Monday, October 25, 2010

Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး

“ကော်ဖီ” ဟာ အလွန်မတန် တွင်တွင်ကျယ်ကျယ် သောက်သုံးကြတဲ့ “သောက်စရာ” တခုပါ။ နိုင်ငံပေါင်း ၈၀ မှာ စိုက်ကြတယ်။ ၂၀၀၉ တုံးက မက်ထရစ်တန် ၈ သန်း ထုတ်လုပ်ခဲ့လို့ ရေနံပြီးရင် ကမ္ဘာ့ ကုန်သွယ်ရေးမှာ ဒုတိယ လိုက်တယ်။ Beverage သောက်သုံးစရာထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးပါ။

စက္ကန့်တိုင်းမှာ အမေရိကန်တွေ သောက်နေတဲ့ ကော်ဖီ ခွက်ပေါင်း သန်း ၄၀၀ ရှိတယ်။ (ကော်ဖီ-ချိန်း) ဆိုတဲ့ တကမ္ဘာလုံး ချိတ်ဆက်ထားတဲ့ ကော်ဖီ-သံကြိုးဆက် အကြီးဆုံးက ၂၀၀၇ မှာထောင်ခဲ့တဲ့ Starbucks ဖြစ်တယ်။ သူတို့ ယဉ်ကျေးမှုအရ “ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်”။ ဒီ မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက် ဖြစ်တယ်။ စာဖတ်သူများ အထင်တော် မမှားကြပါနဲ့။ ကိုးကားစရာ ကိန်းဂဏန်းဆိုတာ သူများ တိုင်းပြည်မှာသာ ရတာမို့ပါ။ ကိုယ့်ဆီမှာ ဆန်ပြုတ်သောက်သူ စာရင်းတောင် ကောက်မဖြစ်ဘူး။ ကျောင်းဆရာတွေ နဲ့ စာရေးဆရာတွေကိုလဲ ချီးမြှောက်ချင်လို့ပါ။

နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ Over the Teacups ထဲမှာ “အိပ်ယာထ သောက်ရတဲ့ ကော်ဖီတခွက်က ရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်း လဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူး” တဲ့။ အဲဒါဟာ Exhilaration factor ခေါ်ပါတယ်။ ဖြစ်စေတာက Caffeine ခေါ်တဲ့ 1,3,7-trimethylxanthine ပါ။ Psychotropic alkaloid ဖြစ်ပါတယ်။ လဖက်ရည်ထဲမှာလဲ (ကေဖင်း) ပါတယ်။ (ကိုးကိုး) ထဲမှာလဲ ပါတယ်။ တခြား Soft and energy drinks တွေမှာလဲ ပါတယ်။

ထိပ်ဆုံး ရောက်နေတဲ့ ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက (အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာ ပြောနိုင်တာကလဲ ပင်လယ်ဓါးပြနဲ့ နာမယ်ရနေတဲ့ (ယီမင်) နိုင်ငံ ဖြစ်နေပြန်တယ်။ ရေးတာက ဆေးပညာစာဆို့။ လာပါမယ်။ ကော်ဖီ သောက်ပါလို့ Prescription ဆေးညွှန်း စပေးခဲ့တာ ၁၅၈၃ တုံးက ဂျာမန် ဆရာဝန် Leonhard Rauwolf ဖြစ်ပါတယ်။

သောက်တဲ့ သူတွေက ကော်ဖီ ကြည့်ပြီး အကောင်း အညံ့၊ ဆရာဝန်တွေက Caffeine (ကေဖင်း) ကြည့်ပြီး၊ ကျန်းမာရေး သင့်-မသင့် ပြောပါတယ်။ စနစ်တကျ ဖေါ်စပ် ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ် ဆိုပေမဲ့ တခါတလေ Devil’s brew အဆိပ်ရည်သဘော ဖြစ်ပါတယ်။

“ဘယ်လောက်ဆိုရင် များတယ် ပြောမလဲ။” American Dietetic Association က တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင် မလိုတာ ပြောရရင် အပြင်း-အပျော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်း ဆိုရင် အနာ-အကိုက်ပျောက်ဆေး Painkillers ၁၀ ပြား။ လူတယောက်နဲ့ တယောက် မတူတာတွေမှာ “ကော်ဖီကို ဘယ်လောက် အထိမခံဖြစ်သလဲ” ပါသေးတာ။

Caffeine က Stimulant စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့ စာကျက်နေတုံး သောက်သုံး ကြတယ်။ (ကေဖင်း) သာမက Cortisone နဲ့ Adrenaline ဆိုတဲ့ Stimulating hormones ပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင် ပိုကောင်းတယ်။ အိုလို့ ဖြစ်ရတဲ့ Dementia, Parkinson's disease, Depression ဇရာ-ရောဂါတွေကို နှေးစေသတဲ့။ Blepharospasm ဆိုတဲ့ မျက်စိ ပုတ်ခတ် ပုတ်ခတ် လုပ်နေတာအတွက် ကောင်းတယ်။ Laxative effect ၀မ်းပြော့တယ်။ Mild diuretic ဆီးသွား နဲနဲများစေတယ်။ Skin cancer, breast cancer ကင်ဆာတွေ ဖြစ်တာ နဲစေတယ်။ Gout ဂေါက် လက္ခဏာ သက်သာစေတယ်။ Tap water ထဲမှာပါတဲ့ Lead or Copper ဆိုတဲ့ Heavy metals ဓါတ်အလေးစားတွေကို ၇၈-၉၀% ပျော်ဝင်နိုင်စေတယ်။ လူငယ်တွေလဲ ပါပါတယ်။ Post-gym muscle pain အားကစား လုပ်ပြီး ကြွက်သားနာတာ သက်သာစေတယ်။ ကြွက်အမလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီ လာတာ ပိုများလို့ Mood for sex ကောင်းစေ ပါသတဲ့။

ဘယ်အရာမဆို ဒေါင့်စုံကနေကြည့် အပေါင်းရော၊ အနုတ်ရော၊ ဟုတ်-မဟုတ်ပါ ပြောနိုင်ကြတာ လွတ်လပ်မှုရဲ့ သရုပ်ပါ။ အမြင်-အတွေး၊ အသိ-ပညာ မတူကြဘူးပါ။ ယူတော့လဲ ကြိုက်တာ ယူကြတာဘဲ။ “တမျိုးထဲပေးလို့ ပေးတာသာ ယူချင်တဲ့ အကျင့်ဆိုတာ ကလေးတွေပါ”။ “မကြိုက်ရင်သေး မယူဘဲ၊ ကြိုက်တာ ရအောင်လုပ်တဲ့သူ လူတော် ဖြစ်တယ်။” ၂၀၁၀ မှာလဲ မှန်ပါတယ်။

ကော်ဖီ အသောက် များရင်တော့ အအိပ် ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။ အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။ အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေ ညိုမယ်။ BP သွေးဖိအား တက်စေတယ်။ ကော်ဖီ နဲ့ Paracetamol ရော သောက်တာ မကောင်းပါ၊ အသဲကို ထိခိုက်နိုင်တယ်။ ၂၀၀၃ တုံးက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုံးက ကလေး အသေမွေးနှုန်း များတာ တွေ့ရတယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလဲ များတယ်။

တန်ဆေး-လွန်ဘေး၊ များရင် ဥပါဒ်ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက နီလာ၊ ဂနာမငြိမ်-စိတ်လှုတ်ရှား၊ ဆီးသွား၊ အသားတွေတုံ၊ တွေးပုံ-ပြောပုံ မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။

Coffee can kill you! ကော်ဖီက သေစေနိုင်တယ်။ တခြားဆေးတွေလိုပါဘဲ။ များရင် အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက် ပေးရင် သေစေသလဲ စမ်းသပ်ထားတာ မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့ မေ့ခဲ့ကြပုံရတယ်။ ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။ ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈၀-၁၀၀ ခွက်တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။

ဆရာဝန်က ကိုယ်ချင်း မစာဘူး။ ကော်ဖီအသေအလဲ ကြိုက်တဲ့သူကို အလျှော့ခိုင်းနေတယ်။ Decaffeinated coffee လို့ ခေါ်တဲ့ Decaf ကို ပြောင်းသောက်ပေါ့။ Caffeine-free coffee နဲ့တော့ မတူဘူးနော်။ နာမည်ကြီး ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ရအောင်။
• Percolated coffee (7 oz) = 140 mg
• Drip (7 oz) = 115-175 mg
• Espresso (1.5 to 2 oz) = 100 mg
• Brewed (7 oz) = 80-135 mg
• Instant (7 oz) = 65-100 mg
• Decaf coffee, brewed (6 oz) = 5 mg
• Decaf coffee, instant (6 oz) = 3 mg

လွတ်လပ်ရေး ရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမယ်နဲ့ ဆိုင်တွေ ဖွင့်ခဲ့ဘူးတယ်။ အိန္ဒိယကလာတဲ့ စကားလို့ အထင်မှား နိုင်တယ်။ Coffeehouses or Cafés တွေပေါ်ခဲ့တာ နှစ် ၅၀၀ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့ မတူပါ။ လူငယ်တွေ ပိုသိတာက ၁၉၉၁ ကြမှ ဆန်ဖရန်စစ္စကိုမှာ စဖွင့်ခဲ့တဲ့ Internet café or Cybercafé မဟုတ်လား။ အစည်းအဝေး၊ (ကွန်ဖရင့်) တိုင်းမှာ ပြောနေကြတဲ့ Coffee break ကို စသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ “ကော်ဖီ-ဘရိတ်” ပါ။

Dr. တင့်ဆွေ

Read More...

Thursday, October 21, 2010

Virginity (2) လူပျိုစစ်တယ် ပြောတာဘဲ

October 8, 2010 1:39 PM
Q 1: အပျိုတကယ် စစ်ပါတယ်ကို ဖတ်ပြီးတော့ သမီးတို့ မသိသေးတာတွေတောင်ပါလို့ ဗဟုသုတ ရပါတယ်။ ကျေးဇူး တင်ပါတယ်။ လူပျိုတကယ် စစ်ပါတယ် ဆိုတာလဲ ဖတ်ချင်ပါတယ်။ ဘယ်လိုသိနိုင်လဲ ဖြေပေးပါနော်။
2010/10/19
Q 2: သမီးတို့ မိန်းခလေးတွေကို အပျို စစ်-မစစ် ကို ဆေးပညာအရ ကြည့်လို့ ရတယ်ဆိုရင် ယောက်ကျားလေးတွေ ကိုရော လူပျို စစ်-မစစ် ဘယ်လို ကြည့်ရလဲ သိချင်ပါတယ်။

ခုခေတ်မှာ Communication ကို တကမ္ဘာလုံးနဲ့ အလွယ်လေး လုပ်နေကြတာမို့ ဘယ်သူတွေ ဘယ်လို မြင်ကြသလဲ- ထင်ကြသလဲ သိဘို့၊ ကိုယ်က ပြောချင်တာ ပြောဘို့ဆိုတာ ပိုက်ဆံမကုန်ဘူး ပြောရလောက်အောင် ဈေးကလဲ ချိုလှတယ်။ “Male Virginity” အကြောင်း မေးခွန်း တက်လိုက်ရင် Taboo ဘဲလို့ ဖြေတဲ့သူ မနည်းတာ တွေ့ရတယ်။

ယောက်ျားလေး လူပျို စစ်တယ် မစစ်ဘူးက မိန်းကလေးတွေ အပျို စစ်-မစစ်လောက် ပြောရ-စစ်ရာတာ မလွယ်ပါ။ သိပ်လဲ မသိချင်ကြပါ။ သူကိုယ်တိုင်ဘဲ သိပါလိမ့်မယ်။ ဘက်လိုက်ပြောတယ်လို့ မထင်ပါနဲ့။ အခု အမေးတွေကလဲ ဆေးပညာ-ဗဟုသုတ သိချင်ကြလို့နဲ့ တူပါတယ်။ သတို့သမီးလောင်းက မေးလာရင်တော့ “သံသယ အကျိုး ခံစားထိုက်တယ်” လို့ဘဲ ဆရာဝန်က ပြောရမှာပါ။

မိန်းမနဲ့ စပ်ယှက်ဘူးလို့ ကျားအင်္ဂါမှာ ထူးပြီး ပြောင်းလဲသွားတာ မမြင်နိုင်ပါ။ တခြား ဘယ်နေရာတွေမှလဲ မပြောင်းလဲပါ။ သစ္စာရေ သောက်ခိုင်းကြမလား မသိပါ။ တရားသူကြီးတွေလဲ ကျမ်းကျိန်တာ လက်ခံတယ်။ ဆရာဝန်လဲ ရှေ့နေလိုဘဲ မှားနိုင်ပါတယ်။

လူ့အသိုင်းအ၀ိုင်းမှာ တန်ဘိုးထားမှုတွေ မတူကြဘူး မဟုတ်ပါလား။ ကိုယ့်ဇနီး၊ ကိုယ့်ခင်ပွန်းကို ဘယ်သူ့ကိုမှ မပေးဘူးတဲ့၊ ပေးလဲမရတဲ့၊ လက်ဆောင်မွန် ဆိုတာ Virginity သာရှိတယ်လို့ လက်ခံကြတာလဲ ရှိတယ်။ စာတပုဒ်မှာ ရေးဘူးလိုက်သလို “ကျမ ကောလိပ် သွားရတော့မယ်၊ အပျိုဘ၀နဲ့တော့ မသွားချင်ဘူး” လို့ မင်းသမီးငယ်က ပြောတာလဲ ရှိသေးတယ်။

ယောက်ျား လိင်အင်္ဂါမှာ Frenulum ဆိုတာ ရှိတယ်။ အပေါ်ဖုံးအရေပြားနဲ့ အထဲက လိင်တံ အောက်ခြေမှာ တွယ်နေတဲ့ အလည်ခေါင် တည့်တည့်က နေရာလေး ဖြစ်တယ်။ Frenulum ကွာသွားရင် အတော် နာတယ်။ ဒါဟာ မိန်းကလေး အပျိုမြှေး ပေါက်သွားတာနဲ့ ယှဉ်ကြည့် နိုင်လောက်ပါတယ်။ ဘာလို့ ကွာရသလဲ။ ပဌမဆုံးအကြိမ် မိန်းမနဲ့ နေလိုက်ရင် နာပါမယ်။ “ဒါဆို သိနိုင်ပြီပေါ့” “လို့ မထင်လိုက်ပါနဲ့။”

ဒါကြည့်ပြီး လူပျို မဟုတ်တော့ဘူး ပြောဘို့ အခွင့်အလမ်း အင်မတန် နည်းပါးလှတယ်။ ယောက်ျားလေးတွေကို ပြုစု ပျိုးထောင်မှုက မိန်းကလေးတွေလောက် မတင်းကြပ်ဘူး မဟုတ်လား။ ပါတ်ဝန်းကျင်ကလဲ ကွာသေးတယ်။ လူငယ်ဘ၀ လက်နဲ့ ကစားတာက ရာနှုန်းပြည့်ဘဲလို့ ပြောရင် နဲနဲဘဲ ပိုမယ်။ သူ့ဖါသူ လက်နဲ့ ကစားရင်းဖြစ်ဖြစ်၊ ခိုက်မိတာဖြစ်ဖြစ်၊ (မာစတာဘေးရှင်း) လုပ်လို့ ဖြစ်ဖြစ် အဲလို ဖြစ်သွားတယ်။ သမီးရည်းစားတောင်မှ မရှိသေးခင် ဖြစ်နေနိုင်တယ်။

သူများ နိုင်ငံတွေရဲ့ တန်ဘိုးထားမှုတွေကို ဘေးချိတ် ထားပါမယ်။ လူမှုရေးဘာသာရပ်လဲ ဖြစ်လို့ပါ။ ဆေးပညာကိုသာ ရေးပါမယ်။ “မြန်မာ ယောက်ျားလေးတွေ ဘယ်လိုနည်းနဲ့ လူပျိုရည် ပျက်ကြတာ များသလဲ။” လူပျိုလေးတွေဟာ အရွယ် နဲနဲ ပိုကြီးသူတွေ၊ အနီးအနား ရှိသူတွေနဲ့ ပေါင်းသင်းလေ့ရှိတယ်။ မတုမြင် အတတ်သင်ကြတယ်။ စကားအဆန်းတွေ နားထောင်လေ့ ရှိကြတယ်။ အားကျလေ့ ရှိကြတယ်။

လူပျိုပေါက်မှာ ဟော်မုန်းတွေကလဲ တန်ခိုးပြ စိတ်ကလဲ ထကြွလာပြီး၊ “သောင်းကျန်းသူ” ဆိုတာ သူတို့မှ အစစ်။ လူပျိုဖြစ်-ကျူရှင် ယူချင်ကြတယ်။ သင်တဲ့လူတွေကလဲ လက်တွေ့နည်းကိုပါ အခမဲ့ပေးကြတယ်။ ဈေးပေါပေါ၊ ခပ်လွယ်လွယ် “၀ယ်စားလို့ ရတာမျိုး” နဲ့ ကွင်းဆင်းစေတယ်။ နောက်မှ ဆီးအောင့်၊ ဆီးပူ၊ ပန်းအဖျားမှာ အနာပေါက်ရင် ဆေးမီးတို ပေးအုံးမယ်။ တကယ်လို့ ပွဲမ၀င် ပြင်ကျင့် မင်္ဂလာဆောင်ခါနီးမှ အနီးကပ် သင်တန်းတက်ရင် “သတို့သမီး ဆေးမီးတိုနဲ့ မရပါ။” ဒါတွေ ပြင်ကြပါ။ အဲဒီကြမှ လူပျို-မစစ်တာ ပေါ်မယ်။

၂၀၁၀ ဇူလိုင် ၂ ရက်နေ့က (CBS/AP) သတင်းမှာ သိပ်ထူးခြားတာတခု ဖတ်ရလိမ့်မယ်။ ဗီယက်နမ်မှာ တိုင်းရင်း-ရိုးရာ ဆေးနည်းနဲ့ တရားခံ ၃ ယောက်ကို စမ်းသပ်စစ်ဆေးပြီး “ဒီလူတွေဟာ တခါမှ မိန်းမနဲ့ မဆက်ဆံဘူးသူတွေ ဖြစ်တယ်” လို့ ထွက်ဆိုပါသတဲ့။ တရားခံတွေဟာ အသက် ၂၀ အမျိုးသမီးတယောက်ကို Gang-rape အုပ်စုလိုက် မတရားကျင့်မှုနဲ့ ထောင်ထဲမှာ ၁၀ နှစ်နေထားပြီး သူတွေပါ။ ယောက်ျားတွေရဲ့ နား နောက်ဖက်မှာ အနီစက်လေးတွေကို စမ်းတွေ့ရင် လူပျိုတဲ့၊ (ဂေး) ဆိုရင်တော့ မသိဘူးတဲ့။ ဖါသာ-အာသာဖြေဘူးတာလဲ စမ်းမသိနိုင်ဘူးလို့ ဆရာမကြီး Pham Thi Hong က ပြောတာ ဖြစ်ပါတယ်။ ကမ္ဘာမှာ ပဌမဆုံး Male Virginity Test စမ်းသပ်နည်း ဖြစ်ပါမယ်။ “ဒီနည်းက မမှန်နိုင်ပါဘူး” လို့ ပြောကြပါတာမှာ ဆရာဝန်တွေသာမက သူ့ထက် ၀ါရင့် တိုင်းရင်းဆရာတွေလဲ ပါတယ်။ တရားခံတွေ မလွတ်ကြပါ။

နားနောက် Chickenpox ပေါက်နေရင်တော့ အံကျပေါ့။

Dr. တင့်ဆွေ
၂၁-၁၀-၂၀၁၀

Read More...

