(ဘီ)ပိုးဆိုတာ Hepatitis B virus (HBV) ဗိုင်းရပ်စ်ပိုးကို ခေါ်ကြတာပါ။ သူ့ကြောင့် ဖြစ်ရတဲ့ Hepatitis B ဟာ အဖြစ်များတဲ့ အသည်း ကူးစက်ရောဂါ အပြင်းစား ဖြစ်တယ်။ သမိုင်းကြောင်းပါ ပြောရရင် သီပေါမင်း ပါတော်မူတဲ့ ၁၈၈၅ ခုနှစ်ကစပြီး ကပ်ရောဂါ အသွင် စဖြစ်ခဲ့ပါသတဲ့။ ပိုးက သွေးထဲကို တစ်နည်းနည်းနဲ့ ရောက်လာပြီး ကိုယ်ထဲက အရည်တွေထဲထိ ၀င်လာတာ ဖြစ်တယ်။ တစ်ကမ္ဘာလုံးဆိုရင် ၃ ယောက်မှာ ၁ ယောက်ရှိနိုင်တယ်။ အဲဒီထဲက ၇ ယောက်မှာ ၁ ယောက်က နာတာရှည် အဆင့် ရှိနိုင်တယ်လို့ ဆိုပါတယ်။ “နူရာ ၀ဲစွဲ” ဆိုသလို ဆင်းရဲကြတဲ့ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကမှာ ပိုဖြစ်နေပါတယ်။
ဘယ်လိုလုပ် ကူးပါသလဲ မေးရင် AIDS နဲ့ အတူတူပါဘဲ။ သွေးသွင်းတာ၊ သွေး-သွေးချင်းထိတာ (သွေးကိုကိုင်ရင် Latex or plastic လက်အိတ် မသုံးတာ)၊ ပိုးသန့် မထားတဲ့ ဆေးထိုးအပ်သုံးတာ၊ အကာကွယ်မဲ့ လိင်ဆက်ဆံတာ (ကွန်ဒွန် မသုံးတာ)၊ ရောဂါရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးဆီ ကူးတာတွေ ဖြစ်တယ်။ သတိထား စေချင်တာက သွေးသာ မဟုတ်ဘဲ၊ ကိုယ်မှာရှိတဲ့ အရည်တွေထဲမှာလဲ ပိုးရှိနေမှာမို့ လိင်ဆက်ဆံတာနဲ့ ကူးရတာ ဖြစ်ပါတယ်။
အသေးစိတ်ပြောရရင် နားကပ် လဲဝတ်တာ၊ နုတ်ခမ်းမွှေးရိတ်တဲ့ဒါး၊ သွားတိုက်တံ၊ လက်သဲညှပ် တွဲသုံးတာ၊ ဆံပင်ညှပ်ဆိုင်၊ အလှပြင်ဆိုင်က တစ်ခါသုံးဒါး မသုံးရင်လဲ ကူးနိုင်တယ်။ ဆွဲဆောင်မှု ရှိချင်လွန်းလို့ (တက်တူး) အရုပ် ထိုးသူတွေ၊ ဟိုနေရာ ဒီနေရာ ကွင်းတပ်သူတွေ အန္တရာယ်ကို မြင်စေချင်ပါတယ်။
ဒါပေမဲ့ အစိုးရိမ် မလွန်ပါနဲ့။ ပိုးရှိနေသူက ချက်ပြုတ်တာ စားမိလို့ မကူးပါ။ လက်တွဲ လမ်းလျောက်လဲ မကူးပါ၊ နှာခြေ၊ ချောင်ဆိုးတာနဲ့ မကူးပါ။ တစ်အိမ်တည်း အတူနေရုံနဲ့လဲ မကူးပါခင်ဗျား။
ဒီပိုး ၀င်လာရင် တခြားပိုးတွေ ၀င်လာတဲ့အခါ လုပ်သလို ခန္ဓာကိုယ်က ခံပြီး တိုက်ထုတ်ပါတယ်။ ကိုယ်က နိုင်ရင် ပြီးပြီး ပျောက်ပျောက် ဖြစ်သွားရော။ ဘာလို့လဲဆိုတော့ (အင်တီဘော်ဒီ) လို့ခေါ်တဲ့ ခံနိုင်စွမ်း (နားလည် လွယ်အောင် ပြောရရင် အတွင်းအား ပေါ့ဗျာ) ရလာလို့ပါ။ နောက်ထပ် (ဘီ)ပိုး ၀င်လာတဲ့အခါ ဒီခံနိုင်စွမ်းကနေ ပြန်တိုက် ပစ်ပါမယ်။
