Thursday, July 23, 2009

Learned Helplessness


စိတ်ဓာတ်ကျရောဂါ အကြောင်း ရေးခဲ့တုံးက ဆေးအပြင် တခြားနည်းတွေနဲ့ ကုသနိုင်ကြောင်း အနည်းအကျဉ်း ပြောဖြစ်ခဲ့ပါတယ်။ အဲဒီလို ကုသတဲ့အခါ လူနာရဲ့ တွေးနေကျ အတွေးပုံစံကို သိအောင် ကြိုးစားရပါတယ်။

စိတ်ဓာတ်ကျရောဂါ ဝေဒနာရှင် တော်တော်များများမှာ ကိုယ့်ကိုကိုယ် မညှာမတာ ဝေဖန်ထောင်းထုတဲ့၊ အပျက်ကိုသာ မြင်တဲ့ အတွေးစဉ် (self-defeating negative automatic thoughts/ cognitions) ကို ထပ်ပြန် တလဲလဲ တွေ့ရတတ်ပါတယ်။ ဥပမာအားဖြင့် ကိုယ်ကောင်းခဲ့၊ အောင်မြင်ခဲ့တာတွေကို လျစ်လျူရှုပြီး မကောင်းခဲ့၊ မအောင်မြင်ခဲ့တာတွေကိုသာ ရွေးချယ်တွေးတောပြီး ကိုယ့်ကိုကိုယ် အပြစ်ဖို့ခြင်း (selective abstraction)၊ ကိုယ် အောင်မြင်ခဲ့တာကို မှေးမှိန် ပစ်လိုက်ပြီး၊ မအောင်မြင်တာကိုဘဲ အလေးပေးနေခြင်း (minimisation-maximisation) စသဖြင့်ပေါ့။ ဒီလိုအတွေးတွေကို ရှာဖွေ ဖော်ထုတ်ပြီး စိန်ခေါ် ဆန့်ကျင်တဲ့ စိတ်ပညာကုထုံး (Cognitive Behaviour Therapy -CBT) အကြောင်းကို အချိန်ရတဲ့ အခါ ရေးနိုင်ဖို့ ကြိုးစား ပါဦးမယ်။

စိတ်ဓာတ်ကျရောဂါကို ဆေးမဟုတ်တဲ့ နည်းနဲ့ ကုတဲ့ နေရာမှာ နောက်တစ်ခု နားလည်အောင် ကြိုးစားရတာက 'Locus of control' လို့ ခေါ်တဲ့ “ထိန်းချုပ် စေစားနိုင်မှု တည်နေရာ” အပေါ် လူနာ ဘယ်လို မြင်သလဲ ဆိုတာပါ။ လူနာက သူ့ဘ၀ အပေါ်သူ ထိန်းချုပ်နိုင်မှုဟာ အတွင်း (သူ့ဆီ)မှာ ရှိသေးတယ်လို့ ထင်သလား ဒါမှမဟုတ် အပြင် (သူများတွေဆီ)မှာလို့ ထင်သလားပေါ့။ ဒါကို မူတည်လို့ ဝေဒနာရှင်တစ်ယောက်ရဲ့ ရောဂါတွင်းထဲက ထွက်နိုင်မှု ဖြစ်နိုင်ခြေနဲ့ ဝေဒနာ ခံစားရမှု ကာလ အတိုအရှည် ကွာသွားတတ်ပါတယ်။

