Saturday, August 23, 2008

Exercise treatment for overcoming Osteoarthritis

အရိုးအဆစ်ရောင်ခြင်း

osteoarthritis ဟာ နာတာရှည် ရောဂါ တစ်မျိုး ဖြစ်ပြီး cartilage လို့ခေါ်တဲ့ အရိုနု ဖုံးလေးတွေ ပျက်စီးရာ ကနေ ဖြစ်ပွား တတ်ပါတယ်။ cartilage တွေဟာ အရိုး(၂)ခု ဆုံတဲ့ နေရာမှာ ရှိပြီး အရိုးတွေ တိုက်ရိုက် ပွတ်တိုက်မှု မရှိအောင် ကာကွယ် ပေးပါတယ်။ osteoarthritis ရောဂါသည် တွေဟာ အဆစ်အမြစ် ကိုက်ခဲခြင်း၊ ရောင်ရမ်းခြင်း၊ ကြွက်သားနှင့် အရွတ်များ နာကျင် ကိုက်ခဲခြင်း မှသည် မလှုပ်ရှားနိုင် တော့ဘဲ မသန်စွမ်း ဒုက္ခသည် ဘ၀ကို ရောက်ရှိ နိုင်ပါတယ်။

osteoarthritis ရောဂါဟာ အမျိုးသား နဲ့ အမျိုးသမီးတွေမှာ အချိုး အတူတူ ဖြစ်ပွား တတ်ပြီး အမျိုးသမီး တွေမှာ အသက် ၅၅နှစ် ၀န်းကျင်မှာ ရောဂါ လက္ခဏာ တွေ ပြတတ် ပါတယ်။ အမျိုးသား တွေမှာတော့ (၁၀)နှစ်ခန့် စောပြီး ဝေဒနာ ခံစားရ တတ်ပါတယ်။ ဒူးဆစ်၊ ခါး၊ ကျောရိုးမ နှင့် လက်ဆစ်တွေ ဟာ အဓိက ထိခိုက်တဲ့ အဆစ်တွေ ဖြစ်ပါတယ်။ အသက် အရွယ် ကြီးရင်သူတွေမှာ ဖြစ်တတ်လို့ သက်ကြီး ရောဂါလို့ အရင်က မှတ်ယူ ထားကြပါတယ်။ ဒီနေ့ အခါ မှာတော့ အသက်အရွယ် ကြီးရင်မှု သာမက အခြား ရောဂါ ဖြစ်ပွားစေတဲ့ အချက်တွေကို သတိပြုမိ လာကြပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု (သို့) အခြား ရောဂါ ဝေဒနာ တစ်ခုခုက osteoarthritis ကို စတင် ဖြစ်ပွားစေပြီး မျိုးရိုးဗီဇ၊ biomechanical forces၊ ဇီဝနှင့် ဓာတုဖြစ်စဉ် တွေက ရောဂါ အခြေအနေကို ဆိုးဝါး စေပါတယ်။ အဆိုပါ ပြုပြင် ပြောင်းလဲ နိုင်တဲ့ အချက်တွေကို ဂရုတစိုက် ပြုပြင် လိုက်မယ် ဆိုရင် ရောဂါ လက္ခဏာ တွေကို တတ်နိုင် သလောက် သက်သာအောင်၊ ပိုဆိုး မလာအောင် ဟန့်တား နိုင်မှာ ဖြစ်ပါတယ်။

အ၀လွန် သူတွေ ဟာ osteoarthritis ရောဂါ ခံစားရဖို့ အခွင့်အလမ်း ပိုများ ပါတယ်။ ခန္ဓာကိုယ် အလေးချိန်ဟာ အဆစ်အမြစ် တွေကို ၀န်ပိ စေပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် အလေးချိန် ထိန်းခြင်းဖြင့် ရောဂါ ဝေဒနာ ခံစားရမှုကို အထိုက် အလျှောက် သက်သာ စေပါတယ်။ ဒူးဆစ် ယောင်ယမ်း သူတွေရဲ့ ၃ပုံ ၂ပုံခန့်ဟာ အမျိုးသမီးတွေ ဖြစ်တာ တွေ့ရပြီး ဒေါက်မြင့် ဖိနပ်စီးတဲ့ သူတွေမှာ ပိုမို အဖြစ်များ တယ်လို့ ဆိုပါတယ်။ သတိထား ဆင်ခြင်သင်တဲ့ အချက်ပါပဲ။

