Saturday, June 6, 2009

Reaching People


လက်လှမ်းမီ ရောက်ရှိမှုအကြောင်း တစ်စေ့တစ်စောင်း

အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိသူတွေကို လက်လှမ်းမီ ရောက်ရှိဖို့ ခက်ခဲနေတဲ့ အကြောင်း လာမေးထားတဲ့ မေးခွန်းကလေးကြောင့် ဒီပို့စ်ကို ရေးဖြစ်တာပါ။
ဖတ်ထားတာတွေ၊ ရထားတာတွေထဲက ပြန်ဆွဲထုတ်ပြီး ကိုယ်နားလည်သလို ပြန်ပြောမှာမို့ စာကိုးတွေကို အတိအကျ ပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီအတွက် ကြိုတင် တောင်းပန်ချင်ပါတယ်။ စာကိုးတွေ ရှာတွေ့မှ ရေးမယ်ဆိုရင် တော်တော်နဲ့ ရေးဖြစ်မှာ မဟုတ်လို့ ဒီအတိုင်းပဲ ရေးလိုက်တာပါ။
Empathy ဆိုတဲ့ စကားလုံးလေးကို အရင် ပြောပြချင်ပါတယ်။
Sympathy နဲ့ ကွာခြားပြီး ကိုယ် လက်လှမ်းမီ ရောက်ရှိချင်သူတွေ အပေါ်မှာ လက်လှမ်းမီ ရောက်ရှိချင်သူက အမှန်တကယ် ရှိသင့်တဲ့ သဘောထားလေးပါ။
မြန်မာလို ပြန်ရင်၊ စကားလုံး နှစ်ခု စလုံးကို ကိုယ်ချင်းစာစိတ်၊ စာနာစိတ်လို့ ပြန်ယူရမယ် ထင်ပါတယ်။