“ငါ ဘာလုပ်လုပ် အရာမထင်ဘူး။ အခြေအနေတွေက ငါ့ထိန်းချုပ်မှု အောက်မှာ လုံးဝကို မရှိဘူး။ အရင်က လုပ်ခဲ့တာတွေလည်း အလကား ဖြစ်ကုန်ပြီ။ နောက်ထပ် လုပ်တာတွေလည်း အလကား ဖြစ်ဦးမှာပဲ” ဆိုတဲ့ အတွေးတွေက ကိုယ့်ကိုယ်ကို ယုံကြည်စိတ် (self confidence) ကို အကြီးအကျယ် ထိခိုက်စေပါတယ်။ ဒါဆိုရင် အဲဒီလူဟာ ဘာကိုမှ အားမထုတ်တော့ပဲ ဖြစ်လာသမျှကိုသာ ခါးစည်းခံတော့မယ့် အန္တရာယ် ရှိလာပါတယ်။ ဒါကို Learned Helplessness လို့ နာမည်တပ်လို့ ရပါတယ်။
Learned Helplessness ကို စတွေ့ခဲ့တာ Martin Seligman ဆိုတဲ့ စိတ်ပညာရှင် (Psychologist) ဖြစ်ပါတယ်။ (၁၉၆၇) ခုနှစ် အမေရိကန်နိုင်ငံ University of Pennsylvania မှာ လူတွေရဲ့ စိတ်ဓာတ်ကျရောဂါ အကြောင်း လေ့လာရာက တိရိစ္ဆာန် စိတ္တဗေဒ စမ်းသပ်ချက် တစ်ခုမှာ ဒီသဘောတရားကို တွေ့ခဲ့တာပါ။ ဒီစမ်းသပ်မှု အကြောင်း နည်းနည်း အသေးစိတ် ရေးချင်ပါတယ်။

ပထမ စမ်းသပ်မှုမှာ အစမ်းသပ်ခံခွေးတွေကို သုံးအုပ်စု ခွဲပါတယ်။ ပထမအုပ်စုက ခွေးတွေကိုတော့ လှောင်ထားပြီး ဘာမှမလုပ်ဘဲ ခဏ အကြာမှာ လွှတ်ပေးလိုက်ပါတယ်။ ဒုတိယနဲ့ တတိယ အုပ်စုက ခွေးတွေကိုတော့ တစ်စုံစီ တွဲပေးထားပါတယ်။ ဒီလို အတွဲတစ်တွဲက ခွေးနှစ်ကောင် စလုံး လျှပ်စစ်ဓာတ်နဲ့ တို့ခံ ရပါတယ်။ ဒုတိယ အုပ်စုဝင် ခွေးက ခြေနင်း lever လေး တစ်ခုကို နင်းခြင်း အားဖြင့် ဒီလို လျှပ်စစ်ဒဏ် ခံရခြင်းမှ လွတ်မြောက်နိုင်တဲ့ အခွင့် ရပါတယ်။ ဒါကို မကြာခင် ဒီခွေးက သိလာတာပေါ့။ ဒီလိုနဲ့ ခြေနင်းကို နင်းနင်းပြီး သူ့ဒုက္ခကို ဖြေရှင်း တတ်သွားရော။ သူနဲ့ တွဲခံထားရတဲ့ တတိယအုပ်စုဝင် ခွေးကတော့ ကြိုးအတူတူ ဆက်ထားလို့ လျှပ်စစ်ဒဏ်ကို ခံရတာ တူပေမယ့် သူ့ခြေနင်းက ဘာမှ မထိရောက်တဲ့ ခြေနင်း ဖြစ်နေတယ်။ သူ့အတွက်တော့ လျှပ်စစ်ဓာတ် ရပ်သွားခြင်းဟာ သူ့လုပ်ရပ်ရဲ့ ရလဒ် မဟုတ်ပဲ သူ့ဘာသာသူ ဖြစ်ချင်သလို ဖြစ်နေတာပေါ့။ ကြာတော့ “ရှောင်လွှဲလို့ မရတဲ့ လျှပ်စစ်ကျင်စက် (inescapable shock)” လို့ လက်ခံလိုက်ပြီး စိတ်ပျက် လက်လျှော့သွားတယ်။