Tuesday, September 28, 2010

အသက်ရှည်လိုလျှင် အသည်းကို ညှာတာပါ

Liver

အသည်းဟာ လူ့ခန္ဓာကိုယ်မှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ဇီဝဖြစ်စဉ် တော်တော်များများမှာ သူပါဝင်ပါတယ်။ အညစ်အကြေးတွေ စွန့်ပစ်ခြင်းနဲ့ အဆိပ်အတောက်တွေကို ဓာတ်ပြယ်အောင်လည်း သူကပဲ လုပ်ပေးပါတယ်။ အစာခြေဖို့အတွက် အစာခြေရည်တွေကိုလည်း သူကပဲ ထုတ်ပေးတယ်။ ကိုယ်စားလိုက်တဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို လိုရင်သုံး မလိုရင် သိုလှောင်ဖို့အတွက်လည်း အသည်းကပဲ အဓိက လုပ်ဆောင်ပေးတာပါ။ ဒါ့ကြောင့် တသက်လုံး သုံးရမယ့် အသည်းကို မလိုအပ်ဘဲ အလွန်အကျွံ မခိုင်းမိစေဖို့ အရေးကြီးပါတယ်။ နောက်ပြီး လူတွေက နှလုံးရောဂါ၊ သွေးတိုးရောဂါတွေနဲ့ ဆီးချိုရောဂါတွေ အကြောင်းက သိသင့်သလောက် သိလာတော့ ရှောင်တာဆောင်တာတွေ လုပ်လာကြတယ်။ သွေးတိုးတို့ ဆီးချိုတို့ ကြောက်စရာကောင်းသလို အသည်းကလည်း မမေ့သင့်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် အသည်းကျန်းမာရေးကို ကောင်းအောင် မည်ကဲ့သို့ ပြုမူနေထိုင်ရမည်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။

နံပါတ်(၁)။ ။အစားအသောက်စားတဲ့အခါမှာ ကိုယ့်ခန္ဓာကို ကိုယ်နားထောင်ပါ။ ဗိုက်မဆာလျှင်မစားပါနှင့်။ ဆာတယ်မဆာဘူးဆိုတာက ကိုယ့်ရဲ့ စိတ်နဲ့လည်း ဆိုင်သေးတယ်။ ဒါ့ကြောင့် တကယ်မလိုအပ်လျှင် ငါမစားဘူးဟု စိတ်ကို တင်းထားရမည်။ ဥပမာ။ နေ့လည် ၁၂ နာရီလောက်က နေ့လည်စာ စားထားလျှင် ညနေ ၄ နာရီလောက်အထိတော့ နေနိုင်မည်ဖြစ်သည်။ အဲဒါကို ၂ နာရီလောက်မှာ မိတ်ကောင်းလို့ အပြင်မှာ တစ်ခုခုစားလိုက်တာမျိုးဖြစ်သည်။ ဒါမှ မဟုတ် အသုတ်သည်ကိုတွေ့လို့ ၀ယ်စားတာမျိုးဖြစ်သည်။ လိုတာထက် ပိုစားတော့ ဘာဖြစ်ပါသလဲ။ အသည်းက ကိုယ်စားလိုက်တဲ့အစာထဲမှာ ပါဝင်တဲ့ အစာအာဟာရတွေကို စီမံခန့်ခွဲနေရတယ်။ ကိုယ်က အများကြီးစားရင် အသည်းမှာ တာဝန်ပိလာတယ်။ ကြာလာတော့ metabolism လို့ခေါ်တဲ့ ဇီဝဖြစ်စဉ်တွေ ကမောက်ကမ ဖြစ်လာတယ်။ စားလိုက်တဲ့ ကစီဓာတ် တွေကို သွေးထဲမှာ မများလာအောင် pancreas အကူအညီနဲ့ အင်ဆူလင် ဟော်မုန်းတွေကို အများကြီးထွက်စေတယ်။ ကြလာတော့ pancreas က ပင်ပန်းပြီး အင်ဆူလင်မထုတ်နိုင်တော့ဘူး။ အဲဒီမှာ အမျိုးအစား- ၂ ဆီးချိုက ၀င်လာပါရော။ စားလိုက်တဲ့ အဆီတွေကို ကောင်းကောင်းမခြေဖျက်နိုင်တော့ဘဲ အသည်းမှာ အဆီတွေ စုလာမယ်။ တခြားနေရာတွေမှာ အဆီတွေ စုလာမယ်။ အသည်းမှာ အဆီစုတာကို fatty liver လို့ခေါ်ပါတယ်။ အသည်းရောင်ခြင်း မရှိဘဲနဲ့ အသည်းခြောက်တဲ့ အဆင့်ကို ကူးသွားနိုင်တဲ့အတွက် ကြောက်စရာ ကောင်းလှပါတယ်။ ဒါ့ကြောင့် အစားအသောက်ကို လိုအပ်သလောက်သာ စားသုံးဖို့လိုပါတယ်။ စားတဲ့အခါမှာလည်း ကောင်းမွန်စာ ချက်ပြုပ်ထားတဲ့ ဟင်းလျာတွေကို စားသုံးဖို့ လိုပါတယ်။


Liver

နံပါတ်(၂)။ ။ရေကို နေ့စဉ် လုံလောက်စွာ သောက်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့တာမှာ သောက်ရည် ၂ လီတာ ခွဲစာလောက် သောက်ရပါမယ်။ အဲဒီလောက်မှာ မသောက်ရင် ကျောက်ကပ်ဟာ အညစ်အကြေးများ စွန့်ပစ်ဖို့ အလုပ်ကောင်းကောင်းလုပ်နိုင်မှာ မဟုတ်ပါဘူး။ ကျောက်ကပ်က မနိုင်ရင် အသည်းက ကူပေးရတဲ့အတွက် မလိုအပ်ဘဲ အလုပ်ရှုပ်တာပေါ့။ ဒါ့ကြောင့် တနေ့တာကာလမှာ ရေကို နည်းနည်း နဲ့ ခဏခဏသောက်ပေးခြင်းအားဖြင့် အသည်းအတွက်ကောင်းသလို ကျောက်ကပ်ကိုပါ ဆေးပြီးသား ဖြစ်သွားမှာပါ။ ဗမာတွေက ဆီးခဏခဏသွားရင် မကြိုက်ကြဘူး။ ဆီးသွားတာနဲ့ ကျောက်ကပ်ကစစ်ထုတ်တာနဲ့ က တိုက်ရိုက်တော့လည်း မဆိုင်ပါဘူး။ ရေများများသောက်ပြီး ခဏခဏ မသွားချင်ရင် အောင့်ထားတတ်အောင် ကျင့်ထားခြင်းက အသုံးဝင်မှာ ဖြစ်ပါတယ်။

နံပါတ်(၃)။ ။တတိယမြောက်အချက်ကတော့ အရမ်းချိုတဲ့ အစားအသောက်တွေကို မစားဖို့ပါပဲ။ သဘာဝအတိုင်းချိုတဲ့ အသီးအနှံတွေကိုတော့ စားလို့ရပါတယ်။ မစားသင့်တာကတော့ junk food လို့ခေါ်တဲ့ အသင့်စားအချိုစာတွေ၊ သကြားလုံးတွေ၊ အရမ်းချိုတဲ့ ပေါင်မုန့် ကိတ်မုန့်တွေ ဖြစ်ပါတယ်။ သူတို့ဆီမှာ ပါဝင်တဲ့ သကြားတွေဟာ သွေးထဲကို ရောက်သွားတာနဲ့ သွေးထဲက သကြား level ကို အရမ်းမြှင့်တင်လိုက်တယ်။ ဒီအခါမှာ အသည်းဟာ အင်ဆူလင် ဟော်မုန်းရဲ့ အကူအညီနဲ့ သွေးထဲက ပိုလျှံနေတဲ့ သကြားတွေကို လျော့နည်းသွားအောင် လုပ်ရပါတယ်။ ခဏခဏ လုပ်နေရရင် အသည်းဟာ ကောင်းစွာ အလုပ်မလုပ်နိုင်တော့ဘဲ ဆီချိုရောဂါ အ၀လွန်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ကိုယ်က အချိုဓာတ်ကို ကြိုက်သူဆိုရင် အကောင်းဆုံးနည်းလမ်းက သဘာဝအသီးအနှံ၊ ပျားရည် အစရှိတဲ့ green product တွေကိုသာ စားသုံးသင့်ပါတယ်။

နံပါတ်(၄)။ ။စတုထ္တအချက်ကတော့ အစာလမ်းကြောင်းကို ကျန်းမာအောင် ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ စားလိုက်သမျှကို အူတွေထဲမှာ ခြေဖျက်ပြီးရင် အသည်းဆီ အရင်ဆုံးရောက်တာပါ။ ကိုယ်စားတဲ့အစာတွေက မသန့်ရှင်းတဲ့ အစာတွေ ဖြစ်နေရင် ဘက်တီးရီးယားပိုးတွေ၊ ဗိုင်းရပ်စ်ပိုးတွေ၊ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ အူတွေထဲမှာ ရှိတဲ့ ခုခံတဲ့ စနစ်တွေက ဒီကောင်တွေကို နှိမ်နင်းနိုင်တယ်ဆိုပေမယ့် အရည်အတွက်နဲ့လည်း ဆိုင်ပါသေးတယ်။ ကာလ၀မ်းရောဂါပိုးဟာ အကောင်အရေအတွက် နည်းနည်း စားမိရင် လူကို ဘာမှ ဒုက္ခမပေးနိုင်ပေမယ့် လုံလောက်တဲ့ အရေအတွက်ကို စားမိရင် ကာလ၀မ်းရောဂါကိုဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အသည်းကို အဓိက ဒုက္ခပေးနိုင်တာက သန်ကောင်ဥတွေပါပဲ။ အချို့သော သန်ကောင်တွေက အူထဲမှာ အကောင်ပေါက်ပြီးရင် အသည်းထဲ အထိရောက်အောင် သွားပါတယ်။ မြန်မာပြည်မှာ သန်ကောင်ပိတ်လို့ သည်းခြေပြွန်လမ်းကြောင်းရောင်ရမ်းပြီး ဆေးရုံရောက်တဲ့ လူနာအရေအတွက်လည်း မနည်းလှပါဘူး။ ရောဂါဖြစ်တဲ့သူတွေကို ရောဂါရာဇ၀င်မေးကြည့်ရင် ဆင်းရဲနွမ်းပါးသူတွေ အဖြစ်များပြီး လမ်းဘေးစာတွေ အသုတ်တွေ ၀က်သားဒုတ်ထိုးတွေ ပုံမှန်စားသူတွေ ဖြစ်ကြပါတယ်။ ကိုယ်က လုံလောက်တဲ့ ၀င်ငွေမရှိလို့ အဆင်ပြေသလိုစားရတာကို အပြစ်မပြောလိုပေမယ့် လမ်းဘေးမှာ ဖုန်တောထဲမှာ ရောင်းတဲ့ အစာတွေ ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေကိုတော့ တားမြစ်ချင်ပါတယ်။ အစားအသောက်ကို သန့်ရှင်းလတ်ဆတ်တာကို စားပါ။ မှိုတက်နေသော အစားအသောက်များသည်လည်း လူကို ဒုက္ခပေးနိုင်ပါတယ်။ မှိုရှိမရှိကို အရောင်ပြောင်းလဲခြင်းနှင့် အနံ့တို့ အပေါ် မူတည်၍ ခွဲခြားနိုင်ပါတယ်။ မှိုသည် အသည်းခြောက်စေနိုင်သည်။ အသည်းကင်ဆာဖြစ်စေနိုင်သည်။

နံပါတ်(၅)။ ။အသည်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းနဲ့ တွဲဖက်ပြီး အလုပ်လုပ်ရတဲ့အတွက် အူလမ်းကြောင်းမကောင်းရင် သူလည်း ဖောက်တတ်ပါတယ်။ အထူးသဖြင့် ၀မ်းချုပ်တဲ့ အခါတွေမှာ အူတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ပေါက်ပွားလာတတ်တယ်။ သာမန်လူတွေမှာတော့ သိပ်ပြီး မသိသာလှပေမယ့် အစကတည်းက အသည်းကောင်းစွာ အလုပ်မလုပ်သူတွေ၊ အသည်းခြောက်ရောဂါရှိသူတွေအတွက် အသက်အန္တာရာယ် စိုးရိမ်ရသည်အထိ ဒုက္ခပေးနိုင်ပါတယ်။ ထို့ကြောင် မူလက အသည်းမကောင်းရင် ၀မ်းမချုပ်အောင် သတိထားဖို့လိုပါတယ်။

နံပါတ်(၆)။ ။သဘာဝအရောင်မဟုတ်တဲ့ ဆိုးဆေးပါတဲ့ အစားအသောက်တွေ၊ ကြာရှည်ခံအောင် ထည့်တဲ့ ယမ်းစိမ်းတွေဟာ အသည်းရဲ့ ရန်သူတွေ ဖြစ်ပါတယ်။ အလွယ်ဆုံး မှတ်တဲ့ နည်းလမ်းကတော့ အဲဒါတွေ ပါတဲ့ အစာများများစားလေလေ အသည်းက မြန်မြန်ပျက်စီးလေ ဆိုတာပါပဲ။ အသည်းမကောင်းရင် အသက်တိုပါလိမ့်မယ်။ ဒါ့ကြောင့် အသက်ကို ဥာဏ်စောင့်သည့် သဘောရှိသောကြောင့် ရှောင်ကြရှားကြပါ။

နံပါတ်(၇)။ ။နောက်ဆုံးအချက်ကတော့ လူအများသိကြသည့် အရက်နှင့် ဆေးလိပ်ပင် ဖြစ်ပါတယ်။ သူတို့နဲ့ ပတ်သက်လို့ကတော့ ထပ်မံမပြောလိုတော့ပါဘူး။ အရက်ထဲမှာတောင်မှ အရက်အတု၊ အရက်အပြင်းသောက်သူက ပိုထိတယ်။ အကောင်းစားအရက် သောက်တဲ့သူက သိပ်ပြီး မထိဘူး။ သောက်ပုံသောက်နည်းမှာလည်း ခွေးသောက်သောက်သူက သူဌေးသောက်သောက်သူထက် ပိုထိတယ်။ အမြည်းမပါဘဲ သောက်သူက အမြည်းစားပြီး သောက်သူထက် ပိုဆိုးပါတယ်။



Read More...