ဒါပေမယ့် ကွာခြားချက်က sympathy က သူများ ငိုရင် လိုက်ငိုချင်တဲ့ စိတ်မျိုး၊ သူများနေရာမှာ ၀င်ပြီး ခံစားပေးချင်တဲ့ စိတ်မျိုးလို့ ပြောရမယ် ထင်ပါတယ်။ Sympathy က ကူညီသူကိုရော၊ ကူညီခံရသူကိုပါ ပျော့ညံ့သွားစေပါတယ်။
Empathy က ဘေးကနေ အားပေးတာ။ သူ ငို သလို လိုက်မငိုပါဘူး။ သူ့နေရာမှာ ၀င်ပြီး မခံစားပါဘူး။ သူ့အနေအထားကို နားလည်ပြီး သူနဲ့ အတူတူ ဘေးက လိုက်လျှောက်ပေးတာလို့ ပြောပြရင် အနည်းငယ် သဘောပေါက်မယ်လို့ ထင်ပါတယ်။ Empathy က ကူညီခံရသူကို အားတက်လာစေသလို၊ ကူညီတဲ့ သူကိုလဲ ထိခိုက်စေမှု နည်းပါးပါတယ်။
ကျွန်မတို့ တစ်တွေ ကိုယ့်မှာ ရှိလာအောင် ဆောင်ရွက် ယူရမှာက empathy ပါ။ sympathy မဟုတ်ပါဘူး။
လူတွေကို လက်လှမ်းမီ ရောက်ရှိချင်ရင် အဲဒီ empathy နဲ့ သူတို့ရဲ့ အနေအထားကို သေသေချာချာ နားလည်အောင် ဆောင်ရွက်ရပါတယ်။
လူနာကို ဆရာဝန် တစ်ယောက်က ဆေးကုတဲ့အခါ ရောဂါ ရှာဖွေမှု (diagnosis) ကို အရင် လုပ်ရသလို လူထုကို လက်လှမ်းမီ ရောက်ရှိချင်တဲ့ ကျန်းမာရေး လုပ်သားတွေကလဲ ကိုယ် ကူညီဖို့ ဦးတည်ထားတဲ့ လူထုရဲ့ အနေအထားကို ရောဂါရှာဖွေသလို အခြေအနေ အရပ်ရပ်ကို သိအောင်၊ သဘောပေါက်အောင် ကြိုးစားအားထုတ်ဖို့ လိုပါတယ်။
ရောဂါကို သိမှ အမှန်တကယ် လိုအပ်တဲ့ ဆေးကို ပေးနိုင်သလို ကိုယ် ဦးတည် အုပ်စု ၀င်တွေရဲ့ အနေအထားနဲ့ လိုအပ်ချက်ကို သေသေချာချာ သိမှ အမှန်တကယ် ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေ၊ ပညာပေးမှုတွေကို ဆောင်ရွက်နိုင်မှာပါ။
အဲဒါကြောင့် စီမံချက် တစ်စုံတစ်ခု မစတင်ခင်မှာ မေးခွန်းလွှာတွေ မေးရတာ၊ စစ်တမ်းကောက်ရတာ စတာတွေနဲ့ အဲဒီလူထုရဲ့ အနေအထားကို ရောဂါရှာဖွေသလို ရှာဖွေရတာပါ။
အဲဒါက စီမံချက် ဆောင်ရွက်နေစဉ်မှာနဲ့ စီမံချက် ပြီးဆုံးတဲ့ကာလတွေမှာ ပြန်လည် သုံးသပ်ဖို့ကိုလဲ အထောက်အကူ ဖြစ်စေပါတယ်။
အကယ်၍ ကိုယ်တိုင် မလုပ်နိုင်ဖူးဆိုရင် ကိုယ်ဦးတည်ထားတဲ့ အုပ်စုဝင်တွေနဲ့ အလားသဏ္ဍာန်တူတဲ့ ဦးတည်အုပ်စုနဲ့ ပတ်သက်လို့ သူများတွေ လုပ်ထားတဲ့ ဆန်းစစ်ချက်တွေကို ရှာဖွေပြီး အသုံးပြုနိုင်ပါတယ်။
ဒါပေမယ့် နေရာဒေသ၊ လူမျိုး၊ လူနေမှု အဆင့်အတန်း စတာတွေ အပေါ်မှာ မူတည်ပြီး လိုအပ်ချက်တွေ ကွဲပြားသွားနိုင်တာမို့ တစ်နေရာမှာ တွေ့ထားတာကို တစ်နေရာမှာ အတိအကျ ပုံတူ ကူးပြီး ပြန်သုံးဖို့ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။
ဘာမှ မရှိတာထက် စာရင်တော့ အများကြီး ကောင်းတယ်လို့ ပြောလို့ ရပါတယ်။
ဥပမာ - အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေရသူ အများစုက နာမည်ဆိုး သတ်မှတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှု (stigma and discrimination) ကို ခံစားနေကြရကြောင်း တွေ့ရှိထားပြီးသားပါ။
ဒါကို အကူအညီ ပေးချင်သူတွေက သိထားပြီး အဲဒီအတွက် ဘယ်လို ပြင်ဆင်မှုတွေ လုပ်ကြမလဲဆိုတာကို ကြိုတင် စဉ်းစားကြရမှာပါ။
ကိုယ့်ကြောင့် သူတို့မှာ ပိုပြီး နစ်နာမသွားဖို့ သတိပြုရပါမယ်။
ကိုယ့်ကြောင့် ပိုပြီး နစ်နာမယ် ဆိုရင် သူတို့ကို လက်လှမ်းမီ ရောက်ရှိရမယ့် အစား သူတို့နဲ့ ပိုပြီးတော့ ဝေးကွာသွားပါလိမ့်မယ်။
နောက်တစ်ခုက ကိုယ် ပြောတာကို နားထောင် စေချင်ရင်၊ ကိုယ် ပြောတာတွေကို ယုံကြည်သက်ရောက်စေချင်ရင် ယုံကြည်မှု တည်ဆောက်ရပါတယ်။
ယုံကြည်မှု တည်ဆောက်တဲ့ နေရာမှာ အသုံးဝင်တဲ့ နည်းလမ်းလေးတစ်ခုက empathic listening ပါ။