ဝတ္ထု ဇာတ်ကြောင်း ရေးသလို တက်လိုက် ကျလိုက် ပြောပြရတော့မှာဘဲ။ ၆ လကြာလို့ မနိုင်ရင်တော့ နာတာရှည် အသည်း ရောဂါ ဖြစ်ပါပြီ။ စိတ်သက်သာရဖို့ တစ်ခုကတော့ ၉၀% သော ကျန်းမာတဲ့ လူကြီးတွေဟာ နာတာရှည် ဖြစ်မသွားကြပါဘူး။ ကလေးတွေက ကံမကောင်းကြပါ။ ငယ်လေ မခံနိုင်လေ၊ သိပ်ငယ်လို့ကတော့ ၉၀% မခံနိုင်ကြပါ။ နာတာရှည် ဖြစ်တိုင်းလဲ လူက လူကောင်းလို အကြာကြီး နေနိုင်ပါတယ်။ နေနိုင်တယ်ဆိုပြီး ပေါ့လို့တော့ မရပါ။ ရောဂါ လက္ခဏာသာ မရှိတာ၊ ပိုးက အသည်းကို တစစနဲ့ ဖျက်ဆီးနေပါပြီ။
သူ့ကြောင့် အသည်းခြောက်ရောဂါ၊ ဒါမှမဟုတ် အသည်း ကင်ဆာ ဆက်ဖြစ်တတ်လို့ ဆိုးလွန်းပါတယ်။ အသည်းက လိုသလောက် မလုပ်နိုင်တော့ချိန် ရောက်ရင်တော့ သေရတော့မှာပါ။
အသည်းဆိုတာ အတော် အလုပ်လုပ်တဲ့ အင်္ဂါ ဖြစ်ပါတယ်။ စားလိုက်တဲ့ အစာထဲက အဆီ နဲ့ ဆီတွေကို အစာခြေ ပေးတယ်။ ဒီလို လုပ်နိုင်ဖို့ (ဘိုင်းလ်) အစာခြေ အရည် ထုတ်ပေးတယ်။ စိမ်းစိမ်း၊ နက်နက်၊ ခါးခါး အရည်ကို ပြောတာပါ။ တစ်နေ့တာ ရတာနဲ့ သုံးတာထဲက ပိုတဲ့ အား(အင်နာဂျီ)ကို သိုလှောင် ပေးထားတယ်။ အဆိပ် အတောက် ပါလာရင်လဲ ဖယ်ရှားပေးတယ်။ နောက်ပြီး (ကိုလက်စတီရော)၊ သွေးခဲ စေတဲ့ ပစ္စည်း၊ ပရိုတင်းတွေကို သူကနေ ထုတ်လုပ်ပေး ပါသေးတယ်။ ဒီလို များလွန်းတဲ့ အလုပ်တွေ ၂ ရက်လောက် အလုပ် မလုပ်တော့ရင် လူဟာ သေရတော့မှာပါ။ ဇာတ်နာပြီ ပေါ့ဗျာ။
(ဘီ)ပိုး စ၀င်လာချိန်မှာ တုပ်ကွေးလိုဘဲ နဲနဲဖျား၊ ကိုက်ခဲ၊ အစာမစားချင် ဆိုတာလောက်သာ ခံစားရပါတယ်။ ရှာရှားပါးပါး ဆိုပါစို့ ၁% လောက်သာ မျက်စိဝါ၊ ဆီးဝါ၊ အန်ချင် ဆိုတဲ့ ခပ်ပြင်းပြင်း ခံစားရတတ်ပါတယ်။ သတိထားရတော့မဲ့ နာတာရှည်အဆင့် ရောက်ရင် စောစောက က္ခဏာတွေ မရှိတော့ပါ။ မပေါ့ပါနဲ့။
သွေးစစ်ရင် အဖြေ ၃ မျိုးထွက်နိုင်ပါတယ်။
HBsAb တွေ့ရင် ဒီလူ ကံကောင်းတယ်။ ခံနိုင်အားရှိနေပြီ။ သူများကိုလဲ မကူး၊ ကာကွယ်ဆေးလဲ မလိုဘူး။
HBsAg တွေ့ရင် သွေးထဲမှာ ပိုးရှိနေပြီ။ ၆ လကြာရင် တခါထပ်စစ်ပါ။ ရောဂါပြီးသွားတာ ဖြစ်လာနိုင်ပါတယ်။
HBcAb တွေ့တယ် ဆိုရင်တော့ ကူးစက်ခံနေရပြီမို့ အသဲအထူးကုဆရာဝန်နဲ့ တိုင်ပင်ရပါတော့မယ်။
ဆရာဝန်ဆီ ရောက်ပြန်တော့ တချို့က ဆေးကုပေးဖို့ မလိုပါ။ ၆ လ တစ်ခါ ၁ နှစ်တစ်ခါ ပြန်ပြပါ။ ရိုးရိုးသားသား ပြောရရင် ပျောက်သွားအောင် ကုတဲ့ဆေး မရှိသေးပါ။ ဆရာဝန်က အနားခိုင်းပါမယ်။ အစာ ကောင်းကောင်း စားခိုင်းမယ်။ ရေများများ သောက်ခိုင်းမယ်။ ဆေးလိပ်၊ အရက်ဖြတ်ခိုင်းမယ်။ တခြား နေမကောင်းထိုင်မသာ ဖြစ်ရင် သောက်ရမဲ့ ဆေးကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့ သင့်ပါတယ်။ သိတဲ့အတိုင်း ဆေးမှန်သမျှ တိုင်းရင်းဆေး ဖြစ်ဖြစ် မကောင်းကျိုး ဆိုတာ ရှိတယ်။ မကောင်းတာ မှန်သမျှ ခြေဖျက်ပေးမဲ့ အသည်းက မကောင်းဘူး မဟုတ်ပါလား။
