Friday, March 26, 2010

ကလေး မီးဖွါးခြင်း Normal Labor

ပညာရပ်တွေကို စနစ်ကျအောင် အဆင့်တို့၊ အမျိုးအစားတို့၊ စသဖြင့် တိတိကျကျ သတ်မှတ်ရတာမို့ ကလေးမွေးဖွါးတာ ကိုလည်း ၃ ဆင့်ခွဲပါတယ်။

ပဌမအဆင့် ဆိုတာက မွေးချင်လို့ ဗိုက် စနာချိန်ကနေ သားအိမ်အဝ လုံးဝ ကျယ်လာတဲ့အထိကို ခေါ်တယ်။ မွေးချင်လို့ ဗိုက်နာတယ်ဆိုတာ နာလိုက် ရပ်လိုက်ဖြစ်တယ်၊ တိုးတိုး နာလာရမယ်၊ နာချိန် ကြာလာပြီး၊ နားချိန် တိုတိုလာရတယ်။ အနာလဲ ပိုပိုလာရပါမယ်။ တကယ် ဗိုက်နာတာကို လူနာ အော်သံကို နားထောင်ပြီး၊ ခန့်မှန်းတာ မမှန်ပါ။ တချို့က တကယ်မနာဘဲ အော်တာမျိုးလဲ ရှိတယ်။ ဗိုက်ပေါ် လက်တင်ထားပြီး စမ်းမှ သေခြာတယ်။ သားအိမ်ကြွက်သားတွေ ညှစ်လာရင် စမ်းနေတဲ့လက်က တင်းလာတာကို သိသာတယ်။

သားဦးဆိုရင် တကယ်မွေးချင်လို့ နာတာမဟုတ်ဘဲ နာတာမျိုးကို အမွေးသင်တယ်လို့ ခေါ်တယ်။ လူတွေဟာ အမျိုးသမီး ဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် အနာခံနိုင်စွမ်း မတူကြဘူး။ သားဖွါးခန်း အတွေ့အကြုံအရ ကုလားသွေးစပ်သူများ အနာ မခံနိုင်ကြပါ၊ အသားဖြူသူတွေက သိပ်မအော်ကြဘဲ၊ အသားမဖြူ-မမဲသူတွေက အလယ်အလတ် လိုက်တယ်။ သုတေသနတော့ မဟုတ်ပါ။

ကလေးဖွါးဘို့ ရောက်လာသူ မှန်သမျှကို ရောဂါရာဇ၀င် မေးပြီးတာနဲ့ ဝမ်းခြူပေးရတယ်။ သန့်ရှင်းရေးအတွက်သာမက အမွေးလဲ လွယ်စေပါတယ်။ လူနာ လမ်းလျောက်နိုင်နေတုံး ဆီး အသွားခိုင်းပြီး၊ နောက်ပိုင်းကြရင် ဆီးခြူပေးရတယ်။ ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေ ပြားချပ်နေလေ ကလေးမွေးရ လွယ်လေမို့ပါ။

မွေးလမ်းကြောင်းကနေ သားအိမ်အ၀ အခြေအနေကို စောစောပိုင်းမှာ ၁ နာရီ ၁ ခါ၊ နီးလာရင် မကြာမကြာ စမ်းပါတယ်။ ပိတ်ထားတဲ့ ပါးစပ်လိုရှိနေခဲ့တဲ့ သားအိမ်အ၀က မွေးတော့မယ်ဆိုတာနဲ့ စိနေရာကနေ ဟလာတယ်။ ကျယ်ကျယ်လာမယ်။ အတိအကျ ပြောရရင် သားအိမ် နှုတ်ခမ်းဟာ မာရာကနေ ပြော့လာမယ်၊ ထူရာကနေ ပါးလာမယ်၊ ရှည်ရာကနေ တိုလာမယ်။ သားအိမ်အ၀က ကျယ်ကျယ်လာမယ်။

ပဌမဆင့်ဟာ သားဦးမှာ ၁၂-၁၆ နာရီ၊ နောက် ကလေးတွေဆိုရင် ၆-၈ နာရီ ကြာတတ်တယ်။ ဒါက စာအုပ်အလိုအရပါ။ တကယ်တမ်း ပြောရရင် ဒီထက် မြန်တာ၊ စောတာတွေ တွေ့ရပါတယ်။ တယောက်နဲ့ တယောက် အတော်ကို မတူကြပါ။ အစည်းအဝေးနားတုံး မွေးလူနာ ရှိလို့ ဆေးခန်း ၀င်ကြည့်ရင်း မွေးပေးရတာမျိုး ရှိသလို၊ ၃ ရက်လုံးလုံး မအိပ်မနေ မွေးပေးရတာမျိုးလဲ ကြုံရတယ်။

သားအိမ်အဝ အပြည့်ကျယ်ချိန်ကနေ ကလေးမွေးပြီးတဲ့အထိကို ဒုတိယအဆင့် ခေါ်ပါတယ်။ အပြည့်ဆိုတာ ၁၀ စင်တီမီတာ ရှိတာကို ပြောတာပါ။ ကလေး အခုကို မွေးတော့မယ်ဆိုတဲ့ လက္ခဏာပေါင်း ၇ ချက်ရှိတယ်။ သားအိမ်အ၀ လုံးဝပွင့်မယ်။ ရေမြွှာအိတ် ပေါက်မယ်။ အကျိအချွဲ နဲ့ သွေးရောပြီး ဆင်းမယ်။ (ရှိုး) လို့ခေါ်တယ်။ ကလေးခေါင်းက မိခင်ရဲ့ အစာဟောင်းအိမ်ကို ဖိတိုးလို့ မွေးလူနာဟာ ဝမ်းသွားချင်စိတ် ဖြစ်လာမယ်။ ဒါ့ကိုသိလို့ စောစောက ၀မ်းခြူပေးထားတာပါ။ အဲဒီအချိန် ရောက်ရင် တားထားလို့တောင် မရဘဲ ညှစ်ချင် လာလိမ့်မယ်။ ညှစ်ရင် ကလေးခေါင်း တိုးလာတာမို့ မွေးလမ်းအ၀ကို ကြည့်ရင် အပြင်ကိုစူလာတာ မြင်ရမယ်။ စအိုလည်း ၀ိုင်းလာမယ်။ ဒီ ၇ ချက် မပြည့်စုံသေးလို့ကတော့ မမွေးသေးပါ။

ကလေးဖွါးတာက ဖြစ်စဉ် ၂ မျိုးဟာ အချိန်ကိုက်၊ နိုင်ငံရေးစကားနဲ့ဆို “ဟန်ချက်ညီညီ” ဖြစ်တာမျိုး ပြောတာ။ သားအိမ် ကြွက်သားတွေ ညှစ်တာနဲ့ သားအိမ်အ၀က ကျယ်လာရတာ ဖြစ်တယ်။ ဒါ့ကြောင့် လက်သည်ကနေ ညှစ်အား ပိုအောင် ဗိုက်ကို တွန်းပေးတာလုပ်ရင် တကယ်လို့ သားအိမ်အ၀က မပွင့်ဘဲနေရင်၊ မအေရော၊ ကလေးပါ ဒုက္ခရောက်စေမယ်။ တရားခံကို “လက်သည်” လို့လဲ ခေါ်တယ် မဟုတ်ပါလား။

မွေးကာနီး ရေမြွှာ ပေါက်တယ် ဆိုပေမဲ့၊ ကလေးခေါင်းထွက်မှ တခါတည်း ပေါက်တတ်တာလည်း ရှိတယ်။ မသိမသာ အိမ်မှာတင် ပေါက်လာသူလဲ ရှိတယ်။ မွေးပေးမဲ့ ဆရာဝန်၊ ဆရာမ မျက်နှာကို စင်အောင် အရှိန်နဲ့ ပေါက်တာမျိုးလဲ ရှိတယ်။ ရေမြွှာရည်က ကြည်လင်နေတာ ကောင်းတယ်။ နောက်တာဟာ အနည်းနဲ့အများ ကလေး ဒုက္ခရောက်လို့ပါ။ အထဲမှာ ကလေး ၀မ်းသွားတာမျိုး ဖြစ်လို့ ရေမြွှာရည် နောက်ရတာ။ ရေသာသာ အရောင်ကနေ အ၀ါ၊ စိမ်းဝါ၊ အစိမ်း၊ အစိမ်းပုတ်အထိ ဖြစ်တာမျိုးက အဆိုး ပိုပိုလာတာကို ပြတယ်။

ကလေးဦးခေါင်းက မိခင်ရဲ့ မွေးလမ်း အပေါက်မှာ ထွက်ပြူလာတာကို သရဖူဆောင်းတယ်လို့ ခေါ်တယ်။ မွေးလမ်းအဝ တဝှိုက် ရေနွေးဝတ်ကပ်ပေးရင် သွေးပိုလျှောက်စေလို့ ကောင်းတယ်။ တချို့ သားဦးတောင်မှ လမ်းကြောင်း ချဲ့စရာမလိုဘဲ မွေးနိုင်စေတယ်။ လူနာ လမ်းမလျှောက်နိုင်တော့တာမို့ လိုအပ်လျင် ဆီးခြူပေးပါ။ သူ့ကို အားပေးပါ။ ရေ-အရည် အသောက်ခိုင်းပါ။ ဗိုက် မနာချိန်မှာ အသက်ကောင်းကောင်း ရှူဘို့ပြောပါ။ ညှစ်ရင် အသံမထွက်စေဘဲ ၀မ်းသွားသလို ညှစ်ဘို့ သင်ပေးပါ။ ကလေးမွေးကာနီး မိခင်လောင်းတွေကို ပေးသင့်တဲ့ အားဆေးဖျော်ရည်ကို ရေအေး ၁ လီတာထဲမှာ ပျားရည် ၁/၄ ခွက်၊ သံပုရာရည် ၁/၃ ခွက်၊ ဆား ဇွန်းတ၀က်၊ (ကယ်လ်စီယံ) နဲ့ (မဂ္ဂနီဆီယန်) ၁ ပြားစီထည့် ဖျော်ပါလေ။

ခေါင်းပြူလာရင် သားဖွါးဆရာမရဲ့ လက်တဖက်က ထွက်လာနေတဲ့ ကလေးခေါင်းထိပ်ကို အောက်ဖက်ဆီ ဖိပေးပြီး၊ နောက်တဖက်က မွေးလမ်းအဝ အောက်ပိုင်းနေရာကို ကလေးခေါင်းကို နောက်-အထက်ဆီ ခေါင်းစွပ် ချွတ်ပေးသလို တွန်းတင်ပေးပါ။ ကလေးခေါင်းဟာ မွေးလမ်းအဝကနေ ရေပြင်ညီ တန်းတန်း ထွက်လာတာ မဟုတ်ပါ။ အောက်ဆီကို ဦးတည်ပြီး မွေးလာတာပါ။ ဒါ့ကြောင့် မွေးလမ်းကြောင်းက ထွက်ထွက်ချင်း ကလေးခေါင်းဟာ အပေါ်ကို ကော့တက် လာပါမယ်။

ချက်ချင်း ကလေးရဲ့ နှာခေါင်းနဲ့ ပါးစပ်တို့ကို သန့်ရှင်းပေးပါ။ ချက်ကြိုးက လည်ပင်းမှာ ပတ်နေ-မနေ စစ်ပါ။ ၄ ယောက် ၁ ယောက် လောက်မှာ ပါတ်နေတတ်တယ်။ ဖြည်ပေးပါ။ ကလေးမျက်နှာက တဖက်ဖက်ကို လည်လာလို့ မိခင်ရဲ့ ပေါင်တဖက်ကို မျက်နှာမူ လာမယ်။ ခေါင်းထွက်ပြီးရင် အထဲမှာ ရှိနေသးတဲ့ ကလေးပခုံးနှစ်ဖက်ဟာ အထက်-အောက် အနေအထားအဖြစ် ပြင်လာမယ်။ ရှေ့ပခုံးက စမွေးပါမယ်။ ဒီအချိန်မှာ အမြန်သွားလုပ်ရင် စုတ်ပြဲတတ်တယ်။ မိခင်က နောက်တကြိမ် ညှစ်တာနဲ့ ကလေးခေါင်းကို အောက်ဖက်ဆီကို နဲနဲဆွဲယူပေးပါ။ နောက်ပခုံး မွေးပေးဘို့ ကလေးကို အထက်ဆီ ပင့်တင်ပေးရမယ်။ “ခေါင်းတန် ကိုယ်ဆန့်” ကိုယ်ပိုင်းနဲ့ ခြေထောက်တွေ အလိုလို မွေးလာပါမယ်။

ကလေး ခေါင်းစ-ခြေဆုံး၊ ခြေစ-ခေါင်းဆုံး၊ ထွက်ပြီးပြီးချင်း၊ ချက်ကြိုးကို (စပန့်ခ်ျ-ဖေါ့ဆက်ပ်) ၂ ချောင်းနဲ့ ၁ လက္မခြာပြီး ညှပ်ပါ။ ကလေးဖက်မှာ ချက်ကြိုးကို ရှည်နိုင်သမျှ ရှည်ပါစေ။ (ဖေါ့ဆက်ပ်) ၂ ချောင်းအကြားမှာ ကပ်ကြေးနဲ့ ဖြတ်ပါ။ ကလေး ငိုလာမှ ချက်ကြိုးဖြတ်တာ ပိုကောင်းတယ်။ ပစ္စည်းမှန်သမျှ ပိုးသန့်ပြီးဖြစ်ပါစေ။ ကလေးခြေထောက် နှစ်ချောင်းကို ပူးပြီး လက်တဖက်တည်းနဲ့ ကလေးကို ဇောက်ထိုးမြှောက်ပြီး ကိုင်ပါ။

ကျန်းမာတဲ့ကလေး ခေါင်းထွက်တာနဲ့ ငိုပါတယ်။ မငိုရင် ငိုအောင်လုပ်ရတယ်။ ကလေးကျောကို ပုတ်ပေးတာပါ။ အရပ်ပြောနဲ့ ပြောရရင် ကလေးကို မငိုငိုအောင် ရိုက်တာလို့ ပြောမယ်။ အမှန်က အသက်ရှူအောင် အဆုပ်ရှိတဲ့နေရာကို ဆွပေးတာပါ။ အထင်မမှားပါနဲ့။

ကလေးကိုပြုစုမဲ့သူက ကလေးကို သန့်ရှင်းရေးလုပ်ပါ။ နှာခေါင်းနဲ့ပါစပ်ကို ပဌမလုပ်ပါ။ ချွဲစုပ်တာနဲ့ ချွဲစုပ်ထုတ်ပေးပါ။ အသားရောင် ပန်းရောင်ဖြစ်လာရင် စိတ်ချရပါပြီ။ အသက်မရှူရင် (စီပီအာရ်)လုပ်ပါ။ အသက်ရှူနေပြီး ပြာနေသေးရင် အောက်စီဂျင်ရှိရင် ပေးပါ။

ကလေး ထွက်ပြီးနောက် အချင်းကို ထုတ်ပေးတဲ့အဆင့်ကို တတိယအဆင့်ခေါ်တယ်။ သားဦးနဲ့ မွေးဖူးသူများအကြား အချိန်ကွာခြားခြင်း မရှိပါ။ ၅ မိနစ်ကနေ နာရီဝက် ကြာနိုင်တယ်။ ကြာလေလေ သွေးထွက် များလေလေ ဖြစ်တယ်။ အချင်းချပေးနေတုံး အကူတယောက်က လက်တဖက်နဲ့ မိခင်ရဲ့ ဆီးစပ်နေရာမှာ သားအိမ်ကို ထိန်းထားပေးထားပြီး ကျန်လက်တဖက်က သားအိမ်ထိပ်နေရာကို အောက်ဆီ ပွတ်ခြေပေးပါ။ မွေးပေးသူက ချက်ကြိုးကို အားမသုံးဘဲ ခပ်တင်းတင်းလေး ဆွဲထားပါ။ လိုအပ်ရင် လက်ထည့်ပြီး ဆွဲထုတ်ပေးရတတ်ပါတယ်။ မွေးပြီးနောက် သွေးဆင်းတာ သက်သာအောင် Ergometrine ထိုးပေးရင် ၆-၇ မိနစ် အတွင်း၊ Oxytocin 10 Units ထိုးရင် ၂့၅ မိနစ်အတွင်း သက်ရောက်ပါမယ်။

ကလေးချက်ကနေ ချက်ကြိုး မဖြတ်ခင် ချက်ကြိုးထဲက သွေးတွေကို ကလေးဆီ ရောက်အောင် ဆွဲသွင်းပြီးမှ ဖြတ်ပါ။ သွေး ၅ စီစီလောက် ပိုရတာကိုက ကလေးအတွက် မနည်းပါ။ ချက်ကို အရက်ပြန်၊ အိုင်အိုဒင်း ၁-၂% ထည့်ပေးပါ။ ခြောက်အောင် ထားရင် ချက်မြန်မြန် ကြွေတယ်။ ချက်မကြွေမချင်း ကလေးကို ရေပတ်တိုက်ပေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

ကုတင်ပေါ်က ကလေးငိုသံ နားထောင်ရင်း ပီတိဖြစ်နေသူကို “ကလေးအမေ နေကောင်းတယ်နော်” လို့ မေးလိုက်ပါလေ။ ဆေးကျောင်း၊ ဆေးရုံတွေမှာ အပြိုင်ပြောလေ့ရှိတယ်။ လာတုံးကတော့ သူ့ဖါသာ လမ်းလျောက်လာတာ ဆေးရုံကလဲ ဆင်းရော ဂျိုင်းထောက်နဲ့ဆိုပြီး၊ ခွဲစိတ်ဆရာဝန်တွေကို ပြောင်ကြတယ်။ မရှူနိုင် မကယ်နိုင် ရောက်လာသူကို ဆေးတလုံး ထိုးပေးတာနဲ့ ကြော့ပြီး၊ ပြန်သွားတယ်လို့ သမားတော်တွေက ပြောတယ်။ လာတုံးကတော့ တယောက်ထဲ ပြန်တော့ နှစ်ယောက်လို့ ကြွားနိုင်တာကတော့ သားဖွါးခန်းက ဖြစ်ပါတယ်။

Dr. တင့်ဆွေ
၂၆-၃-၂၀၁၀

Read More...