လူအများစုက သူများပြောတာကို နားထောင်တဲ့အခါ ကိုယ် ဘာပြန်ပြောရမလဲဆိုတာကို တွေးပြီး နားထောင်လေ့ ရှိကြပါတယ်။
နားထောင်ကြတဲ့ အခါမှာ အများစုက အောက်ပါ အဆင့်လေးဆင့်နဲ့ နားထောင်ကြတယ်လို့ Stephen R. Convey ရဲ့ seven habits of highly effective people မှာ ဆိုထားပါတယ်။
- လျစ်လျူရှုတာ
- နားထောင်ချင်ယောင်ဆောင်တာ
- တစ်ချို့တစ်ဝက်ကိုပဲ ရွေးပြီး နားထောင်တာ
- အမှန်တကယ် အာရုံစိုက်ပြီး နားထောင်တာ
အဲဒီလေးခုထက် ပိုမြင့်တာက စာနာစိတ်နဲ့ နားထောင်တာလို့ ဘာသာပြန်လို့ ရမယ့် empathic listening ပါ။
ကျွန်မတို့ ပြောတဲ့ စကားတွေရဲ့ ၁၀ ရာခိုင်နှုန်းကပဲ ကျွန်မတို့ ဘာပြောနေတယ်ဆိုတာကို ကိုယ်စားပြုပါတယ်။ ကျွန်မတို့ အသုံးပြုတဲ့ အသံအနေအထားရဲ့ ၃၀ ရာခိုင်နှုန်းက ပြောနေတဲ့ အကြောင်းအရာကို ကိုယ်စားပြုပြီး ကျွန်မတို့ရဲ့ ကိုယ် အမူအရာ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။
အဲဒီတော့ အမှန်တကယ် နားထောင်သလား နားမထောင်ဘူးလားဆိုတာ ကိုယ့်ရဲ့ အမူအရာတွေမှာ ဖော်ပြ နေလေ့ ရှိပါတယ်။ စကားလုံးတွေနဲ့ ဆုံးဖြတ်လို့ မရပါဘူး။
အမှန်တကယ် နားထောင်ခြင်းက သူတို့ ဘာလိုအပ်သလဲဆိုတဲ့ ရောဂါရှာဖွေမှုကို ပြုလုပ်နိုင်ဖို့ အတွက်လဲ အများကြီး အထောက်အကူ ပြုပါတယ်။
စစ်တမ်းတွေ၊ အထောက်အထားတွေ မရှိဘဲနဲ့ အဲဒီလူထုထဲက အမှန်တကယ် လိုအပ်ချက်တွေကို သိနိုင်တဲ့ အခြား နည်းလမ်းတစ်ခုလို့ ပြောလို့ရမယ် ထင်ပါတယ်။
အဲဒီ ဦးတည်အုပ်စုဝင် လူထုကို သြဇာသက်ရောက်နိုင်တဲ့သူ၊ ပြောရင် သူတို့ နားထောင်မယ့်သူကို ရှာဖွေလေ့လာပြီး အဲဒီသူတွေကနေ တစ်ဆင့် ချည်းကပ်ဖို့ကိုလဲ shoutbox က အဖြေမှာ ပြောခဲ့ပါတယ်။
အဲဒါက တစ်ခါတစ်လေမှာ ဘာသာရေး ခေါင်းဆောင်၊ တစ်ခါတစ်လေမှာ ရပ်ရွာလူကြီး ဖြစ်နိုင်သလို၊ တစ်ခါတစ်လေမှာ နတ်ဆရာလို၊ ရမ်းကုဆရာလို မျိုးတွေလဲ ဖြစ်နေတတ်ပါတယ်။
အဲဒီအခါမှာ သူတို့ကို ကိုယ့်ဘက်ပါအောင်၊ သူတို့ သြဇာ သက်ရောက်တဲ့ လူထုထံကို မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ပေးဖြစ်လာအောင် ဘယ်လို စည်းရုံးမလဲဆိုတာ စည်းရုံးတဲ့သူရဲ့ အစွမ်းအစ၊ ထိုးထွင်းဥာဏ်၊ တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ အများကြီး သက်ဆိုင်သွားပါတယ်။
အဲဒါက အနုပညာ တစ်ရပ်လို့တောင် တင်စားယူလို့ ရမယ့် ပညာရပ်ပါ။
နောက်တစ်ခု သတိထားဖို့ ပြောချင်တာက ကိုယ် တွေ့လာတဲ့ လိုအပ်ချက်တွေကို ထည့်တွက်ပြီး ကူညီဆောင်ရွက်ပေးဖို့ပါ။
ဥပမာ - လူတွေရဲ့ လက်ဆေးမှု အပြုအမူကို ပြောင်းလဲအောင် ပညာပေးမယ်ဆိုရင် နှစ်ဆယ့်လေးနာရီ ဘုံဘိုင်က ရေရနေတဲ့ သူတွေအပေါ် သက်ရောက်မှုနဲ့ အလွန် ရေရှားတဲ့ အရပ်ဒေသက လူတွေအပေါ်မှာ သက်ရောက်မှုက အလွန်အမင်း ကွာခြားပါလိမ့်မယ်။
အဲဒီတော့ အဲဒီလို ရေရှားတဲ့ ဒေသက လူတွေကို လက်ဆေးတဲ့ အပြုအမူ ပြောင်းလဲစေချင်ရင် ရေ ဘယ်လို ရနိုင်မလဲဆိုတာကိုပါ ထည့်သွင်းစဉ်းစားပြီး လမ်းညွှန်ပေးဖို့ လိုပါတယ်။
တကယ့် လိုအပ်ချက်ကို မဖြည့်ပေးနိုင်ဘဲ အပြုအမူ ပြောင်းလဲအောင် လုပ်ဖို့ဆိုတာ အလွန်ကို ခဲယဉ်းတဲ့ ကိစ္စပါ။
ဒါက လက်ရှိအချိန်မှာ တွေးမိသလောက် အစကလေးတွေကိုပဲ ဆွဲထုတ်ပြီး ပြန်ပြောပြတာပါ။
စာကိုးတွေကို ရှာတွေ့တဲ့အခါ ထပ်ပြီး ဖြည့်စွက်ပြောပေး၊ ညွှန်းပေးပါမယ်။
ဒီဘက်ပိုင်းမှာ ကျွမ်းကျင်တဲ့ ဆရာ၊ ဆရာမတွေလဲ ၀င်ရောက် ဖြည့်စွက် ဆွေးနွေး ပေးစေလိုပါတယ်။