(အေ) ကာကွယ်ဆေး ထိုင်းခိုင်းချင် ခိုင်းပါလိမ့်မယ်။ (အေ)ရော (ဘီ)ပါ ရောထားတဲ့ ကာကွယ်ဆေး (Twinrix) လဲ ရှိနေပါပြီ။ အရက်က လွဲလို့ အထူး ရှောင်ရန် ဆောင်ရန် မရှိပါ။ အာဟာရ ပြည့်ပြီး မျှတတဲ့ အစာ ကောင်းကောင်း စားသင့်ပါတယ်။ အဆီ နည်းရင် ပိုကောင်းပါတယ်။ အဆီချက်မဲ့ စက်က ပျက်နေတယ် မဟုတ်လား။
(ဘီ)ပိုးဟာ HIV ထက် အဆ ၁၀၀ ပိုပြီး ကူးစက်တတ်လို့ သိထားရပါတယ်။ ဒါကြောင့် ကာကွယ်ဆေးကို အားကိုးကြပါ။ ကာကွယ်ဆေးကို ၃ ကြိမ် ၃ ခါတိတိ ထိုးရပါမယ်။ ပထမ တစ်ခါ ထိုးပြီး နောက် ၁ လမှာ ဒုတိယ၊ နောက် ၅ လ မှာ တတိယ။
မွေးစကနေ အသက် ၁၈ နှစ် အောက်တွေကို ကာကွယ်ဆေး သေချာပေါက် ထိုးပေးသင့်ပါတယ်။ လူကြီးတွေထဲက ဆိုရင် ဆေးရုံ-ဆေးခန်းမှာ အလုပ်လုပ်သူတွေ၊ ထောင်မှာ အလုပ်လုပ်သူနဲ့ ထောင်ကျသူတွေ၊ မူးယစ်ထိုးဆေး သုံးသူတွေ၊ လိင်တူ ဆက်ဆံသူတွေ၊ ကျား-မ ဆက်ဆံဘက်များသူတွေ၊ ခန္ဓာကိုယ်ရင်းပြီး လုပ်ကိုင်ရသူတွေ၊ မိသားစုအတူနေထဲက တစ်ယောက် ယောက်မှာ ပိုးရှိနေရင်၊ ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင် မိခင်က ပိုးရှိနေရင် ကလေးကို မွေးပြီးပြီးချင်း ကာကွယ်ဆေးနဲ့ HBIG ဆိုတဲ့ဆေး ထိုးပါလေ။ ပိုးဝင်ပြီး သူများကတော့ ကာကွယ်ဆေး မလိုတော့ပါ။ မထူးလို့ပါ။
(ဘီ)ပိုး ရှိသူကို ဆေးပေးတာဟာ အသည်းခြောက်တာနဲ့ ကင်ဆာ အဆင့် ရောက်မသွားဖို့သာ ရည်ရွယ်နိုင်တာပါ။ WHO အဆို အရတော့ Interferon နဲ့ Anti-viral Agents ဆေးတွေ ဖြစ်ပါတယ်။ ဆေးဈေးကတော့ ခေါင်ခိုက်နေဆဲပါ။
ကင်ဆာကတော့ ရောဂါနာမည် တပ်ပြီး ၆ လ ထက် အသက် မရှည်ပါ။ အသည်း ခြောက်တာဆိုရင်တော့ နောက်ဆုံး ဆရာန်များ လုပ်ပေးနိုင်တာက Liver transplantation အသည်း အစားထိုး ပေးတာပါဘဲ။ သိတဲ့အတိုင်း ဒီအဆင့်ဟာ အင်မတန် ကရိကထများ၊ ငွေကုန်ကြေးကျများ၊ ရာသက်ပန် လူနာကြီးဘ၀ကို ရောက်သွားရတာမျိုးပါ။
အသည်း ကောင်းကြပါစေ။
Dr. တင့်ဆွေ
၂၇-၈-၀၉

17 comments:
ခုလိုရှင်းပြပေးတာ ကျေးဇူးတင်ပါတယ် ဆရာ
" ကင်ဆာကတော့ ရောဂါနာမည် တပ်ပြီး ၆ လ ထက် အသက် မရှည်ပါ။ " ဆိုတာ အမှန်ပဲလားဟင်?