Wednesday, March 24, 2010

Genital Warts လိင်အင်္ဂါကြွက်နို့

Human Papillomavirus က ဘယ်လို ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါသလဲ ခဗျာ။ ကျွန်တော့်ရဲ့ အဂါင်္မှာ ကြွက်နို့လေး တစ်ခု ထွက်လာပါတယ်။ ဆရာဝန်သွားပြတော့ အက်ဆစ်ပါပုံရတဲ့ လိမ်းဆေးပေးပါတယ်။ တနေ့ နှစ်ကြိမ် တို့ခိုင်းပါတယ်။ ကျွန်တော် စသုံးတော့ နဲနဲစပ်ပါတယ်။ ဆက်မသုံးရဲဘူးခဗျာ။ ကျွန်တော် သိချင်တာက ဒီဆေးနဲ့ လုံလောက်မလား။ ဆက်ရော သုံးသင့်ပါလား။

Human papillomavirus (HPV) သည် ဗိုင်းရပ်စ်တမျိုးဖြစ်သည်။ အမျိုးအစားပေါင် ၂၀၀ ခန့် တွေ့ထားရသော်လည်း တချို့ကသာ လူတို့ကို ရောဂါရစေသည်။ အချို့ဗိုင်းရပ်စ်များက ရှားရှားပါးပါး အမျိုးသမီး လိင်အင်္ဂါများတ၀ှိုက် နှင့် ယောက်ျားများ လိင်တံနှင့် စအိုတို့မှာ ကင်ဆာ ဖြစ်စေသည်။ အမျိုးအစား ၃၀-၄၀ တို့သည် လိင်ဆက်ဆံခြင်းဖြင့် ကူးစက်စေသည်။ လိင်အင်္ဂါနေရာ ကြွက်နို့ Warts (Verrucae) ဖြစ်စေသည့် ဗိုင်းရပ်စ်လည်း အပါအ၀င်ဖြစ်သည်။

လိင်အင်္ဂါမဟုတ်သော အရေပြားတွင် ဖြစ်သည့်ကြွက်နို့များမှာ HPV-1 နှင့် HPV-2 တို့ကြောင့်ဖြစ်သည်။ လိင်အင်္ဂါကြွက်နို့ သည် (STI/STD) ခေါ် လိင်မှတဆင့် ကူးစက်ရောဂါများတွင် အများဆုံးဖြစ်ပြီး၊ အမေရိကားတွင် လူပေါင်း သန်း ၂၀ သို့မဟုတ် လိင်ဆက်ဆံနိုင်သည့် အရွယ်ရှိသူပေါင်း၏ ၁% မှာ ရှိနေသည်။

သားအိပ်အ၀ကင်ဆာ ဖြစ်စေသည့် ပိုးနှင့် လိင်အင်္ဂါကြွက်နို့ ဖြစ်စေသည့်ပိုးတို့ မတူကြပါ။ အခြားနေရာများတွင် ကြွက်နို့ ဖြစ်စေသည့် ပိုးနှင့်လည်း မတူပါ။ အချို့မှာ ပိုးရှိနေသော်လည်း ကြွက်နို့ မပေါ်သေးချေ။

ပါးစပ်၊ အာခေါင်၊ လျှာတို့မှာလည်း ကြွက်နို့ ဖြစ်လာနိုင်သည်။ ကြွက်နို့ ပေါက်မနေသူထံမှလည်း ကူးလာနိုင်သည်။ လိင်ဆက်ဆံနည်း မျိုးစုံ (ရိုးရိုး နှင့် စအို၊ ပါးစပ်) လမ်းတို့မှလည်း ကူးနိုင်သည်။ ပိုးရှိသူနှင့် ဆက်ဆံပြီးနောက် အချိန်တို သို့မဟုတ် ကြာမှလည်း ကြွက်နို့ ဖြစ်လာတတ်သည်။ မိခင်မှာ ကြွက်နို့ရှိနေစဉ် မွေးလာမည့်ကလေးအား ကူစက်နိုင်မှုမှာ လွန်စွာ နည်းပါးလှပါသည်။

၃ ခါထိုးရသည့် ကာကွယ်ဆေးရှိသည်။ လိင်မဆက်ဆံမီအရွယ်မှာ ထိုးနိုင်တာကောင်းသည်။ အမျိုးသမီးများအတွက် (Cervarix and Gardasil) ခေါ် သားအိမ်ကင်ဆာ ကာကွယ်ဆေး ၂ မျိုးရှိရာ၊ (Gardasil) က ကြွက်နို့ကိုပါ ကာကွယ်သည်။ ယောက်ျားများအတွက် (Gardasil) သည် လိင်အင်္ဂါကြွက်နို့ကို ကာကွယ်သည်။

(ကွန်ဒွန်) သည် HIB အတွက်သာမက လိင်အင်္ဂါကြွက်နို့ နှင့် သားအိမ်အ၀ကင်ဆာတို့အတွက်ပါ ကာကွယ်ရာကျသည်။ သို့သော် ကြွက်နို့ပေါက်ရာနေရာကို (ကွန်ဒွန်) က ဖုံးမထားနိုင်ခြင်းကြောင့် ကြွက်နို့မှန်သမျှကိုမူ ကာကွယ်မှု မပေးနိုင်ပါ။ လိင်ဆက်သည့် အဖေါ်ကို သတ်သတ်မှတ်မှတ် ရှိသင့်သည်။ မိမိ၏ အဖေါ်၊ ဇနီး၊ ခင်ပွန်းအား သစ္စာရှိပါလေ။

လိင်အင်္ဂါကြွက်နို့ကို ဖြစ်စေသည့် ဗိုင်းရပ်ကို သတ်မည့်ဆေး မရှိပါ။ ကြွက်နို့ဖြစ်လာလျင် ကုသနည်း အမျိုးမျိုးတော့ရှိသည်။
အလွယ်ဝယ်ယူရရှိသော ဆေးဆိုင်ကောင်တာပေါ်ကဆေးကို အားမကိုးပါနှင့်။ မည်သည့်နည်းက အကောင်းဆုံးဟု မပြောနိုင်ပါ။ ပျောက်သွားမည်ဟုလည်း ရာနှုန်းပြည့် အာမမခံနိုင်ပါ။

ခွဲစိတ်ကုသမှု လုပ်နိုင်သည်။ ဆရာဝန်က သမားရိုးကျ ဒါးဖြင့် လှီးထုတ်မည်။ သို့မဟုတ် လျှပ်စစ်နည်းဖြင့်လည်းကောင်း၊ မီးရှို့နည်းဖြင့်လည်းကောင်း သုံးနိုင်သည်။ လေဆာဖြင့်လည်းကောင်း၊ အေးခဲစေနည်းလည်းကောင်း သုံးနိုင်သည်။

သိထားရမည်မှာ ကြွက်နို့ မျက်စိအောက်က ပျောက်စေကာမူ သူ့ကိုဖြစ်စေသည့် ဗိုင်းရပ်စ်ကို ရှင်းထုတ်မရပါ။ ထို့ကြောင့် ပြန်ပေါ်နိုင်သည်။ မကုဘဲထားလျင် သူ့အလိုလို ပျောက်သွားချင် သွားမည်။ ရှေ့မတိုး နောက်မဆုတ် ရှိနေမည်။ တိုးချင် တိုးလာမည်။ သို့သော် ကင်ဆာ ဖြစ်မသွားပါ။ ၉၀%လောက်တွင် ကိုယ်ခံအားမှ တိုက်ဖျက်ပေးနိုင်သည်။ ထို့ကြောင့် ဆေးမတုဘဲ ၂ နှစ်ဆိုလျင် ပျောက်သွားနိုင်သည်။

Dr. တင့်ဆွေ
၂၄-၃-၂၀၁၀

Read More...

Friday, March 19, 2010

ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

ဆရာရှင့် ကိုယ်ဝန်ဆောင်မိခင်များ သိသင့်သော လိုက်နာရမည့်အချက်များကို ဖော်ပြပေးပါရှင့်။ ဖောလစ်အက်စစ် အပြင် ကိုယ်ဝန်ဆောင် အားဆေးများကို ကိုယ်ဝန်ဘယ်နှစ်ပတ်တွင် စသောက်လို့ရပါလဲ။ ကိုယ်ဝန် 10 ပတ်ခန့်တွင် scan ရိုက်လို့ရပါသလား။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော မြန်မာ website e-book များကိုလည်း ဖော်ပြပေးပါ။ ကျေးဇူးတင်ပါတယ်။ အမိမြေရဲ့အဝေးမှာ ရောက်နေလို့ ဆရာတို့ကိုပဲ အားကိုးပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သိစေဘို့ ဘာသာပြန်ပြီး၊ တင်ပေးကြတာ အများကြီး ရှိနေပါပြီ။ http://yamuna-clinic-delhi.blogspot.com/ နဲ့ http://dts-medicaleducation.blogspot.com/ ထဲမှာလဲ စုံသလောက် ပါနေပါတယ်။ တိုက်ရိုက်လဲ မေးနိုင်ပါတယ်။ တခြားဆရာ-ဆရာမတွေ တင်ပေးတာတွေလဲ မနည်းပါ။ ကိုယ်ဝန်ဆောင်တွေအတွက် လုပ်ပေးရတာ အသက်နှစ်ချောင်း၊ ကုသိုယ် ၂ ဆရတယ် မဟုတ်လား။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ယှဉ်ပြီး လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ်ဝန်ကို အပ်ပါ။ သွားပြီး မွေးဖွါးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။ ANC (Antenatal Care) ခေါ်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာ တိတိကျကျ ရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေး မစိတ်နိုင်ရင်လဲ အစိုးရိမ် မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင်မပါဘဲ မွေးနိုင်ကြသေးတယ်။ တယောက်နဲ့ တယောက် အတော်တော့ မတူကြဘူး။

ANC ဆိုတာ မိခင်လောင်းရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးအပြင်၊ ကလေးအတွက်ပါ လိုတာတွေကို စစ်ဆေး၊ ဆောင်ရွက်ပေးတာပါ။ အရင်ဆုံး ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင် ဆီးစစ်လို့ရပြီ။ တချို့နည်းတွေက ဒီထက်တောင် စောပြီး စမ်းလို့ရသေးတယ်။ စိတ်ဝင်စားဘို့ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်း ဖြစ်နေပြီ ဆိုတာကို စမ်းတာဖြစ်ပါတယ်။

နောက်ဆုံး ရာသီလာခဲ့တဲ့လက ပဌမဆုံး သွေးဆင်းတဲ့ရက်ကို မှတ်ပါ။ LMP ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ၇ ရက် ထည့်ပေါင်းတာနဲ့ EDD မွေးမဲ့ရက်ကို တွက်ယူနိုင်တယ်။ ပျော်စရာ တမျိုးပေါ့။ Ultrasound လုပ်ရင်တော့ Report မှာ ကိုယ်ဝန်က Weeks ဘယ်လောက် နဲ့ Days ဘယ်လောက်ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ ရက်ထဲကနေ အဲဒါကို ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက် LMP ကို ရတယ်။ Week ကို (၄ ပါတ် ၁ လ) လပြန် ဖွဲ့ပြီးမှ အပေါင်း-အနုတ် လုပ်ရတယ်။ အလုပ်သင် ဆရာမတွေအတွက်တော့ သင်္ချာပညာ စမ်းသလိုဘဲ။ သူတို့ခမြာ အတော် ခေါင်းရှုတ်ကြရှာတယ်။ ကိုယ့်မှတ်ရက်နဲ့ တွက်တာနဲ့ (အာလ်ထွာ-ဆောင်း) ရက်နဲ့ တွက်တာ မတူဖြစ်နေတတ်တယ်။ ကိစ္စမရှိဘူး။ ဘယ်လိုတွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။ ကျွန်တော့် ဒုက္ခသည်ဆေးခန်းလေးမှာ ၁၂၁ ယောက် မွေးတဲ့အထဲက ရက်အတိအကျ မွေးသွားတာ ၃ ယောက်နဲ့ ၁ ရက်ထဲကပ်လွဲတာ ၄ ယောက်သာ ရှိတယ်။

ကိုယ်ဝန်အပ်ပြီး နောက်ဘယ်တော့ ပြန်လာနေရမလဲဆိုတာက မြန်မာပြည်မှာတော့ ကိုယ်ဝန် ၉ လကို ၃ ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊ နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင်လဲ အချိန်မရွေး လာဘို့မှာတယ်။ ထူးတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။ ပျက်ကျတတ်တယ်။ ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁၀၀ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip သွင်းတာ ကောင်းတယ်။ ကိုယ်ဝန်နောက်ပိုင်းမှာ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး (အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။

ကိုယ်ဝန်ဆောင် အားဆေးတွေကို စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ အမျိုးသမီးတိုင်း ယောက်ျားတွေထက် ပိုလိုတာက သိတဲ့အတိုင်း သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။ ဆေးကုပ္မဏီတွေကလဲ ရောင်းကောင်းအောင် ဆေးအမျိုးမျိုးကို ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို မြန်မာပြည်မှာ (ယူနီဆက်ပ်) ကနေ အလကား ဝေတယ်။ တကမ္ဘာလုံး ဝေရတာမို့ ဈေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ် မထားတာမျိုး။ သံချေးနံ့တော့ ရတာပေါ့။ အမှန်က ကောင်းပါတယ်။ “ထောပတ်ကောင်း စလောင်းနှင့်တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ သံဓါတ်ကို ဆေးရည်လုပ်၊ ဗူးလှလှနဲ့ထည့် ရောင်းတော့ ဈေးကြီးသွားရော။

တခါတည်းပြီးအောင် သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ အကြံကောင်းပါတယ်။ ဗီတာမင် ဘီ နဲ့ စီ ရောလေ့ရှိတယ်။ အခုထုတ်သေးလား မသိဘူး။ BPI ကနေ Furamin BC ထုတ်တယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုပ္မဏီနာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်နေကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့ဗျာ။

သံဓါတ်က ၀မ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ၀မ်းချုပ်ရင် တခြားဝမ်းနုတ်ဆေးတွေထက် ၀မ်းပြော့ဆေးမျိုးက ပိုသင့်တယ်။ Milk/Cream of Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရေ၊ အရည် များများ သောက်။ အသီးအရွက်၊ အသီးအနှံ များများစားပေးပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့် မှီဝဲပါ။ မိခင်လောင်း တဦးချင်း မတူတာတွေလဲ ရှိတတ်သေးတယ်။ သူများထက် ဗီတာမင် ဘီ ၁၊ ၂၊ အေ နည်းနေတာ။ နောက် တခြားရောဂါ တခုခု ရှိနေတာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပန်းနာ စသဖြင့်ပေါ့။ သံဓါတ်နည်းလွန်းနေရင်၊ ပါးစပ်က မသောက်ချင်ရင်၊ သံဓါတ် ထိုးဆေး ထိုးပါ။ နားလည်တဲ့သူက ထိုးပါစေ။ ဒီဆေးက အပ်မသေး-မတိုတာနဲ့ တင်ပါးမှာ ခပ်နက်နက်ထိုး၊ ဆေးသွင်းပြီး အပ်ပြန်နုတ်ရင် စောင်းနုတ်ရတယ်။ မခြေရဘူး။ ဆေးထိုးတဲ့နေရာ မဲသွားမှာစိုးလို့။

ဗိုက်လာအပ်ရင် လုပ်ပေးမှာလေးတွေ ပြောပါအုံးမယ်။ အထွေထွေ စစ်ဆေးခြင်းဆိုတဲ့ ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ် နားထောင်တာတွေ လုပ်ပါမယ်။ သိတဲ့အတိုင်း အရပ်ပုရင် ခက်တတ်တယ်။ သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ် မွေးတာတွေ ရှိတာဘဲ။ ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေး နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေဖြာနေတာ သိပ်သဘောကျဘို့ ကောင်းလှတယ်။

သေခြာပေါက် ဗိုက်စမ်းပေးမယ်။ ဆီးစပ်ရိုး အထက်မှာ စပြီး စမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်ရှိနေပြီ။ ချက်အောက်နားဆို ၂၀ ပါတ်၊ ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ခေါ်ကြတဲ့ အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄၀ ပါတ်။ ကလေးခေါင်းက အောက်ဆင်းလာလို့ နိမ့်သွားတာပါ။ ၂၀ ပါတ်ဆိုရင် ကလေးလှုတ်တာ သိမယ်။ မကြာခင် အဲဒီ ပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို ပြုံးနေတတ်တာ မိခင်မေတ္တာ။

သွေးစစ်တာမှာ A, B, AB, O သွေးအုပ်စု၊ Rh factor နဲ့ Hb ဖြစ်တယ်။ မိခင်က Rh-negative ဖြစ်နေရင် ကလေးနဲ့ သင့်-မသင့် စစ်ရပါမယ်။ သွေးအား နည်းနေ-မနေဆိုတာ Hb အနည်းအများနဲ့ သိစေတယ်။ VDRL for Syphilis ဆစ်ဖလစ်၊ Hepatitis B ဘီပိုး နဲ့ HIV ရှိ-မရှိတွေလဲ စမ်းရမယ်။ တချို့နိုင်ငံတွေမှာ German measles ကိုလည်း စစ်တယ်။

ဆီးစစ်တာက ၂ မျိုးပါ။ ကိုယ်ဝန်ဆောင်စမှာ ဆီးထဲ Albumin ပါနေတတ်တယ်။ ဆီးလမ်းပိုးဝင်ရင်လဲ ပါတယ်။ ဆေးသောက် ပျောက်တာပါ။ ဆီးချိုရှိ-မရှိ စမ်းရသေးတယ်။ ဆီးချိုရင် ကလေးထွားတတ်တယ်။

Ultrasound Scan ကို ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါ ရိုက်တာ ကောင်းတယ်။ အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်း အ၀တ်အစား ချွတ်လို့ လွယ်တာ ၀တ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ် ကတည်းက Scan မှာ သိနိုင်ပြီ။ ၇ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာ သေခြာပြီ။ ၅ လ (၂၀ ပါတ်)ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာ ကောင်းတယ်။ နောက် သိချင်တာက သားအိမ်ထဲ မဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ်ကတည်းက သိနိုင်တယ်။ အမွှာဆိုတာလဲ သိမယ်။ ရေမွှာရည် အနည်း-အများ၊ ဒေါင်လိုက်၊ ကန့်လန့်။

ကိုယ်ဝန် နောက်ပိုင်းမှ ရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးက ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ ဖြစ်တယ်။ ၉၀% ကျော် ကိုယ်ဝန်တွေက ကလေးဟာ ခေါင်းက အောက်မှာ။ မဟုတ်ရင် တင်ပါးဆုံပြုနေတတ်တယ်။ စောစော ရိုက်တုံးက တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့် Scan ကို စောစောရိုက်ထားရင် နောက် ထပ်ရိုက်တာ ကောင်းတယ်။ တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီး ဂရူစိုက်ရမယ်။ နောက်တချက်က အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အ၀နဲ့ ဝေးရတယ်။ နီးတာနဲ့ ဖုံးနေတာဆိုရင် သေခြာပေါက် ဗိုက်ခွဲ မွေးရမယ်။ Scan ရဲ့ကျေးဇူးဘဲ။