osteroarthritis လုံးဝ ပျောက်ကင်းအောင် မကုသနိုင် သေးပါဘူး။ ဒါပေမယ့် နာကျင် ကိုက်ခဲမှု တွေ သက်သာအောင်၊ အဆစ် အမြစ်တွေ ပုံမှန် လှုပ်ရှား နိုင်အောင် လုပ်နိုင်တာတွေ အများကြီး ရှိပါတယ်။ အကိုက်အခဲ ပျောက်ဆေးတွေကို ဆရာဝန် ညွန်ကြား တဲ့ အတိုင်း အတိအကျ သုံးစွဲဖို့တော့ လိုပါတယ်။ ဒါ့အပြင် osteoarthritis ရောဂါသည်တွေ နေ့စဉ် လုပ်သင့်တာ တစ်ခု ကတော့ ကိုယ် ကာယ လေ့ကျင့်ခန်းပါပဲ။ လေ့ကျင်ခန်း ပုံမှန်လုပ်ခြင်းဖြင့် ကြွက်သားတွေကို သန်မာ စေရုံသာမက၊ ဟန်ချက်ညီမှုနဲ့ ပျော့ပျောင်းမှု တွေကို အားဖြည့် ပေးပါတယ်။ နာကျင် ကိုက်ခဲမှုကို သက်သာစေရုံ မက အခြား ကျန်းမာရေး ကောင်းကျိုး တွေကိုလည်း ပေးပါတယ်။

ဒီနေရာမှာ osteoarthritis ရောဂါ ဝေဒနာ သက်သာအောင် လုပ်ဆောင်ရမယ့် ကိုယ်ကာယ လေ့ကျင့်ခန်း လေးတွေကို တင်ပြ လိုပါတယ်။

(၁) Inner leg stretch


ပုံမှာ ပြထားတဲ့ အတိုင်း ဒူးကိုကွေး၊ ခြေဖ၀ါး(၂)ခု တေ့ပြီး ထိုင်ပါ။ ခြေဖနောင့်ကို ခန္ဒာကိုယ်ဘက် ဆွဲထားပြီး လက်နှစ်ဘက်နဲ့ ခြေ မျက်စေ့ ကို ဆုပ်ကိုင် ထားပါ။ ညို့သကျည်းကို လက်ဖျံနဲ့ ဖိပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို ရှေ့ဘက်ကို ကိုင်းထား ရပါမယ်။အဲဒီလို ၂၀-၃၀ စက္ကန့်လောက် နေရပါမယ်။

(၂) Hip and lower back stretch


ကြမ်းပြင်မှာ ပက်လက် အိပ်ပြီး ခြေထောက် တွေကို ဆန့်ထားပါ။ ခေါင်းကို ကြမ်းပြင်နဲ့ ထိပြီး မေးဆွဲကာ ရင်ဘတ်ကို ကြည့်ပါ။ ဒူးကို ပုံပါအတိုင်း ကွေးပြီး လက်နှစ်ဘက်နဲ့ ပုခုံးဘက်ဆီ ရောက်နိုင်သလောက် ဆွဲပါ။ အသက်ပြင်းပြင်း ရှူထုတ်ရှူသွင်း လုပ်ပါ။ ၂၀-၃၀ စက္ကန့် ခန့် ကြာပါစေ။

(၃) Double hip rotation


ကြမ်းပေါ်မှာ ပက်လက် အနေအထားနဲ့ နေပါ၊ ဒူးတွေကို ကွေးပြီး ခြေဖ၀ါးကို ကြမ်းပြင်နဲ့ ထိထားပါ။ ပုံမှာ ပြထားတဲ့ အတိုင်း ဦးခေါင်းကို ညာဘက် စောင်းပြီး ခြေ(၂)ချောင်းကို ဘယ်ဘက်သို့ ဖြေးညှင်းစွာ စောင်းပါ။ ၂၀-၃၀ စက္ကန့်ခန့် ကြာပါစေ။ ပြီးလျှင် ဒူးကို အလယ် ပြန်ပို့ပြီး နောက်တစ်ဖက် အတွက်လုပ်ပါ။