ဘယ်နေရာမှာ အကိုးအကား ရှာလို့ ရနိုင်မလဲ။
ဘီပိုးအကြောင်းထဲမှာ အသဲကင်ဆာနဲ့ပတ်သက်ပြီး ကျွန်တော်က “ရောဂါနာမယ်တပ်ပြီးတဲ့နောက် ၆ လထက် ပိုမနေရပါ”လို့ ရေးခဲ့ပါတယ်။ ဒီရေးသားချက်ဟာ ပညာရှင် သိပ်ဆံတာကို ၀န်ခံရမှာပါ။ အတွေ့အကြုံအရရေးလိုက်တာပါ။
ကျွန်တော့်လုပ်သက် အခုဆို အနှစ် ၃၀ တော့ ကျော်ပြီပေါ့။ နေရာဒေသလဲ စုံတယ်ပေါ့။ လူနာအားလုံးကတော့ မြန်မာပြည်သားချည်းပါ။ အသဲကင်ဆာ လူနာပေါင်းက ၁၀၀ မကျော်ပါ။ ကျွန်တော်သိတဲ့ အသဲကင်ဆာလူနာတွေထဲမယ် ဆင်းရဲတဲ့လူရော၊ ချမ်းသာသူရော၊ ဆရာဝန်ပါ ပါတယ်။ သုတေသန တခုဆိုတာ ဒီလောက်နဲ့ မရသင့်ပါ။ သေခြောတာက ယောက်ျားက လုံးဝအများစုဖြစ်တယ်။ ကုသကြတာကလဲ တိုင်းပြည် ၃ ခု(မြန်မာပြည်၊ အိန္ဒိယ နဲ့ ထိုင်း)တွေမှာ ဖြစ်ပေမဲ့ အားလုံး ၅ နှစ်မခံကြပါ။
ပညာရှင်ဆံအောင် ပြန်ရေးရရင် အသဲကင်ဆာ ဆိုတာ သူ့မှာစဖြစ်တာနဲ့ သူ့ဆီကို တခြား နေရာတခုကနေ ရောက်လာပြီး အသဲမှာ ကင်ဆာ ဖြစ်ရတာနှစ်မျိုးက အသက်ရှည်မှာခြင်း မတူပါ။ တခြား နေရာကနေ ရောက်လာတာက ပိုဆိုးတယ်။ တချို့က ၃ လ ကနေ ၄ နှစ်ခံတယ်လို့ ခြုံပြောတာလဲ ရှိတယ်။ USA မှာဆိုရင် ၁၉၉၉ သုတေသနအရ လူနာ ၁၂၃၈၂ ထဲက ၇% ဟာ ၅ နှစ်အထိ ရှင်တယ်။ ၁၉၉၂-၁၉၉၉ အရဆိုရင် ၅% ဟာ ၅ နှစ်အထိရှင်တယ်။ ၁၉၈၃-၁၉၉၀ အရဆိုရင် ၆%။ သူတို့သုတေသန မှာလဲ အမျိုးသမီးတွေက ပိုကြာကြာနေရတယ်။ ဥပမာ လူဖြူအမျိုးသျွီးတွေက ၁၀့၆% ၅ နှစ်ရှည်တယ်။
သုတေသနစာတွေကို လေ့လာရင် အများကြီးနဲ့ အမျိုးမျိုး တွေ့ပါမယ်။ ဒါပေမဲ့ ထပ်သိဘို့လိုတာတခု ရေးရအုံးမယ်။ “အသဲကင်ဆာကုသရေး”ဆိုတာ “ဘီလျံဒေါ်လာ-စီးပွါးရေး”ဖြစ်ပါသတဲ့။ စီးပွါးရေးသမားတွေက ကြော်ညာ အင်မတန်
ကောင်းတာကလား။
Dr. တင့်ဆွေ
၃၀-၈-၀၉
"ပညာရှင် သိပ်မဆံတာကို ၀န်ခံရမှာပါ။" လို့ ဖတ်ပါခင်ဗျား။
ဆရာခင်ဗျား..ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူသည် မည်သည့်ပြင်ဆင်မူ့များ ပြုလုပ်သင့်ပါသနည်း.. ကာကွယ်ဆေး ၃ကြိမ်ထိုးတာနှင့် လုံလောက်ပါသလား ခင်ဗျာ...သိပါရစေခင်ဗျာ...
