Saturday, November 15, 2008

Melamine & Health Problems




အခုတလော ကျန်းမာရေးဆိုင်ရာ သတင်းများထဲတွင် တရုတ်နိုင်ငံထုတ် နို့မှုန့်များထဲ၌ လူကိုအန္တရာယ် ဖြစ်စေသော မယ်လမင်း ဓာတ်များပါဝင်သည့်သတင်းက တုန်လှုပ်စရာ စိတ်ဝင်စားစရာ သတင်းတစ်ခု ဖြစ်နေပါတယ်.. ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၂ ရက်ထိ ရရှိထားပြီးသော စာရင်းများအရ တရုတ်နိုင်ငံတွင် မယ်လမင်း ပါဝင်သော နို့မှုန့် သောက်သုံးမိခြင်းကြောင့် နာမကျန်းဖြစ်သူ ၅၃၀၀၀ ရှိပြီး ၁၂၈၀၀ ကျော်မှာ ဆေးရုံတက် ကုသမှု ခံယူနေရကာ ကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်..

မယ်လမင်းသည် အသားဓာတ် (ပရိုတိန်း) ကဲ့သို့ နိုက်ထရိုဂျင် ကြွယ်ဝတဲ့ ဓာတ်တစ်မျိုး ဖြစ်ပါတယ်.. ပရိုတိန်းဓာတ်က ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် ဖြစ်သော်လည်း မယ်လမင်းဓာတ်ကတော့ ခန္ဓာကိုယ်အတွက် အသုံးမကျဘဲ ဆိုးကျိုးကိုသာ ရစေပါတယ်.. မယ်လမင်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်ဟာ ပြိုကွဲမှုနှုန်း နှေးသည့်ပြင် ခန္ဓာကိုယ်ထဲ ဝင်ရောက်လာပြီးပါက တော်ရုံနဲ့ ပြန်မထွက်နိုင်တော့ဘဲ ကြာလာတဲ့အခါ အဆိပ်ဓာတ် အဖြစ် ဒုက္ခပေးပါတော့တယ်..



အစားအစာ တစ်ခုတွင် ပရိုတိန်းပါဝင်မှုကို နိုက်ထရိုဂျင် ပါဝင်မှုဖြင့် တိုင်းပါတယ်.. "Kjeldaha Protein Test" "Dumas Protein Test" တို့ဖြင့် စမ်းသပ်၍ နိုက်ထရိုဂျင် များများပါလျှင် ပရိုတိန်း ကြွယ်ဝသဖြင့် များများ စားသင့်သည်ဟု သတ်မှတ်ချက် ထုံးစံ ရှိပါတယ်.. ဒါပေမယ့် စမ်းသပ်တွေ့ရှိတဲ့ နိုက်ထရိုဂျင်ဟာ အမှန်တကယ် ပရိုတိန်းလား? မယ်လမင်းလား? ဆိုတာကို ခွဲခြား မသိနိုင်ပါ.. ဒါကို အခွင့်ကောင်းယူ၍ စီးပွားရေးသမားများက နို့မှုန့်ထဲ မယ်လမင်း ထည့်ပြီး ပရိုတိန်း များသယောင်ယောင် ထင်မှတ်မှားအောင် ထုတ်လုပ် ရောင်းချလာကြပါတယ်..





မယ်လမင်း အစ

မယ်လမင်းကို ဂျာမန် ဓာတုဗေဒပညာရှင် Justus Vonliebig က အေဒီ ၁၈၃၄ ခုနှစ်တွင် တီထွင်တွေ့ရှိခဲ့ပါတယ်.. မယ်လမင်းဟာ အင်မတန်အသုံးဝင်တဲ့ စက်မှုကုန်ကြမ်း တစ်မျိုး ဖြစ်ပါတယ်.. မယ်လမင်းကို ဖော်မယ်လ်ဒီဟိုက်နဲ့ ပေါင်းလိုက်ပါက Melamine Resin ရရှိပြီး ၎င်းကို ပလတ်စတစ် ခွက်ယောက် အသုံးအဆောင်များတွင် သုတ်လိမ်း လိုက်တဲ့အခါ ပေါ့ပါးခိုင်ခန့်လှတဲ့ မယ်လမင်း အသုံးအဆောင်များ ဖြစ်လာပါတယ်.. မယ်လမင်း အသုံးအဆောင်များဟာ ပေါ့ပါးလှပ၍ တော်ရုံနဲ့ ကွဲအက် ပျက်စီးခြင်းမရှိသဖြင့် ကမ္ဘာတစ်လွှား လူကြိုက်များပါတယ်.. မယ်လမင်းဟာ နိုက်ထရိုဂျင် များစွာပါဝင်လို့ ဓာတ်မြေသြဇာ အဖြစ် စမ်းသုံးကြည့်သော်လည်း မအောင်မြင်ခဲ့ပါဘူး.. တိရိစ္ဆာန်အစာထဲ ထည့်သုံးကြည့်တော့လည်း မသင့်တော်ကြောင်း တွေ့ရှိခဲ့ပြန်တယ်..