ဖော်ပြပါ လေ့ကျင့်ခန်း (၃)ခုကို ပျော့ပျောင်းမှုကို ဦးစားပေးတဲ့ လေ့ကျင့်ခန်းများ လို့ ခေါ်ပါတယ်။ ဒီလေ့ကျင်ခန်း တွေကို နာကျင်မှု ဝေဒနာ ခံစားရတဲ့ အချိန်တွေမှာ ပြုလုပ် သင့်ပါတယ်။ ညနေစောင်း အလုပ် တာဝန်တွေ ပြီးဆုံးတဲ့ အချိန်မှာ ပြုလုပ် သင့်ပါတယ်။ တစ်နေ့ကို လေ့ကျင့်ခန်း ၁ -၂ ခုနဲ့ တစ်ပတ်ကို (၃)ကြိမ်ခန့် လုပ်လျှင် လုံလောက် ပါတယ်။

အခု ဆက်လက်ပြီး သန်မာမှု ကို ဦးစားပေး တဲ့ လေ့ကျင့်ခန်း လေးတွေကို ဖော်ပြပါမယ်။

(၁) Chair stand


ကုလားထိုင်ကို နံရံနဲ့ ကပ်ပြီး ထားပါ။ ဒူးကိုကွေး၊ ဖ၀ါးကို ကြမ်းပြင်မှာ ချပြီးထိုင်ပါ။ လက်နှစ်ချောင်း ကို ရင်မှာ ယှက်ပြီး ပုခုံးနှစ်ဘက်ကို ကိုင်ထားကာ နောက်ဘက်ကို မှီပါ။ ခေါင်း၊ လည်းပင်းနဲ့ ခန္ဓာကိုယ်ကို တည့်တည့် ထားပြီး ရှေ့ဘက်ကို ကိုင်းလိုက်ကာ ဖြေးဖြေးချင်း မတ်တတ် ရပ်ပါ။ ပြီးလျှင် ဖြေးဖြေးချင်း ပြန်ထိုင်ပြီး မူလ အနေအထားကို ပြန်နေပါ။ ၄ခါ မှ ၆ ခါ အထိ ပြန်လုပ်ပါ။

(၂) Hip extension


ကုလားထိုင်ရဲ့ နောက်ဘက် ကနေပြီး ဟန်ချက် ညီအောင် ကိုင်ထားပါ။ ခန္ဓာကိုယ်ကို ရှေ့ဘက်ကို ကိုင်းပြီး ညာဘက် ခြေထောက်ကို တန်းတန်း ဆန့်ပါ။ ပြီးလျှင် အပေါ်ကို မြှောက်နိုင် သလောက် မြှောက်ပါ။ ခဏ ရပ်ထားပြီး အောက်ဘက်ကို ဖြေးဖြေးချင်း ပြန်ချကာ မူလ အနေအထားကို ပြန်နေပါ။ ပြီးလျှင် ဘယ်ဘက်ကို တစ်ပုံစံထည်း လုပ်ပါ။ ၄ ခါမှ ၆ခါ အထိလုပ်လျှင် သင့်တော်ပါသည်။

(၃) Bridge


ကြမ်းပြင်ပေါ်မှာ ဒူးကို ကွေး ဖ၀ါး ကြမ်းထိပြီး ပက်လက် အနေအထား နေပါ။ လက်ဖ၀ါးတွေကို ပုံပါ အတိုင်း ထားပါ။ ကျောကို ဆန့်ဆန့် ထားပြီး ခါးကို မြှောက်နိုင် သလောက်အပေါ်ကို မြှောက်ပါ။ ခဏ နားထားပြီး အောက်ဘက်ကို ဖြည်းဖြည်း ပြန်ချပါ။ ပြီးလျှင် နောက်တစ်ကြိမ် ပြန်လုပ်ပါ။ ၄ ကြိမ်မှ ၆ ကြိမ် အထိ လုပ်သင့် ပါတယ်။

