အခုဆရာဝန်လောက မှာ တဖြည်းဖြည်း မျိုးဆက်ပြတ်လာပြီ။ ၉၀ ပြည့်နှစ် မတိုင်မီက ဆရာဝန်ဖြစ်ခဲ့တဲ့ လူတွေနောက်ပိုင်းမှာ ထူးချွန်တဲ့ ဆရာဝန်တွေ ပေါ်ထွက်တာ အရမ်းနည်းသွားပြီ။ ဆရာဝန်အရေအတွက် များလာပေမယ့် အရေအချင်းပိုင်းက ရှေ့ပိုင်းက ဆရာဝန်တွေကို မမှီဘူးဖြစ်နေတယ်။ ဘာဖြစ်လို့ မမှီရတာလဲလို့တော့ မမေးနဲ့နော်။ ကျွန်တော် အပြင်မှာ နေချင်သေးတယ်။ ကျန်းမာရေး စနစ်တစ်ခုမှာ အထွေထွေရောဂါကု ဆရာဝန်က အများစုပါဝင်ရမှာ ဖြစ်ပြီး ပြည်သူတွေနဲ့ အရင်ဆုံးထိတွေ့ရမှာပါ။ ဒါပေမယ့် ရန်ကုန်မြို့နေလူအများစုက ရိုးရိုးဆရာဝန်နဲ့ ပြဖို့ကို မတင်းတိန်ကြဘူး။ ဒါကလည်း ရှင်းပါတယ်။ input ထည့်သလောက် output မထွက်လာလို့ပေါ့။ အဲဒီတော့ အထူးကု တွေဆီမှာ မလိုအပ်ဘဲ လူနာတွေပုံလာတယ်။ တစ်ချို့အထူးကုတွေကို ကျွန်တော်ကိုယ်တိုင်သိပါတယ်။ လူနာသိပ်မများခင်တုန်းက လူနာတွေကို အချိန်ပေးပြီး သေချာကြည့်တယ်။ အခုလူနာလည်း များလာကော ၁ မိနစ်ကလေးတောင် မကြည့်တော့ဘူး။ ပြောင်းလဲသွားတာပြောတာပါ။ demand များလာရင် ဈေးကိုင်တာ လူ့သဘာဝပါ။ မြန်မာတွေရဲ့ အကျင့်က ပြဿနာ တစ်စုံတစ်ရာမတက်မချင်း ကြိုက်သလိုလုပ်လို့ရတယ်။ စည်းကမ်းမကျလည်း ပြဿနာ မရှိဘူး။ ပြဿနာ လည်းတက်ရော အပြစ်ပြောလို့ မဆုံးတော့ဘူး။ ဒီကောင်မလေးကိစ္စမှာ ဆရာဝန်ကြီးက ဂရုမစိုက်ဘူးဆိုတာ အခုမှာ ဖြစ်လာတဲ့ကစ္စ မဟုတ်ဘူး။ အရင်တုန်းကတည်းက လျော့တည့်လျော့လုပ်လာတာ က ပြဿနာ မတက်သေးတော့ လူနာတွေက complaint မလုပ်ကြဘူး။ အခုလူနာလဲသေရော ပြဿနာတွေတက်ကြပြီ။ ကျွန်တော်ပြောချင်တာက လူတွေကလည်း ကောင်းဖို့လို့သလို စနစ်ကလည်းကောင်းဖို့လိုပါတယ်။ objective ကျကျမြင်တတ်ဖို့လိုပါတယ်။ လတ်တလော ဖြေရှင်းရမည့် ပြဿနာ တော့ရှင်းပါတယ်။ မပြောတော့ဘူး။ နောင်အရှေအတွက် ဖြေရှင်းရမည့် ပြဿနာတွေကတော့ အများသား။ အဲဒီ ကျင့်ဝတ်မညီပါဘူးဆိုတဲ့ ဆ၇ာဝန်ကြီးတွေ အနားယူသွားကြပြီး နောက်ထပ်ဆရာဝန်တွေက သူတို့ရဲ့ နေရာကို မဖြည့်နိုင်ရင် ဘယ်လိုလုပ်ကြမလဲ။ MPCR တို့ MRCS တို့ရဖို့ဆိုတာ အရင်ကထက် ဆယ်ဆလောက်ပိုခက်လာပါပြီ။ အဲဒီတော့ အရှည်ကိုတွေးပြီး ကောင်းစေချင်ရင် ဆရာဝန်အငယ်တွေကို ပျိုးထောင်ပေးဖို့လိုအပ်ပါတယ်။ ဘယ်လိုပျိုးထောင်ရမလဲဆိုတာကို မနေ့ကပဲ အကြီးအကျယ် ငြင်းခဲ့ခုန်ခဲ့ပြီးပြီဆိုတော့ ထပ်မပြောတော့ပါဘူး။ မနေ့က ကျွန်တော် point outလုပ်သွားတဲ့ comment လေးတွေကို ပြန်ကြည့်ပေးပါခင်ဗျာ။
၂၀၁၀ ပြီးရင် private ဆေးကျောင်းတွေပေါ်လာပါတော့မယ်။ ဆရာဝန် တွေကိုလည်း တရားဆွဲလို့ရတော့မယ်။ (အခုလည်းရပါတယ်) ဆေးကုသစရိတ်တွေ လူနေမှုစရိတ်တွေ ထပ်မံတက်လာမည်။ ကျန်းမာရေးစနစ်ဆိုတာ လူမှုရေးအဆင့်အတန်းနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ စီးပွားရေးအဆင့်အတန်းမတက်လာမချင်း ကျန်းမာရေးစနစ်သည် လုံးဝကောင်းလာစရာမရှိပါ။ အာမခံပါသည်။ မယုံက eco မှာ professor များကို သွားရောက်မေးနိုင်သည်။ ကျန်းမာရေးစနစ်မကောင်းပါက ဆရာဝန်တွေနဲ့ ဆေးရုံတွေလည်းကောင်းလာစရာ မရှိပါ။
ကျန်းမာရေးစနစ်မတိုးတက်ရင်လည်း စီးပွားရေးက မတိုးတက်နိုင်။ ကျန်းမာရေးစနစ်တိုးတက်ဖို့သည် အခြေခံကျန်းမာရေးဝန်ထမ်းတွေ့ရဲ့ ၀င်ငွေကောင်းဖို့လိုပါသည်။ ကျွန်တော်၏ ဆွေးနွေးချက်သည် ဆေးကုသောဆ၇ာဝန်တစ်ယောက်၏ ရှုထောင့်မှာ မဟုတ်ပါ။ ကျွန်တော့်ကိုယ်တိုင်လည်း ဆေးကုပြီး ငွေရှာ သောဆရာဝန်တစ်ယောက်မဟုတ်ပါ။ health economics ရှုထောင့်မှ ဆွေးနွေးခြင်းဖြစ်ပါသည်။ စာဖတ်ပရိသတ်တွေက ဆရာဝန်တွေကို အခုထက်ပိုပြီး လူနာတွေအပေါ်မှာ ကောင်းစေချင်ကြသည်။ ဒါကလည်း သဘာဝကျပါသည်။ သို့သော် ထိုသို့ဖြစ်စေရန်အတွက် အပြစ်ပြောနေရုံနဲ့တော့ မပြီးပါ။ ပြည်သူတွေလည်း ပိုက်ပိုက်ရှိလာမည်။ ဆရာဝန်ကလည်း ဒီအလုပ်ထဲမှာ ပဲ စောက်ချပြီးလုပ်နိုင်လောက်အောင် ထိုက်သင့်သော ၀င်ငွေရှိလာမည် ဆိုပါက ပြည်သူတွေ ဖြစ်စေချင်တဲ့အခြေအနေကို ပိုရောက် လာနိုင်မယ်ထင်ပါတယ်။ ရောဂါအများစုကို အခြေခံဆရာဝန်တွေက ကြည့်ပြီး ခက်ခဲသော ရောဂါအနည်းစုကိုသာ အထူးကုတွေက ကြည့်သင့်သည်။
