ပုံပြင်လေးတစ်ပုဒ် ပြောပြပါမည်။ တစ်နေ့သောအခါ လူတစ်ယောက်သည် အလုပ်လုပ်နေတုန်း လက်ကို ဓားရှသွားလေသည်။ ထို့ကြောင့် အိမ်ဘေးရှိ ဆရာဝန်အိမ်သို့သွားကာ အကူအညီတောင်းလေသည်။ တံခါးလာဖွင့်သူက ဆရာဝန်မဟုတ်။ သူ၏ သုံးနှစ်အရွယ်သမီးလေး ဖြစ်ပါသည်။ သူ့လက်ကသွေးထွက်နေတာကို မြင်မြင်ချင်း ကောင်မလေးသည် သူ့ကို အိမ်ထဲသို့ခေါ်ကာ ထိုင်ခုံတွင် ထိုင်ခိုင်းလေသည်။ သူ၏ ဒဏ်ရာကိုလည်း သူမ၏ လက်ကိုင်ပ၀ါလေးဖြင့် ပတ်ပေးထားသည်။ ထို့နောက် သူ၏ ပုခုံးကို ကိုင်ကာ သူမ၏ အရုပ်ကလေးများအကြောင်း ကို ပြောပြနေလေသည်။ ပြီးနောက် သူမ၏ အဖေ အိမ်တွင် ရှိကြောင်းပြောပြလေသည်။ တစ်ချိန်တည်း၌ ဆရာဝန်လည်း သူကိုတွေ့သွားရာ သူ့အား ချက်ခြင်း လူနာအဖြစ်သတ်မှတ်လိုက်ပြီး သူ၏ ဓားရှဒဏ်ရာကိုလည်း သွေးထွက်နေသောရောဂါကြီးတစ်ခုအဖြစ် ပြောင်းလဲသွားအောင် ပြောဆိုလိုက်ပါသည်။ ထို့နောက် သူ့၏ အရေးပေါ်ဌာနသို့ ဒဏ်ရာကို ပြန်ချုပ်ရန်အတွက် လွှတ်လိုက်လေသည်။ (သို့သော် အရေးပေါ်ဌာနသို့ သူဘာ့ကြောင့် သွားရသည်ကိုတော့ သူ့အား ဆရာဝန်က မပြောပြလိုက်ပါ၊ ရေးကြီးသုတ်ပြာ လွှတ်လိုက်ခြင်း ဖြစ်ပါသည်)။ အရေးပေါ်တွင် သုံးနာရီလောက် သူစောင့်လိုက်ရပြီး ဒဏ်ရာကို ၂ ချက် ချုပ်လိုက်ရသည်။ သူ့အား ရောဂါရာဇ၀င်မေးသူမှာ ဆေးကျောင်းသားဖြစ်ပြီး ၎င်း က မေးခိုင်ကာကွယ်ဆေးထိုးဖို့ အကြံပေးလေသည်။ (တကယ်ဆေးထိုးလိုက်သောအခါ ကာကွယ်ဆေးနှင့် ဓာတ်မတည့်မှုများ (allergy) ဖြစ်လေသည်)
ရက်အနည်းငယ်ကြာသောအခါ သူ၏ အိမ်နီးနားချင်းဆရာဝန်ထံသို့ ထပ်မံသွားလေသည်။ ဆရာဝန်အား ကျေးဇူးတင်စကားပြောဖို့မဟုတ်။ သူ၏ ၃ နှစ်အရွယ်ကလေးမကလေးကို ကျေးဇူးတင်စကားပြောဖို့ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆရာဝန်သည် သူ့အား ဂရုမစိုက်ဘဲ ရောဂါကိုသာ ကုသဖို့ စဉ်းစားနေသောကြောင့်ဖြစ်သည်။ သူသည် ဆေးရုံနှင့် ဆေးကျောင်းသားကိုလည်း ကျေးဇူးမတင်ပါ။ အဘယ့်ကြောင့်ဆိုသော် ဆေးရုံသည် သူ့အား စက်ရုံသို့ရောက်လာသည့် သွင်းကုန်တစ်ခုလောက် အဖြစ်သာဆက်ဆံပြီး