အဆိုပါ လေ့ကျင့်ခန်း များဟာ ကြွက်သားတွေကို သန်မာစေပြီး အခြား ကျန်းမာရေး ကောင်းကျိုး တွေကိုလည်း ပေးပါတယ်။ လေ့ကျင့်ခန်း လုပ်ပြီး (၁)နာရီ ခန့်မှာ အဆစ်တွေ နာလာရင်တော့ သင်ဟာ လိုအပ်တာထက် ပိုပြီး လုပ်နေပြီ ဆိုတာသတိပြုပါ။

ကျန်းမာရွှင်လန်းကြပါစေ။

ဒေါက်တာငွေဇင်သူ

Read More...

Friday, August 22, 2008

Life Cycle (7)


ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၇)
Juan
ဆေးဖိုးဝါးခ နှင့် လူနာ

ခေတ်သစ် ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ပုဂ္ဂလိက ကုသရေး လုပ်ငန်း များမှာ ကုန်ကျ စရိတ် အားလုံးကို နောက်ဆုံး သုံးစွဲသူ (End User) ဖြစ်တဲ့ လူနာ ကခါးစည်း ကျခံ ရမယ်။ ငွေကုန် ကြေးကျ မခံ နိုင်ရင် ကောင်းမွန် ထိရောက်တဲ့ ဆေးဝါး ကုသ မှုကို မျက်မွှေး ထော်လို့ တောင်မော် မကြည့် လေနဲ့ ဆိုတဲ့ သဘောမျိုး ဖြစ်နေတာ ယနေ့ ကမ္ဘာရဲ့  ရင်နင့် ဖွယ် အမှန် တရား တစ်ခု ပါပဲ။ ငွေမရှိ ရင် ရောဂါ ပျောက်ဖို့ မစဉ်း စားနဲ့ လို့ တရား လက်လွတ် ပြောရာ ရောက်နေ ပါပြီကော။



WHO ရဲ့  ၂၀၀၅ ခုနှစ် မှာထွက်ပေါ် လာတဲ့ technical report အရ- တစ်ကမ္ဘာ လုံးရှိ အိမ်ထောင်စု ပေါင်း ၄၄ သန်း သို့မဟုတ် လူ သန်း ပေါင်း ၁၅၀ လောက်ဟာ ဆေးဖိုး ၀ါးခ စရိတ်ထောင်း တဲ့ဒဏ် ခံနေကြ ရတယ်တဲ့။ အဲဒီ အထဲက ကံပို ဆိုးသူ အိမ်ထောင်စု ပေါင်း ၂၅ သန်း သို့မဟုတ် လူသား သန်း ၁၀၀ ဟာ ဆေးဖိုး ၀ါးခ ကြောင့် ကြွေးတင် ကျွန်ဖြစ် ပြီး ပြာပုံ မတိုး ရပဲ ဆင်းရဲ မွဲတေ ကုန်ကြ တယ်။ ဒီလို ဖြစ်နေ တာတွေ ကို အထူးပြု လေ့လာ တဲ့သုတေ သန လုပ်ငန်း များက ဒီဖြစ်ရပ် ကို “ကျန်းမာရေး စရိတ် (ဆေးဖိုး ၀ါးခ) ကြောင့် ဒုက္ခ ကပ်ဆိုက် ခြင်း (Catastrophic Health Care Payments)” လို့ တင်စား ခေါ်ဝေါ် ခဲ့ကြတယ်။