ဆရာဝန်ဆိုတာ ၀င်ငွေနည်းလည်း စေတနာရှေ့ထားပြီး အလုပ်လုပ်ရမည်ဆိုသော ဆိုရှယ်လစ်ခောတ်က အယူအဆများကို ကျွန်တော်လက်မခံပါ။ အပြင်မှာလည်း တကယ်သုံးလို့မရပါ။ တိုင်းပြည်တိုးတက်ရေးတွင် လည်း အကျိုး မပြုနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆရာဝန်ဆိုတာ လူသာမန်ပါ။ လူသာမန်လို လောဘရှိပါတယ်။ Abraham Maslow ရဲ့ Hierarchy of needs မှာ ပါဝင်တဲ့ self actualization ဆိုတဲ့ အချက်ကိုပဲ လုပ်ပြီး ဘ၀ကို ရပ်တည်နေကြသူတွေလည်းရှိပါတယ်။ ဒါပေမယ့် အရမ်းရှားတယ်။
ဥပမာ။ ။ Mother Teresa။ ထိုသို့လူများသည် အရေအတွက် နည်းသောကြောင့် တိုင်းပြည်တည်ဆောက်ရေးမှာ အသုံးပြုလို့မရပါ။ အဲဒီတော့ လူသာမန်တွေကို professional doctor ဖြစ်အောင်ပဲ မွေးထုတ်ပေးလို့ရပါမယ်။ democracy စနစ်တွင် လူတိုင်းလူတိုင်းသည် ကြိုးစားအားထုတ်သလောက် ၀င်ငွေရှိရမည်။ အဲဒါမှလည်း တရားမှပေါ့။
private နဲ့ public ဆရာဝန်တွေကို သက်သက်ဆီခွဲမှ သာ အဆင်ပြောတော့မည်။ ပညာရေးစနစ်လိုပေါ့။ ၀င်ငွေကောင်းလိုသူသည် private တွင်ကုမည်။ research ဒါမှမဟုတ် teaching ကို စိတ်ဝင်စားသူက public ဆေးရုံတွေမှာ ကုမည်။ public ဆေးရုံတွေဟာ လိုရှိထက်ကို fund တွေအများကြီးရှိဖို့ ပိုလိုအပ်လာပါလိမ့်မည်။ အဲဒီလိုသာ မခွဲပါက ဆရာဝန်များ work life balance မမျှနိုင်ပါ။
ထိုသို့မမျှပါက ကုသရေးတွင် လစ်ဟင်းမှုများဖြစ်လာနိုင်ပါသည်။ ကျွန်တော့်ဆွေးနွေးချက်များကို သဘောမတူပါက ကျေးဇူးပြုပြီး လုံလောက်သော အကြောင်းအရာ အချက်အလက်များနဲ့ ငြင်းပေးပါခင်ဗျာ။ personal တိုက်ခိုက်မှုတွေမလုပ်ကြပါနဲ့။ မြန်မာတို့သည် အကျိုးသင့်အကြောင်းသင့် ပြော၍ရသော လူမျိုး ဟု ကျွန်တော် ယုံကြည်ပါသည်။ နောက်တစ်ပတ်မှာ legal system ရှုထောင့်မှ ထပ်မံရေးပါမည်။
ထိုသို့မမျှပါက ကုသရေးတွင် လစ်ဟင်းမှုများဖြစ်လာနိုင်ပါသည်။ ကျွန်တော့်ဆွေးနွေးချက်များကို သဘောမတူပါက ကျေးဇူးပြုပြီး လုံလောက်သော အကြောင်းအရာ အချက်အလက်များနဲ့ ငြင်းပေးပါခင်ဗျာ။ personal တိုက်ခိုက်မှုတွေမလုပ်ကြပါနဲ့။ မြန်မာတို့သည် အကျိုးသင့်အကြောင်းသင့် ပြော၍ရသော လူမျိုး ဟု ကျွန်တော် ယုံကြည်ပါသည်။ နောက်တစ်ပတ်မှာ legal system ရှုထောင့်မှ ထပ်မံရေးပါမည်။
21 comments:
MRCP ကို MCPR ဆိုပြီး စာလုံးပေါင်းမှားရေးထားသည့်အတွက် တောင်းပန်ပါသည်
ရုပ်လုံးပေါ်တဲ့အထိ ဆက်ပါလို့ပဲ ပြောရတော့မှာပဲ။ သေသေချာချာ ဖတ်ပါတယ်။ ကျေးဇူးပါ။
ဒီကိစ္စကို ကြားကြားချင်း ကာယကံရှင် မိသားစုအတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ အသက်ငယ်ငယ် ကြီးကြီး ဘယ်သူကမှတော့ ကိုယ်ချစ်သူခင်သူကို သေစေချင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် ဒီလို အခြေအနေနဲ့ပေါ့။ မသေစေချင်လို့ ဆေးရုံကို ပို့တာ မဟုတ်လား။
ဒီလို ၀မ်းနည်းဖွယ် ဖြစ်ရပ်မျိုးကို သတင်းဂျာနယ်တွေမှာ ရေးခွင့် ခုမှ ဘာလို့ ရသလဲ ဆိုတာတော့ အံ့သြမိတာ အမှန်ပဲ။ Why now? ဆိုတာ စဉ်းစားနေမိတယ်။
ထားပါတော့။ အများစုလည်း မူလပို့စ်မှာရော ဆင့်ပွါးပို့စ်တွေမှာပါ အတော် ရေးပြီး နေကြပါပြီ။ အင်မတန် ကောင်းမွန်ပြည့်စုံတာတွေလည်း ဖတ်ပြီးကြမှာပါ။
မြင်တဲ့အတိုင်း ပြောရရင် ဒီဆိုဒ်မှာ လွတ်လပ်စွာ ရင်လာဖွင့်လို့ ရတာကို ကောင်းတယ်လို့ အသိအမှတ် ပြုသူတွေ ရှိသလို ဆရာဝန်တွေ ရေးတဲ့ဆိုဒ်မို့ ဆရာဝန်ချင်း ပင်းတယ်လို့ မလေ့မလာ စွပ်စွဲသွားသူတွေလည်း ရှိပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဒီလို အရမ်းမဲ့ သုံးတာကတော့ စိတ်ပျက်စရာပဲ။ ပြင်ရမယ့်အထဲ ဒီအကျင့်လည်း ပါတယ်။
ကိုဇီဝက ပြောသလို ကိုယ့်လူမျိုးဟာ မနိုင်တုံးတော့ ကြိတ်မှိတ်သည်းခံပြီး၊ နိုင်မယ့်ပုံ ပေါ်တာနဲ့ ဒေါသရှေ့ထား ရမ်းကားတာမျိုးတော့ မဖြစ်သင့်ဘူး။ အောင့်အည်းခံခဲ့ရတဲ့ မြိုသိပ်ခြင်းတွေရဲ့ ထွက်ပေါက် မှန်ပေမယ့် မျှတတဲ့ သမာသမတ်စနစ် တခုကို ရေရှည် လိုချင်ရင် ဒီနည်းက အဖြေ မဟုတ်ပါဘူး။ ဒီလို နောက်ဆုံးပိတ်မှ ပေါက်ကွဲတဲ့ အကျင့်မျိုး ကျွန်မတို့ အတော်များများမှာ အနည်းနဲ့အများ ဆိုသလို ရှိပါတယ်။ နေ့စဉ်ကိစ္စလေးတွေမှာမှ အစပြုလို့ပေါ့။ ဒါကို သတိထားပြီး ပြင်သင့်တယ်။ ပြင်လည်း ပြင်နိုင်တယ်လို့ ယုံကြည်ပါတယ်။
ခုကိစ္စမှာ ဆုံးဖြတ်ချက်လည်း ချပြီးသွားပြီမို့ ဘာမှ သိပ်မပြောချင်ပါဘူး။ ဆရာကြီး ဦးကြည်စိုးဟာ အတွေ့အကြုံရင့်၊ စာသင်ကောင်း၊ တပည့်များအပေါ် မအော်မငေါက်တဲ့ ဆရာတယောက်အနေနဲ့ သိထားခဲ့တာမို့ ဒီကိစ္စမျိုး သူ့မှာမှ ဖြစ်ရလေလို့ စိတ်မကောင်း ဖြစ်မိတာတော့ အမှန်ပဲ။ သို့သော် တခါမှ မမှားဘူးလို့ ဘယ်တော့မှ မမှားဘူးရယ်လို့တော့ တသမတ်တည်း မျက်စိမှိတ် ယုံကြည်လို့ မရဘူး။