ကိုယ်ဝန်ဆောင်တုံး ATT မေးခိုင်ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြာပြီး ထိုးပါ။ ကိုယ်ဝန်ဆောင်နေတုံး မသောက်သင့်တဲ့ ဆေးတွေလဲရှိတယ်။

အောက်မှာ ရေးတာတွေက ဆေးခန်းအကူ ဆရာမတွေကို သင်ပေးရတာတွေပါ။ နားနားနေနေ ဖတ်ကြည့်ပေါ့။ အထဲက ရင်သွေးကလေးလဲ နားထောင်နေလိမ့်မယ်။ နားနီးတော့ သူကြီးလာရင် ဆရာဝန်ဖြစ်ချင်ဖြစ်လာမှာပေါ့။

Dr. တင့်ဆွေ
၁၉-၃-၂၀၁၀

ကိုယ်ဝန်ဆောင်စ လက္ခဏာများ Morning sickness
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြားပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နှင့် စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာသည်။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း။ ဆိုးရွားသည်။ ကြာလျင် ကိုယ်အလေးချိန်လျှော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်မှာ အဖြစ်များသည်။ အနားယူပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားပါ။ ပရိုတင်းများများ စားသင့်ပြီး၊ အဆီနှင့်အစပ် လျှော့သင့်သည်။ DNS/NS/RL သွင်းပေးဘို့ လိုနိုင်သည်။ ORS သောက်ပါ။ ဂလူးကို့စ်၊ ဗီတာမင် B 1, B 6, မဂ္ဂနီဆီယမ် ပေးရမည်။
အအန်သက်သာရန် Doxylamine 10 mg နှင့် Vitamin B6 10 mg ရောပေးသင့်သည်။ Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြားပေးနိုင်သည်။ Meclizine, Dimenhydrinate, Metoclo-pramide တို့ကိုလည်း ပေးနိုင်သည်။ ဂျင်း(ချင်း) Ginger capsules of 250 mg taken 4 QID လည်း ကောင်းသည်။

ကိုယ်ဝန်ဆောင်စဉ် ခံစားရမှုများအား ကုသပေးခြင်း
• ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်း၍မ မရ။ မလုပ်ရ။ ခြေထောက်အား အမြင့်တွင်တင်၍ နားပါ။ ဒူးကွေး၍ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာခြင်း၊ (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။ ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့် အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။
• Varicose veins သွေးပြန်ကြောထုံးခြင်း၊ ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမည်၊ နာမည်၊ တင်းမည်။ Nipple ထိပ်ဖျား အရောင် ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ Areola ခေါ် နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံး-အကြိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ Antenatal Care (ANC) Prenatal care
မိခင်လောင်းတိုင်းအား သာမန်အားဖြင့် ရက်သတ္တ ၄ ပါတ်မှ ၂၈ ပါတ် အတွင်း တလတကြိမ်။ ၂၈ ပါတ် မှ ၃၆ ပါတ် အတွင်း တလ ၂ ကြိမ်၊ ၃၆ ပါတ် မှ မွေးသည်အထိ တပါတ်တကြိမ်၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း ANC လုပ်ပေးရ မည်။ ကိုယ်ဝန်နှင့် ပတ်သက်သော အသိပညာပေးရမည်။ Body weight အလေးချိန်၊ Blood pressure သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနှင့် ကြီးထွားမှုများ မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံ။ Fetal Heart Sound (FHS) နားထောင်ပါ။ ကိုယ်ဝန်ဆောင် အားဆေးများပေးပါ။ ဆီး၊ သွေး၊ စစ်ပါ။

ANC မှတ်တမ်းတင်ခြင်း။ ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G ဟု၎င်း၊ အရှင်မွေးသမျှကို P ဟု၎င်း ရေးမှတ်ရသည်။ Primigravida သားဦး ကိုယ်ဝန်ကို G 1 ဟု မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 စသည် ခေါ်သွားသည်။ တခါမှ မမွေးဖူးလျင် P 0 ဟုမှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှမွေးမည်။ ပျက်တတ်သည်။ ကိုယ်ဝန်ပျက်သည့် အရေအတွက်ကို P ၏ နောက်က အပေါင်းလက္ခဏာဖြင့် ရေးသည်။ ဥပမာ G 3, P 1+1 ဆိုသည်မှာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၍ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။

နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ Last Menstrual Period (LMP) နောက်ဆုံး သွေးဆင်းသောလတွင် ပဌမဆုံး စလာသည့် နေ့ကိုယူပါ။ မွေးဖွားမည့်ရက် Expected Due Date (EDD) တွက်ပါ။ LMP ထဲသို့ ၉ လနှင့် ၇ ရက် ပေါင်းထည့်ပါက EDD ရသည်။ EDD ၏ ရှေ့-နောက် ၂ ပါတ်အတွင်း မွေးနိုင်သည်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်အပြီး ရက်ပေါင်း ၂၈ဝ သို့မဟုတ် ရက်သတ္တပါတ် ၄ဝ ဖြစ်သည်။ သို့သော် (၃၇-၄၂) ပါတ်လည်း ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင် မှတ်တမ်း ရေး မှတ်ရာတွင် ၁ ပါတ် = ၇ ရက်၊ တလ = ၄ ပါတ်၊ တလ = ၃ဝ ရက်၊ ဖြင့်သာ တွက်ယူပါ။

ဓါတ်ခွဲစမ်းသပ်ခြင်းများ
အောက်ပါတို့ကို ကိုယ်ဝန်ဆောင်အားလုံး စစ်ဆေးရမည်။
• Blood grouping (A, B, AB, or O)
• Rh factor
• Hemoglobin (Hb)
• Hepatitis B virus
• Urine Sugar
• Urine Albumin
• (STDs, STIs) VDRL
• Ultrasound

ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ
Anti Tetanus Toxoid (ATT) တလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။ Iron သံဓါတ်၊ Folic acid ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီအုပ်စု၊ Calcium ကယ်လ်စီယမ်၊ ဗီတာမင် B 12

ဘာ့ကြောင့် အလေးချိန် တိုးလာသသနည်း
မိခင်၏အာဟာရများ = ၇ ပေါင်
တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
တိုးလာသောနို့ = ၂ ပေါင်
ကြီးလာသောသားအိမ် = ၂ ပေါင်
ကလေး၏အလေးချိန် = ၇့၅ ပေါင်
ရေမြွှာရေ = ၂ ပေါင်
အချင်း၏အလေးချိန် = ၁့၅ ပေါင်
စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်

ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်တဲ့ဆေးများ။
Arbor vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree berry, Chinese angelica (Dong Quai), Cinchona, Cotton root bark, Feverfew, Ginseng, Golden seal, Juniper, Kava kava, Licorice, Meadow saffron, Pennyroyal, Poke root, Rue, Sage, ပွေးကိုင်း Senna, Tansy, White peony, Wormwood, Yarrow, Yellow dock, Vitamin A (large doses)
ဝက်ခြံပျောက်ဆေး၊ Isotretinoin (Accutane) and Etretinate (Tegison)
အတက်ပျောက်ဆေး၊ Phenytoin (Dilantin) and Carbamezapine (Tegretol)
အမူးပျောက်ဆေး၊ Ergotamine and Methysergide
အကိုက်အခဲ-အနာပျောက်ဆေးများ၊ Aspirin, ibuprofen, and other (NSAIDs)
သွေးမခဲဆေးများ၊ Anticoagulant drugs
ပဋိဇီဝဆေးများ၊ Azithromycin, Zithromax, Zmax, Zathrin, Erythromycin, Clarithromycin
ဝမ်းပျက်ခြင်း၊ ခရီးသွားဝမ်းပျက်ခြင်း၊ ဝမ်းကိုက်ခြင်းအတွက်ဆေး၊ Furazolidone
အရောင်လျှော့၊ နီခြင်းကိုသက်သာ၊ (အလာဂျီ) ဖြစ်ခြင်းကို သက်သာစေသည့်ဆေး၊ Prednisolone

Comment by Dr. Win Than Naing
အရမ်းကောင်းပါတယ်ဆရာ။ ဆရာ့ရဲ့ဘလော့ကိုဖတ်ရင်း အလုပ်သင်တုန်းကလုပ်ခဲ့ရတာတွေကို ကွက်ကွက်ကွင်းကွင်း ပြန်မြင်ယောင်မိစေအောင်ကို ပြည့်စုံပေါ်လွင်ပါတယ်ခင်ဗျာ။ ဒီမှာတော့ Oxytocin 10 Units ကို ရှေ့ပုခုံးမွေးဖွားချိန်မှာ ထိုးခိုင်းထားပါတယ်။ ဆရာ့ကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျား။

ကျေးဇူးတင်ပါတယ် ဆရာ။
Oxytocin/Ergotmetrine/Syntometrine ဆိုတဲ့ Uterotonic တွေကို မွေးပြီးသွေးဆင်းခြင်း နဲ့ မွေးဖွါးခြင်း တတိယအဆင့် ခေါင်းစဉ်တွေအောက်မှာ ရေးသား၊ ဆွေးနွေးလေ့ရှိပါတယ်။ နောက်ပြီး ဒီ သားအိမ်ညှစ်အား အကူအညီပေးတဲ့၊ မွေးပြီး သွေးဆင်းခြင်းကို ကာကွယ်ရာကျတဲ့ဆေး တမျိုးမျိုးကို ပေးဘို့ ကလေးက အမွှာမဟုတ်တာ ဆိုတဲ့ အချက်ကိုလည်း ထည့်တွက်ရပါတယ်။ လက်တွေ့အရပြောရရင်လည်း ဒုက္ခသည်ဆေးခန်းမျိုး၊ LHV သားဖွါး၊ အရံသားဖွါး၊ သင်တန်းပေးပြီး အရပ်လက်သည် တယောက်တည်းကနေ မွေးပေးရတဲ့ အခါမျိုးတွေမှာ ရှေ့ပခုံးထွက်တာနဲ့ ဆေးထိုးပါဆိုတာကို လက်တွေ့လုပ်ဘို့ အတော်ကြီးမဖြစ်တတ်ပါ။ နောက်တခါ ရှေ့ပခုံးမွေးပြီး နောက်ပခုံး အမြန်လိုက်ထွက်တာမျိုးကလဲ ကြုံရတတ်သေးတယ်။ တောနယ်တာဝန်ကျ ဆရာမတွေကို (အခုတော့ မသိပါ) Ergotmetrine စားဆေးကိုသာ ပေးထားတယ်။ မွေးလူနာကို ကလေးတကိုယ်လုံး မမွေးခင် အသောက်ခိုင်းလို့ မရတာ များတယ်။ ဆေးတွေကလည်း ဘယ်ဟာဖြစ်ဖြစ် သက်ရောက်မှုက မြန်ကြတာမို့ အချိန်ကလေး နည်းနည်းနောက်ကျလဲ ကိစ္စမရှိလောက်ဘူးလို့ ကိုယ့်ဘက်ကိုယ်ရက် တွက်မိသေးတယ်။

ဒါ့ကြောင့် Prophylactic Oxytocin for the third stage of labor အရ တတိယဆင့်အောက်မှာ ရေးတာပါလို့ ပြောပါရစေ။

ဘာဘဲဖြစ်ဖြစ် ကိုယ့်ကို ကန့်ကူလက်လှည့်သင်ပေးလိုက်တဲ့ OG တွေပြောသလို လိုက်နာတာ တပည့်ကောင်းပီသပါတယ်။ ဆရာကောင်းတွေလည်း ငယ်ငယ်က တပည့်ကောင်း ဖြစ်ခဲ့ကြသူတွေပါဘဲ။

ကျွန်တော် ဆေးပညာ စာလေးတွေက ဆေးခန်းမှာ လာကူနေကြတဲ့ (ဗော်လန်တီယာ) တွေအတွက် စာသင်ပေးဘို့၊ အဖတ်ခိုင်းဘို့ မှန်းပြီး ရေးဖြစ်သွားတာပါ။ ဒါ့ကြောင့် အတော်များများက ခပ်ပေါ့ပေါ့၊ ခပ်လွယ်လွယ်တွေသာ ဖြစ်နေတယ်။

Dr. တင်ဆွေ
၂၈-၃-၂၀၁၀

Read More...

Sunday, March 14, 2010

နေ နှင့် အိပ်စက်သူများ


ကျမတို့ ဆေးကျောင်းတက်စဉ်ကာလက ကျောင်းခန်းထဲမှာ အိပ်ငိုက်သူများ ၊ ဆေးရုံ ward round ဆရာကြီး စာသင်ချိန်မှာ သန်းဝေနေတတ်သူများကို ဆရာကြီးက ဒီကလေးမ Sleeping sickness ရောဂါရှိနေပြီလို့ ကျီစယ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Sleeping sicknessရောဂါရဲ့ လက္ခဏာတွေထဲက တစ်ခုဟာ နေ့ဘက်မှာ ငိုက်မျဉ်းနေတတ်ပြီး ညဘက်အိပ်မပျော်နိုင်လို့ဘဲဖြစ်ပါတယ်။ ဒီလိုနေ့ည အကျင့်များပြောင်းလဲတတ်မှုဟာ အသည်းသမားများမှာလည်းဖြစ်တတ်ပေမယ့် အာဖရိကတိုက်တစ်နေရာမှ လူတစ်ဦး၊ ဒါမှမဟုတ် အာဖရိကတိုက်ကို နယ်လှည့်ခရီးသွားလာနေခဲ့တဲ့ လူတစ်ဦးမှာ ဒီလို ရောဂါဝေဒနာခံစားရပြီ ဆိုရင်တော့ သတိထားရမဲ့ရောဂါတွေထဲမှာ Sleeping sickness က ရှေ့ဆုံးကပါဝင်တဲ့ရောဂါတွေထဲက တစ်ခု ဖြစ်ပါလိမ့်မယ်။



Sleeping sickness လို့ခေါ်တဲ့ African Trypanosomiasis ရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ရောဂါမဟုတ်ပေမယ့် sub-saharn Africa နိုင်ငံပေါင်း ၃၆ နိုင်ငံမှ လူသန်းပေါင်းများစွာကို ခြောက်လှန့်နေတဲ့ရောဂါတမျိုးဖြစ်ပါတယ်။ လက်ရှိခန့်မှန်းခြေအရ လူပေါင်း ၅ သောင်းမှ ၇ သောင်းခန့်အထိ ဝေဒနာခံစားနေရတယ်လို့ ဆိုပါတယ်။ အာဖရိကနိုင်ငံအတော်များများမှာ ခုခံအားကျဆင်းမှုရောဂါဖြင့် သေဆုံးမှုဟာ အမြင့်ဆုံးဖြစ်နေပေမယ့် African Trypanosomiasis ဟာလည်း ဒုတိယ ဒါမှမဟုတ် သေဆုံးမှုအမြင့်ဆုံးထဲကတစ်ခုအဖြစ် ပညာရှင်များ ခံယူထားခဲ့တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
Trypanosomiasis ကို African Trypanosomiasis နှင့် American Trypanosomiasis ဆိုပြီး ဒီရောဂါဟာ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသများမှာ အဖြစ်များပြီး Trypnosoma brucei လို့ခေါ်တဲ့ ကပ်ပါးကောင် parasite ကြောင့်ဖြစ်တဲ့ရောဂါတစ်ခုဖြစ်ပါတယ်။ အဲဒီဒေသတွေမှာကျက်စားလေ့ရှိတဲ့ Tsetse flies လိုခေါ်တဲ့ အကောင်ကိုက်ခြင်းအားဖြင့် African Trypanosomiasis သို့မဟုတ် sleeping sickness ရောဂါကိုခံစားရမှာဖြစ်ပါတယ်။ Trypnosoma brucei ကို အနောက်နဲ့ အလယ်ပိုင်း အာဖရိကမှာ တွေ့ရတတ်တဲ့ Trypnosoma brucei gambiense နဲ့ အရှေ့အာဖရိက နိုင်ငံတွေ မှာတွေ့ရတတ်တဲ့ Trypnosoma brucei rhodesiense ဆိုပြီး ၂မျိုးခွဲခြား နိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ နှစ်မျိုးကို ယေဘူယျအားဖြင့် ခွဲခြားလို့ မရနိုင်ပါဘူး။
Trypnosoma brucei gambiense ဟာ လေ့လာတွေ့ရှိတဲ့ ဖြစ်ပွားမှုနှုန်းရဲ့ ၉၀% ခန့်ရှိပြီး နာတာရှည်ရောဂါအဖြစ် ရှိတတ်ပါတယ်။ ဝေဒနာရှင်ဟာ ပိုးဝင်ရောက်ပြီး လပေါင်းများစွာမှ နှစ်ပေါင်းများစွာအထိ ရောဂါလက္ခဏာများကို မခံစားရတတ်ပါဘူး။ ရောဂါ ကျွမ်းနေနှင့်ပြီးဖြစ်တဲ့ ဦးဏှောက်အာရုံကြောစနစ်ကို ပိုးဝင်ရောက်တဲ့အခါကျမှ သာ ရောဂါလက္ခဏာများကို စတင်ခံစားရတာကို တွေ့ရတတ်ပါတယ်။
Trypnosoma brucei rhodesiense ကတော့ ဖြစ်ပွားမှုနှုန်းရဲ့ ၁၀ ရာခိုင်းနှုန်းခန့်သာ ရှိပြီး လတ်တလော ဖြစ်ပွားတဲ့ရောဂါအဖြစ် တွေ့ရတတ်ပါတယ်။ ဝေဒနာရှင်ဟာ ရောဂါလက္ခာများကို ပိုးဝင်ပြီး ရက်ပိုင်းလပိုင်းမှာ ခံစားရတတ်ပြီး အာရုံကြောစနစ်ကို လျှင်မြန်စွာ ထိခိုက်စေနိုင်ပြီး သေစေနိုင်တာကို တွေ့ရပါတယ်။

ဖြစ်ပွားမှုနှင့် ဖြစ်ပွားသည့်နိုင်ငံများကတော့ ပုံမှာ ပြထားတဲ့အတိုင်းဖြစ်ပါတယ်။


ရောဂါလက္ခဏာများ

ပထမအဆင့်
၁။ Tseses flies ကိုက်လိုက်တဲ့နေရာမှာ နာကျင်ခြင်း ၊
၂။ အကောင်ဝင်သွားတဲ့ နေရာမှာ နီရဲနေခြင်း ၊အနာဖြစ်ခြင်း ဖြစ်တတ်ပါတယ်။