ရောဂါ ကြောင့် မွဲပြာ ကျခြင်း ဆိုတဲ့ ငိုချင်း ရှည်ကြီး ဟာ ရောဂါ ကုသ စရိတ် ထောင်းလို့ ဆင်းရဲ မွဲတေ ရုံမျှ မက နောက်ဆက် တွဲ ဖြစ်ရပ် တွေ အများကြီး ပါပဲ။ စုဆောင်း ထားသမျှ ပြောင်တဲ့ အပြင်၊ စားဝတ် နေရေး ကျပ်တည်း၊ သား သမီး တွေ ကျောင်းမထား နိုင်၊ ကြွေးတွေ ပါတ်လည် ၀ိုင်း ပြီး ဆင်းရဲ ခြင်းနွံ ထဲက တစ်သက် လုံး မရုန်း ထွက်နိုင်၊ နောက်ဆုံး ရောဂါ ကုဖို့ လက်တွန့် ရှောင်ကျဉ် လာကြ ပြီး ကျန်တဲ့ ပိုက်ဆံ လေး သပိတ်သွပ် ဖို့သာ ထားလိုက် ပါတော့တို့၊ ငါ့သားလေး ကိုသာ ရှင်ပြုပေး လိုက်ပါတို့ ဆေးဝါး ကုသဖို့ နဲ့ ကျန်ကိစ္စ များကို လဲလှယ်လိုက် ရပါ တော့တယ်။ ဒါတင် မကသေးပါ။ ကူးစက် ရောဂါ တွေကို မကု တော့ဖို့ ဆုံးဖြတ် မိရင် ရောဂါ ဖြန့်ဖြူးသူ လက်သည်ကြီး ဖြစ်လာမယ်။ တစ်ယောက် ကစလိုက် တာ ရာ၊ ထောင်၊ သောင်း၊ သိန်း ကူးစက် ပြန့်ပွား ပြီး တိုင်းပြည်ရဲ့  လူမှု၊ စီးပွားရေး အားလုံး ကို ဆုတ်ယုတ် လျော့ပါး သွားအောင် ၀ါးမျို ပစ်လိုက်နိုင်တဲ့ အန္တရာယ် ကြီးဖြစ်နိုင် ပါတယ်။

ဒါဆိုရင် လူနာ အားလုံး ကိုနိုင်ငံတော် အစိုးရ ကတာဝန်ယူပြီး ပြည်သူ့ ဆေးရုံ များမှာ အလကား ကုပေးပါလား လို့ ပြောစရာ ရှိပါတယ်။ တခေတ် တခါ ကအဲသလို လုပ်ခဲ့ ပြီးပါသကော။ Socialized medicine ဆိုပြီး ရှိသမျှ အလကား free health care ဆိုပြီး လုပ်လိုက် တာမွဲပြာ ကျလု နီးနီး ဖြစ်ခဲ့ ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်တိုင်းပြည် မှလူ့အဖွဲ့ အစည်း တစ်ရပ် လုံး စိတ်တိုင်းကျ တဲ့ အထိ ကျန်းမာရေး စောင့်ရှောက်မှု ကို အလကားပေး နိုင်စွမ်း မရှိပါဘူး။ သင့်ဘာသာ သင် ဆေးလိပ် တွေ မိုးမွှန်အောင် သောက်လို့ အဆုပ် ကင်ဆာ ဖြစ် လာတာ ကို၊ သင့်ဘာသာ သင် အရက်ကို မိုးမလင်းတမ်း သောက်လို့ အသည်း ခြောက်လာ တာကို နိုင်ငံတော် က အရင်း အနှီး များစွာ ပုံအော သုံးပြီး အလကား ပဲတင်း ကုပေး ရမတဲ့လား။ ဖြစ်နိုင် စရာ မရှိ ပါဘူး လို့ ကျန်းမာရေး ပေါ်လစီ မိတ်ကာ များက အတိ အလင်း ဆိုကြ ပါတယ်။

ဒါဖြင့် ရင် ဒီဖြစ်စဉ် ကြီးကို သူ့ အတိုင်းလွှတ်ပေး ထားမှာလား။ ကိုင်တွယ် ဖြေရှင်း နည်းတွေ မရှိ တော့ဘူးလား။ ဖြစ်နိုင်ချေ တစ်ခု က တော့ နိုင်ငံတော် မှ တာဝန်ယူ သော မယူ မနေ ရ ပြည်သူ့ ကျန်းမာရေး အာမခံ စံနစ် (Compulsory community health insurance scheme) ကို ကျင့်သုံး နိုင်ပါသတဲ့။ ယူနိုက်တက် ကင်းဒမ်း ရဲ့  အမျိုးသား ကျန်းမာရေး ၀န်ဆောင်မှု စံနစ် (NHS: National Health Service) နဲ့ ထိုင်းနိုင်ငံ ရဲ့  တက်ရှင် လက်ထက် ကကျင့်သုံး ခဲ့တဲ့ အားလုံး လွှမ်းခြုံ ကျန်းမာရေး စံနစ် (UC: Universal Coverage Scheme) တွေမှာ ဒီသဘောမျိုး ကိုတွေ့ ရပါတယ်။ အမေရိကန် မှာ မှိုလို ပေါက်နေတဲ့ private health insurance တွေကတော့ ဒီ ဖြစ်စဉ် ကြီးကို မပြေလည် စေရုံမျှ မက ပိုလို့တောင် ဆိုးစေ သတဲ့။