ဆေးကျောင်းသားကလည်း မေးခွန်းမေးစရာ လက်တည့်စမ်းစရာ လူတစ်ယောက်အဖြစ်သာ ဆက်ဆံသောကြောင့် ဖြစ်ပါသည်။ ( တစ်သက်လုံး မေးခိုင်ကာကွယ်ဆေးထိုးလာသော အသက် ၅၀ နှစ်ခန့် အမျိုးသားတစ်ဦးသည် နောက်ထပ် ကာကွယ်ဆေးထိုးရန် လိုအပ်ပါအုံးမလား) ဤ အချက်ကို ဆေးကျောင်းသားစဉ်းစားမိပုံ မရ။
တကယ်တော့ သူ့ကို ပြုစုပေးလိုက်သည့် ၃ နှစ်အရွယ်ကလေးမကလေးသည် သာ သူ့အတွက် စစ်မှန်သည့် သမားတော်နှင့် သူနာပြု ဖြစ်ပါသည်။ သူမသည် သူ့အား သူနားမလည်သည့် စကားလုံးများမပြော၊ သူ့ကိုလည်းတလေးတစားဆက်ဆံပြီး အမှန်တကယ် ဂရုစိုက်သောကြောင့် ဖြစ်သည်။
ဒီပုံပြင်လေးမှာ မေးခွန်းထုတ်စရာ ရှိတာက ၃ နှစ်သမီးကလေးက ဘာသိမှာ မို့လို့လဲ ဟူ၍ဖြစ်သည်။ ဒါက ရိုးရိုးဓားရှတာမို့လို့ မဟုတ်ရင် အသက်အန္တာရယ်ရှိနိုင်တယ် စသည်ဖြင့် မေးလို့ရပါသည်။ ဆေးရုံက ကြားထဲကနေရင်း အလိုလို ဓားစာခံဖြစ်သွားတာ စသည်ဖြင့်လည်း ပြောလို့ရပါသည်။ ဒီပုံပြင်မှာပေးချင်တဲ့ message ကတော့ TS Eliot ပြောခဲ့သလိုပဲ "ကျွန်တော်တို့ စာဖတ်ခြင်း ပညာသင်ခြင်း ဤ Oxford Handbook of Clinical Medicine ကိုဖတ်ခြင်းဖြင့် ရလာသော အသိပညာသည် အကန့်အသတ်ဖြင့် သာ အသုံးပြုနိုင်သည်။ ကျွန်တော်တို့၏ ပင်ကိုစိတ်ထဲမှာ ဖြစ်ပေါ်လာသော ဆုံးဖြတ်ချက်များ၊ သဒ္ဒါတရားတို့ကို အသုံးချမှသာ အသိပညာကို အပြည့်အ၀ အသုံးချနိုင်မည်" ဟူ၍ဖြစ်သည်။ အဆိုပါ ၃ နှစ်အရွယ်ကလေးမလေးသည် ကျွန်တော်တို့တတွေ သိပ္ပံပညာတွေကို သင်ယူရင်း၊ အသိပညာတွေကို ရှာဖွေရင်း၊ ကျွန်တော်တို့ရဲ့ ခိုင်မာလှပသည်ဆိုသည့် စနစ်ကျလှပါသည်ဆိုသည့် ကျန်းမာရေးစနစ်ကြီးထဲမှာ အလုပ်လုပ်နေရင်း၊ အလွယ်တကူ ပျောက်ဆုံးသွားသည့် လူတစ်ဖက်သားအပေါ် နားလည်ပေးနိုင်မှု၊ သနားစိတ်၊ ကိုယ်ချင်းစာစိတ်နှင့် သဒ္ဒါစိတ်တွေကို ပိုင်ဆိုင်ပါသည်။
Reference:
Oxford Handbook of Clinical Medicine 7th Edition တွင်ပါဝင်သော Ideals and less than ideal methods of care ကို တိုက်ရိုက်ဘာသာပြန်ဆိုပါသည်။
No comments:
Post a Comment