Sunday, September 26, 2010

အသည်းနှင့် အသည်းကင်ဆာ

ကျွန်မ မိတ်ဆွေတွေအထဲမှာ အသည်းမကောင်းသူတွေ များစွာ ရှိပြီး အမေရိကားကို ရောက်နေတဲ့ တချိန်က ရင်းနှီးတဲ့ လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေဟောင်း တဦးလည်း အသည်းကင်ဆာ ဖြစ်ကြောင်း စမ်းသပ်တွေ့ရှိရတယ်လို့ လတ်တလော ကြားသိလိုက်ရလို့ ဒီပို့စ်ကို တင်ဖြစ်ပါတယ်။ အဓိကက အသည်းနဲ့ အသည်းကင်ဆာ အကြောင်းကို တင်ပြဖို့ဖြစ်ပါတယ်။ သို့သော်လည်း အသည်းနှင့် အသည်းကင်ဆာအကြောင်းကို မစခင် ကင်ဆာရောဂါရဲ့ အခြေခံ သဘောသဘာဝ အနည်းငယ်ကို အရင်တင်ပြထားပါတယ်။ ကင်ဆာကို ရှာဖွေတွေ့ရှိပုံ (Dignosis) နဲ့ ကုသမှုအပိုင်းကို ဒီပို့စ်မှာ တင်ပြထားခြင်း မရှိဘဲ နောက်ပိုင်း အလျဉ်းသင့်ရင် သီးသန့်ဖေါ်ပြဖို့ အစီစဉ် ရှိပါတယ်။ ဒီပို့စ်မှာ ကင်ဆာရောဂါ ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်လာပုံကို မိတ်ဆက်ပေးပြီး အသည်းကင်ဆာ အမျိုးအစားနှင့် ရောဂါ အဆင့်သတ်မှတ်ပုံကို အဓိက တင်ပြထားပါတယ်။


ကင်ဆာရဲ့ အခြေခံသဘောသဘာဝ


ပုံမှန်ဆဲလ်ပွားပုံနှင့် ကင်ဆာဆဲလ် ပွားပုံ (ဓါတ်ပုံတွေကို နှိပ်ပြီး ပုံကြီးကို ကြည့်နိုင်ပါတယ်)

ကင်ဆာဆိုတာ ဆဲလ်တွေမှာ ဖြစ်တဲ့ ရောဂါဖြစ်ပါတယ်။ ဆဲလ်ဆိုတာကတော့ အနုကြည့်မှန်ပြောင်း (Microscope) ဖြင့် ကြည့်မှသာ မြင်နိုင်တဲ့ ခန္ဓာကိုယ်ကို ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံးသော အဖွဲ့အစည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကြီးထွားစေဖို့၊ သက်တမ်းကုန်ဆုံးတဲ့ ဆဲလ်တွေ (သို့) ဒါဏ်ရာ ဒါဏ်ချက် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရှုံး သွားတဲ့ ဆဲလ်တွေကို ပြန်လည် အစားထိုးဖို့အတွက် သက်ရှိတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေဟာ အဆက်မပြတ် ပွား (Multiply) လျက် ရှိပါတယ်။ ဒီလို ပွားတဲ့နေရာမှာ ပုံမှန်အားဖြင့်တော့ ဆဲလ်တွေဟာ သူ့အစီစဉ်နှင့်သူ လမ်းကြောင်းအမှန်အတိုင်း ထိန်းချုပ်မှု အောက်မှာပဲ ပွားလေ့ရှိပါတယ်။ သို့သော်လည်း တခါတရံမှာ အကြောင်းမညီညွတ်ပါက အခန့်မသင့်ဘဲ လမ်းကြောင်းပြောင်းကာ ထိန်းချုပ်လို့မရ ဖြစ်သွားတတ်ပါတယ်။ ဒီလိုဖြစ်သွားရင် ကျူမာ (Tumour) လို့ ခေါ်တဲ့ အစေ့လေးကို စဖြစ်တဲ့နေရာမှာ ဖြစ်ပေါ်စေပါတယ်။

ကျူမာမှာ Benign Tumour နှင့် Malignant Tumour ဆိုပြီး နှစ်မျိုး နှစ်စားရှိပါတယ်။ ဘီနိုင်းကျူမာက မိမိ စတင်ဖြစ်ပေါ်တဲ့ နေရာမှာပဲ ရှိနေတတ်ပြီး တခြားကို လွင့်သွားခြင်းမရှိပါ။ သို့သော်လည်း ကျူမာအလုံးကြီးလာပါက ပတ်ဝန်းကျင်မှာ ရှိတဲ့ တစ်သျှူးတွေ၊ တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မကူးစက်မပြန့်နှံ့သော်လည်း သွားပြီးဖိအားပေးကာ နာကျင်ထိခိုက်စေနိုင်ပါတယ်။ ဘီနိုင်းကျူမာကို ကင်ဆာဆဲလ်ဖြင့် ဖွဲ့စည်းထားခြင်း မဟုတ်တဲ့အတွက် ဘီနိုင်းကျူမာကို ခန္ဓာကိုယ်ထဲမှာ တွေ့ခြင်းဟာ ကင်ဆာတွေ့ခြင်းမဟုတ်ပါ။ သို့သော်လည်း တချို့ဘီနိုင်းကျူမာများကို မကုသဘဲ ထားပါက ကင်ဆာဆဲလ်များ ဆင့်ပွားဖြစ်လာနိုင်ပါတယ်။

မူလကင်ဆာဆဲလ် စတင်ဖြစ်ပေါ်သည့် နေရာမှ တခြားနေရာသို့ ကင်ဆာဆဲလ် ပြန့်နှံ့ရောက်ရှိပုံ

Malignant Tumour က ကင်ဆာဆဲလ်ဖြင့် ဖွဲ့စည်းထားပြီး ၎င်းစတင်ဖြစ်ပွားတဲ့နေရာကို Carcinoma (ကင်ဆာစတင်ဖြစ်ပေါ်ခြင်း) လို့ ခေါ်ပါတယ်။ စတင်ဖြစ်ပွားရာကနေ တဖြည်းဖြည်း ကြီးထွားလာ၊ ပွားလာပြီး အနီးပတ်ဝန်းကျင် တစ်သျှူးတွေအထိ ပြန့်နှံ့သွားနိုင်ပါတယ်။ ၎င်းအဆင့်ကိုတော့ အစဦးကင်ဆာ (Primary Cancer) လို့ခေါ်ပါတယ်။ အချိန်ကြာမြင့်လာတဲ့ အခါမှာ အနီးအနား ပတ်ဝန်းကျင် တစ်သျှူးမှာတင်မကပဲ ကင်ဆာဆဲလ် တချို့ဟာ အဝေးကို လွင့်သွားပြီး အဝေးမှာရှိတဲ့ အရိုးအပါအ၀င် တခြား အင်္ဂါအစိတ်အပိုင်း တခုခုမှာ သွားပြီးတွယ်ကပ်ကာ ဆက်ပွားပါတယ်။ ၎င်းကို Secondary Cancer/Matastasis (ဆင့်ပွားကင်ဆာ) လို့ခေါ်ပါတယ်။ ဒါကတော့ အသည်းကင်ဆာအပါအ၀င် ကင်ဆာအများစုရဲ့ အခြေခံ ဖြစ်ပါတယ်။

အသည်း၏လုပ်ဆောင်ချက် အကျဉ်း

အသည်း၏ တည်နေရာနှင့် အနီးနားတ၀ိုက် အင်္ဂါအစိတ်အပိုင်းများပုံ

အသည်းကင်ဆာ အကြောင်းကို မပြောခင် အသည်းအကြောင်းကို အနည်းငယ် ဖေါ်ပြသင့်ပါတယ်။ အသည်းက ခန္ဓာကိုယ်မှာ ရှိတဲ့ အတွင်းအင်္ဂါအစိတ်မပိုင်းများအနက် အကြီးဆုံးဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ညာဘက်အခြမ်း နံရိုးတွေ အောက်နား၊ ညာဘက်အဆုပ်နှင့် ကန့်လန့်ကာကြွက်သား (Diaphragm) ရဲ့ အောက်တည့်တည့်မှာ ရှိပါတယ်။ ပိရမစ်ပုံ ရှိပြီး ဘယ်ဘက်နဲ့ ညာဘက် စိတ်အပိုင်းနှစ်ခုအဖြစ် တွယ်ဆက်လျက် ရှိပါတယ်။ အသည်းဟာ အရွယ်အစားကြီးသလောက် ခန္ဓာကိုယ်အတွက် လုပ်ပေးရတဲ့ အလုပ်ကလည်း အင်မတန် များပါတယ်။ အသည်းဟာ နှလုံးမှ အောက်စီဂျင် သယ်လာသော သွေးကိုလက်ခံပြီး နှလုံးမှတဆင့် ခန္ဓာကိုယ်တခုလုံးသို့ ပြန်ဖြန့်ဖြူးရန် နှလုံးသို့ ပြန်လည်ပို့ပေးပါတယ်။ အသည်းက ပို့ပေးတဲ့ အာဟာရကြောင့် ခန္ဓာကိုယ်တခုလုံးအတွက် လည်ပတ်ဖို့ စွမ်းအင်ကို ရရှိပါတယ်။

အသည်းဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ များစွာကို ဆောင်ရွက်ပါတယ်။
(၁) စားလိုက်တဲ့ အစားအစာတွေကို ခန္ဓာကိုယ်က အဆင်သင့်အသုံးပြုနိုင်စေရန် သကြားဓါတ်နဲ့ အဆီဓါတ်ဖြစ်အောင် ပြောင်းလဲပေးခြင်း၊
(၂) အာဟာရကို သိုလှောင်ပေးခြင်း
(၃) အဆီကို ခြေဖျက်ရန်အတွက် အသည်းခြေရည်ကို ထုတ်ပေးခြင်း
(၄) ပိုလျှံသော အစားအစာများကို အဆီနှင့် ဂလိုင်ကိုဂျင်ကို သကြားဓါတ်အဖြစ် ပြောင်းလဲကာ သိုလှောင်ထားပေးခြင်း၊
(5) အဆီတွင် ပျော်ဝင်နိုင်သော ဗီတာမင်တချို့နဲ့ သတ္တုဓါတ်တချို့ကို သိုလှောင်ပေးခြင်း
(၆) သွေးအတွက် အသားဓါတ် ထုတ်လုပ်ပေးခြင်း
(၇) သွေးပျစ်ခြင်းနှင့် ကျဲခြင်းကို ခန္ဓာကိုယ်မှာ လိုရင်လိုသလို ပြုပြင်ပေးခြင်း
(၈) ခန္ဓာကိုယ်လည်ပတ်ရန်အတွက် လိုအပ်တဲ့ တခြားဓါတ်ပေါင်းတချို့ကို ထုတ်လုပ်ပေးခြင်း
(၉) အရက်လို ခန္ဓာကိုယ်အတွက် ဒုက္ခပေးတဲ့ အရာတွေကို အဆိပ်မဖြစ်အောင် ခြေဖျက်ပေးခြင်းနှင့် အညစ်ကြေးတွေကို ဖယ်ရှားပေးခြင်း စသည်တို့အပါအ၀င် အသည်းဟာ ခန္ဓာကိုယ်အတွက် လုပ်ငန်းများစွာကို ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါကြောင့်မို့ အသည်းမကောင်းသော သူတဦးမှာ ဒီလုပ်ငန်းစဉ်တွေအတွက် မထိခိုက်အောင် ဂရုပြုဖို့ အထူးလိုအပ်ပါတယ်။

အသည်းကင်ဆာ
အသည်းကင်ဆာဆိုတာ အသည်းမှာ Malignant Tumour ရှိနေခြင်းဖြစ်ပါတယ်။ အသည်းကင်ဆာမှာ အစဦး အသည်းကင်ဆာ (Primary cancer) နှင့် နောက်ဆက်တွဲ ကင်ဆာ (Secondary cancer) ဆိုပြီး နှစ်မျိုးရှိပါတယ်။

Primary Liver Cancer (အစဦး အသည်းကင်ဆာ)
အစဦးအသည်းကင်ဆာမှာလည်း Cholangio Carcinoma ခေါ် သည်းခြေပြွန်တ၀ိုက်မှာ စတင်ဖြစ်ပေါ်တဲ့ အသည်းကင်ဆာနှင့် hepatocellular carcinoma ခေါ် အသည်းထဲက ဆဲတွေမှာ စတင်ဖြစ်ပွားတဲ့ အသည်းကင်ဆာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ဒီအမျိုးအစားက အသည်းခြောက်ရောဂါ (Cirrhosis) သမားတွေမှာ အများဆုံး ဖြစ်ပေါ်တတ်တဲ့ အမျိုးအစား ဖြစ်ပါတယ်။ Primary Liver Cancer က Secondary Liver Cancer ထက် အဖြစ်နည်းသည်ကို တွေ့ရှိရပါတယ်။

မူလအသည်းကင်ဆာ ဖြစ်ရခြင်းအကြောင်းအရင်း
ဖြစ်ရခြင်း အကြောင်းအရင်းကို အတိအကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါ။ သို့သော် ၎င်းအသည်းကင်ဆာ ဖြစ်သောသူ အများစုမှာ အောက်ပါအချက်များနှင့် ပတ်သက်သူများဖြစ်ပါတယ်။
(၁) အသည်းရောင် အသားဝါ (B) or (C) ကြောင့် ရောဂါဖြစ်နေသည့် လူနာ
(၂) အရက် သေစာကို အချိန်ကြာမြင့်စွာ သောက်သုံးလာသူ
(၃) အသည်းခြောက်ခြင်းနှင့် တခြားအသည်းရောဂါ တခုခု ရှိနေသောသူများတွင် Pramary Liver Cancer ကို အများဆုံး တွေ့ရပါတယ်။ သို့သော်လည်း မူလအသည်းကင်ဆာက တဆင့်ခံ အသည်းကင်ဆာထက် အဖြစ်နည်းပါတယ်။

Secondary Liver Cancer (နောက်ဆက်တွဲ အသည်းကင်ဆာ)
တခြားနေရာတွေမှာ အစဦး ဖြစ်ပွားတဲ့ ကင်ဆာဆဲလ်တွေက အသည်းကို ပြန့်နှံ့ရောက်ရှိလာလို့ တဆင့်ခံ ဖြစ်ပွားတဲ့ အသည်းကင်ဆာ ဖြစ်ပါတယ်။ အသည်းဟာ တခြားအင်္ဂါအစိတ်ပိုင်း အားလုံးနီးပါးနဲ့ ဆက်စပ် ပတ်သက်နေတဲ့အတွက်ကြောင့် တခြားအင်္ဂါ အစိတ်ပိုင်းမှာ ကင်ဆာဖြစ်ပါက အသည်းကို အလွယ်တကူ ပြန်နှံ့နိုင်ပြီး အသည်းကင်ဆာရသူ အများစုမှာ Secondary Liver Cancer ရသည့် ဦးရေက မူလအစဦးကင်ဆာ ရသူထက် အဆနှစ်ဆယ် ပိုများပါတယ်။ ထို့အတူ Secondary Liver Cancer ကိုလည်း မူလရောဂါ စဖြစ်တဲ့ နေရာနှင့်ပဲ အမည်ပေးလေ့ရှိပါတယ်။ ဥပမာ စအိုကင်ဆာက ပြန့်နှံ့လာတဲ့ အသည်းကင်ဆာဖြစ်ရင် Metastatic bowel cancer လို့ ခေါ်လေ့ရှိပါတယ်။ မူလဖြစ်တဲ့နေရာမှာ ကင်ဆာကို စတွေ့တဲ့အချိန်မှာ နောက်ဆက်တွဲ ပြန့်နှံ့လာလို့ ဖြစ်လာတဲ့ အသည်းကင်ဆာကိုပါ တခါတည်းတွေ့တာ ရှိသလို နောက်မှ ထပ်တွေ့တာလည်း ရှိနိုင်ပါတယ်။

အသည်းကင်ဆာရဲ့ လက္ခဏာများ
မူလ အသည်းကင်ဆာ၌ အစပိုင်းမှာ ထူးခြားသည့် လက္ခများကို မတွေ့ရပါ။ နောက်ပိုင်း အခြေအနေ ဆိုးလာမှ သိရှိရတဲ့ အသည်းကင်ဆာရဲ့ လက္ခဏာ များကတော့…
(၁) အားနည်းပြီး မောပမ်းနွမ်းနယ်နေခြင်း
(၂) အသည်းတည်ရှိရာ နေရာဖြစ်တဲ့ နံရိုးတွေရဲ့ အောက်ဘက်ရှိ ၀မ်းဗိုက်ရဲ့ ညာဘက်အပေါ်ဒေါင့်မှာ နာကျင်ခြင်း၊
(၃) ကိုယ်အလေးချိန် ကျဆင်းခြင်း
(၄) အစားအသောက်ပျက်ခြင်း
(၅) မျက်လုံးနဲ့ အသားရောင်များ ၀ါလာခြင်း
(၆) ပျို့ချင်အန်ချင်ခြင်း
(၇) ၀မ်းဗိုက်ဖေါင်းပွလာခြင်း
(၈) အဖျားဝင်ခြင်း စတဲ့လက္ခဏာတွေကို တွေ့နိုင်ပါတယ်။

အသည်းကင်ဆာကို အဆင့် သတ်မှတ်ခြင်း
ကင်ဆာရောဂါ ရှိကြောင်း စတင်စမ်းသပ်တွေ့ရှိသည်နှင့် ပြန့်နှံ့မှု ရှိမရှိဆိုတာကိုပါ တခါတည်း တွေ့ရှိရပါတယ်။ မူလစတင်ဖြစ်ပွားတဲ့ နေရာကနေ ပြန့်နှံ့မှု ရှိမရှိနှင့် ပြန့်နှံ့မှု ရှိသော်လည်း ဘယ်အတိုင်းအတာထိ ပြန့်နှံ့နေပြီဆိုတဲ့အပေါ် မူတည်ပြီး ရောဂါအဆင့်ကို သတ်မှတ်ပါတယ်။
အဆင့် (၁) ကင်ဆာရဲ့ အရွယ်အစား ၂ ဆင်တီမီတာထက် မပိုသေးခြင်းနှင့် စတင်ဖြစ်ပွားတဲ့နေရာကလွဲပြီး တခြားဘယ်မှ မပြန့်နှံ့သေးသည့်အဆင့်။
အဆင့် (၂) ကင်ဆာက အသည်းထဲရှိ သွေးကြောများအထိ ပြန့်နှံ့နေခြင်း (သို့) ကျူမာအရေအတွက် တခုထက်ပိုရှိနေခြင်း
အဆင့် (၃) A: ကင်ဆာ အရွယ်အစား ၅ ဆင်တီမီတာထက် ပိုကြီးနေခြင်း (သို့) အသည်းရဲ့ အနီးတ၀ိုက် သွေးကြောများအထိ ပြန့်နှံ့နေခြင်း
အဆင့် (၃) B: ကင်ဆာက အသည်းအနီးအနားရှိ တခြားအင်္ဂါအစိတ်အပိုင်း အထိ ပြန့်နှံ့နေခြင်း။ သို့သော်လည်း ပြန်ရည်ကြော အဖုထိ မရောက်သေးခြင်း။
အဆင့် (၃) C: ကင်ဆာက အနီးအနားတ၀ိုက် အင်္ဂါအစိတ်အပိုင်း တခုခု အပြင် ပြန်ရည်ကြောဖုအထိ ပြန့်နှံ့နေခြင်း
အဆင့် (၄) ကင်ဆာက အနီးအနားရှိ အင်္ဂါအစိတ်မပိုင်းများ၊ ပြန်ရည်ကြောဖုအတွင်းနှင့် အဝေးထိ တခြားအင်္ဂါအစိတ်အပိုင်းအထိ ပြန့်နှံ့နေခြင်း စသည်ဖြင့် ၆ ဆင့်ခွဲခြားထားပါတယ်။