သို့သော်လည်း အဲဒီလို compulsory community health insurance scheme တစ်ခု တည်ဆောက် ဖို့ဆို တာကိုက မြင်းမိုရ် တောင် တက်ရ သလောက် ကိုခက်ခဲ ပါတယ်။ အတတ် ပညာ၊ အရင်း အနှီး၊ အချိန်၊ ငွေ၊ လူအင်အား အများကြီး သုံးပြီး တည်ဆောက် ရမဲ့ စံနစ် မျိုးပါ။ ဒီစံနစ် ရဲ့  အဓိက ကျောရိုးဟာ ပြည်သူတွေ ထံက ကောက်ခံတဲ့ ၀င်ငွေခွန် (Income tax) ရယ်၊ ဆေးလိပ်၊ အရက်၊ ဘီယာ လိုကျန်းမာရေး ထိခိုက် စေနိုင်တဲ့ ကုန်ပစ္စည်းတွေ အပေါ်မှာကောက် ခံတဲ့ Sin tax & earmarked tax တွေရယ် ကိုကျန်းမာရေး အာမခံ ငွေပင် ငွေရင်း လုပ်ပြီး တည်ဆောက်ရ တာကိုး။

အခွန် လို့ဆိုရာမှာ တရားမျှတ သော အခွန် စံနစ် (Progressive tax system) နဲ့ တရား မျှတ မှုမရှိသော အခွန် စံနစ် (Regressive tax system) ဆိုပြီး ရှိနေပြန်တော့ ကိုယ့်တိုင်းပြည် ဟာဘယ်လို အခွန် စနစ်မျိုးနဲ့ စခန်းသွား နေသလဲ ဆိုတာ ကို သုတေသန လုပ်ကြည့် ဖို့ လိုလာပြန် တယ်။ ၀င်ငွေ များသလောက် အခွန် များများ ပေးရ ပြီး ၀င်ငွေ နည်းရင် အခွန် နည်းနည်း ပဲပေး ရတာကို progressive tax၊ ၀င်ငွေ နည်းသူ အခွန်များများ ပေးရပြီး ၀င်ငွေ များတဲ့ သူတွေက နည်းနည်းပဲ ပေးရရင် regressive tax လို့ခေါ်ပါတယ်။

နောက်တစ်ခု က ဖြစ်လာ လတ္တံ့ သောအန္တရာယ် အပေါ် လူထုရဲ့  သဘောထား ဆန်းစစ်ချက် ဆိုတဲ့ risk analysis ကိုလည်း လုပ်ကြည့် ရသေးတယ်။ ကျန်းမာရေး အာမခံ စနစ် ဆိုတာမျိုးက အကျိုးသက်ရောက် မှုရှိနိုင်သမျှသော လူထုရဲ့  ထည့်ဝင် ငွေ (premium) အားလုံး ကို ငွေပင် ငွေရင်း လုပ်ထားပြီး ဒီအကျိုး ကိုရောဂါ ဖြစ်တဲ့ အခါ ခံစား၊ မဖြစ်ရင် မခံစားနဲ့ ဆိုတဲ့ သဘောမျိုး ရှိတာ ကိုးဗျ။ ဆိုတော့ လစဉ် ကြေး မှန်မှန် ထည့်ပြီး ကိုယ် ကကျန်းမာ ပကတိ၊ ချမ်းသာ အတိ ဖြစ်နေရင် ကိုယ့်ငွေ ကို သူများရောဂါ ကုဖို့ အလှူ လုပ်နေ ရသလို ဖြစ်နေတာပေါ့။ ဒါကြောင့် လည်း risk analysis ဆိုတာ ကိုလုပ် ကို လုပ်ရ ပါတယ်။ ဒီဆန်းစစ်ချက် အရ လောက မှာ လူသုံးမျိုး သုံးစား ရှိသတဲ့ ...