ဒီခွေးတွေကိုပဲ ဒုတိယစမ်းသပ်မှု ဆက်လုပ်ပါတယ်။ ဒီတခါတော့ ခွေးတွေကို လှောင်အိမ်လေးထဲမှာ ထည့်ပါတယ်။ လှောင်အိမ်ရဲ့ အလယ်မှာ အကန့် ခပ်နိမ့်နိမ့်လေး လုပ်ထားတယ်။ ဒီအကန့်လေးကို ခုန်လိုက်ပြီး တခြားဖက်ကို ရောက်သွားရင် လျှပ်စစ်ဒဏ် မခံရဘူးပေါ့။ စောစောက ပထမနဲ့ ဒုတိယအုပ်စုမှာ ပါတဲ့ ခွေးတွေဟာ ဒီလို ခုန်ကြ လွတ်မြောက်ကြပေမယ့် တတိယ အုပ်စုကတော့ မခက်ခဲလှတဲ့ လွတ်လမ်းကို မြင်နေရသည့်တိုင် အားထုတ်ခြင်း မရှိဘဲ ထိုင်လို့သာ အီနေပါသတဲ့။ ဒီလို ဖြစ်တာဟာ တခြား ရောထွေးမှုကြောင့်လား ဆိုပြီး သိပ္ပံပညာရှင်များက နောက်ထပ် စမ်းသပ်မှုတွေ ထပ်လုပ်ပေမယ့် ဒီအုပ်စုက ခွေးတွေက ဒီလိုပဲ တုံ့ပြန်ပါသတဲ့။

ဒီစမ်းသပ်ချက်မှာ တတိယအုပ်စုဝင် ခွေးတိုင်း “ရှောင်လွှဲလို့ မရတဲ့ လျှပ်စစ်ကျင်စက် (inescapable shock)” ကြောင့် လက်လျှော့သွားတာတော့ မဟုတ်ပါဘူး။ သုံးပုံတစ်ပုံက အရင်က အတွေ့အကြုံအပေါ် စိတ်မပျက်ဘဲ ပြန်ကြိုးစားပြီး လွတ်လမ်းကို ရှာတွေ့သွားခဲ့ကြပါသတဲ့။ အကျယ်သိချင်ရင် wiki မှာ ဖတ်ပါ။

Learned Helplessness ဟာ တိရိစ္ဆာန်တွေမှာပဲ တွေ့ရတဲ့ အမူအကျင့် မဟုတ်လို့ ဒီတွေ့ရှိချက်ဟာ လူတွေရဲ့ အမူအကျင့်နဲ့ အမူအကျင့်ကို ပြောင်းလဲနိုင်မှုအပေါ် မျက်စိဖွင့်ပေးခဲ့ပါတယ်။ အခြေခံ စမ်းသပ်တွေ့ရှိချက် တစ်ခု ဖြစ်ပြီး သူ့အပေါ် ဆင့်ပွား စမ်းသပ်မှုတွေလည်း အများကြီး ရှိခဲ့ပါတယ်။ လူတွေရဲ့ စိတ်ဓာတ်ကျခြင်း၊ စိတ်ဓာတ် လှုံ့ဆော်မှု တွန်းအား လျော့ပါးခြင်းတို့ အပေါ် သက်ရောက်မှုတွေကို ပိုမို နားလည်လာနိုင်ခဲ့ပါတယ်။ တချို့သော စိတ်ဓာတ်ကျ ရောဂါ ဝေဒနာရှင်တွေမှာ အတွေးအခေါ် အမူအကျင့်တွေ တော်ရုံနဲ့ မပြောင်းလဲတာဟာ ဘာကြောင့်လဲ ဆိုတာကို နားလည်နိုင်ဖို့ တစ်နည်းပေါ့။ လူတွေမှာတော့ ဒါကို ပြုပြင်ယူဖို့ နည်းလမ်းတွေ ရှိလာပါတယ်။ CBT ရေးမှပဲ ဆက်ပြောတော့မယ်။

(ကိုယ်ပိုင်ဘလော့ဂ်မှာ တင်ပြီးသား ပို့စ် ဖြစ်ပါတယ်)


Related Posts :



11 comments:

tune said...