ဒုတိယအဆင့် (သွေးတွင်းပျံ့နှံ့သောအဆင့်)
ဒီအဆင့်မှာတော့ Protozoa တွေဟာ သွေးထဲကိုရောက်သွားပြီဖြစ်တာမို့ ဖျားနာခြင်း၊ အပြင်းအထန်ခေါင်းကိုက်ခြင်း၊ အသားစိုင်များ နာကျင်ခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း စတဲ့ အခြားရောဂါတွေမှာ ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကို ခံစားရမှာဖြစ်ပါတယ်။
၂။ ပြန်ရည်ကျိတ်တွေ ကြီးလာတာကိုလည်းတွေ့ရတတ်ပြီး Trypnosoma ကြောင့် ပြန်ရည်ကျိတ်ကြီးခြင်းကို Winterbottom’s sign လို့ ခေါ်လေ့ရှိပါတယ်။
၃။ ယားယံခြင်း၊ အရေပြားပေါ်တွင် အကွက်များ အစက်အပျောက်များ ထွက်ခြင်း တို့ကိုလည်းတွေ့ရမှာဖြစ်ပါတယ်။

တတိယအဆင့် (ဦးဏှောက်နှင့် အာရုံကြောစနစ်ကို ထိခိုက်သော အဆင့်)
တတိယအဆင့်မှာတော့ ဦးဏှောက် အမြှေးပါးယောင်ခြင်း အဆင့်ဖြစ်တာမို့ ယင်းရဲ့လက္ခဏာများဖြစ်တဲ့
၁။ ခေါင်းကိုက်ခြင်း
၂။ နေ့အချိန်တွင် အလွန်အမင်း အိပ်ငိုက်ခါ ညအချိန်တွင် အိပ်မပျော်တတ်ခြင်း။
၃။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများဖြစ်တဲ့
၃.၁။ မူမမှန်တော့ခြင်း၊
၃.၂ ။ စိတ်တိုလွယ်ခြင်း သို့မဟုတ်စိတ်ဆတ်ခြင်း
၃.၃။ အာရုံစူးစိုက်၍ မရခြင်း
၎။ ဗလုံးဗထွေး စကားပြောခြင်း ၊ စကားပြောရာတွင် အခက်အခဲရှိခြင်း
၅။ လမ်းလျှောက်ရာတွင် အခက်အခဲရှိလာခြင်း
၆။ တက်ခြင်း
၇။ သတိကောင်းကောင်းမရတော့ခြင်း၊ သတိလစ်ခြင်းမှ coma အထိခံစား ရတာကို တွေ့ရမှာဖြစ်ပါတယ်။

ရောဂါရှာဖွေ စစ်ဆေးခြင်း
ရောဂါဖြစ်ပွားနိုင်တဲ့ နေရာ၊ ခရီးသွားရာဇ၀င် ပေါ်မူတည်ပြီး ကျွမ်းကျင်တဲ့ ကျန်းမာရေးဝန်ထမ်းမှ ဝေဒနာရှင်အား သေချာ စမ်းသပ်စစ်ဆေးခြင်းက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

Microscopy
အကောင်ကိုက်ခံရသောနေရာ၊ ပြန်ရည်ကျိတ်မှ စုတ်ယူထားသော အရည်၊ သွေး၊ ရိုးတွင်းချဉ်ဆီ သို့မဟုတ် ခါးဆစ်ရိုးမှ စုပ်ယူရရှိသောအရည် များကို အဏုကြည့်မှန်ပြောင်း (microscopy) တွင် တိုက်ရိုက်ကြည့်ခြင်းဖြင့်သော်လည်းကောင်း ၊ Giemsa ဟုခေါ်သော ဆိုးဆေးသုံး၍ သော်လည်းကောင်း သိရှိနိုင်ပါတယ်။ အဲဒီအခါမှာ အရွယ်အစားအားဖြင့် အနံ၁၄ မှ ၃၃ မိုက်ခရိုမီတာ နဲ့ အလျား ၁.၅ မှ ၃.၅ မိုက်ခရိုမီတာ ရှိတဲ့ Tryptosoma parasite များကိုတွေ့ရမှာ ဖြစ်ပေမယ့် Trypnosoma brucei gambiense နဲ့ Trypnosoma brucei rhodesiense စတဲ့ tryptosoma ရဲ့ မျိုးစိတ်များကိုတော့ ခွဲခြားလို့ရမှာ မဟုတ်ပါဘူး။

Antibody Detection
CATT လို့ခေါ်တဲ့ Card Agglutination Tryptosomiasis Test ကို Trypnosoma brucei gambiense ဖြစ်ပွားမှုနှုန်းကို စစ်ကြောခြင်းမှာ သုံးစွဲနိုင်မှာဖြစ်ပါတယ်

Cerebro Spinal fluid (ခါးဆစ်ရိုးမှ စုပ်ယူရရှိမည့် အရည်) မှတွေ့ရှိချက်များ
ဒါကိုတော့ African Trypanosomiasis ကို ရောဂါအတိအကျသိနိုင်ဖို့အတွက်နဲ့ သူရဲ့အဆင့်တွေ ခွဲခြားဖို့အတွက် သုံးလေ့ရှိပါတယ်။ ဥပမာအားဖြင့် တစ်မိုက်ခရိုလီတာမှာ သွေးဖြူဥ ၅ လုံးထက်များနေရင် ရောဂါအဆင့်သုံးကို စဉ်းစားပါမယ်။ ဒုတိယအဆင့်မှာတော့ သွေးဖြူဥဟာ ပုံမှန်ကနေ ၁၀၀ က နေ ၃၀၀ ထိရှိနေနိုင်ပါတယ်။
သွေးဖြူဥတွေကိုအများအပြားကိုလည်း ပုံစံအမျိုးမျိုးနဲ့တွေ့ရမှာဖြစ်ပြီး။ များသောအားဖြင့် ဘီအမျိုးအစား သွေးဖြူဥ (B cells) တွေကိုတွေ့ရမှာဖြစ်ပါတယ်။
အဲဒီအရည်မှာ Trypanosomes ( Tryptosoma ဘ၀ဖြစ်စဉ်ထဲမှ အဆင့်တခု) ကို တွေ့ရမယ်ဆိုတော့ အခြားဘယ်လို လက္ခဏာမှ မတွေ့ပဲ နေပါစေ ရောဂါအဆင့်သုံးကို စဉ်းစားမှာဖြစ်ပါတယ်။

ကုသနည်း
Sleeping sickness ကို ဖြစ်ပေါ်နေတဲ့ ရောဂါအဆင့်ပေါ်မူတည်ပြီး ကုသမှာဖြစ်ပါတယ်။ အဆင့် သတ်မှတ်ရာတွင်လည်း အချို့သော နေရာများတွင် ပထမအဆင့်ကို သွေးတွင်းသို့ Protozoa ရောက်သည့်အဆင့်ဟု သတ်မှတ်ပြီး အချို့သော နေရာများတွင် Tsese Fly ကိုက်ပြီးစတင်ဖြစ်ပေါ်သော အဆင့် (စာရေးသူအခု ခွဲခြားထားသကဲ့သို့) ဟူ၍ခွဲခြားလေ့ရှိတာကို တွေ့ရပါလိမ့်မယ်။ ယေဘူယျအားဖြင့် ယခုစာမူတွင် ဖော်ပြထားသော အဆင့်တစ်တွင် ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်မှုဟာ အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ပြီး Tryptosomiasis ကုသမှုတွင် သုံးစွဲသော ဆေးများကို ပေးလေ့မရှိသေးပါဘူး။

ဒုတိယအဆင့်
အာဖရိက အနောက်နိုင်ငံများတွင် ဖြစ်လေ့ရှိသော Tryptosomiasis ဒုတိယအဆင့် ကုသနည်း
ဒီရောဂါများတွင်တော့ Pentamidine လို့ခေါ်တဲ့ ၁၉၄၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ ဆေးတစ်မျိုးကို Trypnosoma brucei gambiense ကြောင့်ဖြစ်တဲ့ sleeping sickness မှာသုံးစွဲလေ့ရှိပါတယ်။ 10mg/kg /day ပမာဏဖြင့် ၁၀ ရက်သုံးစွဲမှာဖြစ်ပါတယ်။
အချို့သော နေရာများမှာ Eflonithine ဆိုတဲ့ဆေးကို 40mg/kg/day ပမဏအားဖြင့် တနေ့လျှင် လေးကြိမ်ခွဲခါ အကြောဆေးအဖြစ် ၁၄ ရက်တာ ပေးလေ့ရှိပါတယ်။

Trypnosoma brucei. rhodesiense ကြောင့်ဖြစ်တဲ့ sleeping sickness ကိုတော့ ၁၉၂၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ ဆေးတစ်မျိုးဖြစ်တဲ့ Suramin ၁ဂရမ် ကို ၁ရက်၊ ၃ ရက်၊ ၇ ရက်၊ ၁၄ ရက်နဲ့ ၂၁ ရက်မြောက်နေ့များမှာ သွေးပြန်ကြောအတွင်းသို့ ထိုးသွင်းခြင်းဖြင့် ကုသနိုင်ပါတယ်။ ပထမဆုံး ဆေးအကြိမ်ကိုတော့ ဆေးတည့်မတည့် စမ်းသပ်ပြီးမှ ပေးရမှာဖြစ်ပါတယ်။ Suramin ဟာ ယားယံခြင်းနဲ့ ဆီးလမ်းကြောင်းမှာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်တာမို့ သတိထားပြီး သုံးသင့်ပါတယ်။

တတိယအဆင့်
ဒီအဆင့်မှာတော့ ဝေဒနာရှင်ဟာ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများကို ခံစားနေရမှာဖြစ်ပါတယ်။
တတိယအဆင့်အတွက်တော့ ၁၉၄၁ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တဲ့ Melasoprol 2-3.6 mg/kg/day ကို အကြောတွင်းသို့ ပေးသွင်းခြင်းကို သုံးရက်ကြာပေးမှာဖြစ်ပါတယ်။ တပတ်ကြာတဲ့အခါ 3.6mg/kg/day ဆေးပမာဏကို ၃ ရက်ကြာပေးမှာဖြစ်ပြီး နောက်ထပ် ၁၀မှ ၂၁ ရက်ကြာတဲ့အခါမှ ထပ်မံပေးမှာဖြစ်မှာဖြစ်ပါတယ်။ Melarsoprol ဟာ တခါတရံမှာ ဦးဏှောက်ပိုင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေပြန်ပါတယ်။ ယခုအခါ အလယ်ပိုင်းအာဖရိကနိုင်ငံတွေမှာ နဲ့အချို့သောနေရာတွေမှာ Malarsoprol ကိုယဉ်ပါးနေတဲ့ Tryptosoma များကို တစစပိုမိုတွေ့ရှိလာတာကိုတွေ့ရပါတယ်။
Eflonithine ဆိုတဲ့ဆေးကို 40mg/kg/day ပမဏအားဖြင့် တနေ့လျှင် လေးကြိမ်ခွဲခါ အကြောဆေးအဖြစ် ၁၄ ရက်တာပေးလေ့ရှိပါတယ်။ Elorinithine ဟာ Melarsoprol ထက်စာရင် ဘေးထွက်ဆိုးကျိုးနည်းပေမယ့် ယင်းဆေးဟာ Tryptosoma gambiense တမျိုးတည်းအတွက်သာ ထိရောက်မှုရှိပါတယ်။ ၁၉၉၀မှာ စတင် စာရင်းသွင်းခဲ့တဲ့ Eflonithine ကို Melarsoprol ရဲ့အခြားအစားထိုး ဆေးအဖြစ်နဲ့သုံးစွဲ နိုင်ပေမယ့် အခက်အခဲရှိဆဲလို့ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးမှ အာဖရိကတိုက်မှ ရောဂါတစ်မျိုးဖြစ်တဲ့ African Trypanosomiasis သို့မဟုတ် sleeping sickness ကို ကုသနိုင်တဲ့ ကုထုံးသစ်ကို စတင်သုံးစွဲနေပြီဆိုတဲ့အကြောင်းကို ကျမမွန်းသက်ပန် ဘာသာပြန်သတင်းတို ရေးသားထားတာမို့ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက် ထိရောက်ပါတယ်။

African Tryptosomiasis ဟာ ရောဂါပိုးဝင်ရောက် နေပေမယ့်လည်း ရောဂါကျွမ်းမှသာ ဝေဒနာ လက္ခဏာများကို ပြသတတ်ကာ အသက်ဆုံးရှုံးသည်အထိ ဆိုးရွားနိုင်တဲ့ရောဂါဖြစ်တာမို့ ရောဂါမဖြစ်မှီကြိုတင်ကာကွယ်ခြင်း၊ စစ်ဆေးခြင်း များပြုသင့်ပါတယ်။ Tsetse flies ကိုက်ခြင်းမှ ထိုရောဂါပိုး ၀င်ရောက်တယ်လို့ သိရပေမယ့် အချို့သော ဒေသများမှာ Tsetse flies များရှိပေမယ့်လည်း African Trypanosomiasis ဖြစ်ပွားမှုမရှိခြင်းကိုတော့ ကျွမ်းကျင်သူများအနေဖြင့် ဖြေရှင်းချက် မတွေ့နိုင်သေးပါဘူး။ သို့ပေမယ့်လည်း ရောဂါဖြစ်ပွားနိုင်တဲ့ နေရာများမှာ နေထိုင်သူများ၊ နယ်လှည့်ခရီးသွား လာသူများအနေဖြင့်လည်း ထိုရောဂါပိုးကို သယ်ဆောင်တဲ့ ယင်ကောင်တစ်မျိုးဖြစ်တဲ့ Tsetse flies အကိုက်ခံရခြင်းမှ ကာကွယ်ဖို့ ကလည်းအရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။

မူရင်းနှင့် မှီငြမ်း
1. WHO. WHO rolls out new combination treatment for sleeping sickness. Geneva: WHO; 2009 [cited 2009 09 November ]; Available from: http://www.who.int/neglected_diseases/disease_management/new_sleeping_sickness_treatment/en/index.html.
2. University Mahidol. African Tryptosomiasis. In: Tropical Medicine MU, editor. Thailand,2008-2009.
3. WHO. African trypanosomiasis (sleeping sickness). 2006; Available from: http://www.who.int/mediacentre/factsheets/fs259/en/.


Read More...

Wednesday, March 10, 2010

ခံတွင်းအနံ့နံခြင်း နှင့် ဖြေရှင်းနည်းများ



ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath ပေါ့။ Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။


များသောအားဖြင့် ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက သတိထားမိပေမယ့် အားနာလို့ ဖြစ်စေ ရှက်လို့ ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အင်း သည်းခံပြီး နေလေ့ရှိတတ်ကြတယ်။ အရမ်း ရင်းနှီးတဲ့ သူငယ်ချင်းက ဖြစ်စေ မိသားစုဝင်တစ်ယောက်ယောက်က ဖြစ်စေ ပြောသောကြောင့်သာ သူတို့ သတိထားမိတတ်ကြပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရတော့ ကျွန်တော်တို့ အားလုံးနည်းပါးဟာ ဘ၀ရဲ့ တစ်ချိန်ချိန်မှာတော့ ပါးစပ်နံတာ ဖြစ်ခဲ့ဖူးပါလိမ့်မယ်တဲ့။ တခါတလေကျတော့လည်း ပင်ကိုက ပါးစပ်မနံပေးမယ့် အနံ့ပြင်းတဲ့ အစာတွေ ဥပမာ။ ။ ကြက်သွန်ဖြူကဲ့သို့ သော အစာတွေကို စားမိပြီး အနံ့ထွက်တာမျိုးလည်း ရှိတတ်ပါတယ်။ နံတယ်မနံဘူးဆိုတာက ဓလေ့ထုံးစံနဲ့လည်း ဆိုင်သေးတယ်။ တချို့ကျတော့ ဆေးလိပ်သောက်လို့ အနံ့နံတာမျိုး။ သူတို့အချင်းချင်းတော့ မနံဘူးပေါ့။ ဘေးက ဆေးလိပ်မသောက်တဲ့သူကသာ အနံ့မခံနိုင်တာ။ ဆေးလိပ်သောက်ခြင်းဟာ ခံတွင်းနံ့ နံခြင်းရဲ့ တရားခံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကြောင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးေ၇ာင်ခြင်း တို့ကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။

ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ပါးစပ်နံ့ခြင်းအတွက် အကောင်းဆုံး ကာကွယ်နည်းတစ်လက် ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူအများစုဟာ အဆိုပါ အခြေအနေမှ သက်သာသွားတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်တာတောင်မှ မသက်သာဘူးဆိုရင် ခံတွင်း အတွင်းမှ ဖြစ်စေ ခန္ဓာကိုယ် အတွင်းမှ ဖြစ်စေ ရောဂါ တစ်ခုခုရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့မှ အဆင်မပြေပါက တတ်ကျွမ်းသည့် ဆရာဝန်တို့နှင့် ပြသစေလိုပါတယ်။

ခံတွင်း အနံ့ဆိုးခြင်းဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။
ခံတွင်းအနံ့ဆိုးအောင် ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း

သွားပညာရှင်တွေရဲ့ ပြောဆိုချက်အရ ခံတွင်း အနံ့ထွက်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခံတွင်း သန့်ရှင်းမှု အားနည်းခြင်းကြောင့် ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့ စားလိုက်တဲ့အစာတွေကို ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက ချေဖျက်နိုင်ပါတယ်။ သို့သော် ဘယ်သူမှ အစာတစ်လုပ်ကို ပါးစပ်ထဲမှာ စက္ကန့်ပိုင်းထက် ပိုပြီး ငုံမထားတဲ့အတွက် မသိသာပါဘူး။ ပါးစပ်ထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့ရင်တော့ ဘက်တီးရီးယားတွေအတွက် ရိက္ခာတစ်လက်ဖြစ်လာပါတော့တယ်။ အစာကို ချေလိုက်ရင် hydrogen sulphide ဆိုတဲ့ ဓာတ်ငွေ့တစ်မျိုးကို ထုတ်လွှတ်ပါတယ်။ သူကမှ အနံ့ နံစေတာပါ။ ၎င်းဓာတ်ငွေ့ကို ကြက်ဥပုပ်တွေမှာလည်း တွေ့ရတတ်ပြီး ပုပ်အက်အက်အနံ့ကို ဖြစ်ပေါ်စေပါတယ်။

နောက်တစ်ချက်က ဘက်တီးရီးယားတွေဟာ အစာဟောင်းတွေနဲ့ ပူးပေါင်းပြီး သွားတွေနဲ့ သွားဖုံးပေါ်မှာ သွားချေးလို့ ခေါ်တဲ့ အဖြူရောင် (သို့) အရောင်မရှိတဲ့ အဖတ်ကလေးတွေကို ဖြစ်စေပါတယ်။ ပမဏနည်းပါးရင် အရောင်မဲ့တတ်ပြီး များပြားလာပါက အဖြူေ၇ာင် အဖတ်တွေအဖြစ် တွေ့မြင်ရတတ်ပါတယ်။ သွားကို နှံအောင် မတိုက်ပါက ၎င်းအဖတ်များသွားကြားနှင့် ပါးစောင်တို့တွင် တင်ကျန်နေတတ်ပါတယ်။ အဆိုပါ သွားချေးများသည် သွားဖုံးေ၇ာင်ခြင်းကို ဖြစ်ပေါ်စေပြီး အနံ့ဆိုးများကို ထုတ်လွှတ်နိုင်ပါတယ်။