ဆရာခင်ဗျား..ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူသည် မည်သည့်ပြင်ဆင်မူ့များ ပြုလုပ်သင့်ပါသနည်း.. ကာကွယ်ဆေး ၃ကြိမ်ထိုးတာနှင့် လုံလောက်ပါသလား ခင်ဗျာ...သိပါရစေခင်ဗျာ...
ရောဂါ နာမည် တပ်ခံရတဲ့သူတွေ စိတ်ဓာတ် ထိုးကျသွားမှာ စိုးလို့ ဒါမျိုး သတင်းအချက်အလက်လေးတွေကို တိကျပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
စိတ်ဓာတ်ကလဲ ရောဂါကို ပြန်လည် ခုခံ တိုက်ခိုက်ရာမှာ အရမ်းကို အရေးကြီးတယ်လို့ ယုံကြည်နားလည် ထားမိလို့ပါ။
ကျေးဇူးပါ ဆရာ။
ဘီပိုးရှိသူနှင့် လက်ထပ်မဲ့သူ
• ဘီပိုးရှိသူနှင့် လက်ထပ်မည့်သူသည် မိမိကိုယ်မိမိ ဘီပိုးရှိ-မရှိ စစ်ပါ။
• ရှိနေသူကလဲ ၆ လတခါ ဆရာဝန်ပြပါ။
• လက်ထပ်မဲ့သူဟာ ဘယ်အရွယ်ရှိနေနေ Hepatitis B vaccine ဘီပိုးကာကွယ်ဆေးထိုးပါ။ (အများအားဖြင့် အသက် ၁၈ နှစ်အောက် တွေကိုသာ ကာကွယ်ဆေး ထိုးခိုင်းတာပါ။)
• ကြီးသူတွေကို ကာကွယ်ဆေးထိုးရင် ပဌမတခါနဲ့ ဒုတိယတခါကို ၁ လ ခြားပြီး၊ တတိယတခါကို နောက်ထပ် ၂ လကနေ ၅ လခြားထိုးနိုင်တယ်။ ပေါင်း ၃ ခါ။ တချို့ကလည်း ၁၂ လခြားပြီး၊ စတုတ္ထတခါ ထိုးခိုင်းတတ်တယ်။
• သွေးစစ်ရာမှာ (anti-HBs at least 10 mIU/mL) ရှိနေသူဟာ ကာကွယ်ပြီးဖြစ်နေပြီလို့ သိနိုင်ပါတယ်။
• အတူနေရင် ကွန်ဒွန်သုံးပါ။
• ကွန်ဒွန်မသုံးမိလို့ဖြစ်ဖြစ်၊ ကလေးရချင်လို့ ကွန်ဒွန် မသုံးတာဖြစ်ဖြစ်၊ Hepatitis B immune globulin (HBIG) ဆေးထိုးလိုက်ပါ။ ဒီဆေးက ကာကွယ်ဆေးမဟုတ်ပါ။ ဘီပိုးကို ပြန်တိုက်ဖျက်ပြစ်မဲ့ဆေးဖြစ်ပါတယ်။ ၂ ပါတ် အတွင်း၊ အကောင်းဆုံးကတော့ ၂၄ နာရီအတွင်း (HBIG) IM 0.06 mL/kg ထိုးပါ။
• အရင်က ကာကွယ်ဆေး ထိုးမထားသူဆိုရင် (HBIG)ကို နောက် ၁ လနေရင် တခါထပ်ထိုးပါ။
• ဘီပိုးရှိသူက အမျိုးသမီးဖြစ်နေရင် မွေးဖွါးလာမဲ့ကလေးတိုင်းကို မွေးမွေးချင်း သို့မဟုတ် ၁၂ နာရီအတွင်း ဘီပိုးကာကွယ်ဆေးနဲ့ ကုသဆေး (HBIG) IM 0.5 mL ဆေးထိုးပါ။
• ကာကွယ်ဆေးနဲ့ ကုသဆေးကို တင်ပါးတဖက်စီမှာ တရက်တည်း ထိုးလို့ရပါတယ်။
• ဘီပိုးကာကွယ်ဆေး Hepatitis B vaccine ကို ကလေး မွေးမွေးချင်း ၁ ခါ၊ နောက် ၁ လ တခါနဲ့ ၆ လတခါ၊ ပေါင်း ၃ ခါထိုးရပါမယ်။
