနိုင်တယ်လို့ ဆိုကြတယ်။ စိတ်ဖိစီးမှုများရင် ပျားရည်ကို စမ်းသပ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။
အစာမှားစားခြင်းဆိုတာက တော့ လူက စိတ်ရှုပ်လာရင် ကိုယ်စားချင်တာ စားတော့တာပဲ။ သိပ်ပြီး စည်းမရှိတော့ဘူး။ ကိုယ်စားတဲ့အစာက junk food လို့ခေါ်တဲ့ supermarket တွေမှာ ရောင်းတဲ့ မုန့်တွေစားဖြစ်နေရင် အဆိုးဆုံးပဲ။ မုန့်ကတော့ အကောင်းစားပဲ။ packing လေးကလည်းလှတယ်။ အရသာကလည်း ချိုနေတာပဲ။ ဈေးကလည်းကြီးတော့ ကောင်းမယ်ထင်တာပေါ့။ တစ်ခုသတိထားရမှာက အဲဒီလို အစာတွေစားပြီး America ကလူငယ်တွေ ဖက်တီးတွေ ဖြစ်လာတာဆိုတာကို မမေ့ပါနဲ့။ ခေတ်ပေါ်အစားအသောက်တွေဖြစ်တဲ့ biscuit တွေ cracker တွေ cookies တွေ burger တွေ cake တွေ donut တွေ အားလုံးဟာ လူအတွက် အကျိုးရှိတာ တစ်ခုမှ မပါပါဘူး။ တာရှည်ခံအောင် အရသာရှိအောင် ဓာတုဗေဒ ပစ္စည်းတွေနဲ့ လုပ်ထားတာပါ။ အဲဒါတွေကို မစားရဘူးလို့ မပြောပါဘူး။ စိတ်ဖိစီးတဲ့အချိန်မှာ သွားစားရင် ပိုဆိုးနိုင်တယ်။ သူတို့က အချိုဓာတ်လွန်ကဲတော့ စားပြီးတာနဲ့ သွေးတွင်းသကြားဓာတ်က ထောင်တက်သွားတယ်။ အဲဒီမုန့်တွေမှာ ပါဝင်တဲ့ sugar ရဲ့ ဓာတုဗေဒ ဖွဲ့စည်းပုံကလည်း ရိုးရှင်းတာကြောင့် အစာချေတာမြန်တယ်။ body က စုပ်ယူတာလည်း မြန်တယ်။ သကြားဓာတ်ကို အသုံးချဖို့ insulin hormone က ထွက်လာတယ်။ သူက သကြားဓာတ်နည်းနည်းပဲ တက်ရင် နည်းနည်းပဲ ထွက်တယ်။ များများနဲ့ မြန်မြန်တက်ရင် များများနဲ့ အကြာကြီးထွက်တယ်။ ရလဒ်အဖြစ် သကြားဓာတ်ကတော့ insulin လက်ချက်ကြောင့် ကျသွားပါရဲ့။ သကြားဓာတ်ကျပြီးလည်း insulin က ဆက်လက်ရှိနေသေးတာကြောင့် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ရှိရမည့် ပမာဏ အောက်ကိုေ၇ာက်အောင် စွဲချပါတော့တယ်။ သကြားဓာတ်နည်းသွားတော့ လူက ခေါင်းက ၇ိပ်တိတ်တိတ်ဖြစ်လာတယ်။ နုန်းတယ်။ ဗိုက်ပြန်ဆာလာတယ်။ အဲဒီအခါမှာ လွယ်လွယ်ရတဲ့ ခေတ်မှီမုန့်တွေ ထက်စားရင် ခုနတုန်းက ဖြစ်ခဲ့တဲ့ insulin သံသရာ ပြန်လည်ပြန်ကော။ ဒါကြောင့်နောက်ပိုင်းမှာ ဆရာဝန်တွေက simple carbohydrate တွေပါဝင်တဲ့ မုန့်တွေအစား complex carbohydrate တွေ ပါဝင်တဲ့ ဆန်၊ ဆန်နဲ့လုပ်သောမုန့်များ၊ ကွေကာအုပ် နဲ့ အရသာမချိုတဲ့ ပေါင်မုန့်အကြမ်းတွေကို ပဲ စားသုံးဖို့ ပြောလာကြတာ ဖြစ်ပါတယ်။