သွားဖုံးရောင်ခြင်း (http://news.sky.com/sky-news/content/StaticFile/gif/2008/Apr/Week2/1668667.gif)

သွားတုသန့်ရှင်းမှု အားနည်းခြင်း

သွားအတု အံပုံအတု အသုံးပြုသူများသည် ၎င်းတို့ကို ပုံမှန်သန့်ရှင်းအောင် ဆေးကြောခြင်း မရှိပါက ဘက်တီးရီးယားများ ပေါက်ပွားပြီး အနံ့ဆိုးများ ထွက်နိုင်ပါသည်။

ref: http://www.indecisionforever.com/files/2009/05/dentures_photo3.jpg

ပါးစပ်ခြောက်ခြင်း
ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို တံတွေးလို့ခေါ်တဲ့ saliva က အမြဲတမ်း စိုစွပ်ပြီး သန့်ရှင်းနေအောင် ပြုလုပ်ပေးနေပါတယ်။ အကယ်၍ အကြောင်းကြောင်းကြောင့် ပါးစပ်ခြောက်နေပါက အရေပြားမျက်နှာပြင်ရှိ အညစ်အကြေးများနှင့် dead cell များကို မဖယ်ရှားနိုင်တော့ပေ။ ထိုအခါ ပါးစပ်နံတတ်ပါသည်။ ရေသောက်နည်းခြင်းကလည်း ပါးစပ်ခြောက်ခြင်းကို အားပေးပါသည်။ အထူးသဖြင့် ယခုလို ပူအိုက်သည့် ရာသီဥတုတွင် ရေခဏခဏ သောက်ပေးခြင်းဖြင့် ပါးစပ်အတွင်း စိုစွပ်မှုကို ထိန်းသိမ်းထားနိုင်ပါသည်။

ref: http://www.cartoonstock.com/newscartoons/cartoonists/mbc/lowres/mbcn994l.jpg

အစားအသောက်ကြောင့် ပါးစပ်နံခြင်း
ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အချို့သော မဆလာမှုန့်များသည် စားလိုက်ပါက ပါးစပ်နံ ခြင်းကို ဖြစ်ပေါ်စေပါသည်။ အရက်နှင့် ကော်ဖီသည်လည်း အနံ့ဆိုးစေတတ်ပါသည်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများသည် အသီးအရွက်ထက် အသားကို ချေဖျက်ပါက အနံ့ဆိုးသော ဓာတ်ငွေ့များကို ပိုထုတ်ပေးလေ့ရှိသည်။ ထို့ကြောင့် သွားကြားတွင် အသားစများ ကျန်ခဲ့ခြင်းသည် အရွက်စများကျန်ခဲ့ခြင်းထက် အနံ့ဆိုးခြင်းကို ပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။

ဆေးများ

အချို့သော ကြာရှည်စွဲသောက်ရသည့် ဆေးများသည် ခံတွင်း ခြောက်ခြင်း နှင့် တံတွေးအထွက်နည်းခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုအခါမျိုးတွင်လည်း ပါးစပ်နံနိုင်ပါသည်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်အငွေ့သက်သက်ကြောင့် တော့ ပါးစပ်မနံတတ်ပါ။ သို့သော် ဆေးလိပ်သည် ပါးစပ်ခြောက်ခြင်းကို အားပေးသလို သွားနှင့် ခံတွင်း ကျန်းမာရေးကိုလည်း အားနည်းစေပါသည်။ ထို့ကြောင့် တိုက်ရိုက်မဟုတ်သော်လည်း သွယ်ဝိုက်သောနည်းအားဖြင့် ပါးစပ်နံခြင်းကို ဖြစ်စေနိုင်ပါသည်။



ခံတွင်း အနံ့နံနိုင်သောရောဂါနှင့် ကျန်းမာရေးအခြေအနေများ
  • အာသီးရောင်ခြင်း
  • ဆီးချို (uncontrolled)
  • အဆုပ်ပွ ရောဂါ၊ လေပြွန်ရောင်ရောဂါနှင့် နာတာရှည်အဆုပ်ရောဂါများ
  • ထိပ်ခပ်နာ
  • အစာအိမ်ရောင်ခြင်း
  • အမျှင်ဓာတ်နှင့် ကဆီဓာတ်အစားနည်းပြီး အသား အစားများခြင်း
  • နာတာရှည် အသည်းရောဂါသည်များ
  • နာတာရှည် ကျောက်ကပ်ရောဂါသည်များ
  • အချို့သောကင်ဆာများ ဥပမာ။ ။ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ နှင့် အစာရေမျိုကင်ဆာ
ခံတွင်း အနံ့နံခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲ။

ခံတွင်း သန့်ရှင်းရေးနှင့် ကျန်းမာေ၇း

ပါးစပ်နံတယ်ဆိုတာ ဆေးခန်းသွားပြီး ကုသလို့ရတဲ့ အခြေအနေမျိုး မဟုတ်ပါ။ ဆေးဆိုင်မှ ဆေးဝယ်သောက်လို့လည်း ပျောက်မည်မဟုတ်။ ဆေးဆိုင်များတွင်လည်း ခံတွင်းအနံ့ပျောက်ဆေးဆိုပြီး ကြော်ငြာထားသော ငုံဆေး ၊ ပလုပ်ကျင်းဆေးနှင့် သောက်ဆေးများကို တွေ့ဖူးပါလိမ့်မယ်။ အဆိုပါဆေးများသည် ခံတွင်းအနံ့ကို ယာယီသာ ကောင်းအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ပုံမှန်သွားတိုက်မည် သွားကြားထိုးမည်ဆိုပါက ခံတွင်းအနံ့ထွက်ဖို့ သိပ်မဖြစ်နိုင်တော့ပေ။
သွားတိုက်ရာတွင် တစ်နေ့ကို အနည်းဆုံး ၂ကြိမ်တိုက်ဖို့လိုသည်။ သွားတိုက်ဆေးသည် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့် ချိုရဲရဲ သွားတိုက်ဆေးများ မဟုတ်ဘဲ floride ပါဝင်သည့် အရသာမရှိသည့် သွားတိုက်ဆေးများသာ အကောင်းဆုံးဖြစ်ပါသည်။ သွားတိုက်တံတွင် ပျော့ပျောင်းသည့် အမွှေးလေးများပါဝင်ရမည်ဖြစ်ပြီး အတိုအရှည်မတူညီပါက ပိုကောင်းသည်ဟု ဆိုကြသည်။ သွားတိုက်တံတစ်ချောင်းကို တိုက်လာလိုက်တာ လူမှန်းသိကတည်းကနေ ဘွဲ့ရသည်အထိ ဆိုတာမျိုးလည်း ရှောင်ကြဉ်ရမည်။ ၃ လတန်သည် ၄ လတန်သည်တွင် တစ်ကြိမ်မျှ သွားတိုက်တံအသစ်တစ်ချောင်း ဖြင့် လဲလှယ်ပေးရမည် ဖြစ်သည်။ သွားတစ်ခါတိုက်ပါက အနည်းဆုံး ၂ မိနစ်ခန့်ကြာရမည် ဖြစ်သည်။ သွားတိုက်ပြီးပါက သွားပွတ်တံဖြင့် ဖြစ်စေ၊ လျှာပွတ်တံဖြင့် ဖြစ်စေ လျှာကို ရွရွကလေး ပွတ်၍ သန့်ရှင်းရေး လုပ်ပေးရပါမည်။ စနစ်တကျသွားတိုက်နည်း နှင့် သွားကြားထိုးနည်းကို အောက်ပါပုံများမှတဆင့် ကြည့်ရှုနိုင်ပါသည်။

ref: http://www.lacamasdental.com/images/brush_teeth.jpg

ref: http://www.lacamasdental.com/images/floss.jpg

အခြားသောနည်းလမ်းတွေကတော့....

အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။ ထိုအခါ စားကြွင်းစာကျန်များ သွားများအတွင်း၌ တင်ကျန်ခြင်းကို ကာကွယ်ပေးပါသည်။

အကယ်၍ ပလုပ်ကျင်း၍ အဆင်မပြေပါက ပီကေ၀ါးပါ။ ပီကေကို ပါးစပ်အတွင်းနှံ့အောင် ၀ါးပါက ပါးစပ်အတွင်းမှ တံတွေးများပါထွက်လာပြီး ခံတွင်း သန့်ရှင်းခြင်းကို အားပေးပါသည်။

မိမိစားမည့်အစာကို သတိထားပါ။ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ရမည့်အချိန်မျိုးတွင် ခံတွင်းနံစေသော အစားအစာများကို ရှောင်ကြဉ်ပါ။

ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ သို့သော် မရှောင်နိုင်ပါက သွားဆရာဝန်နှင့် ပုံမှန်ပြသကာ သွားနှင့် သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပါ။

Reference

http://www.medicalnewstoday.com/articles/166636.php

Written by Christian Nordqvist

ဘာသာပြန်သူ - ဇီဝက (ဆေး-၂)

Read More...

Monday, March 8, 2010

မီးသတိပြု-၂


မီးသတိပြု (၂) အဖြစ် လျှပ်စစ်ဝါယာကြိုး အင်ဗာတာ နှင့် မီးအားမြှင့်စက်တွေအကြောင်းရေးပါမယ်။ ဒီအကြောင်းအရာတွေက ကျန်းမာရေးနဲ့ မဆိုင်ပေမယ့် လူတိုင်းသတိထားသင့်တဲ့ အချက်တွေ ဖြစ်တဲ့အတွက် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ အများစု သုံးကြတဲ့ ၀ါယာကြိုးတွေဟာ တရုတ်ကလာတဲ့ ကြိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်သူမှ quality check လုပ်မထားသလို လျှပ်ကူးအားလည်း နည်းပါးတတ်ပါတယ်။ quality ကောင်းတဲ့ကြိုးတွေကတော့ ဈေးကြီးတဲ့အတွက် ငွေကြေးတတ်နိုင်သူတွေပဲ တတ်ဆင်နိုင်လိမ့်မယ် ထင်ပါတယ်။ မီးကြိုးတွေ လျှပ်ကူးအား နည်းပါးခြင်းရဲ့ ရလဒ်ကတော့ ဗို့အား အများကြီးကို မသယ်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ သယ်ဆောင်ရရင်လည်း အလွန်အမင်းပူလာတာကို တွေ့ရတယ်။ ငယ်ငယ်တုန်းက အိမ်က အဒေါ်တစ်ယောက် မီးပူတိုက်တာကို တရုတ်ကလာတဲ့ မီးခွေကို အသုံးပြုပြီး တိုက်နေတာ၊ မျက်စိရှေ့မှာတင် မီးခွေက အငွေ့တွေ ထွက်လာပြီး အရည်ပျော်သွားလို့ ပလက်ပေါက်ကနေ ချက်ချင်းဖြုတ်ပစ်ရဖူးတယ်။ အဲဒီလို ဖြစ်လာရင် မီးဘေးအန္တာရယ် ရှိပါတယ်။ အဲဒီတော့ heavy duty အလုပ်တွေ ဖြစ်တဲ့ မီးပူတိုက်ခြင်း၊ hot plate နဲ့ ကြိုးတွေ အများကြီးထိုးမယ်ဆိုလို့ရှိရင် တရုတ်မီးကြိုး extension အခွေများကို မသုံးဘဲ လုံခြုံစိတ်ချရတဲ့ အမျိုးအစားများကို သုံးသင့်ပါတယ်။ နောက်တစ်ချက်က မီးကြိုးတွေ ကို ပူးပြီး ချီထားခြင်းဖြစ်ပါတယ်။ မီးကြိုးတိုင်းဟာ အမျိုးအစားကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပူတတ်ပါတယ်။ အရေအသွေးညံ့ဖျင်းတဲ့ မီးကြိုးတွေကို ပူးထားလို့ကတော့ အရည်ပျော်ပြီး short circuit ဖြစ်ကာ မီးလောင်နိုင်ပါတယ်။




ဒုတိယအချက်ကတော့ မီးပျက်သွားရင် သတိထားဖို့ပါ။ လူတော်တော်များများက မီးအားမြှင့်စက်တွေ သုံးနေကြပြီး သတိနဲ့ သုံးတတ်လာပါတယ်။ အဲဒီတော့ အင်ဗာတာတို့ မီးအားမြှင့်စက်တို့ကနေ မီးလောင်ခြင်းများ နည်းပါးလာပါတယ်။ သို့သော် အိမ်တံခါးပိတ်ပြီး သွားရသည့်အခါမျိုး မီးကလည်း ညကတည်းက ပျက်နေသည့်အခါမျိုးတွင် မီးအားမြှင့်စက်ချဖို့ သတိမေ့နေတတ်ပါတယ်။ မီးအားမြှင့်စက်တွေက ပူလာပြီး မီးစလောင်နိုင်ပါတယ်။ နောက်တစ်ခါ မီးပျက်သွားတဲ့အခါမျိုးတွေမှာ မီးပူတွေကို ဖွင့်မထားမိဖို့ အထူးသတိထားသင့်တယ်။

လျှပ်စစ်မီးကို ဘယ်လိုသတ်မလဲ။

ကဲ ၀ါယာရှော့ ဖြစ်ပြီး မီးလောင်ပါပီတဲ့။ ကိုယ့်ရှေ့မှာ ဖြစ်နေတာ။ ကိုယ်သာ သတ်နိုင်ရင် အချိန်မှီ မပြန့်အောင် တားနိုင်သေးတယ်ဆိုရင် ဘာလုပ်မလဲ။ အထူးဂရု ပြုရမှာကတော့ ၀ါယာကနေစပြီး လောင်တဲ့မီးကို ရေမလောင်းဖို့ပါ။ မီးသတ်ကားကနေ ရေဖြန်းပြီး မီးငြိမ်းတယ်ဆိုတာက အဝေးကနေ သတ်တာလေ။ ကိုယ်က လည်း ရေစိုနေမယ်။ ၀ါယာဆီကိုလည်း ရေနဲ့ ပက်လိုက်မယ်ဆိုရင် ဓာတ်လိုက်နိုင်ပါတယ်။ ထို့ကြောင့် တိုက်တာအဆောက်အအုံများတွင် မီးသတ်ဆေးဘူးများ အဆင်သင့်ရှိဖို့ လိုလာပါတယ်။ မီးသတ်ဆေးဘူးသည်သာ အသင့်တော်ဆုံးပါ။ ဒါကြောင့် မီးသတ်ဆေးဘူးတွေကို ပုံမှန်စစ်ဆေးနေဖို့လည်း လိုတယ်။
အရင်ဆုံး မိန်းချထားပြီး လျှပ်စစ်မှန်သမျှကို ဖြတ်တောက်ရပါမယ်။ ဒါမှလည်း မီးလောင်စေတဲ့ အကြောင်းက ရပ်သွားမှာလေ။ လောင်လက်စမီးကို သတ်ရုံပဲ ကျန်တော့မယ်။ ရေနဲ့ သတ်ချင်ရင်တော့ ရပါတယ်။ လျှပ်စစ်ဓာတ်မရှိတော့ဘူး ဆိုတာ သေချာရင်တော့ ရေနဲ့ သတ်လို့ရပါတယ်။ ရေမရှိရင် သဲနဲ့ ပက်လည်းရပါတယ်။ မည်သည့် အရာဖြင့် မီးသတ်သည် ဖြစ်စေ မီညွှန့်ကို မသတ်ဘဲ မီးစလောင်သည့်နေရာ (အရင်း)ကို ဦးတည်ပြီး ပက်ဖျန်းရန် လိုအပ်သည်။ သို့မှသာ မီးသတ်ခြင်းအမှုသည် ထိရောက်မည် ဖြစ်သည်။

မိန်းကလည်း ချလို့မရ။ အနားတွင်လည်း သတ်စရာ ရေတို့ မီးတို့ မရှိပါက မည်သို့လုပ်မည်နည်း။

အနားတွင် လောင်ကျွမ်းနိုင်သည့် အရာမှန်သမျှကို မီးလွတ်ရာသို့ ဖယ်ထားသင့်သည်။ အထူးသဖြင့် လောင်စာဖြစ်စေ ဆီ ရှိပါက ဆီ ဗုံးများ gas အိုးများကို နေရာအရင် ရွေ့သင့်သည်။ မီးကို မည်သို့မျှ ငြိမ်းသက်ရန် မဖြစ်နိုင်ပါက မကြိုးစားတော့ဘဲ အသက် အန္တာရာယ် ကင်းရာသို့ ထွက်ပြေးသင့်ပါသည်။

Read More...

