သတိထားရမယ့် confounder များ
(သူငယ်ချင်းတစ်ယောက်အတွက် ရေးထားတာလေးကို ပြန်တင်ပေးလိုက်တာပါ။ ကိုယ် ဖတ်ထားတာလေးတွေကို ပြန်ပြောပြတဲ့သဘောပါ။ ဆရာလုပ်တဲ့ လေသံပါနေရင် ခွင့်လွှတ်ပါလို့ ကြိုတောင်းပန်ပါတယ်။)
စမ်းသပ်မှုတွေ၊ သုတေသန ပြုလုပ်ချက်တွေက ရလာတဲ့ တွေ့ရှိချက်တွေ၊ ကိန်းဂဏန်းတွေတိုင်းကို မှန်တယ်လို့ ယူဆပြီး ဒါကြောင့် ဒါဖြစ်တယ်လို့ အလွယ်တကူ အတည်ယူလို့ မရပါဘူး။ တိုက်ဆိုင်မှု ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ သိနိုင်ဖို့ အတွက် အခြား ဖြစ်နိုင်ခြေတွေကို သေသေချာချာ ထည့်သွင်း စဉ်းစားပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။
တစ်ခါက သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ အမျိုးသမီး ဟိုမုန်းဆေး သောက်ရင် နှလုံးလေဖြတ်မှုကို လျော့ကျ စေနိုင်တယ် ဆိုတဲ့ သတင်းဆောင်းပါးတွေကို ဖတ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သားဖွားမီးယပ် ဆရာဝန်တွေက သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေကို အဲဒီဆေးတွေ မညွှန်ကြတော့တာ သတိထားမိပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်မ မကြာသေးခင်ကာလအထိ သိခွင့်မရခဲ့ပါဘူး။ အဲဒါနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေက ကျွန်မ လက်လှမ်းမီတဲ့ နေရာကို ရောက်မလာခဲ့ပါဘူး။
တစ်ခါက သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာ အမျိုးသမီး ဟိုမုန်းဆေး သောက်ရင် နှလုံးလေဖြတ်မှုကို လျော့ကျ စေနိုင်တယ် ဆိုတဲ့ သတင်းဆောင်းပါးတွေကို ဖတ်ခဲ့ရဖူးပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သားဖွားမီးယပ် ဆရာဝန်တွေက သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေကို အဲဒီဆေးတွေ မညွှန်ကြတော့တာ သတိထားမိပါတယ်။ အဲဒါက ဘာကြောင့်လဲဆိုတာကိုတော့ ကျွန်မ မကြာသေးခင်ကာလအထိ သိခွင့်မရခဲ့ပါဘူး။ အဲဒါနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေက ကျွန်မ လက်လှမ်းမီတဲ့ နေရာကို ရောက်မလာခဲ့ပါဘူး။
မကြာသေးခင်ကတော့ အဲဒီ သွေးဆုံးပြီးသူ အမျိုးသမီးတွေမှာ အမျိုးသမီးဟိုမုန်း ဆေးသောက်သုံးခြင်းနဲ့ ပတ်သက်တဲ့ စမ်းသပ်ချက်တွေအကြောင်းကို ဖတ်ခွင့်ရခဲ့ပါတယ်။
ပထမပိုင်းမှာ ပြုလုပ်ခဲ့တာက observational study လို့ ခေါ်တဲ့ ကိုယ်က ဘာမှ ကြားဝင် ဆောင်ရွက်တာမျိုးတွေ မလုပ်ဘဲ စောင့်ကြည့်ပြီး ရလဒ်တွေကို မှတ်တမ်းတင် အကဲဖြတ်ခြင်းပါ။