Progranosis ကုသနိုင်သည့် အခွင့်အလမ်း
အခြေအနေအပေါ် မူတည်ပြီး Primary Cancer ကို စောစွာ တွေ့ရှိပါက ပျောက်ကင်းအောင် ကုသနိုင်သည့် အခွင့်အလမ်း ရှိနိုင်ပါတယ်။ Secondary Cancer ကိုတော့ ပြန့်နှံ့နေပြီ ဖြစ်တဲ့အတွက် ကုသမှုဖြင့် လုံးဝ အမြစ်မပြတ်နိုင်တော့သော်လည်း အသက်ဆက်လက် ရှင်သန်နိုင်သည့်ကာလကို အတတ်နိုင်ဆုံး ပိုမိုရှည်လျားစေရန်နှင့် နာကျင်ခြင်းကို သက်တောင့်သက်သာ ရှိစေရန် ကုသမှုကို ခံယူနိုင်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားနေသည်ကို စမ်းသပ်တွေ့ရှိရတဲ့ ဆရာဝန်က ကလေးနှင့်စိတ်ပုံမှန် မဟုတ်သော လူနာမဟုတ်ရင် လူနာရဲ့ ရောဂါနဲ့ အခြေအနေ (ကင်ဆာရောဂါ ရောက်ရှိနေသည့်အဆင့်) ကို ထိန်ချန် ဖုံးကွယ်ထားပိုင်ခွင့် မရှိပါ။ ကုသနိုင်သည့် လမ်းကြောင်း ဘယ်နှစ်ခုရှိပြီး လမ်းကြောင်းတခုစီရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို ဆရာဝန်က လူနာ နားလည်အောင် ရှင်းပြရပါတယ်။ ဆက်လက်ကုသမှုအတွက် ဆရာဝန်ရှင်းပြတဲ့ လမ်းကြောင်းတွေအထဲက မိမိအတွက် အကောင်းဆုံး ထင်တဲ့လမ်းကြောင်းကို လူနာက ရွေးချယ်ရပါတယ်။ မိမိရွေးချယ်တဲ့ ကုသမှု လမ်းကြောင်းရဲ့ ကောင်းကျိုးဆိုးကျိုး နှစ်ခုစလုံးကို မိမိသိဖို့လိုပါတယ်။
အသည်းကင်ဆာကို ကုသရာမှာ အသည်းပြင်ပသို့ ကင်ဆာဆဲလ် မပြန့်နှံ့သေးတဲ့ Primary အဆင့်မှာ ကုသပါက ခွဲစိတ်ကုသပြီး အသည်းအစိတ်အပိုင်းကို ဖြတ်ထုတ်ခြင်းမှသည် အသည်းအစားထိုး ကုသခြင်းအထိရှိပြီး လုံးဝပျောက်ကင်းအောင် ကုလို့ နိုင်ပါတယ်။ အသည်းကို ခွဲစိတ်ကုသရာမှာ တခြားအင်္ဂါအဖွဲ့အစည်းတွေကို ခွဲစိတ်ကုသထာထက် အားကောင်းသည့် အချက်မှာ အသည်းဟာ သုံးပုံနှစ်ပုံခန့် ဖြတ်ထုတ်ခံရသည့်တိုင်အောင် ဖြတ်ထုတ်ခံရသည့် အစိတ်အပိုင်းနေရာမှာ ဆဲလ်တွေ ပြန်ပွားပြီး နှစ်ပတ်မှ တလနှစ်လ ကာလအတွင်း မူလအသည်း ဖွဲ့စည်းပုံနှင့် အရွယ်အစားအတိုင်း သူ့အလိုလို ပြန်ဖြည့်စွက်ပေးခြင်း ဖြစ်ပါတယ်။

မိမိ (သို့) မိမိ မိသားစုအဖွဲ့ဝင် တဦးဦးမှာ ကင်ဆာ ရှိပြီဆိုတာ သိတာနဲ့ Dignosis လုပ်ပေးတဲ့ ဆရာဝန်ကို ကင်ဆာ အမျိုအစားနှင့် အဆင့်အပါအ၀င် ကုသာရန်အတွက် မိမိသိချင်တာ သိသင့်တာ အကုန်မေးဖို့ တကယ်လိုအပ်ပါတယ်။ ရောဂါ ကုသမှုကို တိုင်ပင်ရန် ဆရာဝန်က အဓိကဖြစ်သော်လည်း ကင်ဆာရောဂါကို ကုသရာမှာ Health Care Team တခုလုံးက တာဝန်ယူပါတယ်။ ကျန်းမာရေးကို အစိုးရတာဝန်ယူသည့် နိုင်ငံများတွင် ကင်ဆာ ရရှိသည့် လူနာများအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြုစုပျိုးထောင်မှုအတွက် ဆက်သွယ်ရန် ဌာနတွေ၊ Services တွေ များစွာ ရှိပါတယ်။ လူနာအနေနှင့် ဘယ်လို Services ကို ရရှိနိုင်ပြီး အဲဒီ Service တွေအတွက် ကုန်ကျစာရိတ်ကို အစိုးရက တာဝန်ယူမှု ရှိမရှိ၊ မရှိပါက မိမိအနေနှင့် စိုက်ထုတ်နိုင်ဖို့ ကုန်ကျနိုင်သည့် ခန့်မှန်းခြေစာရိတ် စတာတွေကို ဆရာဝန်နှင့် အကုန်လုံး မေးမြန်းတိုင်ပင်သင့် ပါတယ်။

ဆရာဝန်ကို မေးမြန်းသင့်သည့် မေးခွန်းများ
(၁) မိမိမှာ diagnosis လုပ်ထားတဲ့ အသည်းကင်ဆာက ဘာအမျိုးအစား အသည်းကင်ဆာလဲ။
(၂) ကင်ဆာက အသည်းရဲ့ အပြင်ကို ပြန့်နှံ့နေပြီလား။ အကယ်၍ ပြန့်နှံ့နေပါက ဘယ်အထိ ရောက်နေပြီလဲ။
(၃) မိမိမှာ ရှိတဲ့ အသည်းကင်ဆာက ဘယ်အဆင့်မှာ ရှိလဲ။
(၄) ကုသနိုင်တဲ့ အခွင့်အလေမ်း အတိုင်းအတာက ဘယ်အထိ ရှိလဲ။
(၅) ဘယ်လို စမ်းသပ်မှုတွေကို ထပ်လုပ်ဖို့လိုလဲ။
(၆) ဘယ်လို ကုသမှုကို အကြံပြုတိုက်တွန်းချင်လဲ။
(၇) ကုသမှု တခုစီမှာ ရှိတဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ဆက်ပွားပြဿနာတွေက ဘာတွေလဲ။
(၈) တခြား ရွေးချယ်စရာ ဘာများရှိသေးလဲ။ အကယ်၍ မရှိဘူး ပြောပါက ဘာကြောင့်လဲ။
(၉) တခြား ဖြည့်စွက်ကုသနည်း (Complementary Therapy) တွေနဲ့ ကုသလို့ ရတာ ဘာတွေရှိနိုင်လဲ။
(၁၀) ဆေးရုံမှာ ဘယ်လောက် ကြာကြာနေရမလဲ။
(၁၁) ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ ဘယ်လောက် အချိန်ယူရမလဲ။
(၁၂) Chemotherapy က ဘာအတွက် အသုံးပြုလဲ။ ဆိုးကျိုးတွေက ဘာရှိလဲ။
(၁၃) ကင်မိုသရဖီအတွက် ကုန်ကျစာရိတ် ဘယ်လောက်ရှိလဲ။
(၁၄) ဒီကုသမှုက မိမိရဲ့ လိင်ပိုင်းဆိုင်ရာနှင့် မျိုးပွားခြင်းဆိုင်ရာကို ထိခိုက်နိုင်ပါသလား။
(၁၅) ဘယ်လောက်မှာ ဘယ်နှစ်ကြိမ် တခါ (How ofteen) စမ်းသပ်စစ်ဆေးမှုကို ပြုလုပ်ဖို့ လိုအပ်သလဲ။
(၁၆) ကုသမှု တခု ပြီးဆုံးသွားပြီးနောက် နောက်တကြိမ် ကင်ဆာ ပြန်ထလာရင် ဘယ်လိုဆက်လုပ်ရမလဲ စသည့်တို့ ပါဝင်နိုင်တဲ့ မိမိ သိချင်တဲ့ အချက်တွေအားလုံးကို ဆရာဝန်နှင့် မေးမြန်း တိုင်ပင်ဖို့ လိုအပ်ပြီး ကုသမှုကို ခံယူသင့်ပါတယ်။



Bibliography
Cancer Council NSW. (2007). Understanding liver cancer: A Guide for people with cancer, their families and friends. NSW: Cancer Conucil NSW.


Read More...

Friday, September 24, 2010

Allergy အကြောင်းသိကောင်းစရာ

Allergy အကြောင်းသိကောင်းစရာ



Allergy ဆိုတာဘာလဲ ?

Allergy ဆိုတာ ဓါတ်မတည့်မှုပုံစံတစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ခုခံအားစနစ် (Immune System) ရဲ့ ချို့ယွင်း မှုတစ်ခုဖြစ်ပါတယ် ။ ဓါတ်မတည့်မှုတွေဟာ အထူးသဖြင့် ပတ်ဝန်းကျင်က အန္တရာယ်မရှိတဲ့ ဓါတ်မတည့်မှု ဖြစ်စေတဲ့အရာတွေနဲ့ ထိတွေ့မှုကြောင့် ဖြစ်ပါတယ် ။ အဲဒီ ဖြစ်စဉ်ဟာ အလွန်ကိုပဲ လျှင်မြန်ပြီး ကြိုတင် လည်းခန့်မှန်းလို့ရပါတယ် ။ Allergy ဟာ Hypersensitivity လို့ခေါ်တဲ့ ဓါတ်မတည့်မှု ဖြစ်စဉ်တွေထဲက နံပါတ် တစ် Type I ဖြစ်ပါတယ် ။ ဒီဖြစ်စဉ်ဟာ mast cells နဲ့ basophils လို့ခေါ်တဲ့ အချို့သော သွေးဖြူဥဆဲလ်တွေကို IgE လို့ခေါ်တဲ့ Antibody တစ်မျိုးကနေပြီး အလွန်အမင်းလှုံ့ဆော်ပေးမှုကြောင့် အကျိုးဆက်အနေနဲ့ လွန်စွာ ရောင်ရမ်းခြင်း (Inflammatory Response) ဖြစ်ပေါ်လာခြင်းပဲ ဖြစ်ပါတယ် ။ အဖြစ်များတဲ့ ဓါတ်မ တည့်မှုဖြစ်စဉ်တွေကတော့ နှင်းခူနာ ၊ ၀တ်မှုံတွေကြောင့် ဖြစ်တဲ့ hay fever ၊ ပန်းနာရင်ကြပ်ရောဂါ ၊ အစား အစာ ဓါတ်မတည့်မှုများနဲ့ အချို့သော အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့် ဖြစ်ပေါ်လာတဲ့ reaction များပဲ ဖြစ်ပါတယ် ။


Hay Fever လို့ခေါ်တဲ့ သိပ်မပြင်းထန်တဲ့ ဓါတ်မတည့်မှုမျိုးကတော့ လူထုထဲမှာ အဖြစ်များပြီး မျက်စိနာခြင်း ၊ ယားယံခြင်းနဲ့ နှာရည်ယိုခြင်းစတဲ့ လက္ခဏာတွေဖြစ်လေ့ရှိပါတယ် ။ Allergy တွေဟာ ပန်းနာရင်ကျပ်ရော ဂါမှာ လည်း အဓိက အစိတ်အပိုင်းကနေပါဝင်ပါတယ် ။ အချို့သောလူတွေမှာတော့ ပတ်ဝန်းကျင် (သို့မဟုတ်) အစား အသောက်မှာပါတဲ့ ဓါတ်မတည့်တဲ့အရာတွေကြောင့် အလွန်ပြင်းထန်တဲ့ ဓါတ်မတည့်ခြင်းမျိုးဖြစ်စေနိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ Anaphylactic reaction တွေဖြစ်ပေါ်နိုင်ပါတယ် ။

ဓါတ်မတည့်ခြင်းအခြေအနေကို သိရှိနိုင်ဖို့ ယခုအချိန်မှာ စမ်းသပ်နိုင်မှု (Test) တွေ အများကြီးပေါ်ပေါက်နေပြီ ဖြစ်ပါတယ် ။ အဲဒီအထဲမှာမှ အရေပြားကို ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတစ်ခုခုကို ထိတွေ့စေပြီး သွေးထဲ မှာပါရှိတဲ့ ဓါတ်မတည့်ခြင်းနဲ့သက်ဆိုင်တဲ့ (Allergen-specific IgE) အဆင့်ကို တိုင်းတာခြင်းပဲ ဖြစ်ပါတယ် ။ Allergy ကို ကုသမှုတွေကတော့ ဓါတ်မတည့်မှုကိုဖြစ်ပေါ်စေတဲ့ အရာတွေကို ရှောင်ရှားခြင်း ၊ Anti-histamines ၊ steroid နဲ့ အခြား ဆေးတွေကို သုံးစွဲခြင်း ၊ Allergen တွေနဲ့ ထိတွေ့တဲ့အခါ ဓါတ်မ တည့် မှုဖြစ်စဉ်ကိုနည်းပါးအောင်ပြုလုပ်ခြင်း (Desensitize) နဲ့ Immunotherapy ပေးခြင်းစသည်တို့ ပဲ ဖြစ်ပါတယ် ။

Allergy ရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

ဓါတ်မတည့်မှုကို ဖြစ်စေတဲ့အရာတွေကတော့ ဖုန်မှုန့် ၊ ပန်းဝတ်မှုံ စသဖြင့်အမျိုးမျိုးရှိပြီး အဲဒါတွေကိုတော့ Airborne particles တွေလို့ခေါ်ပါတယ် ။ အဲဒီလိုအခါမှာတော့ လေနဲ့ ထိတွေ့တာနဲ့တင် ဓါတ်မ တည့်မှု တွေဖြစ်စေနိုင်ပါတယ် ။ ( ဥပမာ မျက်စိ ၊ နှာခေါင်း နှင့် အဆုတ်စသည် ) ဓါတ်မတည့်မှုကြောင့်ဇြစ်တဲ့ နှာမွှန်ခြင်း (Allergic Rhinitis) ကို hay fever လို့ အသိများပြီး နှာခေါင်းအတွင်းမအီမသာဖြစ်ခြင်း ၊ နှာချေခြင်း ၊ ယား ယံခြင်းနဲ့ မျက်လုံးနီရဲခြင်းတို့ကို ဖြစ်စေနိုင်ပါတယ် ။ ရှူသွင်းလိုက်တဲ့ ဓါတ်မတဲ့စေတဲ့အရာတွေကြောင့် လေပြွန်ပေါက်တွေကျဉ်းမြောင်းပြီး အသက်ရှူကျပ်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ် ။ အဲဒီအချိန်မှာ အဆုတ်ထဲမှာ Mucus (အချွဲရည်) တွေ ထုတ်လုပ်မှုကို များစေပြီး မောပန်းခြင်း ၊ အသက်ရှုမ၀ခြင်း ချောင်းဆိုးခြင်းနဲ့ အသက်ရှူစဉ် တရွှီရွှီမြည်ခြင်းတို့ကို ခံစားရနိုင်ပါတယ် ။

အစားအသောက်တွေ ၊ အင်းဆက်ပိုးမွှားကိုက်ခဲခံရမှုကြောင့်ဖြစ်တဲ့ ဓါတ်မတည့်ခြင်းမျိုးကိုတော့ Aspirin (သို့မဟုတ်) Penicillin ကဲ့သို့ ပဋိဇီဝပိုးသတ်ဆေးတွေနဲ့ ကုသနိုင်ပါတယ် ။ အစားအ သောက် ကြောင့် ဓါတ်မတည့်ခြင်းမျိုးမှာ ဗိုက်အောင့်ဗိုက်နာခြင်း ၊ ဗိုက်ဖောခြင်း ၊ အန်ခြင်း ၊၀မ်းသွားခြင်း ၊ အ ရေပြားယားယံခြင်းနဲ့ အရေပြားယောင်ရမ်းခြင်းမျိုး ဖြစ်စေနိုင်ပါတယ် ။ အစားအသောက်ကြောင့် ဓါတ်မ တည့် ခြင်းမျိုးမှာ အသက် ရှူလမ်းကြောင့်ဆိုင်ရာ (ဥပမာ ရင်ကျပ်ခြင်းနဲ့ နှာမွှန်ခြင်း) မျိုးဖြစ်ခြင်းဟာ ရှားပါးပါတယ် ။

အင်ဆက်ပိုးမွှားကိုက်ခဲခံရခြင်း ၊ ပိုးသတ်ဆေးများနဲ့ အချို့သော ဆေးများကြောင့် စနစ်အလိုက် ဓါတ်မ တည့်ခြင်းမျိုး (Systemic allergic response) များဖြစ်စေနိုင်ပြီး ဒါကို Anaphylaxis လို့ ခေါ်ပါတယ် ။ ခန္ဓာကိုယ်ရှိ အတွင်းအဂါင်္များ ထိခိုက်ခံရနိုင်ပြီး အစာအိမ်နှင့်အူလမ်းကြောင်း ၊ အသက်ရှူလမ်းကြောင်း ၊ သွေး လည်ပတ်မှုလမ်းကြောင်းတို့ ပါဝင်ပါတယ် ။ ပြင်းထန်မှုနှုန်းအပေါ်မှုတည်ပြီး အရေပြားယောင်ရမ်းခြင်း ၊ လေပြွှန် ကျဉ်းမြောင်းခြင်း ၊ ခြေလက်ရောင်ခြင်း ၊ သွေးပေါင်ချိန်ကျခြင်း ၊ သတိလစ်မေ့မျောခြင်း နဲ့ နောက်ဆုံး အသက် ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ် ။ ဒီလိုဓါတ်မတည့်မှုမျိုးကတော့ ရုတ်တ ရက်ချက်ခြင်း ဇြစ်ပေါ်စေ နိုင်သလို အချိန်ကြာပြီးတော့မှလည်း ဖြစ်ပေါ်နိုင်ပါတယ် ။ တခါတရံ ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ allergic response တွေဟာ epinephrine ပေးဖို့လိုအပ်ပါတယ် ။

ရာဘာစေးကဲ့သို့ ဓါတ်မတည့်မှုဖြစ်စေတဲ့အရာနဲ့ အရေပြားကို ထိတွေ့မိရင်တော့ ဖြစ်ပေါ်တတ်တဲ့ ဓါတ်မ တည့် ခြင်းမျိုးမှာ အရေပြားရောင်ရမ်းခြင်း နဲ့ နှင်းခူနာတွေဖြစ်စေနိုင်ပါတယ် ။ အရေပြားရောင်ရမ်းခြင်းမျိုးမှာ အနီ ကွက်ထွက်ခြင်း ၊ ရောင်ရမ်းခြင်း စသဖြင့်ဖြစ်စေနိုင်ပြီး Wheal and flare reaction လို့လည်း အသိ များပါတယ် ။

Allergy ဖြစ်စေတဲ့အကြောင်းအရင်းတွေက ဘာတွေလည်း ?