1. ဖြစ်လာ နိုင်တဲ့ အန္တရာယ် (ရောဂါ ရနိုင်ချေ) ကို ရင်မဆိုင် လိုပဲ ကြိုတင် ရှောင်လွှဲ လိုတဲ့ လူမျိုး ကို Risk averters လို့ ခေါ်ပါတယ်။
2. ဘာအန္တရာယ်၊ ဘာရောဂါ ကိုမှ မကြောက်ပဲ လုပ်ချင် တာလုပ်မယ်၊ သေမြေကြီး ရှင်ရွှေထီး ဆိုတဲ့ လူမျိုး တွေကို Risk takers တဲ့။
3. ကြောက်တယ် လဲမဟုတ်၊ မကြောက်ဖူး လည်းမဟုတ်၊ အခြေ အနေပေါ် မူတည် တာပဲ ဆိုသူများ ကို Risk neutrals တွေလို့ ခေါ်ပါတယ်။


Compulsory community health insurance scheme တစ်ခု ကျင့်သုံး တော့မယ့် အခါမှာ ဒီတိုင်းပြည်၊ ဒီ လူမှု အဖွဲ့ အစည်း မှာ ဘယ်လို လူမျိုးတွေ များနေ သလဲ ဆိုတာ ကိုဆန်းစစ် တာကို risk analysis လို့ခေါ်တာပါ။ အကယ်၍ Risk averters က အများစု ဆိုရင် နောင်တချိန် မကျန်းမာမဲ့၊ ရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ် ကိုကြိုတင် ရှောင်လွှဲ လိုစိတ် များကြလို့ ဒီစနစ် ကအောင်မြင် နိုင်ပါတယ်။ Risk taker တွေ များရင်တော့ ကိုယ် ရောဂါ ရမှာကို လည်းမပူ၊ သူများ အတွက်တော့ ဝေလာဝေး မို့ ကျန်းမာရေး အတွက် income tax ကသုံးမယ် ဆိုတာကို၊ လစဉ် နှစ်စဉ် premium ကြေး မှန်မှန် ထည့်ရ မှာကို အလွန်ဝန်လေး ကြလိမ့်မယ်။ ဒါကြောင့် ဒီစနစ် ဘယ်တော့ မှမအောင်မြင် ဘူးတဲ့။ Risk neutral သမားများမယ် ဆိုရင်တော့ လေယူရာတိမ်း၊ ယိမ်းတတ် သူများမို့ အချိန်ပေး၊ နားချ၊ စည်းရုံး မှုအပေါ် မူတည်ပြီး ဖြစ်လာနိုင်ဖွယ် ရှိပါသတဲ့။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို စနစ်မျိုး က shock absorber အဖြစ်နဲ့ ရောဂါ ကြောင့် မွဲပြာကျ တာတွေ၊ ငွေမရှိလို့ ဆေးမကု နိုင်တာ တွေ၊ အတွင်းလှိုက် စားရောဂါ ပျံ့ နှံ့ မှုတွေ ကိုခုသာ ခံသာ လုပ်ပေးနိုင် တယ်ပဲ ဆိုဦးတော့ ပြဿနာ အပေါင်း လုံးဝ ကင်းစင် သွားတာ တော့မဟုတ် ပါ။ ကျန်းမာရေး ၀န်ဆောင်မှု ကွာလတီ ညံ့ဖျင်းတာ၊ အကြာကြီး တမေ့ တမော စောင့်ရတာ၊ ဟိုစာရွက် မှာ ဟိုဟာ ဖြည့်ပြီး ဟိုကိုသွား၊ ဒီစာရွက် မှာ ဒီဟာ ဖြည့်ပြီး ဒီကိုလာ စတဲ့ ဗျူုရို ကရေစီ ကြိုးနီ တောင်ကြီး ကို မကျော် လွှားနိုင်တာ။ ဆေးရုံ နဲ့ ဆရာဝန် များ အတွက် provider payment system မှာအားနည်း ချက်တွေ ရှိတာ စသည်ဖြင့် ထိုင်းရဲ့  UC ရော၊ ဗြိတိန် ရဲ့  NHS ရောမှာ အားနည်း ချက် ပေါင်း သောင်းခြောက်ထောင် နဲ့ ပြဿနာ တွေ တလှေ ကြီးပါ။