ကိုဇီဝကရဲ့ အမေးအတွက် ပြီးပြည့်စုံတဲ့ အဖြေ ကျွန်မမှာ မရှိပါဘူး။ အဓိက ဖြည့်စွက်ချင်တာကတော့ ဒီကိစ္စကြောင့် ဆရာဝန်နဲ့ လူနာ ဆိုတဲ့ လူနှစ်စုအကြား မယုံကြည်မှု၊ သံသယ၊ နာကျည်းမှုတွေ မပွါးစေချင်တာပါပဲ။ စေတနာနဲ့ တတ်နိုင်သမျှ ပေးဆပ်နေတဲ့ ဆရာဝန် ကြီးကြီးငယ်ငယ်တွေ ရှိနေပါသေးတယ်။ နောက်တက်လာမယ့် ဆရာဝန်သစ်လေးတွေကိုလည်း စိတ်ဓာတ်မကျစေချင်ဘူး။ ဒါပေမယ့် ပြင်ရမှာတွေ ရှိတယ်။
လူနာကို အချိန်မပေးပဲ ဆုံးဖြတ်ချက် ချတာကတော့ ပြဿနာကို ဖိတ်ခေါ်နေတာပဲ။ လူနာက ဆရာ့သဘောပါလို့ ပြောတာ ပြောမှာပဲ၊ သူ မသိလို့ ကိုယ့်ဆီလာတာပဲလေ။ သိအောင် ပြောပြရမှာ ကိုယ့်တာဝန်။ သူ ဆုံးဖြတ်နိုင်လောက်အောင် သိလာဖို့ ကူညီရမှာက ကိုယ့်တာဝန် ဖြစ်ပါတယ်။ Informed consent ဟာ အနှစ်ပါပဲ။
လူနာဖက်ကလည်း ပြောတာတွေကို လိုက်နားထောင် စဉ်းစားရပါမယ်။ သူ ဆုံးဖြတ်တာ ခံလိုက်မယ်လို့ ပြီးစလွယ် ပြောလို့ မရပါဘူး။ ကိုယ့်ဘ၀နဲ့ အသက်ကို ကိုယ်ပဲ ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီအယူအဆကို မယဉ်ပါးရခြင်းကတော့ တခြား အကြောင်းတွေကြောင့်ပါ။
ခုကိစ္စနောက်ပိုင်း လူနာတွေခမျာ ဆရာဝန်ဆီ သွားရမှာ ဘယ်လောက်တောင် တွန့်ဆုတ်ကုန်ကြမလဲ။ ငွေလည်းကုန်၊ အသက်လည်းဆုံး၊ ဘာများ ကောင်းတာ ကျန်လို့လဲ။ သေမယ့်အတူတူ ငွေမကုန်ပဲ အိမ်မှာပဲ သေတော့မယ် ဆိုတာတွေ ထပ်တိုးလာမလား။
ဆရာဝန်ကောင်းတွေခမျာလည်း အင်း ငါတော့ ဘယ်နေ့ ပြဿနာ ရှာခံရမလဲလို့ တွေးတောကြောက်ရွံ့ပြီး အလုပ်ကို မပျော်မမွေ့ ဖြစ်လာမလား။ ငါကတော့ မတရား တိုင်ခံရရင်တောင် ကျောထောက်နောက်ခံ မရှိတာနဲ့ပဲ ကိစ္စချောသွားနိုင်တယ်လို့ မဆီမဆိုင်တာတွေအတွက်ပါ ထည့်ပူနေရမလား။
လူနာနဲ့ သမား နှစ်ဦးနှစ်ဖက်ကြားမှာ ကိုယ့်တာဝန် ကိုယ်ကြေရင်၊ ကိုယ့်ဖက်က မှန်ရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုအောင် (လူနာဖက်က) မေးမြန်းနိုင်၊ (ဆရာဝန်ဖက်က) ဖြေရှင်းနိုင်တဲ့ မျှတတဲ့၊ ဘက်မလိုက်တဲ့၊ ပွင့်လင်းတဲ့ စနစ်တခု အမှန်ပဲ လိုပါတယ်။ ဒါနဲ့အတူ တိကျမှန်ကန်တဲ့ ဆေးမှတ်တမ်း ထားရှိထိန်းသိမ်းမှု လိုအပ်ပါတယ်။ ကုသမှု အရေးကြီးရင် ကြီးသလို သေသေချာချာ ရှင်းပြဖို့နဲ့ ဆေးမှတ်တမ်း ရှည်ရှည်လျားလျား မှန်မှန်ကန်ကန် ရေးဖို့ လိုလာမယ်။ ပြဿနာ တစုံတရာ ဖြစ်လာခဲ့ရင် ဒါဟာ သက်သေ ဖြစ်လာမှာမို့ပဲ။
ပြဿနာ ဖြစ်ခါမှ ရုတ်တရက် ခြေဆတ်တုံ့ပြန်ခြင်း (knee-jerk reaction) ဟာ အဓိပ္ပါယ် မရှိပေမယ့် မကြာခဏ ဖြစ်တတ်လို့ ဂရုစိုက် ရှောင်ရှားသင့်ပါတယ်။ ဒီကိစ္စနဲ့ ဆက်စပ်ပြီး ၁၉၉၀ စွန်းစနှစ်တွေက မင်းသမီးတယောက် သရုပ်ပျက်ပါတယ် ဆိုတဲ့ စွဲချက်နဲ့ ဖျော်ဖြေခွင့်လိုင်စင် ငါးနှစ် ပိတ်ခံရတာ ပြန်သတိရသွားတယ်။ သူ့ထက် ဆိုးတဲ့သူတွေကျတော့ ပန်းပန်လို့။ နောက်ခဏနေတော့လည်း အားလုံး ဒုံရင်း ဒုံရင်း ပြန်ရောက်တာပဲ။ ခုတော့ အဲဒီ့ထက်ဆိုးတဲ့ သရုပ်ပျက်မှုတွေက ရေတွက်မကုန်နိုင်အောင်ပါပဲလား။
ဒါမျိုး ဖြစ်မသွားအောင်တော့ အားလုံး ၀ိုင်းထိန်းရလိမ့်မယ်။ စနစ်တခုရဲ့ သားကောင်အချင်းချင်း ဖေးမပြုပြင် လမ်းကြောင်းပြောင်း ယူရမယ်လို့ မြင်ပါတယ်။ ဖြစ်နိုင် မဖြစ်နိုင်ကတော့ အချိန်က စကားပြောပါလိမ့်မယ်။ အတွေးပွါးစေတဲ့ ပို့စ်တွေအတွက် သက်ဆိုင်သူအားလုံးကို ကျေးဇူးတင်ပါတယ်။
အခုကျွန်တော်ထပ်ကြားတဲ့သတင်းကတာ့ ဒီ SSC case ဟာ လူနာရဲ့မိခင် ဂျာနယ်တိုက်ကို စာရေးသားပေးပို့သလို မဟုတ်ဘူးလို့ကြားသိရပါတယ်။ solid evidence မဟုတ်တဲ့အတွက် post တစ်ခုအနေနဲ့ မရေးတော့ပါ။ ဆရာ့ရဲ့ လက်အောက်မှာ အလုပ်လုပ်နေတဲ့သူငယ်ချင်း တစ်ယောက်ဆီက ကြားတာပါ။
ဟာသအနေနဲ့ ပြောတာရှိတယ်.. ဆရာဝန်မှားရင် (တစ်ကြိမ်မှာ) တယောက်ပဲ သေပါတယ်။ (အိုဂျီမှားရင်တော့ ကလေးကော အမေပါ သေနိုင်ပါတယ်.. စကားချပ်)။ ဘတ်စ်ကား ဒရိုင်ဘာမှားရင် တကားလုံးသေနိုင်ပါတယ်။ ပန်းရံဆရာမှားရင်လည်း တတိုက်လုံးပြိုကျပါမယ်.. စသည်ဖြင့်ပေါ့.. အဲဒါကြောင့် လုပ်မှားကိုင်မှားဖြစ်ခဲ့ရင် သူတပါးအသက်ထိခိုက်မှု အနည်းဆုံးဖြစ်တဲ့ ဆရာဝန်အလုပ်ကို ကျနော်တို့လို ခပ်ညံ့ ညံ့ ကောင်တွေလုပ်နေတာပေါ့..