နိဂုံးချုပ်ရရင် မြို့ပြမှာ နေထိုင်ကြသူတွေဟာ အနောက်တိုင်း လူနေမှုပုံစံကို အလိုလိုနေရင်း လိုက် copy ကူးနေသလို ဖြစ်လာတယ်။ US တို့ UK တို့မှာ 1980 လောက်တုန်းက ဖြစ်သလိုပေါ့။ အသစ်ပေါ်တဲ့ burger စားမှ ခေတ်မှီတယ်ထင်တယ်။ အလုပ်အကိုင်တွေကလည်း အပြိုင်အဆိုင်များလာတော့ ကိုယ့်ကျန်းမာရေးကို ဂရုမပြုကြတော့ဘူး။ အဲဒီလိုနေခြင်းရဲ့ ဆိုးကျိုးတွေကိုလည်း မသိသေးတဲ့အချိန်ပေါ့။ အခုတော့ သူတို့က သိသွားပြီ။ ဒါကြောင့် ပြင်နေကြပြီ။ ဒီမှာကတော့ လိုက်ကူးလို့ကောင်းတုန်း။ လူအချို့က အ၀မလွန်ဘဲ ကျန်းမာချင်ရင် ကိုယ်လက်လှုပ်ရှားလုပ်ဖို့ အရေးကြီးတယ်လို့ ထင်ကြတယ်။ ကိုယ်လက်လှုပ်ရှားနည်းတိုင်း ၀မှာမဟုတ်ဘူး။ အထက်က ဖော်ပြထားတဲ့ အချက်တွေကို ဆင်ခြင်ကြည့်လိုက်ပါ။ မ၀အောင် အာမခံနိုင်ပါတယ်။ အခုလောက်ဆိုရင် stress ရဲ့ သဘောသဘာဝကို နည်းနည်းသောက်သိသွားပြီလို့ ယူဆပါတယ်။ ဖိစီးမှုကင်းဝေးပြီး ကျန်းမာကြပါစေလို့ နှစ်သစ်ကူးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်။
ရေးသားသူ - ဇီဝက (ဆေး-၂)
ဤဆောင်းပါးဖြင့် ဆေးကျောင်းမှာတုန်းက basic medical science ဘာသာရပ်တွေ သင်ခဲ့ပေးသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ကန်တော့ပါ၏။
Posted by Anonymous 1 comments
Labels: Lifestyle
Stress part one
Stress ကိုမြန်မာလို ဘာသာပြန်ရင် စိတ်ဖိစီးမှုလို့ ပြန်လေ့ရှိတာတွေ့ရတယ်။ အဲဒီလို ပြန်လိုက်ရင် မပြည့်စုံတဲ့ အတွက်ကြောင့် ပျောက်ကင်းအောင် ပြုလုပ်တဲ့နေရာ မှာလည်း စိတ်တစ်ခုတည်းကိုပဲ အာရုံစိုက် နေတတ်ကြတယ်။ မထိရောက်တော့ဘူးပေါ့။ တကယ်တော့ စိတ်ဖိစီးမှုလို့ ပြောချင်ရင် mental stress လို့သုံးပါတယ်။ stress လို့တိုက်ရိုက်သုံးရင် မည်သည့်နေရာမှမဆို ဖြစ်ပေါ်လာတဲ့ ဖိစီးမှုကို ပြောတာပါ။ ကိုယ်ခန္ဓာမှာဖြစ်ပေါ်ရင် physical stress, စိတ်မှာဖြစ်ရင် mental stress, ကိုယ်တွင်းအဂါင်္ အစိတ်အပိုင်းတွေမှာဖြစ်ရင် physiological stress, ရောဂါကြောင့်ဖြစ်ရင် pathological stress ဆိုပြီး သုံးလေ့ရှိပါတယ်။ အဲဒီတော့ stress ကိုပျောက်အောင် ကုချင်ရင် ဖြစ်ပေါ်စေတဲ့ အကြောင်းအချင်းအရာကို သေချာသိမှ ပျောက်နိုင်မှာပါ။