Related Posts :



2 comments:

အတီး said...

ကျွန်တော် သိသလောက် အိတ်ခ်ျအိုင်ဗွီသမားတွေဟာ ကိုယ့်စိတ်ဆင်းရဲမှု သောကဒုက္ခတွေကို နှစ်သိမ့်ဆွေးနွေးပေးမယ်လူ လိုပါတယ်။ လိုလဲ လိုချင်ကြပါတယ်။ ဒါပေမယ့် ထုတ်မပြောတာတို့၊ ဒီလူတွေလာရင် ထွက်ပြေးနေတာတို့က ဒီလူတွေက လုံခြုံစိတ်ချစွာ ဆွေးနွေးနိုင်မယ့် အခြေအနေ လုပ်မလာလို့၊ ရပ်ရွာထဲမှာ သတင်းပြန်မပေါက်ကြားအောင် တာဝန်မခံနိုင်လို့ ဖြစ်ပါလိမ့်မယ်။
ဆေးခန်း၊ ဒါမှမဟုတ် ရဝတရုံးကို ဒီလူတွေကို ခေါ်ပြီး ဆွေးနွေးပါပြီတဲ့။ အဲဒီနေ့က တစ်ယောက်ပြီးတစ်ယောက် ဒီဆေးခန်းထဲဝင်၊ တော်တော်ကြာမှ ပြန်ထွက်သွားတဲ့လူတွေဟာ အိတ်ချအိုင်ဗွီသမားတွေလို့ အရပ်က သိကြတော့မှာပဲ။ လိုက်ပို့မိတဲ့ တစ်ယောက်နှစ်ယောက်တောင် ရောထင်ပြီး အရပ်ထဲမှာ အပယ်ခံရနိုင်တယ်။

counseling လုပ်မယ့်လူဟာ အရာရာစွတ် အကောင်းမြင်ပြီး အကောင်းဖက်ကိုတွေး နားမချ အကြံမပေးမိဖို့လဲ လိုပါမယ်။ မိသားစုကို အသိမပေးဘဲ ဖုံးထားတဲ့ လူနာဟာ သူ့မိသားစု သိသွားရင် အိမ်က ချက်ချင်း နှင်ချခံရပြီး နေစရာအိမ် ပျောက်သွားနိုင်လို့ဆိုတဲ့ အချက်ကိုလဲ နားလည်ပေးရပါမယ်။ မိဘလောက် အားကိုးရတာ မရှိဘူး၊ မောင်နှမလောက် စိတ်ချရတာ မရှိဘူးလို့ ကိုယ့်အခြေအနေနဲ့ ယှဉ်တွေးပြီး မိသားစုကို ပြောပြရင်ဖွင့်ဖို့ အကြံပေးတာဟာ လူနာကို ဒုက္ခပေးသလိုလဲ ဖြစ်တတ်ပါတယ်။

tune said...

ဟုတ်ပါတယ်။
အဲဒါကြောင့် သူတို့ရဲ့ အခြေအနေနဲ့ သူတို့ အနေအထားကို သိထားပြီး ဘယ်လို ပုံစံနဲ့ ကူညီရင် သူတို့ မထိခိုက်ဘူးလဲဆိုတာကို စဉ်းစားဖို့လိုပါတယ်။
အဲဒီအခါမှာ ကူညီပေးချင်တဲ့ ကျန်းမာရေး လုပ်သားရဲ့ စိတ်သဘောထား ဘယ်လောက် ကျယ်ပြန့်သလဲ၊ ဘယ်လောက် စိတ်ရှည်သလဲ၊ ဘယ်လောက် စေတနာ ထားသလဲဆိုတာတွေ အပေါ်မှာလဲ အများကြီး မူတည်နေပါတယ်။
stigma ရှိတဲ့ လူတွေ အတွက် သူတို့ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးဖို့က အလွန်ကို အရေးကြီးတဲ့ ကိစ္စပါ။
counselor တွေမှာ self-awareness လဲ ရှိဖို့ အရေးကြီးပါတယ်။
ကိုယ့်ဖာသာကိုယ် သင်ရင်း ပြင်ရင်းနဲ့ counselor ကောင်းတစ်ယောက် ဖြစ်လာနိုင်ပါတယ်။