ဓါတ်မတည့်ခြင်းဖြစ်စေတဲ့အရောင်းအရင်းကို ခေါင်းစဉ်ခွဲကြည့်မယ်ဆိုရင် Host နဲ့ Environmental factors ဆိုပြီး ခွဲခြားနိုင်ပါတယ် ။ Host Factor ထဲမှာဆိုရင် မျိုးရိုးဗီဇ ၊ လိင်အမျိုးအစား ၊ လူမျိုး နဲ့ အသက် အရွယ်စ သဖြင့် ပါရှိပါတယ် ။ ဒါပေမယ့်လည်း မျိုးရိုးဗီဇ (Genetic Factors ) တစ်ခုထဲနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ဓါတ်မတည့်ခြင်းမျိုးတွေဟာ များပြားလို့လာပါတယ် ။ အဓိက ပတ်ဝန်းကျင်ဆိုင်ရာ အဖြစ်များ စေတဲ့အ ကြောင်း အရင်း လေးခုကတော့

-ငယ်ရွယ်စဉ်မှာ ပိုးမွှားကြောင့်ဖြစ်တဲ့ ရောဂါတွေ (Infectious diseases) တွေ ထိတွေ့ခံရခြင်း
-ပတ်ဝန်းကျင်ညစ်ညမ်းမှုများ
-ဓါတ်မတည့်စေသောအရာ (Allergen Levels)
-အစားအသောက် ပုံစံ ပြောင်းလဲခြင်း စသည်တို့ပဲ ဖြစ်ပါတယ် ။

Food Allergens များ

-မြေပဲ
-pecan ဟုခေါ်သော ပန်းညိုရောင်အခွံရှိသော စားရသည့်သစ်စေ့
-pistachio ဟုခေါ်သော အစိမ်းရောင်စိမ့်သော အခွံမာသီးတစ်မျိုး
-သစ်ကြားသီး
-နှမ်း
-ဘိန်းပန်း စသည်တို့ဖြစ်ပါတယ် ။

ကြက်ဥ ၊ ဘဲဥ စသည်တို့မှ ဓါတ်မတည့်ခြင်းတွေကတော့ ကလေးငယ်များ အသက် ငါးနှစ်အရွယ်မှာ အယောက် ငါးဆယ်မှာ တစ်ယောက်တွေ့ရလေ့ ရှိပါတယ် ။ အဓိက ဓါတ်မတည့်ခြင်းဖြစ်စေတာကတော့ ကြက်ဥ ၊ ဘဲဥမှ အနှစ်များမဟုတ်ပဲ အဖြူရောင် ပရိုတိန်းအလွှာပဲဖြစ်ပါတယ် ။ နွားနို့ ၊ ဆိတ်နို့ နှင့် သိုးမှရသော နို့ ၊ ဒိန်ခဲစ သည်တို့ကလည်း Food allergens များပဲ ဖြစ်ပါတယ် ။ အခြား အစားအသောက်မှ ဓါတ်မတည့် မှုဖြစ်စေတဲ့အရာတွေကတော့ ပဲပိစပ် ၊ ဂျုံစေ့ ၊ ငါး ၊ shellfish ငါး (အခွံမာရှိ၍စားကောင်းသောငါး ) ၊ သစ်သီး သစ်ရွက်များ နဲ့ အခြား သဘာဝမဟုတ်တဲ့ အရောင်အနံ့အရသာ နဲ့ပြုလုပ်ထားတဲ့ စားသောက် ဖွယ် ရာတွေပဲ ဖြစ်ပါတယ် ။

Non-food protein allergen များ

-ကြက်ပေါင်စေး ၊ ရာဘာစေး
-ကီဝီသီး
-ထောပတ်သီး
-သစ်အယ်သီး
-ငှက်ပျောသီး စသည်တို့ ဖြစ်ပါတယ် ။

Ref : Wikipedia

ဆက်လက်ရေးသားပါဦးမည် ။

သက်တန့်ချို
24 September 2010

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Read More...

Wednesday, September 22, 2010

Pelvic floor exercises အမျိုးသမီးတိုင်းအတွက် လေ့ကျင့်ခန်း

“တသားမွေး တသွေးလှ” ဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်းအင်္ဂါတွေပါ ကျန်းမာ သန်စွမ်းဘို့ လိုသေးတယ်။ အမျိုးသမီး ကြီး-ငယ်မဟူ၊ အပျိုရော အအိုပါ၊ တဒ်ါလာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း၊ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့ နည်းကို ရေးပါမယ်။

ကိုယ်ဝန် တခါဆောင်ရင် တခါ အတွင်းအင်္ဂါတွေ အားနဲစေတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ် ၀င်နိုင်တယ်။ စားဆေး-ထိုးဆေးနဲ့ မရပါ။ နတ်ရေကန်ထဲ ဆင်းမရ၊ Pelvic floor exercises လုပ်မှ ကောင်းတယ်။ Kegel exercises (ကီဂယ်လ်) လေ့ကျင့်ခန်းလို့လဲ ခေါ်တယ်။ အိမ်ထောင် မကျသေးသူတွေလဲ တချို့ ဖြစ်တတ်လို့ ငါန်းဇွန်နယ်မှာ တယောက် ခွဲတောင်ပေးရသေးတယ်။ Prolapse uterus သားအိမ်ကျ၊ Cystocele ဆီးအိမ်ကျ၊ Rectocele အစာဟောင်းအိမ်ကျ၊ Urinary incontinence ဆီးမထိန်းနိုင်တာ။ ဒီလို ရောဂါတွေသာမက (ဗဂျိုင်းနား) ကြွက်သားတွေ အားပြော့နေတာလဲ ကျန်းမာရေး-လူမှုရေး ပြဿနာဘဲ။

တင်ပါးဆုံ-အရိုးကွင်းထဲမှာ အင်္ဂါတွေ အများကြီး ရှိတယ်။ ယောက်ျား-မိန်းမ နဲနဲမတူကြဘူး။ လူတယောက်ကို တဖက် မျက်နှာမူ ခိုင်းပြီး ဘေးတည့်တည့်ကနေ ကြည့်ရင် ရှေ့ဆုံးမှာ Pubis ဆီးစပ်ရိုး၊ နောက်မှာ Bladder ဆီးအိမ်၊ နောက်မှာ မိန်းမတွေမှာသာရှိတဲ့ Uterus သားအိမ်၊ နောက်ဆုံးမှာ Rectum အစာဟောင်းအိမ် ရှိတယ်။ ယောက်ျားတွေမှာသာ ဆီးအိမ် အောက်ကပ်နေတဲ့ Prostate ဆီးကြိတ် ရှိတယ်။ မိန်းမတွေမှာ သားအိမ် အောက်က တဆက်ထဲ Vagina မွေးလမ်းကြောင်း ရှိတယ်။ အစာဟောင်းအိမ် အောက်က ဆက်နေတာက Anus စအို။

ဒီအင်္ဂါတွေကို သူ့နေရာသူ ပုံမှန်ရှိနေအောင် Muscles ကြွက်သား၊ Fascia အရွတ်ပြားတွေကနေ ထိန်းပေး-တည့်ပေး-မ ပေးထားတယ်။ ထိန်း-တည့်-မ လုပ်ပေးတာတွေ အားနဲလာရင် ပြောခဲ့သလို အမျိုးမျိုး ဖြစ်လာစေနိုင်တယ်။ သိတဲ့အတိုင်း ကြွက်သားဆိုတာ လေ့ကျင့်ပေးရင် သန်မာစေနိုင်လို့ လေ့ကျင့်ပေးရမယ်။

အရင်ဆုံး ဘယ်ကြွက်သားတွေကို လေ့ကျင့်ရမလဲ သိအောင်လုပ်ရတယ်။ ဆွဲကိုင် မပြနိုင်လို့ သင်ပြပေးရတယ်။ လွယ်ပါတယ်။ ကိုယ့်ဖါသာ ဆီးသွားနေရင်း ဆီးမကုန်ခင် ဆီးသွားတာ ရပ်သွားအောင် ကြိုးစားကြည့်ပါ။ ဘယ်နေရာကို Squeeze and lift ညှစ်၊ မ-တင်ပေးရင် ဆီးရပ်မလဲဆိုတာ ကိုယ်တိုင် သိလာလိမ့်မယ်။ စအိုနဲ့ မွေးလမ်းပေါက်တွေကို ပိတ်ပြီး ဆွဲတင်သလို လုပ်ရတယ် မဟုတ်လား။ Upward and inward အထက် နဲ့ အတွင်းထဲဆီကိုပါ။

သေခြာအောင် စစ်မယ်။ လေ့ကျင့်နေတုံးမှာ တင်ပါးကို ဆွဲတင်တာ လှုတ်တာ မဖြစ်စေပါနဲ့။ ပေါင်-ခြေတွေလဲ ညှစ်တာမျိုး မလုပ်ရပါ။ အသက် အောင့်စရာ မလိုပါ။ သိပြီဆိုရင် သက်တောင့် သက်သာ အနေအထား (လှဲနေရင်း) စလုပ်ပါ။ အဆင်ပြေလာတဲ့အခါ ထိုင်ရင်း လုပ်ပါ။ နောက်ဆိုရင် အလုပ် လုပ်နေရင်းလဲ လုပ်ပါ။ အချိန်မရွေး လုပ်နိုင်ပါတယ်။ ကြွက်သားတွေကို ညှစ်ထိန်းထာတာကို အစမှာ ၂ စက္ကန့်၊ နောက် ၁၀ စက္ကန့်ကြာအောင် ကြိုးစားပါ။

ကျွမ်းကျင်လာပြီဆိုရင် ဗိုလ်သင်တန်း တက်ရအောင်။ အသက် မှန်မှန် ရှူပါ။ ကြွက်သားတွေကို ဆွဲတင်ပြီးနောက် ပြန်လျှော့ချတာကို ဇတ်ကနဲ လုပ်လိုက်ပါ။ တင်းတာထက် ချတာက မြန်ပါစေ။ ၁၀ ကြိမ် ဆက်တိုက် လုပ်ပါ။ တခါလုပ် ၈-၁၀ ကြိမ်၊ တနေ့မှာ ၃ ခါလုပ်ပါ။ တကယ်လို့ ကိုယ့်က ချို့ယွင်းနေလို့ ပြုပြင်ရသူဆိုရင် ပိုလုပ်ရပါမယ်။ ချို့ယွင်းနေတယ် ဆိုတာ၊ သားအိမ် ကျချင်နေတာ၊ ဆီး အထိန်းရခက်တာ၊ (ဗဂျိုင်းနား)မှာ တစ်ဆို့ဆို့ ဖြစ်နေတာ၊ (ဗဂျိုင်းနား) တင်းအား လျှော့နေတာ။

ပွင့်ပွင့်လင်းလင်း ရေးပါရစေ။ အဲလိုမျိုး လုပ်တာကို ကိုယ့်ခင်ပွန်းနဲ့ အတူနေတုံးမှာ ကိုယ်က လုပ်တာကို သူက ခံစားပြီး သိပါလိမ့်မယ်။ အိမ်ထောင်မရှိသူတွေလဲ သေခြာအောင် (ဗဂျိုင်းနား) ထဲ လက်ချောင်း ၂ ချောင်းထည့်ပြီး လေ့ကျင့်တဲ့အခါ လက်ကို ဖိအား သက်ရောက်လာတာကို သိနိုင်တယ်။

ဒီလေ့ကျင်ခန်းဟာ ဆီးမထိန်းနိုင်တဲ့ရောဂါ Stress urinary incontinence ကိုပါ ကုနိုင်တယ်။ ပိုဆိုးတဲ့ Urge urinary incontinence ကိုတော့ မရနိုင်ပါ။ ကိုယ်ဝန်ဆောင်နေချိန်မှာပါ လုပ်သင့်တယ်။

အမျိုးသမီးတိုင်းမှာ သတိထားစရာတွေ ရှိတယ်။ ၀မ်းချုပ်လို့ ညှစ်ရတာ၊ အလေးအပင် မ-တာ၊ ချောင်းဆိုး၊ နှာချေ၊ ရီမောတဲ့ အခါမျိုးတိုင်းမှာပါ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို ထိန်းပေးထားရမယ်။ လက်လွတ်စပယ် မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဆောင့်ကြောင့် မထိုင်ပါနဲ့။ Toilet သုံးတာမှာ ဒူးကို ၉၀ ဒီ၈ရီ ထားလို့ရတာမျိုးသာ သုံးပါ။ ပက်လက် အိပ်နေရင်း ခြေထောက် မြှောက်တာကို ၂ ဖက်လုံး တပြိုင်နက် မလုပ်ပါနဲ့။ လုပ်ရရင်လဲ သတိရှိပါ။ ခြေ ၂ ဖက် ဆန့်တန်းပြီး ခါးကုံးတာမျိုး ဆင်ခြင်ပါ။ တင်ပါးဆုံရိုးကွင်းထဲက အင်္ဂါတွေကို တွန်းထုတ်သလို မဖြစ်စေနဲ့။ ဆီးသွားတာကို တကယ် ဆီးအိမ်တင်းနေမှသာ သွားပါ။ ၀မ်း မချုပ်ပါစေနဲ့။ ဒါပေမဲ့ ၀မ်းနုတ်ဆေး ခဏခဏ မသောက်ပါနဲ့။ သင်္ဘောသီး၊ မန်ကျီးသီးမှည့်နဲ့ ၀မ်းသွားအောင် လုပ်ပါ။ ၀မ်း-ဆီး များများ သွားရရင် ORS ဓါတ်ဆားရည် သောက်ပါ။ ရေနွေးကြမ်း သောက်ပါ။ အုန်းရည် သောက်ပါ။ ငှက်ပျောသီး၊ လိမ်မော်သီး စားပါ။

စိတ်လဲလှပါစေ၊ ကိုယ်လဲ အပြင်ကရော အတွင်းထဲကပါ လှကြပါစေ။

Dr. တင့်ဆွေ
၂၂-၉-၂၀၁၀

Read More...