မယ်လမင်းဟာ များပြားစွာ ထိတွေ့ပါက အန္တရာယ် ကြီးမားတဲ့ ပစ္စည်း ဖြစ်ပါတယ်.. ကြွက်များတွင် စမ်းသပ်မှုများအရ >3,000 mg/kg နှုန်းနဲ့ စားသုံးမိပါက မျိုးပွားနိုင်မှုကို ထိခိုက်စေခြင်း၊ ဆီးအိတ် (Urinary Bladder) နဲ့ ကျောက်ကပ် (Kidney) တွင် ကျောက်တည်ခြင်း၊ ဆီးအိမ်ကင်ဆာ ဖြစ်ခြင်း (Ca Bladder)၊ ကျောက်ကပ်ပျက်စီး သေဆုံးခြင်းများ တွေ့ရှိခဲ့ပါတယ်.. ၁၉၅၃ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနအရ ခွေးများကို မယ်လမင်း ၃ % ပါဝင်သော အစားအစာများကို တစ်နှစ်ကြာ ကျွေးပြီးတဲ့အခါ စမ်းသပ် တွေ့ရှိချက်အရ ဆီးထဲမှာ မယ်လမင်းဓာတ် ပါဝင်လာခြင်း၊ ဆီးအနည်ပါခြင်း၊ ဆီးထဲတွင် သွေးပါခြင်း (Haematuria)၊ ဆီးထဲတွင် ပရိုတိန်းဓာတ် ပါလာခြင်း (Proteinuria)၊ ဆီးသွားများလာခြင်း (Polyuria) တို့ တွေ့ရှိခဲ့ပါတယ်..



တကယ်တော့ မယ်လမင်းပြဿနာဟာ ကောက်ရိုးမီးလို အခုမှ ဟုတ်ကနဲ တောက်ပြီး ပေါ်လာတာ မဟုတ်ဘဲ ဖွဲမီးလို တငွေ့ငွေ့ လောင်နေခဲ့တာ နှစ်နဲ့ချီ ကြာခဲ့ပါပြီ.. မယ်လမင်းပါဝင်တဲ့ တိရိစ္ဆာန် အစားအစာများကြောင့် အိမ်မွေးတိရိစ္ဆာန်များ နာမကျန်း သေဆုံးမှုများ ရှိကြောင်း ၂၀၀၇ ခုနှစ်ထဲမှာပင် သတိထားမိ လာကြပါတယ်.. ၂၀၀၇ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ အမေရိက အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) က ထုတ်ပြန်ကြေညာရာတွင် တရုတ်နိုင်ငံ Xuzhou Anying Biologic Technology မှ ထုတ်လုပ်တဲ့ တိရစ္ဆာန် အစားအစာများမှာ မယ်လမင်းဓာတ် ပါဝင်ကြောင်း၊ ၎င်းအစားအစာများကို စားသုံးမိသော အိမ်မွေးတိရစ္ဆာန်များတွင် ဆီးကျောက်တည်ခြင်း၊ ဆီးတွင် သွေးပါခြင်းများ ဖြစ်စေခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်..



၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်း ရောက်လာသောအခါ ကလေးငယ်များမှာ ထူးထူးခြားခြား ဆီးထဲသွေးပါခြင်း၊ ဆီးကျောက် ဆီးထဲပါလာခြင်း၊ ကျောက်ကပ် ပျက်စီးခြင်း စတဲ့ ရောဂါများ သိသိသာသာ ဖြစ်လာကြောင်း သတိပြုမိလာကြတယ်.. သံသယစိတ်ဖြင့် ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် လေ့လာလိုက်သောအခါ ရောဂါအဓိက ဖြစ်ပွားရာ တရုတ်ပြည် အနောက်မြောက်ပိုင်းရှိ Gansu ဒေသတွင် ဝယ်ယူရရှိနိုင်သော ကလေးနို့မှုန့် အမျိုးအမည် ၂၂ မျိုးတွင် မယ်လမင်း ပါဝင်ကြောင်း တွေ့ရှိခဲ့ပါတယ်.. Mengnuiu , Yill နဲ့ Yashili အပါအဝင် အခြားကုမ္ပဏီများမှ ထုတ်လုပ်တဲ့ နို့မှုန့်များတွင်လည်း မယ်လမင်းဓာတ် ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်.. မယ်လမင်းဓာတ်ဟာ သူ့ချည်းသက်သက် ဖြစ်ပါက အန္တရာယ် မပေးနိုင်သော်လည်း Cyanuric Acid နဲ့ တွဲဖက်မိပါက ကျောက်တည်ခြင်းကို ဖြစ်စေပါတယ်..



တစ်ဖန် မယ်လမင်း အသုံးအဆောင် များနှင့် ပတ်သက်၍လည်း သတိထားစရာ ရှိလာပါတယ်.. ဗြိတိန်တွင် ၂၀၀၄ ခုနှစ်က မယ်လမင်း အသုံးအဆောင် ၅၀ ကို လေ့လာခဲ့ပါတယ်.. မယ်လမင်း အသုံးအဆောင်များကို အပူချိန် 70ံC ရှိသော အရည်ထည့်ကာ ၂ နာရီကြာ ထားကြည့်ခြင်း၊ ပန်းသီးဖျော်ရည် ထည့်ကြည့်ခြင်းများ ပြုလုပ် လေ့လာသောအခါ ပစ္စည်း ၅၀ အနက် ၄၃ ခုက မယ်လမင်း စိမ့်ထွက်မှုရှိပြီး၊ အခု ၅၀ စလုံးက ဖော်မယ်လ်ဒီဟိုက် ထွက်ရှိလာကြောင်း တွေ့ရှိရပါတယ်.. အဆိုပါတွေ့ရှိမှုကြောင့် ဈေးကွက်မှ ဖယ်ရှားစေခဲ့သည့် ဖြစ်ရပ်မျိုး ဖြစ်ခဲ့ဖူးပါတယ်.. မယ်လမင်း အသုံးအဆောင်များကြောင့် ကျန်းမာရေး ထိခိုက်စေကြောင်း ခိုင်မာတဲ့ တိုက်ရိုက်တွေ့ရှိမှုမျိုး မတွေ့ရသေးသော်လည်း သတိထားရမယ့် အခြေအနေဖြစ်ကြောင်း သိထားသင့်ပါတယ်..



မယ်လမင်း အန္တရာယ်မှ ကင်းဝေးစေရန် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်ပါတယ်..


  • ကလေးငယ်များကို မိခင်နို့သာ ပထမ ဦးစားပေးအဖြစ် ရွေးချယ် တိုက်ကျွေးပါ.. မယ်လမင်း ပါဝင်မှု မရှိကြောင်း သေချာသော နို့မှုန့်ပင် ဖြစ်ပါစေ၊ မိခင်နို့ကို အစားထိုးရန် မဖြစ်နိုင်ကြောင်း သတိရပါ..


  • အကြောင်းကြောင်းကြောင့် မိခင်နို့ တိုက်ကျွေးရန် မဖြစ်နိုင်ပါက သန့်ရှင်း လတ်ဆတ်သော နွားနို့ကို ကျိုချက် တိုက်ကျွေးပါ..


  • မယ်လမင်း ပါဝင်မှုကို စစ်ဆေးထားပြီး မယ်လမင်း ပါဝင်မှု မရှိကြောင်း အာမခံချက် ပါရှိသော နို့မှုန့်ကိုသာ ရွေးချယ် သုံးစွဲပါ..



  • မည်သို့ပင် ဆိုပါစေ မယ်လမင်း ပြဿနာဟာ မျက်မှောက်ခေတ် တီထွင် ကြံဆမှုများကို စိန်ခေါ်မှု တစ်ရပ်အဖြစ် ရှုမြင်တတ်ရပါမယ်..သဘာဝအတိုင်းနေ၊ သဘာဝကျကျ စားလျှင် အန္တရာယ် နည်းပါးသလောက် ဓာတုဗေဒ နည်းများကို အတတ်ဆန်းကာ အလွဲသုံးပါက အများသူငါအတွက် ကြီးမားသော ကျန်းမာရေး ပြဿနာကို ဆောင်ကြဉ်းပေး နိုင်ကြောင်း သဘောပေါက်စေရန် ရေးသားတင်ပြ လိုက်ပါတယ်..