အဲဒါခပ်ညံ့ညံ့မဟုတ်ဘူးဗျ။ နှလုံးရည် ပြည်ဝတယ်လို့ခေါ်တယ်။ :-P
အိုင်ဆေး ဒီကကွန်မင့်တွေ ဖတ်တော့မှ ဆရာဝန်တွေ ရဲ့ဆိုးချက်ကို ကောင်းကောင်းသိရတော့တယ်။ ဖြစ်သွားတဲ့ ကိစ္စကလည်း တကယ့် စိတ်ထိခိုက် စရာ၊ လိမ္မာယဉ်ကျေးတဲ့ ချောမောလှပတဲ့ မိန်းမငယ်လေး ဆိုတော့ လူထုကြီးက အီမိုးရှင်းနယ် ဖြစ် တာတော့ မဟုတ်ဘူးပေါ့ နော် ရင်ဘတ်ကြီးနဲ့ ခံစားမိကြတာပေါ့။ ခံစားလာ ကြရ တာ လည်းများပြီကိုး။ ခံစားလာကြရတာ များတော့ ပေါက်ကွဲမှာဘဲလေ။
ကျုပ်လည်း တခါကကြုံဘူးတာလေး တခုပြောပြချင် တယ် အဲဒါလည်း သွေးလွန်တုပ်ကွေးပါဘဲ၊ ထုံးစံအတိုင်း (ထုံးစံအတိုင်း ဆိုတာ မြန်မာ ပြည် လူဦးရေရဲ့ ၈၀-၉၀ % သောဆင်းရဲသား ပြည်သူတွေ မှာ တွေ့ရတတ်တဲ့ အတိုင်း) အချိန် နှောင်းပြီး ဖုတ်လှိုက် ဖုတ်လှိုက် အချိန်ကျ မှဆေးရုံ ရောက် လာ ပါ လေ ရောဗျာ။ သူတို့ နေတာ ဆေးရုံနဲ့ဝေးလို့တော့ မဟုတ်ဘူးဗျ အိမ်က လမ်းလျှောက် သွားရင် တောင် ဆေးရုံနဲ့ဆို ၅ မိနစ်မကြာပါဘူး။ ဒါပေမယ့် ဗျာ သိတဲ့အတိုင်း ဘယ်သူမှ ဒီဆေးရုံတွေ ကိုသွားချင်တာမဟုတ်ဘူးလေ သဟောက် သဟမ်း ကလည်းနိုင်ပါ့၊ ပြီးတော့ ဟိုစစ်ဒီစစ်နဲ့ ပိုက်ဆံကုန်တာကတော့ သောက်သောက်လဲဘဲလေ ဘယ်သူအား ကိုးမလဲ ဒီဆေးရုံတွေကို။ ကလေးက ၉ နှစ် ၁၀ နှစ်ပေါ့ နှပ်ချေးတွဲလောင်း ဆံပင်နီကြောင် ချေးလက်လေးသစ် နဲ့ပါ … ဆေးရုံလဲရောက်ရော (ငွေမက် တဲ့ အကြင်နာ တရား မရှိတဲ့ လူသားချင်းမစာနာတတ်တဲ့ အင်းပြောရရင် ခေတ်သစ်ဓါးပြတွေ ပေါ့) … … “အဲဒီလူတွေဗျာ ဝိုင်းပြီး အပ်တွေနဲ့ထိုးကြ သွေးတွေဖေါက်ကြ မညှာမတာဗျာ ကလေးကို လုပ်ကြတာ ဒီကြား ထဲ မဆီမဆိုင်ဗျာ ကလေးဗိုက်ကို ပေကြိုးနဲ့ ကဒီးကဒီး လာလာပြီး တိုင်း သေးတယ် ကျုပ်တို့က အထပ် လိုက်၊ အထပ်လိုက် ဒင်းတို့ကိုမပေးနိုင်ဘူးမို့လား ဆေးကြတော့ ဘာမှမယ်မယ်ရရ မပေးဘူး ” ကျုပ်ကို ကို(…) ဆိုတာ ကလေးရဲ့အဖေပေါ့လာရင်ဖွင့်လို့သိရတာ။ အင်း အဲဒီကလေးမလေး ရောက်လာတာကလည်း ထမင်းစားချိန်ကြီး၊ အဲဒီမှာ ကျုပ်နဲ့လည်း မျက်မှန်းတန်းမိနေတဲ့ အလုပ်သင် ဆရာဝန်မလေး ဂျူတီကုတ်အဖြူရောင်လေးနဲ့ ဆိုတော့ နာမည်ကိုတော့ ဖြူဖြူ ဘဲထားလိုက်ပါတော့။ အဲဒီဆရာဝန်မလေးက ကလေးဆောင်က သူ့သူငယ်ချင်း ဟောက်စ်လေးဆီကို ထမင်းစားဖို့လာရင်း ခုနင်ကလူနာနဲ့တွေပါလေရော ဆရာဝန်တွေမို့လား ထမင်းစားချိန်ဆိုတာ မရှိဘူး အိပ်ချိန်လည်းရှိကြတာမဟုတ်ပါဘူး၊ လူနာရှိရင်ကြည့်ကြတာဘဲလေ၊ လူမဆန် ကြဘူး ခေါ်ရမှာပေါ့။ ပြောရရင် ဒီဟောက်စ် ဆိုတာတွေက ဘွဲ့တော့ရပြီးသားဗျ။ ဘွဲ့မှ M.B.,B.S ဆိုတာလေ မြန်မာဘရမ်းဘတာ ဘာညာဆိုတဲ့ ဟာပေါ့ ဘရမ်းဘတာ ပဲပဲဖြစ်ဖြစ် ဘာပဲပဲဖြစ်ဖြစ် ၇ နှစ်နှစ်သင်ရတဲ့ ဘက်ချလာ နှစ်လုံးပြူးလေးလေ၊ ဒင်းတို့ နေ့နေ့ညည အစားပျက် အသောက်ပျက် ချီးသေး အပေခံ ပြီး အေအိုင်ဒီအစ်တော တီဘီတော မှာ လုပ်တဲ့ အတွက် နိုင်ငံတော်က တလကို ၁၂၅၀ ကျပ် ထောက်ပံ့ရှာပါတယ်။ ဟုတ်ကဲ့ စာလုံးပေါင်းမှား တာ အဖတ်မှားတာ မဟုတ်ပါဘူး ဘက်ချလာ နှစ်လုံးပြူးလေးတွေ ကို နေ့နေ့ညည ခိုင်းမှ တ လမှ ၁၂၅၀ ထည်းနော် အရမ်းတန်တယ်၊၊ ပြောလက်စနဲ့ လက်ထောက်ဆရာဝန် ဆိုတာတွေ ကိုလည်း ဟဲဟဲ ဟဲဟဲ တလလုံးလုံး နေ့နေ့ညည အခါကြီးရက်ကြီး မကျန် အေအိုင်ဒီအစ်တော တီဘီတောမှာ အပီခိုင်း မှ နိုင်ငံတော်က ၇၅၀၀၀၊ ၈၀ ၀၀၀ ကျပ် ပေးရတာပါ၊ ငွေမျက်နှာပဲကြည့်ကြတဲ့ ဆရာဝန်တွေလေ ဟဲဟဲ ဟဲဟဲ ဒီအရုတ်တမာ ဆရာဝန်တွေ
အကြောင်းပြော ရတာ အကု သိုလ်များပါတယ် စောစောကပြောနေတာပြန်ဆက်ရရင် အဲဒီဖြူဖြူလေး ပေါ့ အားလုံးရှုပ် နေ တော့ သွေးကူဖေါက် အကြောကူရှာ ပလာစတာကူကပ် လုပ်ရော၊ ဒါပေမယ့် ဟိုလုပ်ဒီလုပ်နဲ့ ထမင်းစားဖို့ရတဲ့ အချိန်ကျော်လာတော့ သူ့ဝဒ်သူ ပြန်တာပေါ့။ ဒီအချိန်မှာ ကျုပ်တို့ရဲ့ ကလေးအဖေ ကို(…) က ဖြူဖြူ့ကိုမျက်စိကျနေပြီ၊ တမျိုးမထင်ပါ နဲ့ ကဒီးကဒီးလာစမ်း ဝိုင်းကုနေကြတဲ့ ဆရာဝန် ကြီးလတ်သေး တွေကို မျက်လုံးထဲ မထားတော့ ဘဲ စောစောက ဆရာဝန်မ ကဘာလို့ ဆက်မ ကုပေးတော့တာလဲ ဘယ်ရောက် သွားလည်း ဒီအတိုင်းထားခဲ့ပြီ ဘာညာပေါ့ ပြောရရင် ကို(…) တင်းပြီ၊ သူ့ဂျူတီမဟုတ်တာ သူ့ဝဒ် မဟုတ်တာ လာမပြောနဲ့ ကို(…) ဘိုလို မတတ်ဘူး။ Patient is customer and customer is always right! I repeat righttttt.