Monday, September 20, 2010

Dengue Haemorrhagic Fever (DHF) သွေးလွန်တုပ်ကွေး

ဒေလီမှာ ဗြိတိသျှ ဓနသဟာရ အားကစားပွဲကြီး စပါတော့မယ်။ နိုင်ငံခြားသားတွေ တပြုံတမ လာကြမှာမို့ (တိုးရစ်) တွေ အတွက် သတိပေးချက်တွေလဲ ထွက်နေပါတယ်။
“လူကြား-သူမြင် ပွေ့ဖက်၊ နမ်းရှုံ့ မလုပ်ချင်ပါနဲ့။”
“ရေအိမ်သာ မလုံလောက်ပါ၍ ကိုယ့်ဖါသာ (တစ်ရှူး) ယူလာပါ။”
“သွေးလွန်-တုပ်ကွေး အရေးကြီးနေသည်။”

သွေးလွန်-တုပ်ကွေး DHF ကို Aedes Aegypti ခြင်ကနေကူးပြီး၊ (ဗိုင်းရပ်စ်) ကြောင့်ဖြစ်တယ်။ ဆရာဝန်တွေထက် ကွန်ပြူတာ သုံးသူတွေက Virus ကို ပိုသိကြမယ် ထင်ပါတယ်။ ဒီနယ်ပယ် နှစ်ခုလုံးမှာ (ဗိုင်းရပ်စ်) က (ဗီလိန်) ပါ။ အဏုဇီဝဗေဒ သင်ရတုံးကတောင် (ဗိုင်းရပ်စ်) ဟာ ဆေးစာအုပ်တွေမှာ နေရာ သိပ်ရသေးတာ မဟုတ်ပါ။ အဲဒီပိုးကို သိပ္ပံဆရာတွေက သက်ရှိလို့တောင် သတ်မှတ်သေးတာ မဟုတ်လို့ ဇီဝစာရင်းထဲ မထည့်ခဲ့တာလည်း ဖြစ်မယ်။ ဒါပေမဲ့ အသက်ရှိတဲ့ လူ-တိရစ္ဆာန်-အပင်တွေကို ဒုက္ခ မလှမပ ပေးနေတာတော့ အမှန်ပဲ။

(ဗိုင်းရပ်စ်) ဆိုတဲ့ သတ္တ၀ါတွေကနေ ဖြစ်စေတဲ့ ရောဂါနာမယ်တွေ ပြောရင် တချို့ မျက်လုံး နည်းနည်း ပြူးကြမယ် ထင်တယ်။ ပြောကြည့်ပါ့မယ်။ HIV ဒါလောက်တော့ သိပါတယ်။ နောက်တခုဗျာ၊ အသားဝါ။ သိလွန်းလို့။ ဆက်ဖတ်ပါ။ ခွေးရူးပြန်။ နည်းနည်း ဆန်းမယ်နော်။ ဟိုတုပ်ကွေး-ဒီတုပ်ကွေး၊ အအေးမိ၊ ပသိရောင်၊ ၀မ်းလျှော၊ ၀က်သက်၊ ရေယုံ၊ (ပိုလီယို)၊ ရေကျောက်၊ ကင်ဆာနဲ့ ကြွက်နို့တောင် ပါချင်သေးတယ်။

အဲဒီ (ဗိုင်းရပ်စ်) အမျိုးမျိုးကနေ ရောဂါအမျိုးမျိုးကို ဖြစ်စေကြပေမဲ့ သူတို့အားလုံးမှာ တူတာခု ရှိပါတယ်။ ကနေ့အချိန်ထိ ဒီကောင် ပေါက်စလေးတွေကို ဘယ်ဆေးနဲ့မှ သတ်မရသေးပါ။ ဘယ်ဟာကိုမဆို အနိုင် တိုက်မရသေးသ၍၊ အတော် အားကောင်း၊ ခိုင်မာလှတယ်လို့ ထင်ရမှာပေါ့။ သမိုင်းကြည့်ရင် စစ်ဘုရင်ကြီးတွေ ဇာသိမ်းမလှကြပါ။ အသက်ပျင်းတဲ့ အကောင် မှန်သမျှ တနေ့ကျ နိုင်တာပေါ်ရစမြဲ မဟုတ်ပါလား။ တချိန်က ဆိုးသွမ်း သောင်းကျန်းခဲ့တဲ့ (ဗက်တီးရီးယား) တွေ Penicillin (ပနယ်စလင်) ပေါ်လာလို့ အတော် အထိနာ သွားရတယ်။ Small pox ကျောက်ကြီး ဆိုရင် အမျိုးပါ တုံးသွားလို့ သုတေသန လုပ်ဘို့တောင် အနိုင်နိုင် သိမ်းဆည်းထားရတာ။

ဒါ့ကြောင့် အခု မနိုင်သေးရင် နိုင်အောင်လုပ်ဘို့ ကြိုးစားကြရမှာဘဲ။ ကျွန်တော်တို့ ခေတ်မှာ နိုင်တာ မပေါ်သေးရင် နောက်လူတွေကို အားကိုးရမှာပေါ့။ အနိုင်ရရေး စီမံချက်ကို သေခြာအောင် ကလေးတွေကို ဒုက္ခပေးတဲ့ ရောဂါကို ရွေးထုတ်တာ ကောင်းမယ်။ ဒီတော့ အနာဂတ် ခေါင်းဆောင်များ သွေးလွန်-တုပ်ကွေးဘေးက ဝေးအောင်လုပ်ပေးမှ တော်မယ် ထင်ပါတယ်။ ရာသီစာလဲ ဖြစ်နေတယ်။

တခုတော့ ရှိတယ်၊ သွေးလွန်-တုပ်ကွေးကို ကလေးရောဂါလို့ ထင်တာ မမှန်ဘူး။ ဆင်းရဲတဲ့လူတွေဘဲ ဖြစ်တယ် မှတ်ရင်လဲ မှားတယ်။ ရောဂါကို စသိတာအနှစ် ၂၀၀ ကျော်ပါပြီ။ ဘိုလိုဆိုရင် Dengue Hemorrhagic Fever (ဒင်ဂေး-ဟမရေးဂျစ်-ဖီဗာ) လို့ ခေါ်တယ်။ Spanish word မို့ (ဒင်ဂေး) လို့ အသံထွက်တာ ပိုမှန်သတဲ့။ ဒါပေမဲ့ ဒီစာလုံး ဘယ်ကနေ ပေါ်ခဲ့တယ် ဆိုတာ တိတိပပ မသိကြပါ။

“ရောဂန္တရကပ်” အထိ ဆိုးအောင်လည်း ဖြစ်ခဲ့ဘူးတယ်။ Pandemic (ပင်းဒမစ်) အဆင့်ပေါ့။ ကွက်ပြီး အများကြီး ဖြစ်တဲ့ Endemic (အင်းဒမစ်) ကပ်လိုကတော့ အခုထိ ဖြစ်နေဆဲဘဲ။ ကူးစက်ရောဂါ ဆိုတာတွေက “ကံဆိုးမသွားရာ၊ မိုးလိုက်ရွာ” ဆိုသလို ဆင်းရဲလေလေ နှိပ်စက်လေလေဘဲ။ အာရှ၊ အာဖရိက၊ တောင်အမေရိက။ ဒါပေမဲ့ ချမ်းသာတယ် ပြောရမဲ့ တိုင်ဝမ်၊ စင်္ကာပူ၊ ဆောဒီအာရေးဗီးယား တို့လည်း မလွတ်ပါဘူး။ လွန်ခဲတဲ့ ဆယ်စုနှစ်တွေအတွင်း တိုးတိုးလာလို့ သွေးလွန်-တုပ်ကွေး ပြန့်နှံ့ပုံကဖြင့် ကနေ့ ကမ္ဘာတလွှား ဒုက္ခ များများ ပေးနေတဲ့ ငှက်ဖျားနဲ့ နင်လား-ငါလားပါဘဲ။

ငှက်ဖျားနဲ့ တူသေးတာက ခြင်ကနေ ကူးတာပါ။ ခြင်အမျိုးတော့ မတူဘူး။ “ငှက်ဖျားခြင်က တောသား၊” “သွေးလွန်ခြင်က မြို့သူ။” သွေးလွန်ဟာ ခြင်အမကနေဘဲ ကူးတယ်။ မ သဘာဝ တူသေးတာတခုက ညမှာ အိမ်တွင်း အောင်းပြီး၊ နေ့မှာသာ ထွက်ကိုက်တယ်။ အစာရှာတာပေါ့ဗျာ။ အများအားဖြင့် မနက် မလင်း-တလင်း ကိုက်တာများတယ်။ အမဖြစ်တော့ အသန့် ကြိုက်တယ်။ ရေသန့်မှာ နေတဲ့အမျိုး။ ဒါ့ကြောင့် အဲဒီခြင်မျိုး နှိမ်နင်းဘို့ မော်တော်ကား-ဆိုင်ကယ် တာယာဟောင်း၊ ပုံးခွံ၊ ပေပါခွံ၊ ရေအိုး၊ ညောင်ရေအိုးတွေမှာ ကျန်နေ-အောင်းနေတဲ့ ရေတွေ မှန်သမျှ သွန်ခိုင်းရတယ်။ ခြင်ပိုးလောက်လန်းတွေ မပေါက်အောင် လုပ်ရတာပါ။ ခြင်းစားငါး မွေးတာတို့၊ ပိုးလောက်လန်းသတ်ဆေးတို့လဲ သုံးနိုင်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ရေနံချေး ၀အောင်သုတ်ထားတဲ့ အိမ်ထရံတွေ၊ တိုင်တွေပေါ်မှာ ဆေးဖျန်းပြီးလို့ ရေးမှတ်ထားတတ်တဲ့ (ဒီတီတီ) ကလည်း ခြင်ကို အတော်အသင့် နိုင်ပါတယ်။

သွေးလွန်-တုပ်ကွေးမှာ အထင်နဲ့အမြင် မဆင်တာတခု ပြောရဦးမယ်။ နာမည်က သွေးလွန်ဆိုတာနဲ့ သွေးလွန်ပြီး သေနိုင်တယ်လို့ ထင်တာ မဟုတ်ပါ။ ကိုယ်ထဲက အရည်တွေရော သွေးရော ယိုလို့ နောက်ဆုံး (ရှော့ခ်) ရတာကြောင့်သာ သေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ “သွေးယို-တုပ်ကွေး”လို့ နာမည်ပေးရင်တော့ မမိုက်ဘူး မဟုတ်လား။

ခြင်အကိုက် ခံရပြီးနောက် ၄-၅-၆ ရက်မှာ ရောဂါဖြစ်တယ်။ ဖြစ်စတော့ ရိုးရိုး တုပ်ကွေးလိုပါဘဲ။ ဖျား၊ ခေါင်းကိုက်၊ ဟိုက-ဒီကနာ ဖြစ်မယ်။ အရိုးထဲကနာတာ သိသာတာမို့ တချို့က “အရိုးကွဲဖျား” လို့တောင် ခေါ်သေးတယ်။ ခပ်ရဲရဲ အနီပြင်တွေ ထွက်မယ်။ အပြင်းဖျားမယ်၊ (၁၀၃-၁၀၄-၁၀၅)။ ခေါင်း (နားထင်) ကိုက်မယ်၊ မျက်လုံးအတွင်းက နာမယ်၊ အဆစ်-ကြွက်သား နာမယ်၊ စားချင်စိတ် ပျက်မယ်။ ပျို့-အန်မယ်။ ပြီးရင် သွေးပြဿနာ တက်လာပါမယ်။ သွေးခြည်ဥတွေ ထွက်မယ်။ နှာခေါင်းသွေးယို၊ သွားဖုံးသွေးယို၊ ပါးစပ်ကနေ သွေးအန်၊ ဆီးထဲ သွေးပါမယ်၊ ၀မ်းထဲ သွေးပါရင် ၀မ်း အရောင်မဲတာနဲ့ သိမယ်။ အမျိုးသမီးဆိုရင် လစဉ်ဆင်းတာက များမယ်။

ရက်တို-ရောဂါ ဖြစ်လို့ ၂-၇ ရက်သာ ကြာမယ်။ သွေး-အရည်ယိုတာ ကြာလာရင် သတိမကောင်း ဖြစ်ရာကနေ သတိ လုံးဝလစ်မယ်၊ တက်လည်း တက်နိုင်တယ်။ ဗိုက်နာ၊ ဆက်တိုက် အန်၊ ဖျားနေတုံး ချွေးပြန်တယ်ဆိုရင် မကောင်းတဲ့ လက္ခဏာဘဲ။ တကိုယ်လုံး အေးစက်၊ ပြော့ခွေပြီး၊ ဂနာမငြိမ်ဖြစ်ရာကနေ သတိလက်လွတ်ရင် အရေးပေါ် အခြေအနေ Dengue Shock Syndrome (DSS) ဖြစ်သွားပါပြီ။ အသက်လုပြီး ကုရပါတော့မယ်။

သွေး-အရည်တွေ အပြင်စိမ့်ထွက်လာလို့ အဆုပ်အိတ်ထဲ အရည်များတာ၊ ရေဖျင်းရှိတာ၊ သွေးထဲ (ပရိုတင်း) နည်းတာတို့ ရှိနိုင်တယ်။ သွေးလွန်-တုပ်ကွေးဆိုတာ သေချာအောင် သွေးစစ်ရတယ်။ ရောဂါကို ဆန့်ကျင်တဲ့ဓါတ် (အင်တီဘော်ဒီ) တွေ့မယ်။ Tourniquest test စမ်းသပ်နည်းလုပ်ရင် Positive ဖြစ်မယ်။ Thrombocytopaemia သွေးမှုံအရေအတွက် နည်းနေမယ်။ သူက ပြဒါးတိုင်လိုဘဲ။ အဆိုး-အကောင်းကို ညွှန်းပါတယ်။ ဆိုးရင် Platelets ကို သွင်းပေးရတယ်။ သွေးဆိုတာ အရည်နဲ့ အခဲ ရောနေတာပါ။ အခဲပိုင်းမှာ သွေးနီဥ၊ သွေးဖြူဥအပြင် သွေးမှုန်ဆိုပြီး သုံးမျိုးရှိပါတယ်။ ဒီကောင်တွေက အသေးဆုံး၊ ဒါပေမဲ့ သူရှိမှ လူ့သွေးဟာ ခဲနိုင်တယ်။ မခဲရင် သွေးယိုမယ်လေ။ သွေးဆိုတာ ရဲမှ-ခဲမှ ကောင်းတယ်။

တခြား (ဗိုင်းရပ်စ်) ရောဂါတွေလိုဘဲ၊ သွေးလွန်-တုပ်ကွေးကို တိတိကျကျ ကုသနည်း မရှိဘူး။ ကလေးတွေက လူကြီးလောက် မဆိုးဘူး။ ကံကောင်းသူများက ၁ ပါတ် ကြာရင် ပျောက်မှာပါ။ အားယုတ်မယ်၊ စိတ်ဓါတ်ပါ ကျစေနိုင်တယ်။ ရေနဲ့ အရည် များများသောက်ပါ၊ အနားယူပါ။ ခြင်ထောင်နဲ့ အိပ်ရင် သူများကို မကူးစေဘူးပေါ့။ အန်နေရင်တော့ သွေးကြောထဲကနေ Drip သွင်းပေးရမှာပါ။ အဖျား-အကိုက်အခဲ သက်သာအောင် (ပါရာစီတမော) ကလွဲရင် မပေးရ။ Asprin, Brufen မသောက်ရပါ။ အခုနောက်ပိုင်း သွေးလွန်တုပ်ကွေး ဆေးသစ်တွေ စပေါ်နေပါပြီ။ ကာကွယ်ဆေးတော့ မပေါ်သေးပါ။

ဆေးပညာရှင်များက လူပါးတွေမို့ သူတို့ သေသေခြာခြာ ကုပေးနိုင်တဲ့ရောဂါ မဟုတ်ရင် ကာကွယ်ပါ၊ မဖြစ်အောင် ဒီလို လုပ်ပါ၊ ဟိုလို လုပ်ပါဆိုပြီး၊ ပြောကြတယ်။ HIV-AIDS တို့၊ အသားဝါရောဂါတို့ စသဖြင့်။ သွေးလွန်-တုပ်ကွေးလဲ ပါတယ်။ ကျွန်တော်လဲ လူပါးဝလိုက်ဦးမယ်၊ မဖြစ်အောင်နေပါ၊ ဖြစ်ရင် ပြောတဲ့အတိုင်း လုပ်ပါ။ အနာဂတ် ခေါင်းဆောင်များ သွေးလွန်တုပ်ကွေး ကင်းဝေးပါမှ ကနေ့ လူကြီးတွေ နိုင်သေးတာ မှန်သမျှကို အနိုင်ရကြပါလိမ့်မယ်။

တင့်ဆွေ
၂၅-၁၂-၂၀၀၈
၂၀-၉-၂၀၁၀

Read More...

Thursday, September 16, 2010

Google Health



အခုရေးချင်တာကတော့ Internet Search Giant ကြီး Google ကနေ တင်ပေးထားတဲ့ Google Health အကြောင်းပါ။ ၂၀၀၆ ခုနှစ် နှစ်လယ်လောက်မှ စတင်ကာ ရေးသားခဲ့ပြီး အခုလောလောဆယ် public beta test အနေနဲ့ သုံးခွင့်ပြုထားပါတယ်။ Google Health ကို Gmail Account(Google Account) ရှိရုံနဲ့ သုံးလို့ရပါတယ်။ Google Health ဟာ အဓိက အားဖြင့် Personal Health Information Management System တစ်ခုအနေဲ့ အလုပ်လုပ်တာပါ။ Health information management(HIM) ဟာ ဆေးပညာလောက မှာ အရမ်း hot လာတဲ့ topic တစ်ခုပါ။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံတိုင်းဟာ သူတို့ ရဲ့ ကျန်းမာရေးစနစ်တွေကို e-Healthcare System ဆီသို့ အရောက်လှမ်းနေကြချိန်မှာ Health information management speciality ဟာ အဓိက အခန်းကဏ္ဍ ကနေပါဝင်ပါတယ်။ လမ်းကြုံလို့HIM အကြောင်းလေးကို နည်းနည်းရေးချင်ပါတယ်။

အင်္ဂါပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခုမှာ လူနာရယ် ဆရာဝန်ရယ် ဆေးရုံရယ် ၃ ပွင့်ဆိုင်ရှိရုံနဲ့ မရတော့ပါဘူး။ လူနာကို care ပေးသူတွေ၊ အာမခံလုပ်ငန်း၊ ဆေးဝါးပညာရှင်တွေ၊ ဆေး ထုတ်လုပ်သူတွေ၊ သုတေသန ပညာရှင်၊ ဆေးရုံအုပ်ချုပ်သူတွေ၊ policy maker တွေ၊ ကျန်းမာရေးကိရိယာများ ထုတ်လုပ်သူတွေနဲ့ အခြားသော အထောက်အပံပေးသူတွေ ပါဝင်လာပါတယ်။ ဒူးပြဲတာ၊ ၀မ်းလျောတာလောက်က ဆေးခန်းမှာ ရက်အနည်းငယ်ကုသရုံနဲ့ ပျောက်ကင်းမှာ ဖြစ်ပေမယ့် နာတာရှည် ရောဂါအများစုဟာ စုပေါင်းကုသမှု (multi-displinary approach) နဲ့ ကုသဖို့ လိုအပ်လာပါတယ်။ အဲဒီအခါမှာ လူနာနဲ့ ပတ်သက်တဲ့ health information တွေကို သိသင့်သိထိုက်သူတွေက သင့်သိတဲ့ အချိန်မှာ သိရဖို့က အရမ်းအရေးကြီးလာပါတယ်။ နောက်တစ်ချက်က paper based healthcare ကနေ electronic healthcare အဖြစ်ကို ပြောင်းတဲ့နေရာမှာ အဆင်ပြေစေဖို့ရာ HIM ကောင်းမှသာ လူနာတွေကော စောင့်ရှောက်မှု ပေးသူတွေအနေနဲ့ အကျိုးရှိမှာပါ။ HIM concept တွေဟာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ အနည်းငယ် စိမ်းနေသေးတဲ့အတွက် နောက်မှ အသေးစိတ်ရေးပါတော့မယ်။