• တအိမ်သားလုံး သွားတိုက်တံ၊ ရေဇာ၊ အပ် သီးခြားစီ သုံးပါ။
• ပိုးရှိသူရဲ့ သွေးထွက်တာ၊ အန်တာ၊ ကိုယ်ကထွက်တဲ့အရည်မှန်သမျှကို ဘယ်တော့မှ လက်နဲ့မထိပါနဲ့။
• အိမ်မှာ ပိုးသန့်ဆေး တမျိုးမျိုး အမြဲဆောင်ထားပါ။ ဥပမာ ရေ ၁ ကွာတထဲမှာ အ၀တ်ချွတ်ဆေး ခေါ်တဲ့ Bleaching powder မှုံ့ လက်ဘက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေ (၁၀ ဆ ၁ ဆ) ဖျော်တာကို သွေး၊ အန်ဖတ်၊ ကိုယ်ကထွက်တဲ့ အရည်မှန်သမျှကို သန့်ရှင်းရေးလုပ်ဘို့ သုံးပါ။
• ထိခိုက်မိတိုင်း ပတ်တီး စည်းထားပါ။ လက်အိတ်သုံးပါ။
• ရေခွက်၊ ထမင်း-ဟင်းပန်းကန်ခွက်ယောက် အတူသုံးနိုင်ပါတယ်။
• ပိုးက သွေးနဲ့ ကိုယ်ခန္ဓာကထွက်တဲ့အရည်တွေဖြစ်တဲ့ အစာခြေရည် (အန်ဖတ်)၊ ယောက်ျား-မိန်းမကိုယ် အရည် (မဆက်ဆံမီ နှင့် ဆန္ဒပြည့်ဝအပြီး) တွေမှာ ပါနေတာပါ။ ဒါတွေကလွဲရင် မပါပါ။
• အသားချင်းထိယုံနဲ့ ဘာမှမဖြစ်ပါ။ နုတ်ခမ်းစုပ်တာနဲ့ပတ်သက်လို့ သွားရည်မှာတော့ ပိုးပါနိုင်ပေမဲ့ အထောက်အထား မရှိသေးပါ။
• အလားတူ (အိုရယ်-ဆက်က်စ်)ကလဲ အတူတူလို့ ဆရာ့ဆရာတွေက ဆိုပါတယ်။
• ဖခင်က ပိုးရှိနေပေမဲ့ ကလေးကို မိခင်ကနေကူးနည်းမျိုးနဲ့ ဖခင်ကနေမကူးပါ။
အခုလို စုံစုံလင်လင် ရှင်းပြ တဲ့ တာဒေါက်တာကို ကျေးဇူး အများကြီးတင်မိပါတယ်။ ဘာဖြစ်လို့ကျေးဇူးတင်မိလဲဆိုရင် ဒီ(ဘီ)ပိုးဆို တာကို မြန်မာလူငယ် အများစု ကအလေးမထားကြဘူးလို့မြင်မိပါတယ်။ ဒေါက်တာရေးထားတာကိုဖတ်မိမှ ပဲကျွန်တော်လည်း တော်တော်လေးသတိထားရမယ်ဆိုတာ ကို နားလည်မိလို့ ပါခင်ဗျာ။ ကျေးဇူး အထူးတင်ပါတယ်။ ဒေါက်တာ ပညာဒါနများများပြုနိုင်ပါစေလို့ဆုတောင်ပေးပါတယ်………………
လေးစားစွာဖြင့်
Minnaing
ရှင်းပြပေးတာကျေးဇူးပါ။ ချစ်သူရည်းစားကို ကြောက်ကြောက်လန့်လန့်နဲ့နမ်းရတာ ရင်မောပါတယ်ဆရာ။ ဆရာပြောမှ နည်းနည်းစိတ်အေးရပါတယ်။
ရှင်းပြပေးတာကျေးဇူးပါ။ ချစ်သူရည်းစားကို ကြောက်ကြောက်လန့်လန့်နဲ့နမ်းရတာ ရင်မောပါတယ်ဆရာ။ ဆရာပြောမှ နည်းနည်းစိတ်အေးရပါတယ်။
ဒေါက်တာ ... (ဘီ)ပိုး ရှိနေလျှင် ဘယ်ဆေးများ ကို သောက်သုံးသင့်ပါသလဲ ... ဘယ်ဆေးဝါးမျိုးကို ရှောင်သင့်ပါသလဲ ...