ဒါဘဲ ကို(..) သိတယ်။ ငွေမက် တဲ့ အကြင်နာ တရား မရှိတဲ့ လူသားချင်းမစာနာတတ်တဲ့ ခေတ် သစ် ဓါးပြပဲ သိတ်ရွံစရာကောင်းတဲ့ ဆရာဝန်တွေဘဲ ဘာမှလာရှင်းပြမနေနဲ့။ ရင်ဘတ်ကြီး နဲ့ ရင်ဘတ်ကြီးနဲ့ ခင်ဗျားတို့ သားသမီး ဆိုဘယ်လို နေမလဲပေါ့။ ဘလာဘလာ ပေါ့။ ကို(..) ခံစားနေရပြီ။ ဖြစ်ချင်တော့ အဲဒီ ညနေမှာပဲ ကလေးကဆုံးသွားပါလေရော ကလေးအဖေ ကို(…) ပေါက်ကွဲပြီပေါ့။ အချိန်နှောင်းမှရောက် တာတွေ ဘာတွေ ကို(…) မသိဘူး ကျွန်တော့ကလေးက ခေါ်လာတုန်းကအကောင်း ဒီက ဆရာဝန်တွေ အပ်တွေနဲ့ ဝိုင်းလဲဆွပြီးရော ကျွန်တော့ကလေးတော့ သေရှာပါလေ ရော ယုတ် မာလိုက်ကြ လူစိတ် မရှိလိုက်ကြတဲ့ ဆရာဝန်တွေ။ ကို(…) အတင်းဆုံးကတော့ ဖြူဖြူကိုဘဲ၊ သူ ကပြစ်ထားခဲ့တာ မဟုတ်လား။ ကို(..) ကစနေသား ကျေက်ဆည်ဇာတိ နေတက်ရေတက်မှာမွေးတာ မြန်မာပြီပြီ သတ္တိပြတော့တာပေါ့ တရားစွဲတာ တိုင်တာ တောတာတွေ ကို ကို(…) မသိဘူး ညနေဖြူဖြူ ဆေးရုံကပြန်ချိန်မှာ ယောင်္ကျားကွပေါ့၊ နောက်ကနေ ချောင်းပြီး တုတ်နဲ့ ပြေးကျွေးတာ ကျုပ်တို့တွေကလည်း အဲဒီအချိန်တုန်းကတော့ ဒေါက်ဒေါက်တွေ ဒီလောက်ဆိုးမှန်းမသိတော့ ဝိုင်းဆွဲရတာပေါ့။ ဘာပဲဖြစ်ဖြစ် မိန်းကလေး တယောက် ကို နောက်ကနေ ချောင်းပြီး တုတ်နဲ့ ရိုက်ဖို့ကြိုးစား ဝံ့တဲ့ ကို(…) ရဲ့သတ္တိကိုတော့ ကျုပ်ကကြိုက်တယ်။ အဖေလေ ခံစားရမှာပေါ့ ဟုတ်ဘူးလား လူ့အသက်တစ်ချောင်းလေ။
ကွန်မင့်တွေထဲမှာ ပြောထားတာတခုကို ကျုပ်တော့ ထောက်ခံတယ် ဘာကေ့စ်လာလာ ဇီဇီတို့ ကေကေတို့ အက်စ်အက်စ် တို့မှာ လို ABC စစ်ပါလား def စစ်ပါလား GH စစ်ပါလား IJ စစ်ပါလား KLM စစ်ပါလား OPQ စစ်ပါလား rst ရိုက်ပါလား xyz ရိုက်ပါလား !@#$ ရိုက်ပါလား ……… သူ့ဟာသူ လူနာ ပိုက်ဆံတတ်နိုင်တာ မတတ်နိုင်တာ တွေဘာတွေ လာရှင်းပြမနေ ပါနဲ့ ဘလော့ကနေ အားအားယားယား ပွားတာပွားချင်တာပွားမှာ ပေါ့ ငွေဆိုတာ အကြင်နာ တရား မရှိတဲ့ လူသားချင်းမစာနာတတ်တဲ့ အင်းပြောရရင် ခေတ်သစ်ဓါးပြတွေ ဖြစ်တဲ့ ဒေါက်ဒေါက် တွေ ပူရမယ့်ဟာ။ လူနာမတတ်နိုင်ရင် စိုက်ပေးလိုက်ပေါ့။
အဲဒီလိုပါဘဲ ကွန်မင့်တွေထဲက နောက်တနေရာမှာ ပြောထားတာကို ကျုပ်တော့ တကယ်ဟတ်ထိတယ်၊ လေဖြစ် တာကို လေဆေးမပေးဘဲ မှန်ပြောင်းနဲ့ ကြည့်တယ်ဆိုတဲ့ ဆရာဝန်လေ သိတယ်မဟုတ်လား ငွေမက်ကြတာလေ ဆေးကုမယ့်ဟာကိုမကုနိုင်ဘူး ဟိုစစ်ဒီစစ်နဲ့ ဖောက်လိုက်ရတဲ့ သွေး၊ ရိုက် လိုက်ရတဲ့ ဓါတ်မှန် ပြီးကိုမပြီးနိုင်ဘူး။ ကွမ်းယာဆိုင်လောက်တောင် မမိုက်ဘူး။ ကွမ်းယာဆိုင် ဆိုလို့ ပြောရဦးမယ် ကွမ်းယာဆိုင်တို့ ရမ်းကုတို့ သမ လိုက်လို့ သေသွားရင်
ကျုပ်တို့ ကစိတ်မဆိုးဘူး အစကတည်းက ရမ်းကု ပါဆိုမှ။ ပြီးတော့ လူဆိုတာသေမျိုးလေ သတ္တဝါ တခု ကံတခု မဟုတ်လား။ ဒေါက်ဒေါက်တွေ လက်ထည်း ကနေ တိမ်းပါးသွား ရင်တော့ ဟင်းဟင်း ဟင်းဟင်း ဆရာဝန်တွေဝိုင်းသတ်လိုက်ကြတာ၊ ရက်စက်လိုက်ကြတာ အင်းဒီလိုဘဲပြောရမှာပေါ့။ ကွမ်းယာဆိုင်တို့ ရမ်းကုတို့ ဆီမှာအကြွေးတော့မရဘူး မှန်တယ်လေ သူတို့က စီးပွားရေးလုပ်ငန်းရှင် မဟုတ်လား အကြွေးပေးစရာလား။ ကြွေးဟောင်း မဆပ်နိုင်သေးလို့ကတော့ ကြွေးသစ်ထပ်ယူဖို့ဆိုတာ … အဓိပ္ပါယ် မရှိတာတွေ မပြောတာကောင်းပါတယ်။ (ရပ်ကွက်ထဲက)ဆေးခန်း ကအကြွေးမပေးလို့ကတော့ ဟင်း။ ကြွေးဟောင်း မပေးသေးလဲ ထပ်လာရင်ထပ်ကုပေး ရမှာဘဲလေ လူ့အသက်လေ လူ့အသက်ဗျ။ ဒီလိုနဲ့ ကြွေကျလို့ ပိတ်ပြေးရတဲ့ ဆေးခန်းလေးတွေ … အဲဒီဆေးခန်းလေးတွေ ဘယ်နှစ်ခန်းရှိရှိဗျာ ငွေမက်လှတဲ့ ဒေါက်ဒေါက်တွေခံရတာ၊ ကောင်းတယ်။ …. အင်းအဲ ဟဲဟဲ နောက်တနေရာကျတော့ ပါလိုက်သေးတယ် ‘အုပဓေ’ သဘောအရ ၁၈ နှစ်ကျော်မှ လူကြီးဖြစ်မှာမို့ ၁၅ နှစ်ကို ခလေးဝဒ်မှာ ထားရမယ် ‘လို့ဇ်’ ဟဲဟဲ အုပဓေ ကြောင်းအရ တချို့နိုင်ငံတွေမှာ ၂၁ မှ မဲပေးခွင့် ရှိလို့ တချို့နိုင်ငံတွေမှာ အသက် ၄၀ ကျော်မှ အရွေးချယ်ခံနိုင်လို့ အင်း… အသက် ၂၁ အောက်ကို ချိုင်းဝဒ် မှာထား ရမယ် အသက် ၄၀ အောက်ကို ချိုင်းဝဒ် မှာထား ရမယ် ဟဲဟဲ ဆိုင်ဆိုင် မဆိုင်ဆိုင်ဗျာ အသက် ၉၀ အောက်ကို ခလေးဝဒ် မှာ ထား ရမယ် ဒါဘဲ ဟိုဟာကြက်။
ကျုပ်တို့အမြင်ပြောရရင် ဆရာဝန်တွေဟာ လခ မယူသင့်ဘူး အခုလည်း ၇၅၀၀၀၊ ၈၀၀၀၀ ရနေတာ ကိုနည်းတယ်ထင်နေကြတာ မဟုတ်လား နည်းရင် မယူကြနဲ့ပေါ့။ လူနာကပိုက်ဆံ မရှိရင် စိုက်ပေးရမယ် မဟုတ်လို့ကတော့ သိပ်ရွံစရာကောင်းတဲ့ လူယုတ်မာတွေဘဲ။ တခြား ပညာရှင်တွေနဲ့ မယှဉ်နဲ့လေ ဘယ်ပညာရှင်ကိုမှ အလကားခိုင်းလို့ မရတာ ကျုပ်သိတယ်၊ ဒါပေမယ့် အခုပြောနေတာ ဆရာဝန်တွေအကြောင်း၊ လူ့အသက်ကိုရင်းနေရတာ။ လူ့အသက်လေ လူ့အသက်။ လူ့အသက် ဆိုလို့ ပြောရ ဦးမယ် ကျုပ်သိပါတယ် ကျုပ်အပါအဝင် အခု ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား လု့အသက် လု့ အသက် (ဝါ့အသက်မဟုတ်ဘူး) လို့ ကျင်ကြီးထွက်အောင်အော် နေကြတဲ့လူတွေထဲမှာ အမေအရင်း အဖေအရင်း နေမကောင်းတာတောင် ညဘက်ထပြီးပြုစုဘူးတဲ့ သူဘယ်နှယောက်မှမရှိဘူးဆိုတာ ကျုပ် သိပါတယ် လူ့အသက်ပဲဖြစ် မဖြစ်ဖြစ် တစိမ်းတယောက် အတွက် ညစ်ပတ် နံစော် တာတွေ ကို နေ့နေ့ ညည အချိန်မရှိ အချိန်ရှိ အစားပျက် အသောက်ပျက် အအိပ်ပျက် ခံပြီး လုပ်ကိုင်ပေးဘို့ ဟဲဟဲ ရူးနေလား ဒါတွေက ကျုပ်တို့နဲ့ မဆိုင်ဘူးလေ ဟို လူစိတ်မရှိတဲ့ အကြင်နာတရား မရှိတဲ့ ဖိုးငွေမက် ဒေါက်ဒေါက် တွေ လုပ်ရမှာလေ။ ကျုပ်တို့အလုပ် က ပါးစပ်ဖျားလေး နဲ့ အဲအဲ ရင်ဘတ်ကြီး နဲ့ အင်တာနက်စာမျက်နှာပေါ် ကနေဖောဘို့ ပဲလေ၊ လေလေ၊ လေ ဝေလေလေ။