ဘာ့ကြောင့် stress ဖြစ်ဖြစ် ကိုယ်ခန္ဓာမှ ၎င်းကို တုံ့ပြန်တဲ့အနေနဲ့ ၂ မျိုး ၂ စားတုံပြန်ပါတယ်။ တစ်ခုက အာရုံကြောတွေကနေ ချက်ချင်းတုံပြန်တာဖြစ်လို့ မြန်ဆန်ပြီး နောက်တစ်နည်းကတော့ adrenal gland ကနေ hormone တွေ ထုတ်လွှတ်ပြီး တုံ့ပြန်ခြင်းတို့ဖြစ်ပါတယ်။ အာရုံကြောတွေကနေ တုံပြန်ရင် မြန်ဆန်သော်လည်း တခဏသာခံသည်။ hormone တွေကတော့ အထွက်နှေးသော်လည်း ကြာကြာခံသည်။ အဲဒီလို တုံ့ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ ခန္ဓာကိုယ်ကို stress ဒဏ်ခံနိုင်အောင် ထိန်းညှိပေးဖို့ ဖြစ်ပါတယ်။ ဥပမာ။ ။ လူတစ်ယောက်က တောထဲမှာ လမ်းလျောက်နေတုန်း မြေခွေးတစ်ကောင်ကို တွေ့တယ်ဆိုပါစို့။ မြေခွေးကို ကြောက်လို့ ခဏလောက် ကြောင်သွားနိုင်ပေမယ့် မြေခွေးကသာ ကိုယ့်ဆီကို ပြေးလာရင် အသက်အန္တာရယ်က ကင်းလွယ်ဖို့အတွက် မည်သူမဆို ထွက်ပြေးမည်သာ ဖြစ်သည်။ ထိုအခါ stress response ၀င်လာသည်။ အာရုံကြောများမှ noradrenaline နဲ့ adrenaline လို့ခေါ်တဲ့ stress hormone တွေထွက်လာပါသည်။ endocrine ဘက်ကတော့ stress hormone တွေ ထုတ်တဲ့ adrenal gland ကလည်း အဲဒီ ၂ မျိုးကိုပဲ သွေးထဲကို ထုတ်လွှတ်ပေးပါတယ်။ ရလဒ်အဖြစ် နှလုံးခုန်မြန်လာခြင်း၊ သွေးဖိအားတက်လာခြင်း၊ အသက်ရှူမြန်လာခြင်းများ ဖြစ်ပေါ်လာပြီး ပြေးလွှားရန်အတွက် ခြေသလုံးကြွက်သားများကိုလည်း သွေးများ ပိုမိုစီးဆင်းစေပါသည်။ ထိုအခါ ပြေးရလွှားရ ပိုမိုလွယ်ကူသွားပြီး အသက်ဘေးမှ လွတ်သွားနိုင်ပါသည်။ stress response ကြောင့် ဖြစ်သွားသော အကျိုးဆက်များ အလွန်များပြားပါသည်။ လူသတ္တ၀ါများ ကမ္ဘာများပေါ်တွင် အသက်ရှင် ရပ်တည်လာနိုင်သည်မှာ stress ၏ ကျေးဇူးကြောင့် ဖြစ်သည်။ stress hormone များကိုထုတ်လွှတ်သည့် adrenal gland သာမရှိပါက လူသားများအသက်ရှင်ရပ်တည်ဖို့ပင် မဖြစ်နိုင်ဟု ပညာရှင်တို့က ဆိုကြပါသည်။