ကျေးဇူးပါ အစ်မရေ။
အကျိုးရှိကြမယ်လို့ ထင်ပါတယ်။

Nu Thwe said...

နှစ်ပတ် တစ်ပုဒ်တော့ မဟုတ်ဘူး မကျွန်းရေ။ မဖတ်ဖြစ်လိုက်သူများ ဖတ်ဖြစ်သွားအောင် ဒီမှာပါ တင်လိုက်တာ။
ဒါနဲ့ ဒီ post မှာ collapse လုပ်တာ အဆင်ပြေလို့ ECT post ကိုပါ ပြန်ပြင်လိုက်တယ်။ အပင်ပန်းခံပြီး ပြင်ပေးထားတာကို ပြန်လုပ်လိုက်တာ စိတ်မရှိပါနဲ့။ It looked a bit odd and I couldn't help changing it! Thanks anyway.

tune said...

that's fine.

tune said...

now i know ppl have very different taste :D.
i like that scroll box so much!

tune said...

ထပ်မန့်ချင်သေးတယ်။
ဒီပို့စ်ကို အစ်မ ဘလော့ဂ်မှာလဲ ၂ ခေါက် ဖတ်ပြီးသား။
အခု ဒီမှာလဲ ၂ ခေါက် ရှိပြီ။
Martin Seligman ကို ပြန်ကြည့်မိတာ။
သူက father of positive psychology လို့ တွေ့တယ်။
Learned helplessness ကို ကျော်လွှားဖို့ learned optimism က ပေါ်လာရတာ မဟုတ်လားဟင်။
အမှတ်မှားရင် ပြောပေးနော်။
ကျော်လွှားဖို့ နည်းလမ်းတွေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ ထင်တယ်။
မရေးမချင်း ဂျီကျမလို့။

Anonymous said...

အိမ်ထောင်ဖက်သေလို့ မိသားစုသေလို့ တဖြည်းဖြည်းချင်း ခံစားရတဲ့ အထီးကျန်ဖြစ်မှုမျိုးကျတော့ ဘယ်လို လုပ်ရလဲဗျာ။ ဖြစ်စမှာ ခံနိုင်ရည်ရှိတယ်၊ ကိုယ် ဘာမှ ဖြစ်မသွားဘူး ထင်ပေမယ့် လက်တွေ့ကျတော့ ဖြည်းဖြည်းချင်း အထီးကျန်လာတယ်။ ဘယ်သူနဲ့မှ မရောတော့ပဲ တစ်ယောက်ထဲ နေချင်လာတယ်။ မိသားစု ဆုံးရှုံးသွားတဲ့ အဆုံးအရှုံးက အရမ်းကြီးနေတော့ အထီးကျန်နေလို့ မိတ်ဆွေတွေ ဆုံးရှုံးရတာလဲ နှမြောရမှန်း မသိတော့ဘူး။ အိမ်မီးလောင်သွားပြီးမှ စားပွဲကုလားထိုင်လောက်ကို မမက်တော့သလိုပဲ။ ကိုယ်က မပျော်တော့ ပျော်နေတဲ့ လူတွေနဲ့လဲ မရောချင်တော့ဘူး။ သူများပျော်တာကို ကျေနပ်ဝမ်းသာပေမယ့် ကိုယ်က မရယ်ချင်မပြုံးချင် ဖြစ်နေလို့ပါ။ ပျော်ပျော်ရွှင်ရွှင် ဖြစ်လာအောင် ဘယ်လို ပြန်လုပ်ရမလဲဗျာ။ အိမ်ထောင်သစ်ပြုဖို့တော့ လုပ်ချင်စိတ်လဲ မရှိလို့ပါ။

မီးမီးချစ် said...