ဆေးရုံကို အရေးပေါ်လူနာတစ်ယောက် ရောက်လာပြီဆိုပါတော့ အရင်ဆုံး စကြစ်တာက အပေါက်စောင့်။ ပိုက်ပိုက် မကမ်းလို့ကတော့ ရစ်ပြီ။ ဟုတ်တယ်လေ ဆေးရုံဗျဆေးရုံ၊ ဇရပ်မဟုတ်ဘူး၊ ကဒီးကဒီး ဝင်ချင် တိုင်းဝင်၊ ထွက်ချင်တိုင်းထွက်လို့ ရမလား။
ရေကမ်းထားရင်တော့ တမျိုးလုံးတဆွေလုံး တရပ်ကွက်လုံး လိုက်လာလဲ အင်းအဲ လူမှုရေးကရှိသေးတယ်လေ၊ လူ့အသက် မဟုတ်လား၊ ပေးဝင်ရမှာပေါ့။ လှည်းတွန်း တဲ့ လှည်းဆရာကလည်း အင်းအဲ နည်းနည်းပါးပါးတော့ သိတတ်ရမယ်လေ။ ရော်ရကေ မပါရင်တော့ နဲနဲ ပါးပါးဆောင့် ချရင်လည်းချမှာပေါ့ဗျာ။ လှည်းကို တစ်ယောက်တည်း တွန်းလို့နိုင်မလား လူနာပိန်ပိန်လေးပါတို့ဘာတို့ လာမပြောနဲ့။ နှစ်ယောက်တော့တွန်းမှာပေါ့ သိတတ်ရမယ်လေ နှစ်ယောက်စာတော့ပေးရမှာဘဲ။ ဒါတွေက နားလည်ပေးလို့ ရပါတယ်။ ကျုပ်တို့တင်းတာက ဒေါက် ဒေါက်တွေဘဲ။ သူတို့ အလုပ်သမားတွေကို ကျုပ်တို့ စိတ်မဆိုးရေးချ မဆိုး၊ ကျုပ်တို့ မြန်မာလူမျိုးဆိုတာ ကျေးဇူးကို ရှာကြံတင်တတ် တဲ့လူမျိုးဗျ။ ဆရာဝန်တွေ ပေါ်မှာ သာဘာကျေးဇူး မှမတင်တာ။
အင်း အခုမှ စပါပြီ ဂျုတီကုတ်ကောင်တွေ၊ လူနာမှာ ပိုက်ဆံရှိတာမရှိတာ နားမလည်ဘူး ဟိုဆေးလိုရတာနဲ့ ဒီဆေးလိုရတာနဲ့ ဟိုဟာစစ်ရမှာနဲ့ ဒီဟာရိုက်ရမှာနဲ့။ ကြိုက်ကိုမကြိုက်ဘူးဗျာ။ တချို့ ရှိပါတယ် ဆရာဝန်တွေ စုပြီး ဆေးဝယ်ပေးတာတို့၊ အိပ်စိုက်ပြီး CT MRI ရိုက်ပေးတာတို့ ဆိုတာ။ ဒါပေမယ့် အဲဒါတွေက အမြဲမဟုတ်ပါဘူး တခါတလေမှပါ။ ဆရာဝန်တွေဟာငွေကိုမက်ပါတယ်။ ကဲပါဗျာ ဝဒ်ထဲ ရောက်ပြီဆိုပါတော့ နပ်စ်မကတော့ နည်းနည်းတော့ ဆူတတ်ပူတတ်တယ်၊ ဟောက်တတ်ဟမ်းတတ် တယ်။ ဟဲဟဲ လူဘဲဗျာ ပင်ပန်းတော့လည်း နည်းနည်းတော့ စိတ်တိုတာ စိတ်ဆိုးတာရှိမှာပေါ့၊ အများနဲ့ ဆက်ဆံနေရတာ မဟုတ်လား။ ကျုပ်တို့က ဒေါက်ဒေါက်တွေသာတင်းတာ ပါ။ နပ်စ်မက စိတ်ဆိုးတတ်ပေမယ့် နည်းနည်းပါးပါး ပေးထားရင်တော့ ခုတင်နေရာက အစ စီစဉ်ပေးရှာပါတယ်။ ပက်လက်ကုလားထိုင်တို့ မဂ္ဂဇင်းစာအုပ်တို့ တောင်ငှါးလို့ ရသေး ဟေးဟေးဟေး။ ဆေးရုံမှာ ဆရာဝန်ကဟောက်တယ် ဆူတယ်ဆိုတာ အင်မတန်ရှားမှန်း ကျုပ်တို့သိပါတယ်။ သေချာတာ က ဟောက်စ်တွေ၊ အေအက်စ် တွေက ဟောက်တယ် ဆူတယ် မရှိသလောက်ပါ။ သူတို့က သူများ သွားဟောက်ဖို့ နေနေသာသာ သူများကဟောက်တာခံနေကြရတာ မဟုတ်လား။ လူနာလာမေးလို့ စိတ်တိုတယ် ဆိုတာ ဒီလူတွေကြားထည်းမှာ မရှိပါဘူး စိတ်တိုဖို့ နေနေသာသာဗျာ ကဒီးကဒီး ဟိုဟာ လာရှင်းပြ ဒီဟာလာရှင်းပြကလုပ်တတ်သေးတယ်။ အဲဒါကိုကျုပ်တို့က စိတ်တိုတာ။ ရှင်းရှင်းပြောမယ်ဗျာ လာရှင်းပြတဲ့ ဆရာဝန်ကိုလည်း လျှာရှည်လို့ မကြိုက်ဘူး စကားနည်းတဲ့ ဆရာဝန်ကိုလည်း မတူသလို မတန်သလို ဆက်ဆံလို့ မကြိုက်ဘူး၊ ဆရာဝန်တွေကို ကြိုက်ကို မကြိုက်ဘူး။ ကျုပ်တို့ ကတော့ပြတ် ပြတ်ပဲ။ ဆရာဝန်တွေကိုတင်းတယ် ဒါပဲ။ တခါတလေ ရှိပါသေးတယ် သူနာပြုက ကြားကနေ ဆရာဝန် ဖို့ ဘာပေးရမယ်၊ ညာကျွေးရမယ် ဆိုပြီးကွမ်းတာတွေ။ ကျုပ်သိပါတယ် ဆေးရုံမှာ ဆရာဝန်က ငွေမရလို့ ဘာမလုပ်ပေးဘူး ညာမလုပ်ပေးဘူး ဆိုတာ တော်တော်ကြီးကို ရှားတဲ့ အဖြစ်ပါ။ ဒါပေမယ့် ဗျာလူနာက ဒါတွေဘယ် သိနိုင်ပါ့မလဲ။ ဆရာဝန်ကတောင်းလို့ ဆိုပြီး သူနာပြုကကြားကဝိုက်သွား လည်း ဒါ ဆရာဝန် မှာတာဝန်ရှိတာဘဲ။ သူတို့ဟာသူတို့ အစကတည်းက အဲဒီလို မဖြစ်အောင် လုပ်ထားကြပေါ့။ ဆရာဝန်တွေ မတောင်း တချားဝန်ထမ်းတွေ တောင်းနေကြတယ်ဆိုလည်း ကျုပ်ကတော့ ဒီ ဂျူတီကုတ်ကောင်တွေ ကိုဘဲမုန်းတယ်။ အီမိုရှင်နယ်ဖြစ်တာတော့
မဟုတ်ဘူးပေါ့ဗျာ ခံစားရတာကိုပြောတာပါ။ တလ ၈၀၀၀၀ ထားပါတော့ ဒေါ်လာ ၈၀၊ အချိန်ပြည့် အချိန်ပို (ရူးနေလား မက်လှချေလား မြန်မာနိုင်ငံ မှာ အချိန်ပို ကြေး ရှိမလား) ဘာအပိုခံစားခွင့်မှ မပါဘဲ လုပ်နေကြတယ် ဆိုပေမည့် ကျုပ်ကတော့ ဆရာဝန်ဆို ဘယ်ဆရာ ဝန်မှမကြိုက်ဘူး။ ဟိုး ပရော်ဖက်ဆာကြီး ကနေ ကျောင်းပြီးစ ဒေါက်ဒေါက် အပေါက်ကလေးတွေ အထိပေါ့
အမှန်တော့ ဆေးကျောင်းသားတွေ ကိုလည်းကျုပ် ကတော့ တင်းတာဘဲ။ သင်းတို့လည်း ဒမြလောင်းလေး တွေဘဲ။ အမှန်တော့ ၉ တန်း ၁၀ တန်း စာတော်တဲ့ ကောင်တွေလည်း ကျုပ်ကတော့ မြင်ပြင်းကိုကပ်တယ်။ သင်းတို့လည်း ဒမြလောင်းလေး တွေဘဲ။ ကျုပ်တို့ တဖုံးဖုံးကျ တဲ့စာမေးပွဲကို သင်းတို့ကဖြေလိုက်ကြတာ နည်းတဲ့အမှတ်တွေလား သင်းတို့ရကြတာ မကြိုက်ပါဘူးကျုပ်က။ ဒေါက်ဒေါက်တွေပြီးရင် အင်အင်တွေ အိုဗျာ ကျုပ်ထက်သာတဲ့ လူဖြစ်လို့ကတော့ အပြစ်ကိုမရ မက ရှာပြီးကို တင်မှာပဲ။
အပ္ပမာဒေန
ဝီလျှံသာဂိ
I can't help myself laughing after reading your comment. :-) Well, great effort!