Google Health မှာ မိမိရဲ့ ကျန်းမာရေးရာဇ၀င်တွေကို တင်ထားလို့ရပါတယ်။ ကိုယ်အလေးချိန်၊အရပ်၊ ကာကွယ်ဆေးရာဇ၀င်၊ allergy history တွေကို မှတ်တမ်းတင်ထားလို့ရပါတယ်။ မိမိမှာ နာတာရှည် ရောဂါတစ်ခုခုရှိနေရင် ရောဂါနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေ တင်ထားလို့ရတယ်။ ကိုယ်က မတင်နိုင်ရင်တောင် Google health API ကို support လုပ်တဲ့ ကျန်းမာရေး တိုင်းတာတဲ့ ကိရိယာများမှ တဆင့်တင်ထားလို့ရပါတယ်။ ဆီးချိုရောဂါသည်တစ်ယောက် ဆိုပါစို့။ မိမိနေ့စဉ် ခံစားရတဲ့ ဆီးချိုလက္ခဏာတွေကို မှတ်တမ်းတင်ထားနိုင်သလို လက်ထိပ်ကနေ ဖောက်ပြီး ဆီးချို စစ်ချက်တွေကိုလည်း စက်မှတဆင့် တင်လို့ရတယ်။ Internet connection တော့ရှိဖို့လိုပါလိမ့်မယ်။ ဆီးချိုဆေး သောက်နေတဲ့ ရာဇ၀င်တွေကိုလည်း မှတ်တမ်းတင်ထားနိုင်ပါတယ်။ လောလောဆယ်မှာတော့ USA မှာရှိတဲ့ ဆေးရုံအချို့နဲ့ပဲ တရားဝင် ဆက်သွယ်ထားသေးတယ်။ အဲဒီဆေးရုံတွေမှာ သွားပြီး ကုသမှုခံယူရင် လူနာမှတ်တမ်းအဖြစ် တိုက်ရိုက်အသုံးပြုလို့ရပါတယ်။ private clinic တွေမှာတော့ အချိန်မရွေး သုံးလို့ရမှာပါ။



Google Health ရဲ့ နောက်ထပ် feature တစ်ခုကတော့ ဓာတ်မှန်ပုံတွေ၊ ultrasound အဖြေတွေ၊ နဲ့ အခြားသော စစ်ဆေးဖူးတဲ့ ဆေးမှတ်တမ်းတွေအားလုံးကို store လုပ်ထားနိုင်တယ်။ အချိန်မရွေး ပြန်ကြည့်လို့ရတာပေါ့။ ကိုယ်က ခရီးသွားနေတုန်း နေမကောင်းဖြစ်လို့ ဆ၇ာဝန်နဲ့ပြချင်ရင် ဆေးမှတ်တမ်းစာရွက်တွေကို ယူသွားစရာ မလိုတော့ပါ။


နောက်တစ်ချက်ကတော့ Google Health မှာ ကျန်းမာရေးအချက်အလက်တွေကို A to Z List လုပ်ပေးထားပါတယ်။ ကိုယ်သိချင်တာကို အလွယ်တကူ ရှာနိုင်သွားတာပေါ့။ ရောဂါတစ်ခုခုနဲ့ ပတ်သက်ပြီး နောက်ဆုံးပေါ် တွေ့ရှိချက်တွေ သုတေသနစာတမ်းတွေကိုပါ ပူးတွဲပြသထားပါတယ်။



အထက်ပါ အချက်အလက်တွေဟာ တကယ်တော့ Google Health တစ်ခုတည်းက ထောက်ပံ့ ပေးနိုင်တာမဟုတ်ပါ။ Microsoft ကထုတ်တဲ့ HealthVault ဟာလည်း အလားတူ free health service မျိုး ပေးနိုင်ပါတယ်။ Google Health ကို စမ်းချင်တယ်ဆိုရင်တော့ အောက်ပါ link မှဆင့် စမ်းသပ်နိုင်ပါတယ်။

Read More...

Wednesday, September 15, 2010

Virginity အပျို တကယ်စစ်ပါတယ်

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၄)

ဆရာရေးတဲ့ (လူပျိုဖြစ်ပြီ) မှာ ရေးထားတဲ့ နို့သီးဝိုင်းဟာ ပန်းရောင်၊ အညိုရောင် မတူကြဘူး။ အပျိုစစ် နေသ၍ (ကိုယ်ဝန် မဆောင်ဘူးသေးချိန်အထိ) ထိပ်ဖျားမှာ ပန်းရောင်လေး ရှိနေရမယ်။ အဲဒါ မိန်းကလေး အကုန်လုံးကို ပြောတာပါလား။ ထိပ်ဖျားမှာ ပန်းရောင်မရှိတဲ့ မိန်းမတိုင်းဟာ အပျို မစစ်တာလား ဆရာ။ အညိုဖြစ်နေရင် အပျိုမဟုတ်တော့ဘူးလား။ အဲဒါလေး သေချာအောင် သိချင်လို့ပါ။

ရင်သား အရောင်ကို ပြောရင် နှစ်နေရာမှာ ပြောဘို့ လိုတယ်။ Areola အရောင်ရင့်အ၀ိုင်း နဲ့ Nipple ထိပ်ဖျား။ နှစ်ခုလုံးက Virginity အပျိုရည်နဲ့ ဘယ်လို ဆက်စပ်သလဲ။ အပျိုစစ်တယ်ဆိုတာ ဘာလဲ။

ခန္ခာဗေဒက “In the virgin the areola is of a delicate rosy hue” လို့ ဆိုပါတယ်။ ဘာသာပြန်ရင် “အပျိုဘ၀မှာ နို့အလည်ဝိုင်း Areola ဟာ နှင်းဆီသွေး အရောင်ရှိတယ်” လို့ ပြောတာပါ။ ကိုယ်ဝန် ၂ လရှိတာနဲ့ အရောင်က ရင့်လာပြီး၊ Dark brown or even black color ညိုမဲမဲကနေ အနက်ရောင်အထိ ဖြစ်တယ်။ ကလေး နို့ဖြတ်ချိန် နောက်ပိုင်းမှာ အရောင် ပြန်လျှော့ ကျလာတယ်။ ဒီလို အရောင်အပြောင်းအလဲဟာ ပဌမဆုံး-ကိုယ်ဝန် ရှိတယ်-ရှိဘူးတယ် ဆိုတာကို ဆုံးဖြတ်ရာမှာ အသုံးဝင်ပါတယ်။

အပျိုစစ်စစ်ရော လူပျိုစစ်စစ်ပါ Virgin လို့ဘဲ ခေါ်တယ်။ အဓိပ္ပါယ် ဖွင့်တာ မတူကြပါ။ အများစုကတော့ “မိန်းကလေး တယောက် သူ့ဘ၀မှာ ပဌမဆုံးအကြိမ် မိန်းမအင်္ဂါ (ဗဂျိုင်းနား) ထဲကို ကျားအင်္ဂါ (လိင်တံ) ထိုးသွင်းပြီး၊ လိင်ဆက်ဆံတာ တွေ့ကြုံဘူးလိုက်တာနဲ့၊ အပျို မစစ်တော့ဘူး။” “ယောက်ျားလည်း အဲလို အတွေ့အကြုံရှိဘူးတာနဲ့ လူပျို မစစ်တော့ဘူး။” လို့ နားလည်၊ လက်ခံထားကြတယ်။ (လိင်တူ-ဆက်ဆံတာကို ဒီနေရာမှာ ချန်ထားပါရစေ။)

ဘယ်လို ခေါ်ခေါ်ပါ၊ အခြေအနေ အမျိုးပေါင်း များစွာ ဖြစ်နေနိုင်တယ်။ အပျိုစစ်စစ်၊ လိင်ဆက်ဆံဘူးပေမဲ့ အိမ်ထောင် မကျသေးသူ၊ လိင်ဆက်ဆံတာ များလှပေမဲ့ ကိုယ်ဝန်မရဘူးသူ၊ ကလေး မမွေးဘူးသူ၊ ကိုယ်ဝန်ရှိလို့ ပျက်-ဖျက်ဘူးပြီး၊ အိမ်ထောင်မရှိ၊ ကလေးမရှိသူ၊ ဗမာတွေက တခုလပ်၊ တလင်ကွာ၊ မုဆိုးမ ခေါ်ကြပေမဲ့ သူများဆီမှာ ယောက်ျား မရှိရင်လဲ (ဆင်ဂယ်လ်) ဘဲ၊ ယောက်ျား မယူဘဲ ကလေးရသူကို (ဆင်ဂယ်လ်-မားသား)။ အအိုပေမဲ့ ပျိုအောင် လုပ်ထားသူဆိုတာ ကလေးမွေးပြီး မ-အင်္ဂါကို ခွဲစိတ် ပြုပြင်ထားသူ၊ အပျိုမြှေး အသစ်ပြုပြင်ထားသူ၊ ဒါ့အပြင်လဲ ရှိချင် ရှိအုံးမယ်။

Virginity ပျက်ယွင်းတာကို ဆေးပညာအရ စစ်လို့ ရနိုင်ပါတယ်။ Rape အဓမ္မပြုကျင့်လို့ ရာဇ၀တ်မှု ဖြစ်ရင် ဆရာဝန်ဆီ ခေါ်လာရတယ်။ ဆေးစစ်ရာမှာ (၁) Rape အထမြောက်-မမြောက်၊ ယောက်ျား သုတ်ပိုး ပေကျန်နေတာ လိုက်ရှာပြီး၊ ဓါတ်ခွဲအတည်ြ့ပုချက် ယူပေးရတယ်။ (၂) အသက်ငယ်ရင် အသက် ပြည့်-မပြည့်ပါ စစ်ရသေးတယ်။ (၃) ထိခိုက် ဒဏ်ရာတွေ ရှိ-မရှိ ကြည့်ရတယ်။ (၄) တကယ်လို့ ခံရသူဟာ အပျိုဖြစ်ခဲ့ရင် အပျိုရည် ပျက်တဲ့ အချက်ပါ ကြည့်ရတယ်။

လိင်ဆက်ဆံဘူးတာနဲ့ ရင်သားအရောင် မပြောင်းလဲသေးပါ။ ရာသီဖြစ်စဉ်က ရင်သားကို တစုံတရာ သက်ရောက်စေတယ်။ တင်းတာ၊ နာတာမျိုး ဖြစ်တတ်တယ်။ အသက်ရလာရင် အ၀ိုင်းရော ထိပ်ဖျားပါ အရောင် ရင့်လာတယ်။ ကိုယ်ဝန်ရှိတယ် ဆိုတာနဲ့ ပြောင်းလဲတာတွေ တလှေကြီးထဲမယ် ရင်သား ပြောင်းလဲတာလဲ ပါတယ်။ ရင်သား ထိပ်ဝိုင်း အရောင် ရင့်လာပြီး၊ နို့သီး-ထိပ်ဖျားက အရောင်လဲ ပြောင်းတယ်။ “အသားအရောင် ဖြူဖြူ၊ ညိုညို၊ နို့သီး-ထိပ်ဖျား အလည်လောက်မှာ ပန်းရောင် စက်ကလေး ရှိနေရင် ကိုယ်ဝန် မဆောင်ဘူးသေးသူ” လို့ ပြောနိုင်ပေမဲ့၊ ပန်းရောင် မတွေ့ရရင် အပျို မဟုတ်ဘူးလို့ အရင်ထုတ် ဆေးစာအုပ်တွေက ဆိုပေမဲ့ ရာနှုန်းပြည့် မမှန်ပါဘူးတဲ့။

ယောက်ျားတွေမှာ အသက်ကြီးလာလို့ ဟော်မုန်း အချိုးအစား ပြောင်းချိန်မှာ နို့အုံက မိန်းမတွေလို ကြီးလာရင် Gynecomastia လို့ ခေါ်တယ်။ Testosterone ဟော်မုန်း နည်းလာလို့ပါ။

“နို့” ဟာ Mammals နို့တိုက်သတ္တ၀ါ အထီးမှာ ပါတယ် ဆိုယုံသာ မြင်ရပြီး၊ အမမှာတော့ သိသိသာသာ၊ ထူးထူးခြားခြား၊ မရှိမဖြစ် အသုံးဝင်လှတဲ့ မျိုးပွားခြင်းဆိုင်ရာ အင်္ဂါတခု ဖြစ်ပါတယ်။ Breasts ကို Mammary Gland လို့ခေါ်တာက Milk နို့ရည် ထုတ်ပေးတဲ့ အိတ်လို့ ပြောတာပါ။ ဘယ်လောက် လေးတယ်၊ တင်းတယ်၊ ပြော့တယ်၊ ဘယ်ပုံပန်း ရှိတယ်ဆိုတာ အတော်ကြီး မတူကြပါ။ အစက ကမ္ဘာလုံးခြမ်း လိုရှိရာကနေ ကြာရင် ခေါင်လောင်းပုံ ဖြစ်လာတယ်။ ကိုယ်ဝန်ဆောင်ရင် သိသိသာသာ ပိုကြီးပြီး၊ ကလေး နို့တိုက်နေချိန်မှာ အကြီးဆုံး။ များသောအားဖြင့် ဘယ်ဘက်က ပိုကြီးတယ် ဆိုတာကို ဆေးပညာကရော အရပ်စကားပါ ထပ်တူကြတယ်။ နို့အင်္ဂါဟာ လုံးဝန်းတယ် ဆိုပေမဲ့ တိတိကျကျ ပြောရင် အထက်-ဘေးဘက်၊ ချိုင်းဘက်ဆီ နဲနဲ ပိုရှည်ထွက်နေတယ်။ ဆေးစာမှာ Tail of breast အမြီးလို့ ခေါ်တယ်။

Nipple နို့သီးမှာ ပြွန်ပေါက်လေးတွေ ၁၅-၂၀ ရှိတယ်။ Nipple piercing လုပ်ရင် အဲဒါတွေ ပျက်စီးစေတယ်။ Nipple ဟာ ဆလင်ဒါပုံ၊ ကတော့ပုံနဲ့၊ ၁၀ မီလီမီတာ မြင့်တယ်။ သူ့ကို ဆွပေးရင် သန်မာမှု Erection ဖြစ်နိုင်တယ်။ နို့သီးထိပ်ကို ဆွလို့ သန်မာမှု ဖြစ်ရတာက Erectile tissue ကြောင့် မဟုတ်ပါ။ ကြွက်သားနု Smooth muscle ကြောင့် ဖြစ်ရတာပါ။ ကြက်သီး-မွေးညင်းထတာမျိုး၊ ရာသီဥတု အေးရင် ဖြစ်ရတာမျိုးလိုပါဘဲ။ လိင်စိတ်ကြောင့်လည်း ဖြစ်ပါတယ်။ မင်းသမီးကို အဲဒီ နေရာကို ရေခဲ အကပ်ခိုင်းပြီး ချစ်ခန်း-ကြိုက်ခန်း ရိုက်ရတယ်။ နို့စို့နေရင်လည်း ဖြစ်တယ်။ ဒီနှစ်မျိုးလုံးက Oxytocin ဟော်မုန်းကြောင့်ပါ။ တချို့မှာ ဒီလို ဆွပေးတာနဲ့ဘဲ Orgasm လိင်စိတ်ပြည့်ဝခြင်း ဖြစ်နိုင်တယ်လို့ ပြောတယ်။

နို့သီးအခြေ အရောင်အရင့် အ၀ိုင်းကို Areola ခေါ်တယ်။ သူ့အပေါ်မှာ တခြားနေရာက ချွေးထွက် အိတ်တွေထက် ပိုကြီးတဲ့ အိတ်လေးတွေရှိပြီး၊ အဆီထုတ်ပေးတာမို့ ကလေးနို့စိုနေတုံး အကာကွယ် ပေးရာကျတယ်။ Nipple က Pink ပန်းရောင် ဒါမှမဟုတ် Brownish hue ခပ်ညိုညို အရောင် ဖြစ်တယ်။ ပန်းရောင်က ပိုလှတယ် ပြောရင် "မဟူရာ" မလေးတွေက ကလောတယ်။ "ပန်းရောင်ဘဲ ကြိုက်ရင် ၀က်မကြီးဆီ သွားပါလား" တဲ့။

(အေရီယိုလာ) က အရောင် မတူကြသလို အရွယ်အစား သာမက ပုံပန်းလဲ မတူကြပါ။ အများဆုံးက စက်ဝိုင်းလို ရှိကြပေမဲ့ Elliptical ဘဲဥပုံလည်း ရှိသေးတယ်။ ယောက်ျားတွေမှာ အချင်း ၁ လက္မရှိကြပြီး၊ မိန်းမတွေက ၁့၂ ကနေ ၄ လက္မအထိ ရှိကြတယ်။ ဒီအ၀ိုင်းက ဘာလို့ပါတာလဲကို မှန်းပြောတခုရှိတယ်။ နို့ဆာတဲ့ကလေး ရှာရတာ လွယ်အောင်တဲ့။ မဟုတ်နိုင်ပါ။ ကလေးဆိုတာ မွေးကတည်းက သူ့ပါးကလေးကို တခုခုနဲ့ ထိလိုက်တာနဲ့ နို့မှတ်ပြီး၊ ခေါင်း လှည့်လာမယ်။ နို့ရှာရာမှာ မျက်စိ မလိုပါ။

ကိုယ်ဝန် မဆောင်ဘူးသူ တချို့မှာ Breast နဲ့ Areola အရောင် အတော်နီးစပ်အောင် တူနေတတ်တယ်။ အိမ်ထောင်ရှိပေမဲ့ ကိုယ်ဝန်မဆောင်ဘူးသူနဲ့ အပျိုဘ၀မှာ အခန့်မသင့်လို့ မှားယွင်းမိတာမို့ ဖျက်ဆေးသောက်ရသူတို့ ရင်သား အရောင် မတူကြပါ။ သူငယ်ချင်းတွေ ပြောကြ-ငြင်းကြတာတခု ရှိတယ်။ မိန်းကလေး တယောက်မှာ နှုတ်ခမ်း အရောင်နဲ့ နို့သီးဖျား အရောင်က တူကြသတဲ့။ “မရွှေတိကျ” က လာသေးတယ်၊ အပေါ် နုတ်ခမ်း အရောင်နဲ့သာ တူတာပါတဲ့။