ထိုသို့ပြုလုပ်နိုင်ရန်အတွက် ခန္ဓာကိုယ်အတွင်းမှ အစာခြေသော လုပ်ငန်းများ၊ အစာကို စုပ်ယူခြင်း၊ အသုံးပြုနိုင်သည့် chemical compound ဖြစ်သည်အထိ ပြုပြင်ပြောင်းလဲခြင်း၊ tissue တည်ဆောက်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများကို ခဏရပ်နားထားရပြီး လတ်တလောအသက်ဘေးအတွက် စွမ်းအင်များကို အသုံးပြုရသည်။ စွမ်းအင်ဟုဆိုရာ၌ စွမ်းအင်ထုတ်လုပ်ရန်အတွက် ကုန်ကြမ်း ၃မျိုးရှိသည်။ ၎င်းတို့မှာ သကြားဓာတ်၊ အသားဓာတ်နှင့် အဆီဓာတ်တို့ ဖြစ်သည်။ အဆိုပါ ၃ မျိုးထဲတွင် အရေးအကြောင်းကြုံလျင် မြန်မြန်ဆန်ဆန်သုံးလို့ရသည်မှာ သကြားဓာတ် (glucose) တစ်မျိုးသာရှိသည်။ ကျန်သော ၂ခုကြား ဖြိုခွဲဖို့ ကြာသောကြောင့် glucose ကုန်မှာသာ (သို့) မသုံးနိုင်မှသာ သုံးလေ့ရှိပါသည်။ oxygen မရှိသောအခါ ကြွက်သားများအတွင်း အရေးပေါ်သုံးသည့် ketone body ဆိုသည့် ဒြပ်ပေါင်းတစ်မျိုးလည်းရှိသေးသည်။ သို့သော် ယခုရေးသားလိုသောအကြောင်းအရာနှင့် မဆက်စပ်သောကြောင့် မဖော်ပြတော့ပါ။
အထက်ပါဖော်ပြခဲ့သော stress response သည် မည်သည့် stress အမျိုးအစားမဆို တုံ့ပြန်ပုံခြင်းတူပါသည်။ stress ကြောင့် ဖြစ်လာသော response သည် တခဏ ရေတိုအချိန်ကလေးတွင် အလွန်အသုံးတည့်သော်လည်း အချိန်ကြာကြာ response ဖြစ်နေပါက လူအတွက် အန္တာရယ်ရှိလာနိုင်ပါသည်။ လူ၏ကိုယ်ခန္ဓာသည် အရေးပေါ်အခြေအနေအတွက် အဆင်သင့်ဖြစ်ရမည်ဖြစ်သလို နေ့စဉ်လုပ်ငန်းဆောင်တာများဖြစ်သည့် အစာခြေခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်းနှင့် အာဟာရဓာတ်များကို သိမ်းဆည်းခြင်း တို့ကိုလည်း ပြုလုပ်ရပါမည်။ ထို့အတူ ပြင်ပမှဝင်ရောက်လာသော ရောဂါပိုးများ၊ ဓာတ်တိုးပစ္စည်းများ၏ ရန်မှ ကာကွယ်ရမည်ဖြစ်သလို ၎င်းတို့ကြောင့် ပျက်စီးသွားသော tissue များကို ပြင်တန်ပြင် မပြင်တန်တော့ ဖျက်ဆီးပစ်ဖို့ လိုအပ်လှသည်။ ထိုသို့မပြုလုပ်အားပါက
- အစာမကြေခြင်း၊ ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်တွင် အနာများဖြစ်ခြင်း၊ အစာအိမ်ရောင်ခြင်း