အရည်မှ (ဘီ) ပိုး ကူးစက်တယ်ဆိုရင် ချစ်သူနှစ်ဦး နမ်းလျှင်လည်း တံတွေးမှ တဆင့်ကူးစပ်မည်လော ?
ကျေးဇူးပြုပြီးရှင်းပြပေးစေချင်ပါသည်။
ကျွန်တော် ရောက်နေတဲ့ နိုင်ငံရဲ့ ဆရာဝန်တွေ ပြောအရတော့ Interferon နဲ့ Anti-viral Agents ကို လုပ်ကြည့်တာဟာ အကောင်းဆုံးလို့ဆိုပါတယ်။ အသုံးမပြုပဲ နေနေသာထက်စာရင်၊ အသုံးပြုကြည့်လိုက်တာ ကောင်းတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒီဆေးတွေ လိုအပ်မလိုအပ် သူတို့ ကျွန်တော့ ဒီအန်အေကို အရင်စစ်မယ်လို့ပြောပါတယ်။ ဒီအန်အေကနေ ဘာကြည့်လို့ရတယ်ဆိုလည်း မသိဘူး သူဆိုပါတယ်(ကျွန်တော်မေ့သွားလို့ပါ)။ ဒီအန်အေစစ်လို့ မဝသေးဘူးဆိုရင်၊ အသဲကို အပြင်ကနေ ထိုးပြီး နည်းနည်းယူပြီး၊ အသဲထဲိစစ်မယ်လို့ဆိုပါတယ်။ အသဲက သွေးတွေ အပြည့်နဲ့မို့ .. သွေးအိတ်ကို ဖောက်လိုက်သလိုဖြစ်သွားမှာမို့ နည်းနည်း ဆေးရုံးမှာ ခေတ္တနေပေးရမယ်လို့လည်း ဆိုပါတယ်။ အသဲက စစ်လို့လိုအပ်တယ်ဆိုရင် ဆေးစတိုက်မယ်ပြောပါတယ်။ ထိုးဆေးရှိတယ်လည်း ပြောပါတယ်။ ဆေးကပြင်းတာမို့ ဆံပင်တွေ ကျွတ်နိုင်တယ်လို့တောင်ဆိုပါတယ်။ ဒါပေမဲ့ ပြန်ပေါက်လာမယ်လို့လည်း ဆိုပါတယ်။ ဆေးသုံးဖို့ကို မလောသေးဖို့၊ ကျောင်းကိစ္စတွေ ခရီးသွားစရာတွေ ဘာတွေ ပြီးစီးတော့မှ လုပ်ချင်သပါ့ဆိုလည်း ကောင်းတယ်လို့ဆိုပါတယ်။ အခုအကောင်းကြီးကို ဆိုးသွားအောင်တော့ သူတို့ မလိုအပ်ရင် မလုပ်ပါဘူးလို့ ပြောပါတယ်။ ဒီဆေးတွေ သုံးကြည့်နေတုန်း မအောင်မြင်ဘူးဆိုရင်တော့ ၃ နှစ် ၅ နှစ်ဆို ဆေးတွေ ထက်ထွက်နေတာမို့ နောင်မှာလည်း အခြားဆေးတွေနဲ့ ကုသနိုင်ဖို့ အလားအလာရှိတယ်လို့ဆိုပါတယ်။ ကျွန်တော့မေးခွန်းကတော့ မလိုအပ်ရင် ဒီဆေးတွေ မသုံးဘူးလို့ မေးကြည့်ပါတယ်။ ဆရာဝန်ပြောပြချက်အရတော့ ဒီဆေးသုံးလိုက်လို့ ဆိုးကျိုးဆိုတာ ခေတ္တပဲ ရှိပြီး၊ နောက်ပိုင်း ကင်ဆာဖြစ်မှာတို့ ဘာတို့ ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ ဆရာပြောတဲ့ Interferon ဆေးခတွေ ဈေးကြီးတယ်ဆိုတာတော့၊ ဒီနိုင်ငံမှာ ဆေးကုသမှုဟာ အခမဲ့မှို့၊ နိုင်ငံတော်အတွက် ဘယ်လောက် ကုန်ကျမလည်းတော့ မပြောတတ်ပါ။ တစ်ခါ ဆေးခန်းသွားပြရင် ၁၅ ယူရိုလားမသိပေးရပါတယ်၊ တစ်နှစ်အတွင်း ၃ ခါပြလို့ .. ၄၅ လောက်ပေးပြီးပြီဆိုရင် နောက်ထပ် ထပ်ပေးစရာမလိုတော့ပါဘူး။ အခုလို အသက်အန္တရာယ်နဲ့ ပါတ်သက်တဲ့ ကူးဆက်ရောဂါတွေကိုတော့ အစအဆုံး သူတို့ အခမဲ့ ကုပေးပါတယ်။ ကျွန်တော် သိသလောက်ဝေမျှပေးတာပါ။ အတတ်နိုင်ဆုံး မှတ်မိသလောက် ရေးထားတာပါ။