အိုင်ဆေး ဖောလက်စ နဲ့ ထပ်ပြီး ပွားချင်သေးတယ်။ ဟို ကွန်မင့် တခု ကိုလည်း သိပ်ကြိုက် တယ်။ ဆရာဝန်တွေ ဆရာက ဆရာက နဲ့ ပြောတဲ့ ကိစ္စ၊ ဟုတ်ပါရဲ့မြင်ပြင်းကပ် စရာ။ မသကာ ဝန်ကလေ ဝန်ကလေ လို့ပြောကြပါလား။ ဒေါက်ဒေါက်တွေကို ကြည့်မရတဲ့ အထဲမှာ အဲဒါ လည်းပါတယ်။
ကျောင်းဆရာတွေလည်း သတိထား သင်းတို့လည်း တပည့်တို့ရေ ဆရာက ဆရာက နဲ့ အမှန် ဆို ကျောင်းဆရာဘဲ ကျောင်းကလေ ကျောင်းကလေ လို့ ပြောကြပေါ့။
ဟုတ်ပါတယ် မြန်မာစကားမှာ သမားတော်၊ ဆေးဆရာဝန်၊ ဆရာဝန်၊ ဆရာ စသည် အား ဖြင့် အစဉ်အလာ ရိုရိုသေသေ မြတ်မြတ်နိုးနိုး ခေါ်ခဲ့ကြတာ ရှိခဲ့ဘူးပါတယ် မယုံရင် ဟိုးရှေးခေတ်က ရွှေသွေး ဂျာနယ် အဟောင်းကြီးတွေ ပြန်ဖတ်ကြည့်ပါလား၊ သမားတော်ကြီး ဆိုတာနဲ့ ပေးတဲ့နာမည် ကိုက ဦးသီလ၊ ဦးပညာ၊ ဦးဝဏ္ဏ စသည်အားဖြင့် ဆွဲလိုက်ရင်လည်း ရင်ဖုံး တိုက်ပုံ နဲ့ နှုတ်ခမ်းမွှေးကားကားကြီး နဲ့ ဇာတ်လိုက်ကိုး ဒါပေမယ့် ဒါတွေကကြာပါပြီ။ သည်ခေတ်မှာ သင်းတို့ဇာတ်လိုက် မဟုတ်တော့ ဘူး အခု သင်းတို့က ဗီလိန်၊ အော့ကြောလန်၊ လူသတ်ကောင်၊ ဓါးပြ။ ဆရာဝန်တွေ အသက်ကယ်တယ် ကျေးဇူးရှိတယ် ဆိုတာ တွေက ဒိတ်အောက်နေပြီ။ အခု ခေတ် ကသင်းတို့ကို ဖဲ့ရမယ့်ခေတ်။ ကြိုက်တယ် ကျုပ်တော့ သိပ်ကြိုက်တယ်။ သင်းတို့မှာ ဘာကျေးဇူးမှ မရှိဘူး သင်းတို့ ကုလိုက်လို့ ဝေဒနာ သက်သာသွား ရင် ဘာမှကျေးဇူးတင်စရာ မလိုဘူး ဒါသူ့အလုပ်သူလုပ်တာ။ ကိုယ့်ကိုဆေးကု ပေးတဲ့ သူနဲ့ စလုံးမှာ အိုတွေကို ကြိမ်ရိုက်တဲ့ ဝန်ထမ်း နှစ်ယောက်လုံးကို တသဘောထည်းထားရမယ် ဟုတ်တယ် လေ နှစ်ယောက်လုံး ကကိုယ့်တာဝန် ကိုယ်ထမ်းနေကြတာ မဟုတ်လား။ ဒီသဘောပဲလေ ကလေးတွေကို စာသင်ပေးတဲ့ ဆရာမကလေးနဲ့ IQ တို့ JJ တို့က ဘာညာလေးတွေနဲ့ ကို တပုံစံထည်းဆက်ဆံ ရမယ်၊ ဟုတ်တယ် လေ နှစ်ယောက်လုံး ကကိုယ့်တာဝန် ကိုယ်ထမ်းနေကြတာ မဟုတ်လား။ ဓမ္မကထိက ဆြာတော်ဘုရားကြီးနဲ့ မေဓါဝီလမ်းဆုံက အရက် ပုန်းရောင်းတဲ့ ဒေါ်ဒေါင်းကို တသဘောထည်း ထားရမယ်။ ဟုတ်တယ် လေ နှစ်ဦးလုံး ကကိုယ့်တာဝန် ကိုယ်ထမ်းနေကြတာ မဟုတ်လား။
ဆေးကုလို့ ငွေကုန်ရင်ငြီးငြူ ရမယ်။ ဆေးကုရင်းကုန်ကျတဲ့ စားရိတ် အားလုံးကို ဆိုင်ရာ ဒေါက်ဒေါက် နဲ့ပြလို့ ကုန်ကျငွေလို့ ခေါင်းစဉ်တပ်ရမယ်။ ဟင်း ဟင်း …. ကတိမ်းကပါး ဖြစ် သွားလို့ကတော့ ဟင်းဟင်း ဟင်း ဟင်း…
ကိုယ်တွေ့တခု ပြောရဦးမယ် နယ်ကလူနာတယောက် ရန်ကုန်မှာဆေးလာကုတာ ကျုပ်တို့နဲ့ ၃ အိမ်ကျော်မှာတည်းတယ် ဒေါက်တာဇီးကွက်နဲ့လာပြတာ ၂ ရက်ပဲရှိသေးတယ် ၂ ပုံးကျော် မြောက်သွားပြီတဲ့ မေးကြည့်တော ကြီးတော်က ရွာကထွက်လာတည်းက ကျတဲ့ စားရိတ်တွေ ကိုပေါင်းထားတာကိုး ဟုတ်တယ်လေ ပေါင်းရမှာပေါ့ မော်တော်ခက … + … +…+ ဦးဇီးကွက် စမ်းသပ်ခ က ၅၀၀၀ + … + တိုင်စီခက … + ပေါင်းလိုက်တော့ အင်း ဒေါက်တာဇီးကွက် နဲ့ ကုတာ ၂ ပုံး။ ကြီးတော် ဦးဇီးကွက်တိုက်ရိုက်ယူတာက ၅၀၀၀ တည်းပါလား ဆိုတော့…… သိပါဘူးမောင်သာဂိရယ် ငါ သိတာတော့ အဲဒီဆရာကြီးနဲပြလိုက်တာ ၂ ပုံး ကုန်တာဘဲ။ ပြီးတော့ ထုံးစံအတိုင်းပေါ့ မေးတာလည်း မဖြေဘူး၊ အချိန်လည်း မပေးဘူး၊ သက်လည်း မသက် သာဘူး ဘာဘူး ညာဘူးပေါ့ ဗျာ။ စစ်ထား ဆေးထား တဲ့ အဖြေ ရီဇတ်တွေ ကိုလည်း ရှင်းမပြ ဘူး၊ ပုရွက်ဆိတ်ကို မှင်သုတ်ပြီးလွှတ်လိုက်တဲ့
လက်ရေးကလည်း တလုံးမှ ဖတ်လို့ မရဘူး … ဘူး … ဘူး…. အဲလိုနဲ့ ၂ လ ၃ လ နေတော့ ရောက်လာကြပြန်ရော ဒီတခါလည်း ဦးဇီးကွက်ဆီ ဘဲ ထပ်ပြန်သွားကြတယ် ထုံးစံအတိုင်း မကျေနပ်ကြပြန်ဘူး အိုင်ဆေး ကျုပ်က မေးကြည့်တာပေါ့ မကြိုက်ဘူး အဆင်မပြေဘူး ဆိုရင် ဦးဇီးကွက်ဆီကို မှ ဘာလို့ ပြန်သွားပြရ သလဲ ဆို တော့ …… ကြီးတော် ပြန်ဖြေတာက ဟုတ်တော့လည်း ဟုတ်ပါတယ၊် ငတို့ ကလည်း ဒီရောဂါမျိုး တခါမှမဖြစ်ဘူးတော့ ဆေးရုံဆေးခန်းနဲ့လည်း မရင်းနှီးတော့ ..တဲ့။ ကြီးတော်ရေ ဘာရောဂါ လည်းဆိုတော့ အဆုတ်ကင်ဆာတဲ့။( အင်း အဆုတ်ကင်ဆာ ကို ငယ်ငယ်ကတည်းက ကဒီးကဒီး ဖြစ်နေကျပါ ဆိုတဲ့ လူနာတော့ သိပ် မရှိဘူးပေါ့ဗျာ… ဒါပေမယ့်) ရိုးသားတဲ့ တောသူတောင်သား လူနာလေ၊ ဘယ်သိနိုင် ပါ့မလဲ။ ဒါနဲ့ ကြီးတော်ရေ … စစ်ဆေးထားတဲ့ ရီဇတ်တွေ ကို ဦးဇီးကွက်ရှင်းမပြတော့ တခြားဆရာဝန် တယောက်ကို ပြကြည့် တိုင်ပင်သေးလားဆိုတော့ …… “ငတို့ ကလည်း ဒီရောဂါမျိုး တခါမှမဖြစ်ဘူးတော့ ဆေးရုံဆေးခန်းနဲ့လည်း မရင်းနှီးတော့” …… အင်း ဟုတ်ပြီ …… ဒီရောဂါက ဦးဇီးကွက်နဲ့ပြမှလား တခြားအဆင်ပြေမယ့် ကိုယ့်ရွာနဲ့ ပိုနီးမယ့် သွားရလာရ တာအကုန်အကျ ပိုသက်သာမယ့် တခြား အော်တာနေ့တစ်… တစ် … တစ် …… ဒီမှာ ကြီးတော် တင်းလာပြီ …… မောင် ဝီလျှံ ကြီးတော်ပြောမယ် …… “ငတို့ ကလည်း ဒီရောဂါမျိုး