ကိုယ့်ကို ကိုယ် ဆင်ခြင် နိုင်အောင် ရေးပေးတဲ့ အတွက် အရမ်းကောင်းပါတယ်..ကျေးဇူးပါ..

Nu Thwe said...

Anonymous ကို ပြန်ဖြေတာပါ။ အပေါ်က စာထဲမှာ ပေးထားတဲ့ စိတ်ဓာတ်ကျရောဂါ လင့်ခ်ကို သွားဖတ်ရင် သူ့အောက်က comments အမေးအဖြေတွေမှာ ကျွန်မ ဖြေထားတာ ရှိပါတယ်။

ဂျီကျလည်း မရဘူး ညီမ မကျွန်း။ ဒီအကြောင်းကို သတ်သတ် ပြန်ဖတ်ဖို့ အချိန် မရှိလို့ပါ။ LO က LH လောက် quote အလုပ်မခံရဘူး။ ကိုယ်လည်း သတ်သတ် မဖတ်ဖူးဘူး။ CBT က ပိုလက်တွေ့ကျ အသုံးဝင် evidence ရှိပါတယ်။ မရေးဖြစ်သေးတာက စာတပုဒ် ရေးရင် ရေးတာနဲ့မှ မပြီးတာ။ နောက်က မေးခွန်းတွေကို လိုက်ဖြေရသေးတော့ အချိန် လိုတယ်။ အပြင်ဘ၀လည်း ရှိသေးတယ်လေ။ နားလည်ပေးတာ ကျေးဇူးတင်တယ်။

ကျေးဇူး မီးမီးချစ်။

tune said...

ငိုမှ ရမှာလား :P
အဲဒါဆို ကိုယ့်ဖာသာကိုယ် စာရှာပြီး ကြိုးစား ရေးကြည့်မယ်။
လိုတာတွေ ပြန်ဖြည့်ပေးမလား?

Myint said...

ဒီပရက်ရှင်က တစ်ကြိမ် ဖြစ်ဖူးထားရင် နောက်ရော ဘဝမှာ ထပ်ဖြစ်နိုင်ခြေ ရှိလား။ အသက်ကြီးပိုင်းတွေမှာ ဒီပရက်ရှင် အနည်းနဲ့အများ ရှိတတ်လား

Nu Thwe said...

မကျွန်းရေ...ကြိုက်တာကို ကြိုက်တဲ့လူ ကြိုက်သလို ရေးနိုင်ပါတယ်။ လေ့လာပြီးမှ ရေးမယ်လို့ ယုံပြီးသားမို့ ထပ်ဖြည့်စရာလည်း လိုမယ် မထင်ပါ။ သိပ်လွဲနေမှ ၀င်ပြောဖြစ်မယ် ထင်တယ်။

ဟုတ်ပါတယ် မြင့်။ စိတ်ဓာတ်ကျရောဂါ ဖြစ်ဖူးသူဟာ မဖြစ်ဖူးသူတွေထက် ရောဂါ ပြန်ဖြစ်နိုင်ချေ များပါတယ်။ ရောဂါ သေချာပျောက်တဲ့ထိ ဆေးကို သေသေချာချာ သောက်ခဲ့ရင်တော့ ပြန်ဖြစ်နှုန်းကို လျော့စေပါတယ်။ မိမိကိုယ်ကိုနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို မြင်တဲ့ အမြင်တွေ၊ ကိုယ့်အပြုအမူတွေကို ပြုပြင်နိုင်ရင်တော့ ပိုတောင် ကောင်းပါသေးတယ်။ ဒါကို နောက်ရေးမယ့် Cognitive Behaviour Therapy မှာ ဆွေးနွေးပါမယ်။ ကိုယ့်ဖာသာကိုယ် ရှာဖတ်ရင်လည်း ရပါတယ်။ Google လုပ်ကြည့်ရင် ရနေတာပဲ။