- ကြွက်သားများနည်းသွားပြီး ၎င်းတို့နေရာတွင် မခြေဖျက်အားသည့် အဆီများစုဝေးလာခြင်း (စုဝေးသောနေရာများမှာ ဗိုက်ခေါက်၊ လက်မောင်း၊ ပေါင်၊ မျက်နှာ၊ အတွင်းကလီစာများ)
- ကိုယ်ခံအားစနစ် အားနည်းလာခြင်း
- ဓာတ်တိုးပစ္စည်းများကို မစွန့်ဖယ်အားသောကြောင့် ကင်ဆာရောဂါဖြစ်ပွားနိုင်ချေ များလာခြင်း
- နောက်ဆက်တွဲအနေဖြင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ဆီးချိုရောဂါများ ဖြစ်ပွားလာနိုင်ခြင်း
- ရူးခြင်း
- အရိုးပွရောဂါများဖြစ်ခြင်း
- အနာမကျက်ခြင်း
အစရှိတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။
နေ့စဉ်လူမှုဘ၀မှာ ဘာအကြောင်းတွေကြောင့် stress ဖြစ်တယ် ဆိုတာနဲ့ အဲဒီ stress ကို ဘယ်လိုတိုက် ထုတ် မလဲ ဆိုတာကို အပိုင်း ၂ မှာ ဆက်လက်ရေးသားပါ့မယ်။
ရေးသားသူ - ဇီဝက (ဆေး-၂)
Posted by Anonymous 0 comments
Labels: Lifestyle
Sunday, April 4, 2010
ယင်ကောင်များနှင့် တစ်မိနစ်တာ
ယင်ကောင်ဆိုတဲ့ အသံကြားလိုက်တာနဲ့ ကျွန်မတို့ကို အနည်းနဲ့အများ စိတ်ညစ်ညူးစေတဲ့ အကောင်ဆိုတာ ငြင်းဆန်လို့ရမယ်မထင်ပါဘူး။ ယင်ကောင်အကြောင်းပြောတဲ့အခါမှာ လူသွေးစုပ်တဲ့ ယင်ကောင်နဲ့ လူသွေးမစုပ်တဲ့ယင်ကောင်ဆိုပြီး ခွဲခြားပြောလို့ရပါတယ်။ ဒီဆောင်းပါးမှာ တော့ သွေးစုပ်တတ်တဲ့ ယင်ကောင်အကြောင်းကို အသားပေး ပြောပြချင်ပါတယ်။ ကျွန်မပထမဆုံး ပြောပြချင်တဲ့ယင်ကောင်က တော့ အာဖရိက တိုက်အချို့သော နေရာတွေမှာ African Tryptosomiasis ဒါမှမဟုတ် sleeping sickness လို့ခေါ်တဲ့ ရောဂါကိုသယ်ဆောင်နိုင်တဲ့ Tsetse fly လို့ ခေါ်တဲ့ ယင်ကောင်တစ်မျိုး အကြောင်းပဲဖြစ်ပါတယ်။
ရောဂါပိုးသယ်ဆောင်ထားတဲ့ Tsetse fly အကိုက်ခံ ရတဲ့ သူတွေထဲကမှ နှစ်စဉ် လူပေါင်း ၂၅၀ ၀၀၀မှ ၃၀၀ ၀၀၀ အတွင်းအသက်ဆုံးရှုံးရတာမို့ ခရီးသွားဝါသနာထုံသူများ အနေနဲ့သိထားသင့်တဲ့ ယင်ကောင် တစ်မျိုးလည်းဖြစ်ပါတယ်။