အဲဒီမှာ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေထဲက အမျိုးသမီး ဟိုမုန်းဆေး သောက်သုံးသူတွေနဲ့ မသောက်သုံးသူတွေကို နှိုင်းယှဉ်ကြည့်တော့ အမျိုးသမီး ဟိုမုန်းဆေး သောက်သုံးသူတွေမှာ နှလုံးလေဖြတ်မှုက (၅၀) ရာခိုင်နှုန်း ပိုလျော့နည်းနေတယ်လို့ တွေ့ခဲ့ရပါတယ်။ အဲဒီတွေ့ရှိ ချက်ကို ထုတ်ပြန်ခဲ့တဲ့အတွက် သွေးဆုံးသူ အမျိုးသမီးတွေကြားထဲမှာ အမျိုးသမီးဟိုမုန်းဆေး သောက်သုံးမှုတွေ ခေတ္တခဏ ခေတ်စားသွားခဲ့ပါတယ်။
ဒါပေမယ့် သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေကို controlled trial လို့ခေါ်တဲ့ စမ်းသပ်နည်းနဲ့ အဖွဲ့ နှစ်ဖွဲ့ ခွဲပြီး လက်တွေ့ ပြန်လည်စမ်းသပ်ကြည့်တဲ့ အချိန်မှာတော့ ပထမ observational study ရဲ့ တွေ့ရှိချက် မှားနေကြောင်း သိရှိလိုက်ရပါတယ်။ အဲဒီ ဒုတိယ စမ်းသပ်စစ်ဆေးမှုမှာ သွေးဆုံးပြီးတဲ့ အမျိုးသမီး တစ်ဖွဲ့ကို ဟိုမုန်း ဆေးသောက်စေပြီး၊ ကျန်တစ်ဖွဲ့ကို ဟိုမုန်းဆေး မတိုက်ဘဲ ရလဒ်တွေကို စောင့်ကြည့်ပြီး နှိုင်းယှဉ် အကဲဖြတ်ခဲ့ပါတယ်။
ပထမ observational study တွေ့ရှိချက်မှာ ထည့်မတွက်ခဲ့မိတာက ဟိုမုန်းဆေး သောက်သူ အမျိုးသမီးတွေဟာ ဟိုမုန်းဆေး မသောက်သူတွေ ထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေကို ပိုမို ဆောင်ရွက်နေကြတာပါ။ ဥပမာ - ကိုယ်လက်လှုပ်ရှား မှု ပိုများတာ၊ အစားအသောက်ကို ပိုဂရုစိုက်တာ စသဖြင့်ပေါ့။ သူတို့မှာ နှလုံးလေဖြတ်မှု (၅၀) ရာခိုင်နှုန်း ပိုမိုလျော့ကျနေတာက အဲဒီ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အပြုအမူတွေကြောင့်သာဖြစ်ပြီး အမျိုးသမီး ဟိုမုန်းဆေး သောက်သုံးမှုနဲ့ လုံးဝ မသက်ဆိုင်ပါဘူး။
ဒါ့အပြင် အမျိုးသမီး ဟိုမုန်းဆေးတွေက သားအိမ်ကင်ဆာ ပိုဖြစ်စေနိုင်တဲ့ အန္တရာယ်လို ဘေးထွက်ဆိုးကျိုး ကြီးကြီး မားမားတွေ ရှိနေတဲ့အတွက် အဲဒီလို ပြန်လည် စစ်ဆေးမှုမျိုး မပြုလုပ်ခဲ့ဘဲ ပထမ တွေ့ရှိချက်ကိုသာ အတည်ယူခဲ့ရင် ဆေးကြောင့် ပိုလေးရတော့မှာ သေချာနေပါတယ်။
အခုလို ပထမ observational study စမ်းသပ်ချက်မှာတုန်းက အမျိုးသမီး ဟိုမုန်းဆေးနဲ့ နှလုံးလေဖြတ်ခြင်းတို့ ဆက်စပ်ကြောင်း မှားယွင်း တွေ့ရှိမှုမျိုးကို confounding လို့ ခေါ်ပါတယ်။ အဲဒီ ပထမ စမ်းသပ်ချက်မှာပဲ လျစ်လျူရှုခဲ့တဲ့ နှလုံးလေဖြတ်ခြင်းကို (အမှန်တကယ်အားဖြင့်) လျော့နည်းသွားစေနိုင်တဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အစားအသောက်ကို ဂရုစိုက်ခြင်းစတဲ့ အကြောင်းအရာတွေကိုတော့ confounder တွေလို့ ခေါ်ပါတယ်။
အနည်းငယ် ပိုရှင်းအောင် အခြား ဥပမာတစ်ခု ထပ်ပေးရမယ်ဆိုရင် ...