မွေးကာစ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းကလေးဖြစ်ဖြစ် နို့ရည်ထွတ်တာ မ-ဟော်မုန်း သတ္ထိအရ ဖြစ်တယ်။ နို့ဆိုတာ ၂ ခုထဲလို့ သိကြပေမဲ့၊ တချို့မှာ ၂ ခုမက ရှိတတ်တယ်။ ဗိုက်ထဲ နေတုံးကတည်းက ရှိခဲ့တာပါ။ မင်းသား Mark Wahlberg တီဗွီ တင်ဆက်သူ Lily Allen အဲလီဇဗက် (၁) ရဲ့မယ်တော် Anne Boleyn တို့မှာ တတိယနို့ ရှိကြတယ်။ ဂျမ်းစ်-ဘွန်း ရုပ်ရှင် “ရွှေသနတ်နဲ့လူ” ထဲက လူဆိုးဆရာကြီး Francisco Scaramanga မှာလည်း အဲလို အပိုရှိတာကို ပြသေးတယ်။

လမ်းလျှောက်ရင်း၊ ပြေးရင်းကနေဖြစ်တဲ့ အခြေအနေတခုကို Jogger's nipple လို့ ခေါ်တယ်။ နို့သီးအဖျား နာ၊ ခြောက်၊ အနေရခက်၊ သွေးထွက်တာမျိုး ပြောတာပါ။ ၀တ်ထားတဲ့ အ၀တ်အစားနဲ့ ပွတ်တိုက်မှုကြောင့် ဖြစ်ရတယ်။ ဒါ့ကြောင့် အတွင်းခံ မပါဘဲ ပြေးပါတဲ့။ ရှက်တတ်ရင်တော့ တထပ်ထဲ ခပ်ချောင်ချောင်သာ ၀တ်ပါတဲ့။ မြင်ကြရင်လဲ ကျန်းမာရေးအရ ၀တ်ကြတာလို့ သိထားလိုက်ပေါ့။

ယဉ်ကျေးမှု မတူရင် တန်ဘိုးထားမှု ကွဲပြားတယ်။ အံ့သြရလောက်အောက် မတူတာတွေ ရှိတယ်။ ဟောလိဝုဒ် ရုပ်ရှင် တခုမှာ အသက် ၁၈ နှစ်လဲ ပြည့်ပြီ၊ ကောလိပ် သွားရတော့မယ်၊ Virgin ဘ၀နဲ့ မသွားချင်ဘူးလို့ မင်းသမီးလေးကို အပြောခိုင်းတယ်။ သူ့စရိုက်နဲ့သူ ကိုက်ပါတယ်။ သတို့သမီးကို စစ်သလား ဘယ်သူကမှ မမေးဘူး။ တထောင့်တည ပုံပြင် တခုထဲမှာ သမီးရဲ့ မင်္ဂလာဦးမှာ ဖအေလုပ်သူက အော်တဲ့အသံကို နားစွန့်နေသတဲ့။ မအေက မနက်ကျရင် အိပ်ရာခင်း သွေးစွန်းတာ လိုက်ရှာသတဲ့။ သူများတွေ လက်ညှိုးထိုးမနေနဲ့ ပုဂံခေတ်မှာ ပန်းဦးလွှတ်ထာ မလုပ် မနေရတဲ့။

ယောက်ျားနဲ့ ပဌမဆုံး ဆက်ဆံချိန်မှာ သွေးထွက်တာဖြစ်ရင် အပျိုစစ်တယ်။ သွေးမထွက်ရင် အပျိုမဟုတ်ဘူးလို့ မပြောဘဲ အပျိုမြှေး မရှိသူဖြစ်တယ်လို့ ပြောလာကြတယ်။ အဲဒီသွေးက အပျိုမြှေး စုတ်ပြဲသွားလို့ ထွက်တာကိုး။ တခြားကြောင့် သွေးထွက်တာတွေလဲ ရှိပါတယ်။ Endometritis, Yeast, Infections, Cervical Dysplasia, Vaginitis, Cervical Polyps, Chlamydia, Gonorrhea & other STDs ရောဂါတခုခု ရှိနေရင်လဲ သွေးထွက်နိုင်တယ်။ လိင်ဆက်ဆံလို့ မဟုတ်ဘဲ အပျိုမြှေး စုတ်ပြဲစေနိုင်တဲ့ အကြောင်းတွေလဲ ရှိတယ်။ စက်ဘီးစီး၊ မြင်းစီး၊ ထိခိုက်ဒဏ်ရာရ၊ (မာစတာဘေးရှင်း) လုပ်၊ ဆေးစစ်တုံးက ကရိယာထည့်လို့။

အပျိုစစ် လက္ခဏာဆိုတာတွေကို ဆေးပညာအရ ပြောပါဆိုရင် -
• ရင်သား၊ တင်းနေမယ်၊ လုံးဝန်းပြီး ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နို့သီးထိပ်က မာတင်းတင်း၊ အောက်ခြေ အ၀ိုင်းက ပင်ကိုယ်အသားအရောင် လိုက်ပြီး ပန်းရောင်ကနေ ညိုမဲမဲနေမယ်၊ နိုးသီးအဖျားမှာ ပန်းရောင်အစက်ရှိမယ်၊
• မိန်းမကိုယ် အပြင်နုတ်ခမ်းသား လုံးဝန်းပြီး၊ ဆန့်နိုင်-ကြုံ့နိုင်တယ်၊ နုတ်ခမ်းသား နှစ်ဖက် ထိကပ်နေမယ်၊ အတွင်းနုတ်ခမ်းသား နဲ့ မ-အစိတွေကို လုံးဝ ဖုံးအုပ်နေမယ်၊
• မိန်းမကိုယ် အတွင်း-နုတ်ခမ်းသား ပန်းရောင်ရှိမယ်၊ ထိရင် သိလွန်းတယ်၊
• မ-အစိ Clitoris သေးငယ်တယ်၊
• အတွင်း-နုတ်ခမ်းသားနှစ်ခုကို ဘေးဖယ်ကား ကြည့်တဲ့အခါ မြင်နိုင်တဲ့နေရာ Vestibule ကျဉ်းတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာ Fourchette အကောင်းပကတိ ရှိနေတယ်၊
• မိန်းမကိုယ် အောက်ဖျား အလယ်နေရာရဲ့ဆုံချက် Posterior commissure အကောင်းပကတိ ရှိနေတယ်၊
• ဗဂျိုင်းနား Vagina ကျဉ်းတယ်၊
• ဗဂျိုင်းနားကို ဖုံးထားတဲ့အလွှာ အရောင်က နီတယ်၊ ထိရင် သိလွန်းတယ်၊ ဘေးနှစ်ဖက် ထိကပ်နေတယ်၊
• အပျိုမြှေး Hymen အကောင်း ပကတိ ရှိနေတယ်၊ လက်ချောင်း တချောင်းစာထက် ပိုမဆံ့ဘူး၊ နုတ်ခမ်းသားက စုတ်ပြဲသလို မဟုတ်ရဘူး၊ တိတိကျကျ ဖြစ်နေရမယ်။

ဆရာဝန်ပြောတာထက် ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်ကြမှာပါ။

Dr. တင့်ဆွေ
၁၅-၉-၂၀၁၀

Read More...

Monday, September 13, 2010

Chemicals in our food

                           
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ဟာ အမြဲတမ်းပြောင်းလဲနေပါတယ်။ Globalization ကြောင့်လို့ပဲပြောပြော ဈေးကွက်စီးပွားရေးကြောင့် လို့ပဲဆိုဆို ကျွန်တော့်တို့ တတွေဟာ ပြည်ပလုပ် ပစ္စည်းတွေ အစားအသောက် လူ့အသုံးအဆောင်တွေရဲ့ လွှမ်းမိုးမှုကို ထိတွေ့ခံစားလာရပါတယ်။ တောရော မြို့ပါမကျန် နိုင်ငံခြားကနေ ၀င်လာတဲ့ အသုံးအဆာင်တွေ ပစ္စည်းတွေ သုံးလာကြတယ်။ ပြည်တွင်းက လူသုံးကုန် အစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းတွေကလည်း ပြည်ပ ကုန်စည်တွေနဲ့ အပြိုင် လူ့အသုံးအဆောင်တွေ စားသောက်ကုန်တွေကို ထုတ်လုပ်လာကြတယ်။ 


သိပ္ပံပညာ တိုးတက်လာသည်နှင့်အတူ အသုံးချဓာတုဗေဒ ပညာသည်လည်း အဆင့်မြင့်လာပါသည်။ မသိရှိသေးသော ဓာတုဒြပ်ပေါင်းအသစ်များကို သိရှိလာသလို လူလုပ် ဓာတုပစ္စည်းများ ဒြပ်ပေါင်းများလည်း ပေါ်ထွက်လာပါသည်။ လူတို့သည် အကြောင်းအမျိုးမျိုးကြောင့် ဓာတုဗေဒ ပစ္စည်းများကို အသုံးချကြသည်။ ရည်ရွယ်ချက်ကောင်းမွန်သည့် လူများရှိသလို မတရား လောဘ ဇောတိုက်ကာ အများအကျိုးကို မငဲ့ကွက်သောလူများလည်း ရှိကြသည်။ ဘာလိုချင်လဲ။ အပင်အကြီးမြန်ချင်လား၊ အသီးထွားစေချင်သလား၊ အရောင်လှစေချင်သလား၊  အရသာ ချိုချင်သလား၊ လိုရင်ပြောပါ။ အကုန်လုံးဖြစ်အောင် ဓာတုဗေဒ ဆေးဝါးများ အသုံးပြုပြီး ပြုလုပ်လို့ရပါတယ်။ ကျွန်တော်တို့ စားသောက်နေတဲ့ အစားအသောက်တွေ အသားငါးတွေဟာ ဓာတုဗေဒ ဒြပ်ပေါင်းတွေနဲ့ ကင်းလွတ်တာ မကျန်သလောက် ဖြစ်လာပါတယ်။ စာဖတ်သူအနေနဲ့ ပိုမိုမြင်လာအောင် ဥပမာအချို့ကို ဖော်ပြပေးပါမယ်။

ပြည်တွင်းဖြစ်
  • ရန်ကုန်က ကန်စွန်းခင်း အများစု ဟာ အရွက်တွေ အရိုးတွေ ကြီးထွားအောင် ဆိုပြီး ပုလဲ ဓာတ်မြေသြဇာဖြန်းကြပါတယ်။ ကန်စွန်းရွက်တွေကို ဘယ်လောက် ရေစင်အောင် ဆေးတယ်ပြောပြော ဓာတ်မြေသြဇာတွေကတော့ ကျန်မှာပါပဲ။ 
  • ရန်ကုန်မှာ နာနတ်သီးတွေဆိုရင် အ၀ါရောင်ရှိမှ ရောင်းတန်းလှတယ် ဆိုပြီး အစိမ်းရောင်အသီးကို အ၀ါရောင်ဖြစ်အောင် ဆိုးဆေးတွေ ဆိုးကြတယ်။ နာနတ်ခြံတွေထဲမှာကို ဆိုးတာပါ။ သစ်သီးအများစုက ဒီလိုပါပဲ။
  • မြန်မာပြည်က နေ ပြည်ပကို တင်ပို့တဲ့ အစားအသောက်ကုန်ကြမ်းတွေဆိုရင် ပြည်ပနိုင်ငံတွေက သိပ်မလိုချင်ကြပါဘူး။ ဓာတုဗေဒပစ္စည်းတွေ ပါဝင်မှု များပြားတာကြောင့် ဖြစ်ပါတယ်။ ဟိုတလောက ဂျပန်နိုင်ငံကို တင်ပို့တဲ့ နှမ်းတွေ reject ထိတာ အဲဒီအကြောင်းပြချက်ကြောင့် ဖြစ်ပါတယ်။
  • ပြည်တွင်းက ကြက်မွေး နွားမွေးသော ခြံများတွင် တိရစ္ဆာန်များ ကြီးထွားနှုန်းတိုးစေရန် steroid ပါဝင်သော ဟော်မုန်းဆေးများ အပါအ၀င် အခြားဆေးများ ထိုးကြသည်။ ကျွေးသော အစားအသောက်များသည်လည်း ဓာတုဗေဒ ပစ္စည်းများ မကင်းပေ။ ထိုခြံများမှထွက်သော အသားများကို စားသုံးပါက ထိုဒြပ်ပေါင်းများကို စားလိုက်သလိုပင် ဖြစ်ပါမည်။
  • ပြည်သူအများ စားသုံးနေကြသော စားသုံးဆီများသည်လည်း နည်းမျိုးစုံသုံးပြီး ရောထားကြပါသည်။ ရေခဲသေတ္တာထဲတွင် ထည့်ထားလျင် မခဲသော နှမ်းဆီ အတုများပင် ရှိသေးသည်။ စားအုန်းဆီ ဆိုလျင်တော့ မပြောချင်တော့ပါ။ 
  • ရန်ကုန်သူ ရန်ကုန်သားတွေ ကြိုက်ကြသော အကင်ဆိုင်များတွင် ရောင်းချသော အသားကင်အများစုမှာ ယမ်းစိမ်းများ အလွန်အကျွံထည့်ထားသည့် အသားတု ကင်များ ဖြစ်ကြပါသည်။  

                                              

ပြည်ပဖြစ်
  • ပြည်တွင်းတွင် ရောင်းချနေသော ထိုင်း နှင့် တရုတ်မှ ၀င်လာသည့် မုန့်ပဲသရေစာ အများစုသည် ဆား၊ တာရှည်ခံစေသည့် ဒြပ်ပေါင်းများ နှင့် ဆိုးဆေးများ ပါဝင်ကြသည်။ အဆိုပါမုန့်များကို ကလေးများက အထူးကြိုက်နှစ်သက်ကြသည်။ အနာဂတ်အေ၇းကတော့ ရင်လေးဖွယ်ပင်။
  • ပြည်ပမှ အချိုမှုန့် အစားထိုး ဆိုပြီး ၀င်လာသော ဟင်းခတ်အမှုန့်ကို အချိုမှုန့် အစား သုံးကြသည်ကို တွေ့ရသည်။ ဘာတွေ ပါဝင်လဲတော့မသိ။ ခတ်လိုက်လျှင် အသားအရသာထွက်ပြီး များသွားလည်း ငန်တတ်သည်။ FDA မှနေ၍ အဆိုပါ  မီးဖိုချောင်သုံး အမှုန့်များကို သေချာစစ်ဆေးသင့်သည်။ 
အထက်ဖော်ပြပါ အစားအသောက်တို့သည် သဘာဝအတိုင်းမဟုတ်ဘဲ လူတို့က ပြုပြင်ထားကြသော အစားအသောက်များ ဖြစ်ပါတယ်။ ထိုသို့ ဓာတုဗေဒပစ္စည်းများ ထည့်လိုက်သောကြောင့် အာဟာရဓာတ်များ တိုးပွားမလာပါ။ လျော့သွားဖို့သာရှိသည်။ ထို့အပြင် ၎င်းအစားအသောက်များသည် 
  • ပြည်သူလူထုကို ရောဂါဘယ ပေါများစေတယ်။ 
  • နာတာရှည် ရောဂါတွေ ၊ ကင်ဆာရောဂါတွေ ပိုမိုဖြစ်ပွားလာစေတယ်။  
  • မှားယွင်းသည့် အစားအသောက် လူနေမှုပုံစံကို ဖန်တီးစေတယ်။
  • လူတွေ မကျန်းမာရင် တိုင်ပြည်ကော မိသားစုတွေပါ စီးပွားရေး ထိခိုက်တယ်။
အစရှိသည်ဖြင့် ဆိုးကျိုးများကိုသာ ဖြစ်စေမှာဖြစ်တယ်။ အဲဒီတော့ ဒီလို ဓာတုဗေဒနည်းတွေသုံးပြီး ပြုပြင်နေကြတာကို ဘယ်လိုလုပ်ကြမလဲလို့ မေးစရာရှိတယ်။ ကိုယ်သိတော့ ကိုယ်မစားဖြစ်အောင် ရှောင်လိုက်ရုံဖြင့် မပြီးပါ။ သက်ဆိုင်ရာ တာဝန်ရှိသူများက အစားအသောက်ဥပဒေနှင့် ပတ်သက်လာလျှင် တင်းကြပ်ပြီး ထိရောက်သည့် ဥပဒေများ ချမှတ်ဖို့လိုပါသည်။ ဥပဒေရှိရုံဖြင့်လည်း မပြီး။ တည်မြဲအောင် enforcement လုပ်ဖို့လိုသည်။ ဗမာတွေက ခက်တော့ခက်သား။ ရှေ့တွင်သာ မဆန့်ကျင်သော်လည်း နောက်ကွယ်တွင် ခိုးလုပ်တတ်ကြသည်။ ကိုယ့်လူမျိုး မပျောက်ချင်လျှင် ထိုအကျင့်တွေကို ပြင်ရမည်။ စစ်ဆေးရေးက ဘယ်လောက်လုပ်လုပ် ပြည်သူကိုယ်တိုင် ရောင်းချသူနှင့် စားသုံးသူများက ပါ ပူးပေါင်းဆောင်ရွက်ဖို့လိုသည်။ အဆိုပါ အစားအသောက်တို့၏ ဘေးထွက်ဆိုးကျိုးကို ကျွန်တော်တို့ ခံစားရမည် မဟုတ်ပါ။ ကျွန်တော်တို့၏ မျိုးဆက်များ နောင်လာနောက်သားများ ခံစားရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့ ဆုံးဖြတ်ရမှာက ကိုယ့်လူမျိုးမတုံးစေရေး မျိုးမညံ့သွားရအောင် အတတ်နိုင်ဆုံး ကြိုးပမ်းကြဖို့ ဖြစ်ပါသည်။

Read More...