Saturday, March 6, 2010

Sleeping with bra


အတူတူ မအိပ်သင့်ဘူးဆိုတဲ့ အကြောင်းအရာတွေကို ရေးထားတဲ့ အီးမေးလ် ဖတ်ဖူးကြမှာပါ။ မျက်ကပ်မှန် ဝတ်ပြီး မအိပ်သင့်တာတွေ၊ လက်ကိုင်ဖုန်းကို အိပ်ရာအနားမှာ မထားသင့်တာတွေ၊ လက်ပတ်နာရီဝတ်ပြီး မအိပ်သင့်ကြောင်း၊ သူများ သားမယားနဲ့ ဖောက်ပြားဖို့ မအိပ်သင့်ကြောင်းတွေ ပါတဲ့ အီးမေးလ်လေးပေါ့။ ဘယ်သူရေးမှန်း မသိတဲ့ အဲဒီစာကို ဟိုလူက ပို့၊ ဒီလူက ပို့နဲ့ အွန်လိုင်းကမ္ဘာမှာ ကူးချီသန်းချီ လုပ်နေတာ ကြာလှပါပြီ။ အဲဒီ အီးမေးလ်ထဲမှာပဲ မိန်းခလေးတွေ မိတ်ကပ်လိမ်းပြီး မအိပ်သင့်ကြောင်းနဲ့ ဘရာစီယာ ဝတ်ပြီး မအိပ်သင့်ကြောင်း ဆိုတာတွေလည်း ပါသေးတယ်။ အမေရိကန်က ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ တစ်ရက်မှာ ၁၂ နာရီထက် ကျော်လွန်ပြီး ဘရာစီယာ ဝတ်ထားရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ်လို့ အဲဒီအီးမေးလ်ထဲမှာ ရေးထားပါတယ်။

မနေ့ညက တစ်ယောက်သောသူနဲ့ ဖုန်းပြောနေရင်း အမှတ်မထင် အဲဒီကိစ္စကို ငြင်းကြသေးတယ်။ ဘရာ ဝတ်အိပ်ရင် ရင်သားကင်ဆာ ဖြစ်မယ်လို့ ရေးထားတဲ့ အီးမေးလ်ကြီးကို ဖတ်ထားမိတော့ ကျွန်တော်လည်း သူ့အတွက် စိုးရိမ်မိတာပေါ့။ ကင်ဆာဆိုတာက သိတဲ့အတိုင်း လူနာရော လူနာရှင်ရော သူငယ်ချင်းတွေရော စိတ်ညစ်စေဖို့ အရမ်းကောင်းတယ်။ ဒီလိုနဲ့ပဲ ဂျီစီဘီအေ တွဲရေးခွဲရေး အမြင်မတူသလိုမျိုး မိန်းခလေးတွေ ဘရာစီယာ ဝတ်ပြီး အိပ်လို့ ရမရ အငြင်းပွါးစရာ ကိစ္စလေးတစ်ခု ဖြစ်လာတယ်။



အဲဒီတော့လည်း အင်တာနက်မှာ ဟိုဟိုဒီဒီ ရှာဖွေ ဖတ်ရှုရတာပေါ့။ တွဲရေးခွဲရေး လိုမျိုးပါပဲ။ တွဲသင့်တယ်လို့ ရေးတဲ့သူလည်း ရေးပါတယ်။ ခွဲသင့်တယ်လို့ နှိုးဆော်တဲ့သူလည်း နှိုးဆော်ပါတယ်။ တွဲချင်တွဲ ခွဲချင်ခွဲ ဆိုတာတွေလည်း ရှိပါတယ်။ ဖတ်နေရင်းနဲ့ လူလည်း ချာချာလည်သွားတယ်။ အဲဒီတော့ ဒီကိစ္စကို အွန်လိုင်းမှာ အစုံသုပ်မော မအယ်လ်နဲ့ တွေ့လို့ လှမ်းမေးကြည့်သေးတယ်။ သူလည်း အိုဂျီ မဟုတ်လေတော့ တိတိပပ မဖြေတတ်ဘူးတဲ့။

ဖတ်မိသလောက်ထဲက ကောင်းနိုးရာရာလေးတွေကို ပျိုမေတို့အတွက် မျှဝေပေးချင်ပါတယ်။ ပျိုမေတို့အတွက် ဆိုလို့ အိုမေမေတွေက စိတ်မကောက်ကြပါနဲ့။ ယူသော် ရ၏... လို့ သဘောထားပြီး ယူလိုသမျှကို ယူကြပါ။ မိန်းခလေးတွေအတွက် ဦးတည်ရေးထားတဲ့ စာတွေကို ဝေမျှတာဖြစ်လို့ ဦးဦးကိုကိုညီညီ ကာလသားများ မျက်စိရှက်ရင် ကျော်ဖတ်သွားကြပါလို့ ပြောရင်လည်း မကျော်တဲ့အပြင် တစ်လုံးချင်း တစ်ကြောင်းချင်းကို အပ်ကျမတ်ကျ ဂရုတစိုက် ဖတ်ရှုနေမှာကိုလည်း မြင်မိပါတယ်။ အလွတ်ကျက်မယ့်သူတောင် ရှိနိုင်ပါတယ်လေ။

မိန်းခလေးတွေ ဘရာဝတ်ချင်တဲ့ အကြောင်းပြချက်က နှစ်မျိုးရှိနိုင်ပါတယ်။ ကလေးဘဝကနေ အပျိုဘဝကို ရောက်လာတဲ့ ရင်ဖိုမှုနဲ့အတူ ဘရာကို စ ဝတ်ခဲ့ကြပါတယ်။ ဘရာကို စ ဝတ်နိုင်ပြီဆိုတာက လူကြီးဖြစ်ပြီ အရွယ်ရောက်ပြီပေါ့။ အဲဒီရင့်ကျက်မှုအတွက် စိတ်ထဲမှာ မသိမသာလေး လက်မထောင် ဂုဏ်ယူကြပါတယ်။ အဲဒီ ဂုဏ်ယူမှုကို မရပ်လိုက်ချင်တဲ့ ဆန္ဒတွေနဲ့အတူ ဘရာကို အမြဲတမ်း ဝတ်ချင်နေတတ်ပါတယ်။

နောက်တစ်ချက်က မြီးကောင်ပေါက်စ အပျိုဖြန်းလေးတွေဟာ ရှက်တတ်ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲလာတဲ့ အပေါ်မှာလည်း ရှက်သွေးဖြာကြပြန်တယ်။ ခန္ဓာကိုယ်ရဲ့ တချို့သောအပိုင်းတွေမှာ ပြောင်းလဲလာတဲ့ အရွယ်အစားတွေ ပုံစံတွေကို တခြားလူတွေ သတိထား မြင်သွားမှာကို စိုးထိတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘရာကို တစ်နေ့မှာ ၂၄ နာရီပတ်လုံး တစ်ပတ်မှာ ခုနစ်ရက်လုံး ဝတ်ဆင်ထားလေ့ ရှိပါတယ်။ မီးပဲလောင်နေ လောင်နေ၊ မုန်တိုင်းပဲ ဝင်နေဝင်နေ... ဘယ်လို အခြေအနေမျိုးကို ကြုံတွေ့နေပါစေ။ အဲဒီလို ဘရာ ဝတ်ထားရရင် သူတို့ရဲ့ စိတ်ထဲမှာ အရှက်တရားအတွက် လုံခြုံမှု ရှိနေပါတယ်။

တချို့မိန်းခလေးတွေအနေနဲ့ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာဟာ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာ မှားတဲ့ကိစ္စတော့ မဟုတ်ပါဘူးတဲ့ဗျာ။ ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့ ဘရာကို ဝတ်ပြီး အိပ်တာ ဆိုရင်ပေါ့လေ။ အသက်ရှုကျပ်လောက်တဲ့ ဘရာတွေတော့ နေ့ဘက်လည်း မဝတ်သင့်သလို ညမှာလည်း မဝတ်သင့်ပါဘူး။ ရင်သား နာကျင်နေတဲ့ အမျိုးသမီးလူနာတွေကိုတောင် တချို့ဆရာဝန်တွေက ဘရာ ဝတ်ပြီး အိပ်ဖို့တောင် အကြံပေးပါသေးတယ်။ ညအိပ်တဲ့အခါ ဘယ်လို ဘရာ အရွယ်အစားမျိုး ဝတ်ဆင်သင့်သလဲ ဆိုတာကိုတော့ ပြောင်းလဲနေတတ်တဲ့ ကိုယ့်အရွယ်အစားကို တိုင်းတာပြီး ဆိုင်မှာ သေချာ ရွေးချယ်ကြပေါ့။

အွန်လိုင်းလောကမှာတော့ ဘရာဝတ်အိပ်တာနဲ့ ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုး အမျိုးစုံကို ရေးထားတဲ့ ယုံတမ်းစကားတွေကို ဖတ်ဖူးကြမှာပါ။ တကယ့်လက်တွေ့မှာတော့ အဲဒီယုံတမ်းစကားတွေနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ ရှာဖွေဖော်ထုတ် သက်သေပြထားတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။ ဘရာ ဝတ်ပြီး အိပ်လို့ မိန်းခလေးတွေရဲ့ ရွှေရင်နှစ်မွှာ ပိုပြီးလှပတင့်တယ်လာမယ် ဆိုတာလည်း အာလူးတွေပါပဲ။ ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး ပင့်တင့်ပေးထားတဲ့ ဘရာကြောင့် ရင်သားတွေ ပျော့အိတွဲကျလာတာကို ကာကွယ်တယ် ဆိုတာတွေလည်း မဟုတ်ပါဘူး။ ရင်သားတွေ ပျော့အိတွဲကျလာတာ အသက်အရွယ်ကြောင့်နဲ့ ကိုယ်ဝန်ဆောင်တာတွေနဲ့ပဲ ပတ်သက်ပါတယ်။ အဲဒီလိုပဲ ဘရာဝတ်ပြီး အိပ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ် ဆိုတာလည်း သက်သေပြစရာ မရှိသေးပါဘူး။ ဘရာ ဝတ်အိပ်လို့လည်း မိန်းခလေးတွေရဲ့ ရင်သား ဖွံ့ဖြိုးကြီးထွားမှုကို ရပ်တန့်စေတယ်ဆိုတာလည်း မမှန်ပြန်ပါဘူး။

အကောင်းဆုံးကတော့ ပေါ့ပါးချောင်ချိတဲ့ ဘရာစီယာမျိုးကို ဝတ်ပြီး အိပ်ပေါ့။ တချို့သော ညအိပ်ဝတ်တဲ့ ဝတ်စုံအပေါ်ပိုင်းမှာလည်း အသင့်ချုပ်ထားတဲ့ ဘရာတွေ တွဲပါတာမျိုး ရှိပါတယ်။ ဘယ်လိုဟာမျိုးပဲ ဖြစ်ဖြစ်ပါ။ ညအိပ်ဝတ်ဖို့ ရွေးချယ်တဲ့ ဘရာဟာ ကျပ်ထုပ်နေတဲ့ ဘရာမျိုး မဟုတ်ရင် အဆင်ပြေပါပြီ။ ရင်သားထဲကို သွေးလည်ပတ် စီးဆင်းမှုနေတာ အနှောင့်အယှက် မဖြစ်ရအောင်ပေါ့။ မိန်းခလေးတွေ ဘရာကို ဝတ်ပြီး အိပ်ရာဝင်တဲ့ ကိစ္စမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိခိုက်စေနိုင်တာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဝတ်ထားတဲ့ ဘရာက သက်တောင့်သက်သာ မရှိလို့ ညဘက် အိပ်မရတာမျိုး ဖြစ်စေတာပါပဲ။

ကဲ... အခုက စပြီး ကျွန်တော် နားလည်လိုက်ပါပြီ။ ဘရာနဲ့အတူ အိပ်ချင် အိပ်.. မအိပ်ချင်လည်းနေ... အရာရာ မင်းပါ မေ... ပါကွယ်။

အရာရာ မင်းပါ မေ...

Read More...

Saturday, February 27, 2010

မီးသတိပြု-၁

အခု ပွင့်လင်းရာသီ (ပူအိုက်ရာသီ) ရောက်လာတာနဲ့အမျှ ရန်ကုန်မှာ မီးလောင်တဲ့သတင်းတွေကလည်း ဆက်တိုက်ကြားနေရတယ်။ အဲဒီတော့ ကိုယ့်ဘက်က တတ်နိုင်သလောက် အားဖြည့်တဲ့အနေနဲ့ မီးလောင်ရင် လုပ်ဆောင်ရမယ့် အချက် ကလေးတွေကို post ၂ ပုဒ် ၃ ပုဒ်လောက် ရေးဖို့ စိတ်ကူးထားပါတယ်။ အခု ပထမဆုံး တင်ပြချင်တာကတော့ ဆီကြောင့် လောင်တဲ့မီးကို ဘယ်လို သတ်မလဲ ဆိုတာပါ။ ဆီဆိုလို့ ဓာတ်ဆီ လို ဟာမျိုးကို ပြောတာမဟုတ်ပါဘူး။ ဟင်းချက်တဲ့ ဆီကို ပြောတာပါ။ ဟင်းချက်တဲ့ဆီမို့လို့ မလောင်တတ်ဘူးမထင်ပါနဲ့။ သူကလည်း မီးနဲ့ တိုက်ရိုက်ထိလိုက်ရင် တော်တော်အန္တာရယ်များတဲ့အထဲမှာ ပါဝင်ပါတယ်။ သူက အရည်ဆိုတော့ လွင့်စင်ဖို့လွယ်ကူပြီး ထိတာ မှန်သမျှကို လောင်စေမှာ အမှန်ပဲ။

မီးဖိုချောင်ထဲမှာ မီးမလောင်အောင် ကာကွယ်ချင်တယ် ဆိုရင်တော့ သင်လုပ်ရမယ့်အရာက လွယ်လွယ်လေးပါ။ ဟင်းချက်နေတုန်းမှာ မီးဖိုပေါ်မှာ တစ်ခုခု တည်ထားတုန်းမှာ ကိုယ်တိုင်စောင့်နေဖို့ ဖြစ်ပါတယ်။ အိမ်တွင်း မီးလောင်ရသော အကြောင်းများထဲတွင် လူမရှိဘဲ တည်ထားသော ဟင်းအိုးများမှတဆင့် လောင်ကျွမ်းခြင်းသည် အများဆုံးဖြစ်ပါသည်။


လုပ်ဆောင်ရန်

မီးကိုသတ်ရာတွင် ရေကို မသုံးရပါ။ ဆီသည် ရေနှင့်ထိပါက ဘေးသို့စင်သွားတတ်ပြီး မီးပျံ့ခြင်းကို ပိုမိုအားပေးပါသည်။

ဆီကြောင့်လောင်သောမီးသည် အရမ်းမြန်သောကြောင့် မီးလောင်သည်ကို သိသည်နှင့် တပြိုင်နက် အိမ်အတွင်းတွင်ရှိသောလူအားလုံးကို အိမ်အပြင်သို့ ခေါ်ထုတ်သွားပါ။ မဟုတ်ပါက အသက်မမှီနိုင်ပေ။

အရေပေါ်မီးသတ်ဋ္ဌာနသို့ ဖုန်းဆက်ပါ။ ဖုန်းနံပါတ် ၁၉၁ သို့ ဆက်သွယ်နိုင်ပါသည်။ ဗဟို မီးသတ်ဋ္ဌာန၏ နံပါတ်မှာ 01-252011 နှင့် 01-252022 တို့ ဖြစ်ပါသည်။

ဒယ်အိုးအတွင်းတွင် မီးလောင်နေပါက အလွယ်ဆုံး မီးသတ်နည်းမှာ ဒယ်အိုးအဖုန်းဖြင့် အုပ်ထားရန်ဖြစ်သည်။ အခြားမီးလောင်စေသောအရာများဖြင့် သွားမဖိ မအုပ်ရပါ။

နောက်တစ်နည်းမှာ သဲအခြောက် များများဖြင့် အုပ်ခြင်းဖြစ်သည်။ သဲက ဆီဖြင့် ရောပြီး လောင်စာကို နည်းသွားစေမည်ဖြစ်သည်။

မီးလောင်နေသောအရာဝတ္ထများကို ဟိုသယ် ဒီသယ် မလုပ်ရပါ။ ကိုယ့်အတွင်းလည်း အန္တာရယ်များသလို မီးပျံ့ခြင်းကို အားပေးနိုင်ပါသည်။

အ၀တ်အစားတွင် မီးစွဲပါက အ၀တ်ကိုချွတ်၍ မြေကြီးပေါ်သို့ ပစ်ချကာ တစ်ခုခုဖြင့် ဖိထားပါ။ ဘာမှ မရှိပါက မီးထပ်မလောင်နိုင်သောနေရာတွင်ထားပါ။ အဆိုပါ အ၀တ်ကို ခြေထောက်ဖြင့် နင်းသတ်ခြင်းကို ရှောင်ကြဉ်ပါ။ ဘောင်းဘီကို မီးထပ်စွဲနိုင်သောကြောင့် ဖြစ်ပါသည်။

ဇီဝက (ဆေး-၂)

Read More...

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း


ဆီးလမ်းကြောင်း စနစ်မှာပါဝင်တဲ့ ကျောက်ကပ်၊ ဆီးပြွှန်နှင့် ဆီးအိမ် စတဲ့ တစ်နေရာရာမှာ ပိုးဝင်တာကို ဆီးလမ်းကြောင်းပိုးဝင်တယ်လို့ ဆိုပါတယ်။ များသောအားဖြင့် ဆီးအိမ်နဲ့ ဆီးအိမ်အောက်ပိုင်းက ဆီးပြွှန်မှာ ပိုးဝင်တာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာများ ဆီးလမ်းကြောင်းပိုးဝင်တဲ့ လူတိုင်းမှာ ရောဂါလက္ခဏာများကို ခံစားရတာမဟုတ်ပေမယ့် အများစုမှာတော့ အောက်ပါလက္ခဏာအချို့ကိုတွေ့ရတတ်ပါတယ်။

ရောဂါလက္ခဏာတွေဟာ လျှပ်တပျက်ဖြစ်ပေါ်လာတတ်ပြီး ယျေဘူယျအားဖြင့်ကတော့
-ဆီးသွားချင်စိတ်ကို ထိန်းမရခြင်း
- ဆီးပူ ဆီးကျင်ခြင်း
- ပမာဏနည်းနည်းနှင့် မကြာခဏဆီးသွားခြင်း

-ဆီးတွင်း သွေးပါခြင်း ၊ ဆီးနံ့အလွန်ပြင်းခြင်း တို့ဖြစ်ပါတယ်။
ဆီးလမ်းကြောင်း တလျှောက်ပိုးဝင်တဲ့နေရာပေါ်မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါလက္ခဏာတွေကတော့



ပိုးဝင်ခြင်းကြောင့် ကျောက်ကပ်ယောင်ခြင်း
-ကျောအောင့်ခြင်း
-အပြင်းဖျားခြင်း
-ချမ်းတုန်ခြင်း

-ပျို့အန်ခြင်း

- မူးဝေခြင်း

ဆီးအိမ်ပိုးဝင်ပြီးယောင်ခြင်း
-ဆီးစပ်နေရာတွင် နာကျင်ခြင်း
-ဆီးကျင်ပြီး မကြာခဏ ဆီးသွားချင်ခြင်း
-အဖျားသွေးငွေ့ငွေ့ရှိခြင်း


ဆီးလမ်းကြောင်း ယောင်ခြင်း
-ဆီးပူဆီးကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။

ဖြစ်ပွားရသော အကြောင်းများ
ဘက်တီးရီးယားပိုးများ ဆီးလမ်းကြောင်းအတွင်းသို့ စတင်ဝင်ရောက်ပြီး ဆီးလမ်းကြောင်ထဲ၌ ပွားများကြရာက ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်ရခြင်းဖြစ်ပါတယ်။ ဆီးအိမ်ပိုးဝင်ခြင်းဟာ များသောအားဖြင့် အစာအိမ်နဲ့အူလမ်းကြောင်းမှာ ကျက်စားလေ့ရှိတဲ့ အကောင်တစ်မျိုးဖြစ်တဲ့ Escherichia coli ကြောင့် ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းကို ယောင်ယမ်းစေတဲ့ အခြား ပိုးမွှားတွေကတော့ ကာလသားရောဂါကိုဖြစ်စေနိုင်တဲ့ ganorrhonoes, clamydia နဲ့ herpes simplex virus တွေကြောင့်လည်း ပိုးဝင်ခြင်းဖြစ်တတ်ပါတယ်။

