ကျွန်တော်ဆက်လက်ရေးသားလိုတာကတော့ ပုဂ္ဂလိက အာမခံလုပ်ငန်းအကြောင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မြန်မာ့အာမခံလုပ်ငန်းတစ်ခုပဲရှိပေမယ့် တစ်ခြားနိုင်ငံတွေမှာတော့ Private company တွေကပါ အာမခံလုပ်ငန်းကို လုပ်ကိုင်ကြပါတယ်။ အဆိုပါ company သည် အစိုးရထံတွင် မှတ်ပုံတင်ပြီး အစိုးရက ချမှတ်ထားသည့် အာမခံနှင့် ပတ်သက်သော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပါမည်။ ကျန်းမာရေးအာမခံတွင် Plan နှစ်မျိုးရှိသည်။ Basic plan နှင့် supplementary plan ဆိုပြီး ဖြစ်သည်။ နာမည်ခေါ်ပုံကွာသွားသော်လည်း နိုင်ငံတိုင်းနည်းပါးတွင် အဓိပ္ပါယ်တူညီကြပါသည်။ Basic plan ဆိုသည်မှာ လူတိုင်းလူတိုင်းအတွက် အဖြစ်များသောရောဂါများကို ထောက်ပံ့ပေးသော အာမခံလုပ်ငန်း ဖြစ်ပါသည်။ မြန်မာပြည်တွင်တော့ TB ရောဂါတို့၊ ငှက်ဖျားရောဂါတို့သည် အဖြစ်များသောကြောင့် အာမခံစနစ်သာ လုပ်ဖြစ်ပါက ၎င်းရောဂါများသည် basic plan တွင် ပါဝင်မည်ဖြစ်သည်။ Basic plan က စရိတ်အများကြီးကုန်ကျမည့် ခွဲစိတ်မှုတွေ၊ Investigation တွေမပါ။ common disease များနှင့် အရေးပေါ်အခြေအနေများကိုသာထောက်ပံ့ပေးသည်။ ၎င်း Basic plan ကို အစိုးရထံတွင်ကော private တွင်ပါ ၀ယ်ယူခွင့်ရှိသည်။ နိုင်ငံတကာ ရှိ Private insurance company အားလုံးနီးပါးသည် Basic plan တွင် အမြတ်ယူခွင့် မရှိချေ။ ထို့ကြောင့် Private ၏ basic plan သည် အစိုးရနှင့် ဈေးမတူသည့်တိုင် များစွာ မကွာလှပေ။
Supplementary plan တွင်တော့ ပုဂ္ဂလိက အာမခံလုပ်ငန်းများသည် အမြတ်ယူခွင့်ရှိသည်။ supplementary ဆိုကတည်းက မယူမနေရ မဟုတ်၊ မိမိလိုချင်မှသာ ထပ်မံယူနိုင်သည့် plan ဖြစ်သည်။ တစ်ချို့ရောဂါများသည် အဖြစ်နည်းသော်လည်း ဖြစ်ပွားပါက ကုသစရိတ်ကြီးမားသည်။ ဥပမာ။ ။ ကင်ဆာရောဂါ။ ထို့ကြောင့် ပိုက်ဆံတတ်နိုင်သူတို့သည် နောင်ရေးစိတ်အေးရအောင် ယခုကတည်းက မိမိတွင်ဖြစ်နိုင်သည့် ရောဂါများကို ကြိုတင်ကာ အာမခံထားလိုက်သည်။ ၎င်း plan သည် basic နှင့်ယှဉ်လျင် များစွာပိုမိုကုန်ကျပါသည်။ တစ်ယောက်နှင့်တစ်ယောက်လည်း ပေးရသည့်ငွေပမာဏ မတူညီပေ။ Tailor made ဖြစ်သောကြောင့်ဖြစ်သည်။ ဥပမာ။ ။ အသည်းခြောက်ရောဂါ (cirrhosis) အတွက် အာမခံထားသည်ဆိုပါစို့။ အရက်ကို