ယာဉ်တိုက်မှု ဖြစ်ရာမှာ ထိခိုက်ဒဏ်ရာရ သူတွေကို ဟယ်လီကော်ပတာနဲ့ သယ်ယူတာနဲ့ ကားနဲ့သယ်ယူတာ ဘယ်နည်းလမ်းမှာ လူနာသေဆုံးမှု ပိုများ သလဲ ဆိုတဲ့ လေ့လာမှုကို ပြုလုပ်တယ် ဆိုပါတော့။
ဟယ်လီကော်ပတာနဲ့ ဆေးရုံကို ပို့ခံရတဲ့ လူနာတွေထဲမှာ သေဆုံးသူ ဘယ်နှစ်ရာခိုင်နှုန်း ရှိတယ်၊ ကားနဲ့ ပို့ခံရတဲ့ လူနာတွေ ထဲမှာ သေဆုံးသူက ဘယ်နှစ်ရာခိုင်နှုန်း ရှိတယ်ဆိုတာကို စာရင်းကောက်ပြီး တွက်ကြည့်လိုက်တော့ ဟယ်လီကော်ပတာနဲ့ အပို့ခံရတဲ့ လူနာတွေက သေဆုံးမှု ပိုများနေတာ တွေ့ရပါတယ်။
အဲဒီတော့ ကောက်ချက်ချရရင် ဟယ်လီကော်ပတာကို သုံးပြီး ဆေးရုံ မြန်မြန်ရောက်အောင်ပို့လည်း အလကားပဲပေါ့။
ဒါပေမယ့် ထိခိုက်ဒဏ်ရာ ပြင်းထန်မှု ပမာဏချင်း တူညီတဲ့ လူနာတွေကိုပဲ ရွေးထုတ်ပြီး ဟယ်လီကော်ပတာနဲ့ အပို့ခံရတာနဲ့ ကားနဲ့ အပို့ခံရတာမှာ သေဆုံးသူ ဦးရေ ရာခိုင်နှုန်းကို ပြန်ပြီး ခွဲကြည့်လိုက်တော့ ဟယ်လီကော်ပတာနဲ့ အပို့ခံရတဲ့ လူနာတွေရဲ့ သေဆုံးမှု ရာခိုင်နှုန်းက ကားနဲ့အပို့ခံရတဲ့ လူနာတွေထက် သိသိသာသာကို လျော့နည်းနေပါသတဲ့။
ကဲ .. အဲဒီတော့ ဒီမှာ confounder က ဘာများပါလိမ့်။
ဟုတ်ပါတယ်။ “ထိခိုက်ဒဏ်ရာ ပြင်းထန်မှု အနေအထား” ပဲ ဖြစ်ပါတယ်။
အဲဒီလို အပေါ်ယံ ကောက်ချက်ချလို့ ရတဲ့ အခြား လွယ်ကူတဲ့ ဥပမာတစ်ခုကို ထပ်ပြောရမယ်ဆိုရင် ...
“ဆံပင်ဖြူလာရင် လူတွေ သေကုန်ကြတယ်” လို့ အဆိုတင်သွင်းတယ် ဆိုပါစို့။
အမှန်က ဆံပင်ဖြူတာကြောင့်တော့ လူတွေ သေမသွားပါဘူး။ ဒါပေမယ့် အသက်ကြီးလာရင် ဆံပင်ဖြူလာတတ်ပြီး၊ အသက်ကြီးလာတာကြောင့်ပဲ ရောဂါထွေလာကာ အသက် သေဆုံးကြရတာပါ။ ဒါကြောင့် စောစောက တင်သွင်းခဲ့တဲ့ အဆိုမှာ အသက်သေရခြင်းရဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ “ရောဂါထွေလာခြင်း” ကိုမဖော်ပြထားကြောင်းတွေ့ရမှာပါ။
အခုလို အသက်ကြီးလာတာနဲ့ ဆံပင်ဖြူလာတာရဲ့ ဆက်စပ်မှုမျိုးလို အလွယ်တကူ မမြင်သာတဲ့ ပြဿနာမျိုးတွေ လက်တွေ့မှာ အများကြီး ရှိတာကို သတိပြုစေလိုပါတယ်။
No comments:
Post a Comment