ကျန်းမာရေးအာမခံဆိုတာ ဘာလဲဆိုတာကို ဆရာရဲမွန်က Introduction to Health insurance post မှာ ရေးသားခဲ့ပြီးသွားပါပြီ။ အာမခံစနစ်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ ကိုယ်နေမကောင်းဖြစ်တဲ့အခါမှာ ဆေးကုသစရိတ်ကို သုံးနိုင်အောင် ငွေစုထားခြင်းပင် ဖြစ်ပါသည်။ သို့သော် တစ်ယောက်တည်းအတွက် စုခြင်းမဟုတ်။ စုပေါင်းစပ်ပေါင်း ငွေစုထားခြင်းဖြစ်သည်။ ဥပမာ။ ။ လူတစ်ယောက်က တစ်လကို အာမခံ ၁၀ ကျပ်ထားသည်ဆိုပါစို့။ တစ်နှစ်ကြာသောအခါ သူ၏စုငွေသည် ၁၂၀ ကျပ်ဖြစ်လာမည်ဖြစ်သည်။ အကယ်၍ သူနေမကောင်းဖြစ်သောအခါ ဆေးကုသစရိတ်သည် ၂၀၀ ကျပ်ကုန်ကျပါက အာမခံစနစ်က ၂၀၀ ကျပ်ထောက်ပံ့ပေးပါလိမ့်မည်။ သို့သော် သူ့ထံတွင် ကျန်းမာရေးအာမခံ မထားရှိပါက သူသည် အိပ်ထဲက ငွေ ၂၀၀ ကျပ်ထွက်ပေတော့မည်။ ယခုမူ အာမခံထားသောကြောင့် ၁၂၀ ကျပ်သာ သူကုန်လိမ့်မည်။ တစ်ဖက်က ပြန်တွေးကြည့်ရင်တော့ ကိုယ်နေမကောင်းမဖြစ်ပါက အဆိုပါ ငွေ ၁၂၀ ကျပ်သည် ဆုံးပြီ မဟုတ်ပါလော့။ ဤကဲ့သို့တွေးပါက မျက်ခုံးမွှေးတစ်ဆုံးသာ တွေးခြင်းဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ကျန်းမာရေးအာမခံသည် မီးအာမခံ၊ အသက်အာမခံတို့နှင့် မတူသည်ကား လူတိုင်းလူတိုင်းသည် တစ်ချိန်ချိန်တွင် နေမကောင်းဖြစ်မည်သာဖြစ်သည်။ လူတိုင်းသည် မီးလောင်ခြင်းကို ကြုံတွေ့ရချင်မှ ကြုံတွေ့လိမ့်မည်။ တစ်သက်တွင် တစ်ခါသာသေလိမ့်မည်။ သို့သော် နေမကောင်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်းတို့သည်ကား တစ်ကြိမ်တစ်ခါထက် မကကြုံတွေ့ရမည်မှာ လူတိုင်းပင်ဖြစ်ပါသည်။ တစ်ခါမှ နေမကောင်းမဖြစ်သောသူဟူ၍ မရှိတန်ရာ။
တဖန် ကျန်းမာရေးအာခံစနစ်ထားရှိခြင်းသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသော ဌာနများကို အရည်အသွေး ထိန်းသိမ်းပြီးသားဖြစ်စေသည်။ အာမခံထားရှိသောကြောင့် ပြည်သူတို့၏ အာမခံငွေကြေးတို့ အလဟသတ် မဖြစ်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများက အမြဲတမ်း ဆေးရုံများ၊ ဆေးဝန်ထမ်းများကို အရည်အသွေး စစ်ဆေးနေမည် ဖြစ်သည်။ အကယ်၍ ဆရာဝန်တစ်ယောက်သည် မိမိ၏ ကျွမ်းကျင်မှု အရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်း မရှိပါက ဆေးကုသခွင့်လိုင်စင် ရုတ်သိမ်းခံရမည်ဖြစ်သည်။ အဆိုပါဆရာဝန်သည် ကျန်းမာရေးအာမခံရှိသော လူနာများကို ကုသခွင့်ရတော့မည်မဟုတ်။ ထို့ကြောင့် ပြည်သူများကို မှားယွင်းစွာကုသခြင်းမှ အလိုလိုကာကွယ်ပြီးသားဖြစ်သည်။
ကျန်းမာရေးအာမခံမှ ရရှိသောရန်ပုံငွေ ဖြင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို တိုးချဲ့နိုင်လေသည်။ ရောဂါကာကွယ်ရေး လုပ်ငန်းများသာမက ပြန်လည် ကောင်းမွန်ရေးလုပ်ငန်းများ (rehabilitation)၊ နာတာရှည် ရောဂါသည်များကို ထောက်ပံ့သည့်လုပ်ငန်းများတွင်လည်း အာမခံကြေးများကို အသုံးပြုပါသည်။ ပြင်သစ်လို တိုင်းပြည်မျိုးတွင် ကျန်းမာရေးအာမခံထားရှိသူသည် ဆီးချိုရောဂါကြောင့်ဖြစ်စေ၊ သွေးတိုးရောဂါကြောင့်ဖြစ်စေ၊ ကင်ဆာရောဂါကြောင့်ဖြစ်စေ ကာလကြာရှည်ဆေးကုသမှု ခံယူရပါက အာမခံစနစ်မှ ဆေးဖိုးဝါးခကို အလုံးစုံ တာဝန်ယူပေးပါသည်။
အာမခံစနစ်တွင် ပြည်သူများက ထည့်ဝင်ရသလို အစိုးရမှလည်း အများကြီး စိုက်ထုတ်ပေးရပါသည်။ တိုင်းပြည်တစ်ခုနှင့် တစ်ခုမတူညီကြပါ။ မိမိနေထိုင်ရာ တိုင်းပြည်အပေါ်မူတည်၍ အစိုးရမှ ထောက်ပံ့ပေးသော ပမာဏ ကွာခြားပါသည်။ အချိန်ကြာလာသည်နှင့်အမျှ လူတို့သည် ပိုမိုကျန်းမာလာပြီး အသက်ရှည်လာကြသည်။ ထိုအခါ အစိုးရမှ ထောက်ပံ့ပေးရသောပမာဏသည် တဖြည်းဖြည်းများပြားလာပါသည်။ ဆေးကုသစရိတ်စက များကလည်း တဖြည်းဖြည်းတိုး၍ တိုး၍သာ လာသောကြောင့် အစိုးရအနေဖြင့် အာမခံထောက်ပံ့သော ပမာဏကို လျော့ချလိုလာသည်။ မူလကတည်းက အစိုးရ၏ အာမခံစနစ်သည် ရောဂါအားလုံး၊ ကုသမှုအားလုံး၊ စမ်းသပ်စစ်ဆေးမှုအားလုံးကို ထောက်ပံ့သည်မဟုတ်၊ ယခုလို လျော့ချမည်လုပ်သောအခါ ပို၍ လျော့နည်းသွားဖို့သာ ရှိတော့သည်။ ထိုအခါ ပုဂ္ဂလိက အာမခံစနစ်၏ အခန်းကဏ္ဍသည် အရေးပါလာပါသည်။ Private Insurance နှင့် ပတ်သက်ပြီး အပိုင်း (၂) တွင် ဆက်လက်ရေးသားပါမည်။
1 comment:
Thanks Doctor!!
Thanks. It's about what we need in our country.
Post a Comment