တစ်လနေလို့မှ တစ်ခါလောက်မသောက်တတ်သူ၊ social drink လောက်သာသောက်တတ်သူသည် နေ့စဉ်မှီဝဲသူလောက် အာမခံကြေးပေးစရာမလိုချေ။ ထို့အတူ အဆုတ်ကင်ဆာအတွက် အာမခံလုပ်လျင်လည်း တစ်နေ့ကို ဆေးလိပ် ၁ ဗူးနှင့်အထက် သောက်သူသည် တစ်လိပ်နှစ်လိပ်ခန့်သာသောက်သူထက် အာမခံကြေး ပိုမိုထည့်ဝင်ရမည်ဖြစ်သည်။ မိမိ၏ ရောဂါရာဇ၀င်၊ ကျန်းမာရေးအခြေအနေ နှင့် မိမိအာမခံထားလိုသည့် ရောဂါအပေါ်မူတည်ပြီး အာမခံကြေး ကွာသွားမည်။ အာမခံ company မှ မိမိအား risk assessment လုပ်ပြီးမှသာ မိမိပေးဆောင်ရမည့် အာမခံကြေးကို သတ်မှတ်ပေးမည်ဖြစ်သည်။ သို့သော် ရွေးချယ်စရာ များပြားသောကြောင့် လည်းကောင်း၊ အစိုးရမှာ အာမခံ မပေးသော ရောဂါများကို အာမခံထားနိုင်၍လည်းကောင်း private ၏ supplementary plan များသည် လူကြိုက်များကြသည်။
တဖန် Private တွင် အာမခံထားခြင်း၏ ကောင်းသည့် အချက်တစ်ချက်ကား ခွဲစိတ်ကုသမှုခံယူမည် ဆိုပါက စောင့်ဆိုင်းရသောအချိန်တိုခြင်း ဖြစ်ပါသည်။ ပိုက်ဆံမရှိရင် မျက်နှာငယ်တယ်ဆိုသည့်စကားသည် ဤနေရာတွင် သွေးထွက်အောင်မှန်ပါသည်။ England လို တိုင်းပြည်မျိုးတွင်ပင် Private တွင် အာမခံ မထားပါက လနှင့်ချီအောင် စောင့် ရသည်မျိုးကို တွေ့ရပါသည်။ အစိုးရ၏ ကျန်းမာရေးဌာနများမှာ အမြဲတမ်း အရေးပေါ်လူနာများ၊ ငွေကြေးချို့တဲ့သူများနှင့် ပြည့်နှက်နေတတ်ပါသည်။ ထိုသူများသည် ရောဂါဖြစ်လိုက်ရင်လည်း ဆိုးဆိုးဝါးဝါးသာ ဖြစ်လေ့ရှိသောကြောင့် ချက်ချင်းမခွဲလျင်လည်း ရသေးသည့် လူနာများကို စောင့်ခိုင်းရပါသည်။ သို့သော် Private အာမခံထားရှိပါက သက်ဆိုင်ရာ အပြင် private ဆေးရုံတွင် အချိန်မရွေးခွဲစိတ်လို့ ရပါသည်။ မြန်မာပြည်နှင့် England ပြည် မှာ အဲဒီတစ်ချက်တော့ တူပုံရတယ်။ Private ဆေးရုံများတွင် လူနာများကို အချိန်ပိုမိုပေးနိုင်သောကြောင့် ကုသမှုလည်း ပိုမိုထိရောက်သည်။
Private health insurance တွင်လည်း မကောင်းသည့် အချက်များရှိပါသည်။ ပထမတစ်ချက်ကတော့ လစဉ် လစဉ် မစားရမသောက်ရနှင့် ငွေကြေးအများကြီးပေးသွင်းရခြင်းပင် ဖြစ်သည်။ ပညာရှင်တစ်ချို့က ပြောသည်မှာကား ဤသို့ အာမခံကြေးများပေးသွင်းနေမည့်အစား အဆိုပါငွေဖြင့် မိမိ၏ ကျန်းမာရေးကို ကောင်းအောင်ပြုလုပ်ပါက ပိုမိုအကျိုးရှိနိုင်သည်ဟူ၍ ဖြစ်သည်။ နောက်တစ်ချက်ကတော့ ထိုသို့အာမခံစနစ်ထားရှိသောကြောင့် ပိုက်ဆံရှိသူတို့သည် ငွေလမ်းခင်းပြီးဆေးကုသပေးကြောင့် ပိုမိုကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိပြီး ဆင်းရဲသားတွေကတော့ ထိုလောက်မကောင်းသည့် ကျန်းမာရေးစောင့်ရှောက်မှုကိုသာ ရရှိလေသည်။ ထိုအခါ ကျန်းမာရေး မညီမျှမှု (health inequality) များ ဖြစ်လာနိုင်ပါသည်။
Private ဘက်မှ ပြန်လည်ငြင်းဆိုသည်မှာကား private အာမခံထားရှိသောကြောင့် ပိုက်ဆံတတ်နိုင်သူတို့သည် အစိုးရဆေးရုံတွင် မတက်တော့ချေ။ ထိုအခါ အစိုးရဆေးရုံများတွင် မလိုအပ်ဘဲ လူနာစောင့်ခြင်းများနည်းပါးသွားသည်။ ထို့ကြောင့် အစိုးရကိုပင် အထောက်အကူပြုသည်ဟု ဆိုကြသည်။ Private ကျန်းမာရေးအာမခံတွင် မိမိတွင် မူလကတည်းက ရှိသည့် ကုသ၍ မပျောက်နိုင်သော ရောဂါများကို အာမခံထားခွင့် မရှိချေ။ ဥပမာ။ ။ HIV ရောဂါပိုးရှိသူများ။ ထိုသူတို့သည် HIV နှင့် ပတ်သက်သော အာမခံထားလို့မရပါ။ သို့သော်အဆိုပါရောဂါနှင့် မသတ်ဆိုင်သည့် အာမခံများတော့ ထားခွင့် ရှိသည်။
ပုဂ္ဂလိက အာမခံလုပ်ငန်းနှင့် ပတ်သက်ပြီး ကျွန်တော် ဒီမှပဲ နိဂုံးချုပ်လိုပါတယ်။ အပိုင်း (၃)တွင် health system အကြောင်း ဆက်လက်ရေးသားပါမည်။
3 comments:
ကျေးဇူးတင်ပါတယ်ခင်ဗျား ...
Health Insurance နဲပတ်သက်တဲ စာအုပ်အညွန်းကလေးလဲလိုချင်ပါတယ်ခင်ဗျား
ကျွန်တော်ကတော့ စာအုပ်အနေနဲ့ သတ်သတ် မဖတ်ဖူးပါဘူး။ Google ကနေပြီး health insurance လို့ ရိုက်ပြီး တဆင့် ဖတ်တာပါ။ wikipedia ကနေဖတ်ကြည့်ပါလား။ ရေးထားတာ ရှင်းတယ်။
http://www.en.wikipedia.org/wiki/Health_insurance
website အများစုက American health system အကြောင်းဖြစ်နေတတ်တော့ အရမ်းရှုပ်ပါတယ်။ health နဲ့ပတ်သက်ပြီး ရှေးတန်းရောက်တိုင်းပြည်တွေဖြစ်တဲ့ france, germany and swiss တို့ရဲ့ စနစ်တွေကို လေ့လာကြည့်ရင်လည်း ရပါတယ်။
ebook အနေနဲ့ကတော့ download link ပေးလိုက်ပါမယ်။ ကျွန်တော်တော့ မဖတ်ဖူးဘူး။
http://rapidshare.com/files/106026486/mitm.702.Health.Insurance.part1.rar
http://rapidshare.com/files/106027712/mitm.702.Health.Insurance.part2.rar
file နှစ်ခုပေါင်းကို 180 MB ရှိပါတယ်။
free pdf download အတွက်
http://www.pdfgeni.com/book/health-insurance-pdf.html
Post a Comment