ဒီအန်အေကို စစ်ကြည့်လိုက်လို့ ဆေးကုသဖို့ လိုအပ်တာ တွေ့ပြီဆိုရင် ၊ အသဲကို အပ်နဲ့ မထိုးတော့ဘူးလို့ ဆိုပါတယ်။ ဒီလိုစစ်ဆေးတာဟာ Viral load ဆိုလား Virus load ဖြစ်ဖို့တော့ များမယ်ထင်တယ်။ အဲဒါ သိရှိဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘီပိုးရှိတဲ့သူတွေဟာ ၆ လတစ်ကြိမ် သွေးစစ်ပြီး အခြေအနေ ဘယ်လိုရှိလည်း ကျွန်တော်လုပ်ပေးရပါတယ်။ ဆရာဝန်က အဲဒီResult ကို အမြဲ လေ့လာပေးပါတယ်။ P-alat ဘယ်လောက်ရှိလည်း ပုံမှန်က ၁၀ ကနေ ၇၀ အကြားရှိတယ်လို့ပြောပါတယ်။ တစ်ကယ်လို့ အဲဒီကြားမှာ မရှိဘူးဆိုရင်တော့ တစ်ခုခုလုပ်ရမည်ဆိုတဲ့ သဘောရှိပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ဆရာဝန်နဲ့ အမြဲ အဆက်အသွယ်ရှိပြီး၊ ဘာတွေ ဆက်လုပ်သင့်တယ် ၊ ဘာတွေဖြစ်နေပြီလဲဆိုတာ အမြဲ မေးဖို့လိုပါတယ်။ ကျွန်တော်ကိုတော့ ရပ်ကွက်ဆရာဝန်က p-alat ပုံမမှန်လို့ဆိုပြီး ဆေးရုံကြီး သွားခိုင်းပါတယ်။ ဘီပိုးနဲပါတ်သက်လို့ ဒီနိုင်ငံမှာ ဘာမှ ကန့်သန့်ထားတာ မရှိဘူးလို့ဆိုပါတယ်။ ကျောင်းမှာလည်း လူတကာ လိုက်ပြောနေဖို့ မလိုဘူးလို့ ဆိုပါတယ်။ ကိုယ်ဓါးရှလို့ ဘာလို့ သွေးထွက်တော့မှ ဘီပို့ရှိတယ်ဆိုတာ ပြောပြပေးဖို့ပဲ လိုပါတယ်။ တခြားတစ်ယောက်ကို သွေးကနေ ကူးမှာဆိုးလို့လို့ဆိုပါတယ်။ ဘီးပိုးသမားဟာ သွေးလှုခွင့်မရှိတာက လွဲလို့ ၊ အလုပ်ခွင်တော့ အကုန်လုပ်နိုင်ပါတယ်တဲ့၊ သူနာပြုလုပ်လို့ရတယ်လို့လည်း ဆိုပါတယ်။
ကိုထိုက်မင်းခင်မျာ
ဖင်လန်နိုင်ငံက ဘီပိုးရှိတဲ့ သူကိုအလုပ်လုပ်ခွင့်ပေးတယ်ဆိုတဲ့ သဘောလားခင်မျာ.
အိမ်ထောင်ဖက်က ဘီပိုး chronic ဆိုရင် ကာကွယ်ဆေးထိုးထားလည်း ကွန်ဒုံး သုံးရမှာလား ဆရာ ကာကွယ်ဆေးက ဘယ်လောက်ကြာခံပါသလဲ one circle (၃ကြိမ်) ထိုးပြီးရင် နောက်ဘယ်တော့ပြန်ထိုးရမှာပါလဲ ဆရာ၊ ကျေးဇူးတင်ပါတယ်။
http://dts-medicaleducation.blogspot.in/2011/11/hepatitis-b-vaccine.html
ကိုဖတ်နိုင်ပါတယ်။
Post a Comment