ဘယ်လိုလူတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါသလဲ

၁။ အမျိုးသမီးများ
အမျိုးသမီးများမှာ ခန္ဓာဗေဒဖွဲစည်းပုံအရ ဆီးလမ်းကြောင်းဟာ အမျိုးသားများထက် ပိုတိုတာကြောင့် ပိုးမွှားများဟာ ဆီးအိမ်ကို ရောက်ဖို့ လွယ်ကူတတ်ပါတယ်။ အမျိုးသမီးထုရဲ့ ထက်ဝက်ဟာ သူတို့ရဲ့ဘ၀ တသက်တာမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ခံစားရတတ်ပြီး တချို့မှာတော့ အကြိမ်တစ်ခါထက်မနည်း တွေ့ကြုံရတာကို တွေ့ရပါတယ်။

၂။ လိင်ဆက်ဆံမှုများသူများ
လိင်ဆက်ဆံမှုများသူများမှာ ဆီးလမ်းကြောင်းကို လှုံ့ဆော်ခြင်း၊ ပိုးမွှားမှာ အလွယ်တကူဝယ်ရောက်နိုင်ခြင်းတိုကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတဲ့ပါတယ်။ လိင်ဆက်ဆံမှုများတဲ့ အမျိုးသမီးများမှာတော့ ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်များတာဟာ ထင်ရှား တာကို တွေ့ရပါတယ်။

၃။
သန္ဓေတားခြင်း
အမျိုးသမီးကွန်ဒွန်တမျိုးဖြစ်တဲ့ သုံးတဲ့ အမျိုးသမီးများ၊ သုတ်ပိုးသေစေတဲ့ဆေးများ သုံးတဲ့အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း အဖြစ်များတတ်ပါတယ်။

၎။ ဇရာ
သွေးဆုံးပြီးအမျိုးသမီးတွေမှာ အမျိုးသမီးဟော်မုန်းတမျိုးဖြစ်တဲ့ အီစထရိုဂျင် နည်းပါးလာတာကြောင့် မိန်းမကိုယ်၊ ဆီးလမ်းကြောင်းနဲ့ ဆီးအိမ်နံရံများ ပါးလာခြင်း၊ ပွန်းပဲ့လွယ်ခြင်းတို့ကြောင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုဖြစ်စေပါတယ်။

၅။ ကျောက်ကပ် တွင် ကျောက်တည်ခြင်း

ကျောက်ကပ်တွင်း ကျောက်တည်ခြင်း နှင့် ဆီးလမ်းကြောင်းကို ပိတ်စို့စေသော အခြားသော အကြောင်းအရာများဟာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းတွေပဲဖြစ်ပါတယ်။


၆။ဆီးချိုသွေးချိုနှင့် အခြားနာတာရှည်ရောဂါများ
ဒီရောဂါတွေဟာ ကိုယ်ခံအား စနစ်ကို ကျဆင်းစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ပိုမိုဖြစ်ပေါ်စေပါတယ်။

၇။ ဆီးပိုက်များ
ဆီးပိုက်များကို ကြာရှည်စွာ သုံးစွဲရသော သူတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်းများတာကို တွေ့ရပါတယ်။

နောက်ဆက်တွဲဆိုးကျိုးများ
ဆီးလမ်းကြောင်းပိုးဝင်မှုကို ထိရောက်စွာကုမယ်ဆိုရင် ပျောက်ကင်းလွယ်တဲ့ ရောဂါဖြစ်ပေမယ့် အမှုမဲ့အမှတ်မဲ့ထားမိတဲ့ခါ ကျောက်ကပ်အထိပိုးဝင်ခြင်း အဲဒီက တဆင့် ကျောက်ကပ်ပျက်စီးသည်အထိ ဖြစ်နိုင်ပါတယ်။ သက်ကြီးရွယ်အိုများနဲ့ ကလေးသူငယ်များမှာ ရောဂါလက္ခဏာများကိုလစ်လျူရှုမိခြင်း ၊ အခြားရောဂါများနှင့် အမှတ်မှားတတ်ခြင်းတို့ကြောင့် နောက်ဆက်တွဲဆိုးကျိုးများ ပိုမို ဖြစ်ပွားတာကို ပိုတွေ့ရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ဆီးလမ်းကြောင်း ပိုးဝင်မယ်ဆိုရင်တော့ လမစေ့ဘဲ မွေးတတ်ခြင်း၊ ကလေးပေါင်မပြည့်တတ်ခြင်းတို့ကိုဖြစ်ဖို့အခွင့်အလမ်းပိုများ လာပါတယ်။

ရောဂါရှာဖွေ စစ်ဆေးခြင်း
ရောဂါလက္ခာများကို သေချာမေးမြန်းခြင်း၊ စမ်းသပ်စစ်ဆေးခြင်းများဟာ အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ပါတယ်။
ဆီးစစ်ခြင်း နှင့် ဆီးပိုးမွေးခြင်း သင့်မှာအထက်ပါရောဂါလက္ခဏာများရှိပြီး သင့်ဆရာဝန်က ဆီးလမ်းကြောင်းပိုးဝင်မှုကို သံသယဖြစ်တဲ့အခါ ဆီးထဲမှာပါတဲ့ သွေးနီဥ၊ သွေးဖြူဥနဲ့ အခြားသော ဘက်တီးရီးယားတွေကို စစ်ဆေးဖို့ ပြောမှာဖြစ်ပါတယ်။ ဒါမှသံသယဖြစ်တယ်ဆိုရင်တော့ ဆီးပိုးမွေးခြင်းကို လုပ်နိုင်ပါတယ်။ ဆီးစစ်ခြင်းအားဖြင့် ဆီးလမ်းကြောင်း ရဲ့ဘယ်နေရာမှာ ပိုးဝင်တယ်ဆိုတာကို ခွဲခြားသိနိုင်မှာမဟုတ်လို့ သင့်ဝေဒနာ အသေးစိတ်ကို သင့်ဆရာဝန်ကို သေချာပြောပြဖို့ အရေးကြီးပါတယ်။

ကုသနည်း
မပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများကို ပြင်ပ လူနာအနေနဲ့ကုသမှုခံယူနိုင်ပြီး ပြင်းထန်တဲ့ ဆီးလမ်းကြောင်းပိုးဝင်မှုများ၊ ဒါမှမဟုတ် အခြားသော နာတာရှည် ရောဂါရှိသူများနဲ့ သက်ကြီးရွယ်အိုများမှာတော့ ဆေးရုံတက်ပြီး ကုသမှုကို ခံယူဖို့လိုကောင်း လိုမှာဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အတွက် သင့်ဆရာဝန်က Amoxicillin, Nitrofurantoin Ciprofloxacin Levofloxacin Sulfamethoxazole-trimethoprim စတဲ့ဆေးတွေနဲ့ ဘက်တီးရီးယားအမျိုးအစားပေါ်မူတည်ပြီး ကုသပေးမှာဖြစ်ပါတယ်။ ရောဂါလက္ခဏာတွေ ဟာ ဆေးသောက်ပြီး ရက်အနည်းငယ်အတွင်း ပျောက်ကင်းနိုင်ပေမယ့် သင့်အနေနဲ့ ဆရာဝန် ညွှန်ကြားတဲ့ရက်ပြည့်တဲ့အထိ ပိုးသတ်ဆေးကို သောက်သုံးသင့်တာဖြစ်ပါတယ်။ ဒါမှသာ သင့်ကိုယ်တွင်းက ဘက်တီးရီယားပိုးကို အပြီးတိုင်ရှင်းလင်းပြီး ဖြစ်မှာ ဖြစ်ပါတယ်။ ဆီးကျင် ဆီးအောင့်ခြင်းအတွက် အချို့သော အကိုက်အခဲပျောက်ဆေးများက သင့်ကိုကူညီမှာဖြစ်ပေမယ့် သင့်မှာရှိတဲ့အခြားရောဂါတွေကို သင့်ဆရာဝန်ကို ဖွင့်ပြောတိုင်ပင်ဖို့လည်း မမေ့သင့်ပါဘူးလေ။ ဆီးလမ်းကြောင်းအတွက် သောက်သုံးတဲ့အကိုက်အခဲပျောက်ဆေး အချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ဆီးအရောင် ပြောင်းတတ်ခြင်းပဲဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ သွေးသားပြီးဆုံးတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင်တော့ သင့်ဆရာဝန်က သင့်ရဲ့ကျန်းမာရေးအခြေအနေ နဲ့ဆေးရဲ့ဆိုးကျိုးတွေကို ချင့်ချိန်ပြီး အမျိုးသမီးဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင်ကို ပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်း ပိုးဝင်မှုအကြိမ်ရေကို လျော့ကျစေမှာဖြစ်ပါတယ်။

ထပ်ခါထပ်ခါ
အကယ်လို့ သင့်မှာ ဆီးလမ်းကြောင်းပိုးဝင်တဲ့ဝေဒနာကို ထပ်ခါထပ်ခါ ခံစားနေရမယ်ဆိုရင်တော့ သင့်ရဲ့ဆရာဝန်က ပိုးသတ်ဆေးကို ရက်အနည်းငယ်ပိုသောက်ခိုင်းခြင်း ဒါမှမဟုတ် သင်ခံစားနေရတဲ့ဝေဒနာ လက္ခဏာပေါ်မူတည်ပြီး ပိုးသတ်ဆေး ရက်တိုများကို ချိန်ဆသောက်ခိုင်းခြင်းများ ပြုလုပ်မှာဖြစ်ပါတယ်။ ဆီးပိုးစစ်တဲ့ တစ်ခါသုံး stick လေးတွေကို အခုအခါ အလွယ်တကူရနိုင်ပြီး အဲဒါတွေကတဆင့် အတော်ကို တိကျတဲ့အဖြေရနိုင်တာမို့ သင့်မှာရောဂါလက္ခဏာ ခံစားရပြီဆိုရင် အလွယ်တကူ စစ်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပိုးသတ်ဆေးကို သုံးစွဲသည်ဖြစ်စေ သင့်ဆရာဝန် ညွှန်ကြားချက်အတိုင်း သုံးစွဲတာ ဟာ သင့်အတွက် သင့်တော် စိတ်ချရဆုံးပဲဖြစ်ပါလိမ့်မယ်။

အိမ်တွင်းဆေး
ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အခါ သင့်အနေနဲ့ဆေးထိုးဆေးသောက်တာတွေ အပြင်အိမ်တွင်းကုသနည်းအနေနဲ့ ဝေဒနာ သက်သာအောင် လုပ်နိုင်တာတွေကတော့

၁။ ရေများများသောက်ပါ ရေများများ သောက်ခြင်းဟာ ဘက်တီးရီးယားများကို ဖယ်ရှားပေးခြင်းအားဖြင့် သင့်ရဲ့ဆီးလမ်းကြောင်းကို သန့်စင်စေမှာဖြစ်ပါတယ်။

၂။ ကော်ဖီနှင့် အချဉ်ဓါတ် ကော်ဖီ၊ အရက်သေစာ၊ ကိုကာကိုလာ အစရှိတဲ့ အချိုရည်များ၊ အချဉ်ဓါတ်ပါတဲ့အချိုရည်များမကြာခဏ ဆီးသွားစေတာမို့ ဆီးလမ်းကြောင်းပိုးဝင်နေတဲ့အချိန်မှာ အဲဒီအရာတွေ အလွန်အမင်း သောက်သုံးခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။

၃။ ရေနွေးအိတ်ကပ်ပေးခြင်း ဆီးစပ်နေရာမှာ ရေနွေးအိတ်ကပ်ပေးခြင်းဖြင့် ဆီးအိမ်အောင့်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်းတို့ကို လျော့ကျစေမှာဖြစ်ပါတယ်။

ကာကွယ်ခြင်းဟာ ကုသခြင်းထက်ထိရောက်ပါတယ်။
သောက်ဆေးထိုးဆေးအပြင် လူနေ မှုစတိုင်ပြောင်းလဲပေးခြင်းဟာလည်း ဆီးလမ်းကြောင်း ပိုးဝင်မှုကို အထိုက်အလျှောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အဲဒါလေးတွေကတော့

၁။ အရည်များများ သောက်ပေးပါ။ ဆီးလမ်းကြောင်းဟာ ခန္ဓာကိုယ်က အညစ်အကြေးမှန်သမျှကို စွန့်ပစ်ရာ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အရည်များများသောက်ခြင်း အထူးသဖြင့် ရေများများသောက်ခြင်းဟာ ဆီးလမ်းကြောင်းကို သန့်စင်စေပြီး ပိုးဝင်ခြင်းကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အခြားသော လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်များကိုလည်း သင့်မှာ အခြားကျန်းမာရေးပြသနာမရှိဘူးဆိုရင် သောက်သုံးနိုင်ပါတယ်။

၂။ ရေအိမ်တက်တဲ့အခါ ကျင်ကြီးကျင်ငယ်သွားပြီးလို့ သန့်စင်တဲ့အခါ ခန္ဓာကိုယ်အရှေ့ပိုင်းမှ အနောက်ဘက်ဆီသို့ သန့်စင်ခြင်းဟာ စအိုမှ ဘက်တီးရီးယားများ ဆီးလမ်းကြောင်းဘက်သို့ရောက်လာနိုင်မှုကို လျော့ကျစေတာမို့ ကောင်းတဲ့အကျင့်လေး တစ်ခုဖြစ်ပါတယ်။

၃။ ရေအိမ်အမြန်သွားပေးပါ။
သင့်အဖော်နဲ့ ကိစ္စပြီးဆုံးတဲ့အခါ အလျှင်အမြန်ဆီးသွားပေးခြင်းဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို အတန်အသင့် လျော့ကျစေပါမယ်။ ရေတစ်ခွက် သောက်ခြင်းဟာလည်း ဘက်တီးရီးယားတွေကို အတန်အသင့်ရှင်းလင်းပေး တယ်လို့ ဆိုပါတယ်။


၎။ အမျိုးသမီးသုံးပစ္စည်းအချို့
အချို့သော အမျိုးသမီးသုံး အမွေးအကြိုင်များနဲ့ အမျိုးသမီးသုံးပစ္စည်းအချို့ဟာ ဆီးပြွှန်ကို လှုံ့ဆော်ပေးတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်ဖို့ အခွင့်အလမ်းကို ပိုဖြစ်စေပါတယ်။


ဒီဆောင်းပါးလေးဟာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို တစေ့တစောင်း သိနိုင်ဖို့ ရည်ရွယ်တာမို့ စာဖတ်သူအနေနဲ့ သတိထားသင့်တဲ့အချက်တွေကို သိရှိနိုင်မှာဖြစ်ပြီး သင့်ဆရာဝန်ဆီကိုသွားတဲ့အခါမှာလည်း သင့်အတွက် မေးစရာမေးခွန်းအချို့ အဆင်သင့်ရှိနေပြီလို့ ယူဆပါတယ်။ ဆေးပညာရဲ့ လျှို့ဝှက်ချက်အတိုင်း ဘယ်စာအုပ်ဘယ် ၀က်ဘ်ဆိုက်တ် ကမှ သင့်ဆရာဝန်နဲ့ အစားထိုးနိုင်မှာမဟုတ်တာမို့ သင့်ရဲ့မိသားစုဆရာဝန် ကို ရောဂါလက္ခဏာများကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောတိုင်ပင်ဖို့ တိုက်တွန်းချင်ပါတယ်။

မူရင်း
1. Mayoclinicstaff. http://www.mayoclinic.com/health/urinary-tract-infection/DS00286. Mayoclinic; 2008; Available from: http://www.mayoclinic.com/health/urinary-tract-infection/DS00286.
2. ; Available from: http://en.wikipedia.org/wiki/Urinary_tract_infection.


မွန်းသက်ပန် (ဆေး ၁)
လောကအလှ အွန်လိုင်းမဂ္ဂဇင်း
၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်


Read More...

Monday, February 22, 2010

ဆိုရေးရှိက ဆိုရလိမ့်မယ်


ကျန်းမာရေးရှုဒေါင့်ကနေ Physical, Psycho-social ဘယ်ဘက်ကိုပဲ ကြည့်ကြည့် လုံးဝ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေကို မြင်တွေ့ခဲ့ရတာကို ကျောင်းတွေမှာ (Sexual Education) မရှိတဲ့ ကျွန်မတို့ မြန်မာလူမျိုးတွေ အတုခိုးမှားပြီး လိုက်လုပ်သူတွေ ရှိနေမှာကို လွန်စွာ စိုးရိမ်ပူပန်မိလို့ ဖတ်သင့်တဲ့ ပို့စ်တခုကို ညွှန်းရင်း ဒီပို့စ်ကို တင်ပေးရခြင်း ဖြစ်ပါတယ်။ ကျွန်မက ဘလော့ဂ်အစုံဖတ်သူ ဖြစ်လို့ ကျွန်မဘလော့ဂ်ကိုလည်း ဘလော့ဂါမျိုးစုံ ရောက်တယ်ဆိုတာ သိပေမဲ့ သံဃာတော် စာဖတ်သူတွေနဲ့ သံဃာတော် ဘလော့ဂါတွေအတွက်ကျတော့ ဒီပို့စ်က သိစရာလည်းမလို ဖတ်ဖို့လည်း မသင့်လျော်ဘူးလို့ ယူဆတဲ့အတွက် ပို့စ်အသစ် တင်ထားတာ တွေ့လို့ ၀င်လာမိတဲ့ သံဃာတော်တွေရှိရင် ဒီပို့စ်ကို လုံးဝမဖတ်ဘဲ လှည့်ပြန်ဖို့ ပထမဦးစွာ လျှောက်ထားပါရစေ ဘုရား။ တခြား လူစာဖတ်သူများကိုတော့ ကျွန်မ ညွန်းပေးလိုတဲ့ မူလ ပို့စ်မှာ အသက် ၁၈ နှစ်ပြည့်ပြီးမှ ဖတ်ပါလို့ ပြောထားပေမဲ့ ကျွန်မအနေနဲ့ ကတော့ အသက်အရွယ်ကို မသတ်မှတ်လိုပါဘူး။ အင်တာနက်သုံးနေသူ Secondary School (ခုနှစ်တန်းနှင့် အထက်) အဆင့် ကျောင်းသားအရွယ်ကနေ လူကြီးတွေအထိ အသက်အရွယ်မရွေး မည်သူမဆို ဖတ်နိုင်တယ်လို့ ယူဆပါတယ်။ တချိန်တည်းမှာပဲ ဆရာဝန်၊ သူနာပြု၊ Physiotherapist, Occupational therapist, Health Care Social Worker (or) Consultants စတဲ့ ကျန်းမာရေးပညာရှင်တွေထဲက ရောက်လာရင်လည်း ကျွန်မဆွေးနွေးချက်တွေကို ဖတ်ဖြစ်အောင် ဖတ်ပြီး ပြန်လည်ဆွေးနွေးသင့်တာကို ဆွေးနွေးပြီးမှ ပြန်ကြဖို့ မေတ္တာ ရပ်ခံပါတယ်။