    2008 Nov, ထုတ် အာရောဂျံ မဂ္ဂဇင်းမှ ဆရာ မြတ်ထွဋ်ညွန့်(ဆေး-၂)၏ ဆောင်းပါးကို အကျဉ်းချုပ် တည်းဖြတ် ဖော်ပြပါသည်။


Related Posts :



6 comments:

Anonymous said...

တရုတ်က ထုတ်တဲ့ ပဲနို့မှာရော မယ်လမင်း ပါနိုင်ပါသလား။ ပဲနို့ ရယ်ဒီမိတ်ထုပ် တရုတ်က ထုတ်တာဆိုတော့ ဝယ်ရမလို မဝယ်ရမလို ဖြစ်နေလို့ပါ။

Anonymous said...

ပဲနို့မှာတော့ မယ်လမင်း ပါတယ်လို့ မထုတ်ပြန်ပါ.. ဒါပေမယ့် ပဲနို့ကလည်း ပရိုတိန်း ကြွယ်ဝစေချင်လို့ ထုတ်တာကြောင့် သတိထားရမယ့် ပစ္စည်းဖြစ်ပါတယ်..

Anonymous said...

လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဒီပရက်ရှင်ကို ဘယ်လို ကုစားဖြေရှင်းပေးရပါသလဲခင်ဗျာ။ အလုပ် ပုံမှန် လုပ်နေကြပေမယ့် သူတို့မှာ အားငယ်တတ်တဲ့စိတ် ရှိတာ သတိထားမိတော့ သားသမီးအနေနဲ့ ဘာလုပ်ပေးသင့်ပါသလဲ

Anonymous said...

http://health.ngoinmyanmar.org/2007/11/depression.html မှာ ဒီပရက်ရှင် အကြောင်းရေးထားပါတယ်.. citopam 20 mg တစ်နေ့ ၁ လုံး တစ်ကြိမ် တိုက်ပေးပါ..

Nu Thwe said...

စိတ်အားငယ်တာ တစ်ခုတည်းနဲ့ စိတ်ဓာတ်ကျရောဂါ ဖြစ်နေပြီလို့ တပ်အပ် မပြောနိုင်ပါ။ http://health.ngoinmyanmar.org/2008/08/blog-post_26.html ကိုလည်း ဖတ်ကြည့်စေချင်ပါတယ်။

လူငယ် လူကြီး ရောဂါ လက္ခဏာ ယေဘူယျ တူပါတယ်။ လူကြီး (၀င်းမွန်က ဘယ်အသက်ကို လူကြီးလို့ သတ်မှတ်တာလဲ) တွေမှာ တခြားရောဂါတွေ ရှိနေလား၊ ဆေးတွေ သောက်နေသလား ထည့်စဉ်းစားရပါမယ်။ လိုအပ်ရင် စိတ်ရောဂါကု ဆရာဝန်နဲ့ ပြသပါ။ ရောဂါအကြောင်း ဆွေးနွေးခွင့် တောင်းပြီး ကိုယ်သိချင်၊မေးချင်တာများ သေသေချာချာ ရှင်းအောင် မေးနိုင်ရင် ပိုကောင်းပါတယ်။ ကာယကံရှင်ကိုယ်တိုင် ပါဝင်ပါစေ။

နောက်ထပ် မေးချင်တာ ရှိရင် စိတ်ဓာတ်ကျရောဂါ ခေါင်းစဉ်အောက်မှာ လာမေးပါ။

ကျွန်မ ဒီလို ၀င်ဖြေလိုက်တာ ဆရာဝင်းသိန်း နားလည်ပေးမယ် ထင်ပါတယ်။ လေးစားပါတယ်ရှင့်။

Anonymous said...

ဟုတ်ကဲ့ ရပါတယ် မနုသွဲ့ ခင်ဗျား။
Psychiatrics ဆိုတော့ ပို့စ်ကို ညွှန်ဖို့ရှုာနေတုန်း ၀င်ဖြေပေးတာ ကျေးဇူးတင်ပါတယ် မနုသွဲ့ ခင်ဗျား။