ကြောက်စရာ ကောင်းလှတဲ့ရောဂါကို သယ်ဆောင်နိုင်တဲ့ ယင်ကောင်တစ်မျိုးမို့ tsetse fly ဟာ သုတေသနပြုတဲ့သူတွေကြားမှာ ထင်ရှားခဲ့တဲ့ ယင်ကောင်တမျိုးလည်းဖြစ်ပါတယ်။ နှစ်စဉ် ပျမ်းမျှအားဖြင့် လေးကြိမ်ခန့်မျိုးပွားနိုင်တဲ့ အဲဒီယင်ကောင်ဟာ သူ့သက်တမ်းတလျှောက်မှာ ၃၁ ကြိမ်ခန့်မျိုးပွားနိုင်မှာဖြစ်ပါတယ်။ Tsetse fly ဟာ မျိုးစိတ်ပေါင်းများစွာရှိပြီး ယင်ကောင်တို့ရဲ့ထုံးစံအတိုင်း အရည်ဒါမှမဟုတ် သွေးစုပ်ယူဖို့ နှုတ်သီး(propbosis) ကလေးပါမှာဖြစ်ပါတယ်။ အဲဒီနှုတ်သီးကလည်း ဖြောင့်တန်းနေမှာဖြစ်ပါတယ်။ အင်တီနာ မှာ အဆစ်သုံးဆစ်ပါမှာဖြစ်ပြီး နောက်ဆုံး အဆစ်ရဲ့အပေါ်မျက်နှာပြင်မှာတော့ အမွေးတစ်ချို့ကိုတွေ့ရမှာဖြစ်ပါတယ်။
သူ့ရဲ့အတောင်ပံတွေကတော့ အသားခုတ်ဓါးပုံစံဖြစ်နေတာကို တွေ့နိုင်ပါတယ်။ Tsetses ဟာ အကြမ်းအားဖြင့် အိမ်တွေမှာ တွေ့ရတတ်တဲ့ ယင်ကောင်များနဲ့ ဆင်တူပေမယ့်လည်း သူရဲ့ထူးခြားတဲ့ သွင်ပြင်အမူအရာတွေကြောင့် အခြား ယင်ကောင်တွေနဲ့ခွဲခြား မှတ်သားနိုင်မှာဖြစ်ပါတယ်။ Tsetse fly ဟာ နားနေတဲ့အခါ မှာ တောင်ပံတခုနဲ့တစ်ခု ကို တစ်ထပ်တည်းကျအောင် ထပ်ပြီးနားတတ်တာမို့ သူ့ရဲ့ကိုယ်ပေါ်မှာ တောင်ပံနှစ်ခုစလုံး တစ်ထပ်တည်း ရှိနေတာကို တွေ့ရပါမယ်။ ပုံမှာပြထားတဲ့အတိုင်း Tsetse fly ရဲ့ပုံပန်းသဏ္ဍာန်ကို လေ့လာပြီး စာဖတ်သူတို့ ခရီးသွားတဲ့အခါ ရှောင်နိုင်မှာဖြစ်ပါတယ်။
အထီးရော အမပါ သွေး စုပ် တတ်ကြပြီး နေ့ပိုင်းမှာ သွေးစုပ်တတ်တဲ့အကျင့်ရှိကြပါတယ်။ Tsetse fly ကျက်စားတတ်တဲ့နေရာ ကတော့ အာဖရိက တိုက်အချို့သော နေရာတွေဖြစ်ပြီး ပုံမှာပြထားတဲ့အတိုင်း တွေ့နိုင်ပါတယ်။
Tsetse fly ဟာ အာဖရိကတိုက်ရဲ့ နေရာ ဒေသတော်တော်များများမှာ ပြန့်နှံ့နေပြီး အပြီးတိုင်ဖယ်ရှားဖို့ရာခက်ခဲနေသေးတာမို့ Tsetse fly ရှိတဲ့နေရာတိုင်းမှာ African Tryptosomiasis မဖြစ်နိုင်ပေမယ့် အဲဒီနေရာတွေကို သွားတဲ့အခါ လုံခြုံစိတ်ချရတဲ့ အ၀တ် အစားဝတ်ဆင်ခြင်းဟာ အကောင်းဆုံး ကာကွယ်နိုင်တဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
ဒီရောဂါအကြောင်း အသေးစိတ်ရေးထားတာကိုတော့ ဒီပို့စ်မှာ ဖတ်ရှုနိုင်ပါတယ်ရှင်...။
မွန်းသက်ပန် (ဆေး ‐ ၁)
လောကအလှအွန်လိုင်း မဂ္ဂဇင်း
၂၀၁၀ ဧပြီလ ၃ ရက်
Posted by Anonymous 0 comments
Labels: Environmental health, Lifestyle