ပထမဦးစွာ ညွှန်းပေးလိုတဲ့ ပို့စ်ကို မပြောခင် ဒီပို့စ်ကို ကျွန်မ ဘာကြောင့် ညွှန်းရတယ်ဆိုတဲ့ ညွန်းစရာအကြောင်း ပေါ်လာရတဲ့ နောက်ခံသမိုင်းကို အရင်ရှင်းပြချင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီး နောက်ဆုံးလတွေမှာ လူကြိုက်များတဲ့ ဘလော့ဂါ အစ်မတယောက်ရဲ့ C-Box မှာ မကောင်းတဲ့သူတွေက ဆဲဆိုထားတာ ရှိသလို မဖွယ်မရာပုံတွေ ပါတဲ့ Link တခုတည်းကို C-Box တခုလုံးနီးပါး ပြည့်အောင် ထပ်ခါထပ်ခါ ရိုက်ထည့်ပြီး တင်ထားတာကို တွေ့ခဲ့ရပါတယ်။ ကျွန်မကလည်း စာမရွေးဖတ်တတ်တဲ့သူဆိုတော့ အစမှာ မသိဘဲနဲ့ ဘလော့ဂ်ကြော်ညာတွေ ထင်ပြီး Click ကြည့်မိတဲ့အခါမှာ မဖွယ်မရာ ပုံတွေ ဖြစ်နေလို့ ချက်ချင်းပဲ ပြန်ထွက်လိုက်တယ်။ နောက်တော့ အဲဒီဘလော့ဂ်က C-Box မှာ ကျွန်မက လာလည်ကြောင်း နှုတ်ဆက်ထားခဲ့ပြီး ဆဲထားတာတွေ မကောင်းတာ လာတင်ထားတာတွေကို ဖျက်သင့်ကြောင်း C-Box အထဲမှာပဲ အကြံပြုပြီး ပြန်လာခဲ့ပါတယ်။ အတော်ကြာတော့ G-talk မှာတွေ့တဲ့ ဘလော့ဂါ မောင်လေးတယောက်နဲ့ ချတ်မှာ စကားပြောနေချိန်မှာ အတုလား အစစ်လားတော့မသိဘူး အစ်မနာမယ်နဲ့ အဲဒီမှာ လာရေးထားတယ်လို့ ပြောလို့ ကျွန်မ သွားကြည့်တော့ ငယ်နိုင်ဆိုပြီးတော့ အရေမရ အဖတ်မရတွေ ပြောနေရေးနေတာကို တွေ့ရပါတယ်။ ကျွန်မလည်း အဲဒါကျွန်မ မဟုတ်ဘူးဆိုတာ မှတ်ချက်အထဲထိ ၀င်ပြောပြီး ပြန်လာလိုက်လို့ ဘလော့ဂ်ပိုင်ရှင်ကတော့ ခုနက ပြောနေ ရေးနေတာ ကျွန်မ မဟုတ်ဘူးဆိုတာ သိသွားပါတယ်။ ဒါကတော့ ဘလော့ဂ်တွေမှာ အလုပ်မရှိအကိုင်မရှိ သူများနာမည် သုံးပြီး ပေါက်ကရတွေ လျှောက်လုပ်နေတဲ့ သူတွေရှိတယ်ဆိုတာ ပြောချင်တာပါ။ ကျွန်မ ပြောချင်တဲ့ အဓိကအကြောင်းတော့ မဟုတ်ပါဘူး။

ဆက်ပြောရရင် အဲဒီဘလော့ဂ်မှာ တွေ့ခဲ့တဲ့ မဖွယ်မရာ Link တွေက နောက်နေ့ကျတော့ ကျွန်မ C-Box ကို ရောက်လာပါတယ်။ ကျွန်မလည်း C-Box ထဲမှာ ဖျက်လိုက်ပြီး နောက်တခါ လာတင်ရင် IP ကို block လုပ်မယ်လို့ သတိပေးလိုက်တော့ နောက်တော့ လာမတင်တော့ပါဘူး။ ဒီတခါတော့ ကျွန်မက သူတို့လာတင်တဲ့ link ကို တနေရာမှာ သိမ်းပြီး ၀င်ကြည့်မိတယ်။ ကျွန်မဘ၀မှာ မယုံကြည်နိုင်လောက်အောင် တခါမှမမြင်ဘူးတဲ့ အံ့ဖွယ်ထူးဆန်း နည်းလမ်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ပြုမူနေတဲ့ ဖိုနဲ့မ မဖွယ်မရာ ပုံတွေကို တွေ့ရတော့ အပြင်မှာ တကယ်ပဲ ဒါမျိုးလုပ်နေတာ ရှိလား ဒါမှမဟုတ် လူတွေ ကိလေသာစိတ်ထအောင် တမင်ကြော်ငြာတာလား ဆိုတာကို ဝေခွဲလို့မရ ဖြစ်ခဲ့ပါတယ်။ ကျွန်မက အင်တာနက်ကို သုံးဖူးတာ ကြာပြီ ဖြစ်ပေမဲ့ ဒါမျိုးတွေ တခါမှ တွေ့လည်းမတွေ့ဖူး ကြည့်ဖို့လည်း စိတ်မ၀င်စားခဲ့တာ ဘုရားစူးပါပဲ။ ဒါပေမဲ့ အခုတော့ စိတ်မ၀င်စားလို့ မရတော့လောက်အောင် ကျွန်မစိတ်ထဲမှာ ဘ၀င်မကျတာတွေ စိုးရိမ်မှုတွေကို လွှမ်းမိုးနေစေခဲ့တယ်။

ပြည့်တန်ဆာဆိုတာ လက်ရှိကမ္ဘာမှာလည်း ခေတ်အဆက်ဆက်မှာ နိုင်ငံတွေအပေါ် မူတည်ပြီး တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ ရှိခဲ့သလို ဘုရားဟော ကျမ်းဂန်တွေထဲမှာလည်း အမ္ဗပါလီတို့ သီရိမာတို့ဆိုတာ ဘုရားလက်ထက်က ထင်ရှားတဲ့ ပြည့်တန်ဆာတွေ ဖြစ်ကြတယ်လို့ လေ့လာသိရှိရပါတယ်။ အရင်ကမ္ဘာတွေတုန်းကလည်း ပြည့်တန်ဆာ ဖြစ်ခဲ့သူတွေလို့ ဆိုထားတာ ရှိတော့ သံသရာ အဆက်ဆက် မှာလည်း ပြည့်တန်ဆာ ရှိခဲ့တယ်ဆိုတာနဲ့ လူ့အဖွဲ့အစည်းဟာ ပြည့်တာဆာနဲ့ မကင်းဘူး ဆိုတာ ကျွန်မတို့ ငြင်းလို့ ရမယ် မထင်ပါဘူး။ လက်ရှိကမ္ဘာာမှာလည်း နိုင်ငံအတော်များများမှာ တရားမ၀င်ဘဲ ခိုးလုပ်နေတာနဲ့ စာရင် တရားဝင်က ပိုပြီး Safety နဲ့ညီညွတ်ပြီး အန္တရယ်ပိုကင်း တိုင်းပြည် ဘဏ္ဍာလည်းတိုးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည့်တန်ဆာ အလုပ်၊ လောင်းကစားအလုပ်တွေကို တရားဝင် မှတ်ပုံတင်ထားပေးတာ ရှိပါတယ်။ မူးယစ်ဆေးဝါး သုံးစွဲသူတွေကိုတောင် တားလို့မရတဲ့အဆုံး သုံးစွဲတာကို အန္တရယ်ကင်းကင်းနဲ့ သုံးစွဲနိုင်အောင် အကူအညီပေးတာက Safety ရှိရှိနဲ့ ရောဂါ ပြန့်နှံ့မှုကို ကာကွယ်နိုင်မယ်လို့ ဆုံးဖြတ်ပြီး ဖြန့်ဖြူးသူကိုပဲ အရေးယူ၊ သုံးစွဲသူကိုကျတော့ Safety ရှိအောင် အကူအညီပေးတဲ့ Social welfare ကို ဦးစားပေးတဲ့ နိုင်ငံတွေမှာ Drug and Alcohol Service တွေ ရှိလာကြတာ ကျွန်မ သဘောပေါက်ပါတယ်။

ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်ခွင့်ပြုတဲ့ နိုင်ငံတွေမှာ အလုပ်ရှင်၊ အလုပ်သမား၊ ဖေါက်သည် သဘောတူလို့ အဲဒီလုပ်ငန်းကို လုပ်ကြတာ ကျွန်မဘာမှ စောတက မတက်လိုပါဘူး။ ဒါပေမဲ့ လုပ်ငန်းတိုင်း၊ လုပ်ငန်းတိုင်းမှာ Occupational Health and Safety Policy ဆိုတာ ရှိရပါတယ်။ အဲဒီပေါ်လစီအရ ပညာရှင်အဆင့် ဖြစ်တဲ့ ဆရာဝန်တွေ သူနာပြုတွေက သူတို့ကုသတဲ့ လူနာရဲ့ ရောဂါအခြေအနေနဲ့ သုံးစွဲတဲ့ ဆေးဝါးတွေ၊ ပစ္စည်းတန်ဆာပလာတွေရဲ့ အကျိုးအပြစ်ကို သိရမယ်။ အလုပ်ကြမ်း သမားတယောက်ဟာ အရာဝတ္တုတခုကို Handling လုပ်ရာမှာ ခါးနာခြင်း စတဲ့ ဒဏ်ဖြစ်စေတဲ့ ရောဂါမရအောင် ဒူးကိုဘယ်လိုအသုံးပြုပြီး ခါးနဲ့ ကျောကို ဘယ်လိုမတ်မတ် ထားကာ သယ်ရ၊ မရမယ်ဆိုတာ သိရမယ်။ သန့်ရှင်းရေးအလုပ်သမား တဦးဟာ Micro-organisms လို့ ခေါ်တဲ့ ပိုးမွှားတွေရဲ့ ပွားနှုန်းကို အကြမ်းဖျင်း သိရပြီး သူတို့ အသုံးပြုတဲ့ ပိုးသတ်ဆေးရည်နဲ့ သတ်နိုင်တဲ့ အချိန်ကာလ အတိုင်းအတာကို သိရမှာဖြစ်သလို ဒီပိုးသတ်ဆေးတွေရဲ့ ဆိုးကျိုးတွေကိုလည်း သိရပါတယ်။ အလုပ်သမားတိုင်းက မိမိလုပ်ငန်းခွင်မှာ မီးလောင်ရင် Evacuation က အစီစဉ်နဲ့ စုရပ်မှာ ဘယ်လိုဆုံမယ် စုရပ်က ဘယ်မှာဆိုတာသိရမယ်။ အဓိကက အလုပ်လုပ်တဲ့အချိန်မှာ ဒီအလုပ်နဲ့ပတ်သက်ပြီး ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အဲဒီဆိုးကျိုးတွေ မဖြစ်အောင် ဘယ်လို စနစ်တကျ ကာကွယ်ရမယ်ဆိုတာ လုပ်ငန်းတိုင်းမှာ ပေါ်လစီ ရှိရပါတယ်။

ဒီပုံတွေကိုကြည့်ပြီး ပြည့်တန်ဆာ လုပ်ငန်းမှာ Occupational Health and Safety Policy ဆိုတာ ရှိကော ရှိရဲ့လားလို့ ကျွန်မ သံသယ ဖြစ်မိပါတယ်။ ဒီလုပ်ငန်းအကြောင်းကိုလည်း တခါမှ အခုလို စိတ်ဝင်တစား မရှိခဲ့ဖူးတာ အမှန်ပါ။ ကျွန်မက ဒီလိုပုံတွေကို အခုမှ တွေ့ဖူးတာ ဖြစ်ပေမဲ့ အင်တာနက် သုံးနေသူ အတော်များများက တွေ့ဖူးတာ ကြာပြီလို့ ကျွန်မ ယုံကြည်ပါတယ်။ လုပ်ငန်းတိုင်းမှာ ပေါ်လစီက မရှိလို့မရပါဘူး ရှိမှာ သေချာပါတယ်။ ရှိရင် အခု ကျွန်မ မြင်တွေ့ခဲ့ရတဲ့ ပုံတွေကို အဲဒီပေါ်လစီအရ ဘယ်အနည်းနဲ့မှ ခွင့်ပြုစရာ အကြောင်းမရှိနိုင်ပါဘူး။ ဒါကို ခွင့်ပြုထားတယ်ဆိုရင် Health Care Professional တွေက ဘာဖြစ်လို့ မျက်စိမှိတ်၊ နားပိတ်ပြီး နေရတာလဲဆိုတာ ကျွန်မ နားလည်လို့မရ ဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးပညာရှင်ဆိုတာ လူသားတွေအတွက် အန္တရယ်ရှိတာကို သိလျက်နဲ့ မပြောဘဲ ရေငုံနှုတ်ပိတ်နေတာဟာ အများပြည်သူရဲ့ အန္တရယ်ကို လစ်လျူရှုရာ ရောက်ပါတယ်။ ဘယ်လိုအကြောင်းအရာမှာပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဘာမျက်နှာမှ ထောက်စရာမလို ဘယ်သူ့ကိုမှ ကပ်ဖားယပ်ဖား လုပ်စရာမလိုတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ ကျန်းမာရေး ပညာရှင်တွေနဲ့ မသင့်တော်ဘူး ထင်တဲ့သူတွေက ဘာဖြစ်လို့ ဒီကိစ္စကို ရေငုံနှုတ်ပိတ် နေရတာလဲဆိုတာ ကျွန်မ တကယ်ကို နားမလည်ဘဲ စိတ်ထဲမှ ဘ၀င်မကျ ဖြစ်ရပါတယ်။

တကယ်က ပြည့်တန်ဆာတွေ၊ ပြည့်တန်ဆာနဲ့ လာပျော်ပါးတဲ့ သူတွေဟာ သူတို့ရဲ့ Reproductive organ တွေကိုပဲ အသုံးပြပြုခွင့် ပေးဖို့ ဥပဒေပြုဖို့ လိုအပ်တယ်လို့ ကျွန်မ ယူဆတယ်။ တခြား Reproductive Organ နဲ့ မဆိုင်တာကို အသုံးပြုမယ်ဆိုရင် အဲဒီ Organ တွေပါဝင်တဲ့ System တခုစီရဲ့ အလုပ်လုပ်ပုံနဲ့ အကျိုးအပြစ်ကို အကြမ်းဖျင်း ပညာပေးဖို့ လိုအပ်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ Safety နဲ့ မညီညွတ်တဲ့ အပြုအမူတွေက အများကြီး တွေ့ရပေမဲ့ အခု အဓိကပြောလိုတဲ့ အချက်က သူ့နေရာ မဟုတ်တဲ့ အင်္ဂလိပ်လို Anus မြန်မာလို စအိုဝကနေ လိင်ဆက်ဆံတဲ့ ကိစ္စကို ပြောလိုတာဖြစ်ပါတယ်။ ကျွန်မတွေ့ရတဲ့ တခြား Safety နဲ့ မညီတဲ့ အမူအယာတွေလည်း အများကြီး ရှိခဲ့ပေမဲ့ အဲဒါတွေ အတွက် ဘယ်လို Safety နဲ့ မညီဆိုတာကို ထောက်ပြဖို့ သိထားတဲ့ ဗဟုသုတ အလုံအလောက် မရှိတဲ့ အတွက် ဒီတခုတည်းကိုပဲ ညွှ့န်းလိုက်ပါတယ်။

ကျွန်မ နောက် Semester မှာ သင်ရမယ့် ကျန်းမာရေးဆိုင်ရာ ဆွေနွေးမှု Online Subject တခုမှာ ကျောင်းသား တယောက်စီက Forum တခုစီကို အဆိုတင်သွင်းရပြီး အလှည့်ကျ Coordinator အဖြစ် တာဝန်ယူရတာ ရှိပါတယ်။ ကျွန်မ Coordinator အလှည့်ကျပြီ Forum ကို ဦးဆောင် ဆွေးနွေးတဲ့ အလှည့်မှာ ပြည့်တန်ဆာ လုပ်ငန်းနဲ့ ပတ်သက်တဲ့ Occupational Health and Safety ကို ကျွန်မရဲ့ စိုးရိမ်မှု (Concern) အဖြစ် အဆိုတင်သွင်းပြီး ဆွေးနွေးဖို့ စဉ်းစားထားပါတယ်။ အဲဒီမှာ မဆွေးနွေးခင် ဒီလုပ်ငန်းနဲ့ ပတ်သက်ပြီး Occupational Health and Safety Policy ကို ကြိုလေ့လာထားချင်လို့ ကျန်းမာရေး ပညာရှင် ဘလော့ဂ်မောင်နှမများနှင့် အဲဒါနဲ့ ပတ်သက်ပြီး ဗဟုသုတ ရှိသူများကို မျှဝေ ဆွေးနွေးပေးဖို့ ကျွန်မ ဖိတ်ခေါ်ချင်ပါတယ်။

အမျိုးသမီး တယေက်အနေနဲ့ ဒီပို့စ်ကို ကျွန်မ မတင်ချင်တဲ့တာ အမှန်ပါ ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်ကအနေ ဒီနှစ်အထိ တအုံနွေးနွေးနဲ့ ချီတုံချတုံ ဖြစ်ကာ မတင်ဖြစ်ဘဲ ရှိနေရာကနေ နောက်ဆုံးတော့ ဆိုရေးရှိက ဆိုရလိမ့်မယ်လို့ ဆုံးဖြတ်ပြီး တင်လိုက်ပါတယ်။ ကျွန်မ ညွှန်းလိုတဲ့ ပို့စ်က ဆရာ ဒေါက်တာတင့်ဆွေ တင်ပြီးသားပို့စ် ဖြစ်ပြီး ဖတ်ပြီးသူလည်း အတော်များများ ရှိပါလိမ့်မယ်။ မဖတ်ရသေးသူများ အတွက်တော့ ဗဟုသုတ အတော်ရပါတယ်။ ဒီပို့စ်ထဲမှာ စအိုနဲ့ လိင်ဆက်ဆံခြင်းဖြင့် ရရှိတဲ့ အကျိုးအပြစ်အပြင် Reproductive Organ တွေနဲ့ စအိုရဲ့ ခန္ဓာကိုယ်အတွက် အလုပ်လုပ်ပုံတွေကိုပါ နှိုင်းယှဉ်ဖေါ်ပြထားပါတယ်။ Sexual Health နဲ့ ပတ်သက်ပြီး ဘာဗဟုသုတမှ မရှိတဲ့အတွက် ကျွန်မကိုယ်တိုင် မရေးနိုင်ဘဲ နားလည်တဲ့ သူရေးထားတာကို ပြန်ညွန်းရတာ ဖြစ်ပါတယ်။ ပို့စ်ကို ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။


Read More...