တခါမှမဖြစ်ဘူးတော့ ဆေးရုံဆေးခန်းနဲ့လည်း မရင်းနှီးတော့” …… ဒါပဲ ဘာမှလာပြီး အော်တာနေ့တစ် မနေနဲ့ မှန်တယ်လေ Patient is customer and customer is always right ဆိုမဟုတ်လား။ ဒါပေမယ့် ကျုပ်ကလည်း ရှည် ကို ရှည် တယ် (ကျုပ် ဇနီး အသိဆုံး) တမျိုးမထင်ပါနဲ့ စကားကြောရှည် တာကို ပြောတာ။ ဇနီးနဲ့က စကား အပြောဖြစ်ဆုံးမို့လား။ ကြီးတော် အဲဒီ ဒေါက်တာဇီးကွက်ဆိုတာက လူနာများလို့ ပေးရှင့် တဦးချင်းကို အချိန် မပေးနိုင်ဘူးဆိုရင် လမ်းထိပ်ကဆေးခန်းကလေး မှာ ညနေ ည နေ ဆို ရောက်လာ လက်ဖက်ရည်အချိုတခွက်သောက် ဂျာနယ်ကို ဖင်ပြန်ခေါင်းပြန် ၃ ခေါက်ဖတ် ၃ ခေါက်ပြည့် ရင်ပြန်တဲ့ ဒေါက်တာမောင်နှင်း ဆိုတာ သဘောကောင်းမယ့် ဒီဇိုင်းလေးပါ အလကားနေ အလကား သွားပွားကြည့် ပါလားဆိုတော့ ကြီးတော်က … … “ငတို့ ကလည်း ဒီရောဂါမျိုး တခါမှမဖြစ်ဘူးတော့ ဆေးရုံဆေးခန်းနဲ့လည်း မရင်းနှီးတော့ … … … တော့ တော့”
“ကြီးတော် ကျုပ် ဘော်ဘော် ရဲ့ ဒက်ဒက် ဆို ၁ ပတ်တခါ သွေးချိန်ရင်း အဲဒီ ဒေါက်ဒေါက် လေး နဲ့ သွားပွား နေကျ သိချင်တာလေးတွေ ရှိရင်လည်းမေးလို့ရတာပေါ့ ဒေါက်ဒေါက် လေးက သူမသိတာဆိုရင်တောင် သူ့ ဆရာသမားတွေမေးလာပြီး ပြန်ဖြေနေကြ၊ ဆွေးနွေးမေးမြန်းခ လည်း တပြားမှမယူ အလကား (အခမဲ့) သူ့မှာလည်း ဂျာနယ်ကို ဖင်ပြန်ခေါင်းပြန်ဖတ်နေရတာ ပျင်းနေတာဆိုတော့ ကြီးတော် ဆရာဝန် တယောက်နဲ့တိုင်ပင်ချင်တာဆိုရင် သင်းနဲ့ တမုန်းပွားပြီးမှ ပြန်လာ ရတယ် ဆိုတော့ ကြီးတော်က … … “ငတို့ ကလည်း ဒီရောဂါမျိုး တခါမှမဖြစ်ဘူးတော့ ဆေးရုံဆေးခန်းနဲ့လည်း မရင်းနှီးတော့ … တော့ တော့”… မှန်ပါတယ် မမှန်လို့ မရဘူးလေ Patient is customer and customer is always right ဆိုမဟုတ်လား။ ဒါပေမယ့် ကျုပ်ကလည်း အလိုက်ကမ်းဆိုးမသိတတ် တော့ “ကြီးတော် အဲဒီ ဒေါက်တာဇီးကွက် ဦးငွေမက် နဲ့ မှပြချင်တယ် ကြီးတော် မှာလည်း ငွေကြေးကအချောင်လည်ကြီး မဟုတ်ဘူးဆိုရင် ဒေါက်တာဇီးကွက် တာဝန်ကျတဲ့
(…) ဆေးရုံကြီးဆိုတာ အခု ကြီးတော် ရဲ့တည်း အိမ်ကဆိုရင် ကြီးတော် သွားသွားပြနေတဲ့ မြို့ထဲ က ဆေးခန်းထက် အပုံကြီး တောင်နီးသေးတယ်၊ အဲဒီ အစိုးရဆေးရုံကြီးမှာ သွားပြရင် ကြီးတော်ရဲ့ ဒေါက်တာဇီးကွက် ကို ဘဲ စမ်းသပ်ခ အလကား (အခမဲ့) နဲ့ပြလို့ရတယ် ကျုပ်တူမကလေး အဲဒီလိုဘဲ သွား ပြတာ လူများတော့ စောင့်တော့ စောင့်ရတာပေါ့။ အပေါက်စောင့် အလုပ်သမား နပ်စ်မ ဟောက်တာတော့ ခံရတာပေါ့ ဆရာကြီးကတော့ အပြင်မှာလို မဟုတ်ဘူး သူ့တပည့်တွေ စာသင်ရင်း စာမေးရင်း ဆိုတော့ လူနာ ၁ ယောက်ကို ၅ မိနစ် လောက်ကနေ ၁၀ မိနစ် လောက်အထိ အချိန်ပေးတတ် တယ် တင်းလာပြီ ကြီးတော်က။ “ဟဲ့ ငတို့က ခံစားနေရတာ ရင်ဘတ်ကြီးနဲ့ ဟဲ့ ဒီဆရာဝန်တွေဟာငွေ စကား သိပ်ပြောတယ်” … “ကြီးတော်ရယ် အခုဟာက စမ်းသပ်ခ အလကား (အခမဲ့) လေ … … …”
“ဟဲ့ ဝီလျှံ၊ နင်ဘာသိလို့လဲ စမ်းခ မပေးရလည်း နင်တို့ (…) ရုံမှာ ဆေးကအလကားရလို့လား ဟိုစစ် ဒီစစ် ဟိုရိုက် ဒီရိုက် လုပ်ရဦးမယ်လေ အဲဒါတွေက အလကား ရလို့လား ပြီးတော့ (…) ဆေးရုံက ညစ်ပတ်က ပတ် နဲ့”
“ကြီးတော်ရယ် အဲဒါတွေကို ဆရာဝန်ကြီးက ဘယ်လိုလုပ်ပေး နိုင်ပါ့မလဲ”
“ဝီလျှံ ဘယ်လိုလုပ်တာတွေ ညာလိုလုပ်တာတွေ ငါမသိဘူး ပေါက်ပေါက် ရှာရှာတွေမမေးနဲ့ ဆေးဝါး အတု အစစ်၊ ဆေးဖိုး၊ ဓါတ်ခွဲခန်း၊ ဓါတ်မှန် ဟိုဘိုး ဒီဘိုး ငါဘာမှ မသိဘူး သိလဲ မသိ ချင်ဘူး ဆေးရုံ ဆေးခန်း မှာ တခုခု အဆင် မပြေဖြစ် ရင် ဆရာဝန့် ခေါင်းဘဲ တခြားဝန်ထမ်းတွေ ကို ငါလည်း မသိဘူး ခေါ်လည်း မခေါ်တတ်ဘူး တခုခု အဆင် မပြေဖြစ် ရင် ဆရာဝန့် ခေါင်းဘဲ”
“နင်ကကော ဘာသိလို့လဲ ငတို့ တူကလေး သွားနေတဲ့ ဇီဇီ မှာဆိုရင် …. …. ငတို့ တူမကလေး ရောက်နေတဲ့ ကေကေ မှာ ဆိုရင် … အက်စ်အက်စ် မှာ ဆို ရင် …… စလုံးမှာ ဆိုရင် …. ဆိုရင် … ဆိုရင်”
“အခု ငတို့ ဆီမှာ ကျန်မာရေးစောင့်ရှောက်မှုစနစ်ကြီး တခုလုံး ချွတ်ခြုံကျ နေတာဟာ ဆရာဝန်ကြောင့် ဘဲ ဒါဘဲ တခြား ဘယ်သူ့ကြောင့် မှမဟုတ်ဘူး။ ဝီလျှံရေ ဒါဘဲ ဟိုဟာကြက်။”
အင်းကြီးတော် ပြောတာ မှန်တော့မှန်တာပါဘဲ Customer is always right လို့ဆိုထားတယ် မဟုတ်လား။
“ဒီမှာ ငသာဂိ ကြီးတော့် သဘောထားကို အပြတ်ပြောလိုက်မယ်”
“ ဆရာဝန် ဆရာဝန်မ အပေါင်းကို ဘုံရန်သူ အဖြစ် သတ်မှတ် ချေမှုန်းကြ”
“ … … … … …”
“ … … … … …”
“ အမုန်းတရားကို အခြေခံ၍ ဣသာမစ္ဆရိယ စိတ်ကို ဘက်စုံ ဖွံဖြိုးတိုးတက်အောင် တည်ဆောက်ရေး”
“ … … … … …”
“ … … … … …”
ရေး … ရေး ဟေးဟေး ဟေး
အပ္ပမာဒေန
ဝီလျှံသာဂိ
well, laughing unstoppable again! You have a great sense of humor.
Post a Comment