ဒါကြောင့် စောင့်ဆိုင်း စရာမလိုတဲ့။ ငွေ ရှိရင် အချိန်မရွေး ပြလို့ ရတဲ့၊ ကြိုက်သလောက်သုံး ကျသလောက်ပေး ကျန်းမာရေး ၀န်ဆောင်မှု တွေက ရှိနေဦးမှာ။ လူတွေကလည်း ရောဂါ ရနေဦးမှာ။ ရှင်သူ ရှင်ပြီး သေသူ သေနေကြဦးမှာ၊ ဖြစ်လိုက်၊ တည်လိုက်၊ ပျက်လိုက်၊ဒါကို ပဲ လောကရဲ့  သံသရာ လို့ ခေါ်ကြပြီး မှန်မှန်ကြီး လည်ပါတ် တတ်တဲ့ သဘောလည်း ရှိနေတယ် မဟုတ်လား ။။။။။။။။။။။။။

Read More...

Thursday, August 21, 2008

Dangers of Microwave Oven ...

အန္တရာယ်နဲ့ ရင်းပြီး သုံးနေကြတဲ့ မိုက်ခရိုဝေ့ဗ် မီးဖို များ

ကမ္ဘာပေါ်ရှိ သန်းပေါင်း များစွာသောလူတွေဟာ သက်တောင့်သက်သာဖြစ်ဖို့ နဲ့  အချိန်ကိုချွေတာဖို့  မိမိ ကျန်းမာရေး ထိခိုက်နိုင်မှုကို ဥပေက္ခာပြု နေကြပါတယ်။ Microwave oven အတွက် low-density microwave energy ရဲ့ သဘာဝ ကို စတင် ဖော်ထုတ် နိုင်ခဲ့ပုံ လေးကိုလည်း ရှုစားကြည့်ပါဦး။ ၁၉၄၆ မှာ Dr. Percy Spencer ဟာ ရေဒါဆိုင်ရာ သုတေသန တစ်ခုကို လုပ်နေခဲ့တာ ပါ။ သူဟာ Magnetron လို့ ခေါ်တဲ့ vacuum tube လေးကို စမ်းသပ်နေစဉ်မှာ သူ့ အိတ်ကပ်ထဲက candy ချောင်းလေး အရည် ပျော်သွားတာကို စတင် သတိထားမိပါတယ်။ အဆိုပါ tube အနားကို ပေါက်ပေါက် ပြောင်းတွေ ထားကြည့်တော့ ပေါက်ထွက်ပြန့် ကျဲကုန်တာကို တွေ့ လိုက်ရတယ်။ ဒါနဲ့  tube အနားကို ကြက်ဥ တစ်လုံး ထားကြည့်လိုက်တယ်။ ကြက်ဥဟာလည်း တစ်ဖြည်းဖြည်း ပူလာပြီး ပေါက်ထွက် သွားခဲ့ပါတယ်။ ဒီလိုနဲ့  အခြားသော အစားအစာများကို အလွယ်တကူ ချက်ပြုတ်နိုင်အောင် Microwave oven တွေကို စတင် တီထွင်ခဲ့တာပါ။



ဒီ electromagnetic waves တွေဟာ ဦးနှောက်မှာရှိတဲ့ ပီကျူထရီဂလင်း၊ မျက်လုံး၊ ဝှေးစေ့၊ သွေးဆဲလ်တွေကို အဓိက အန္တရာယ် ပေးပါတယ်။ Oven တွေမှာ အဆိုပါ waves တွေမထွက်အောင် ဒီဇိုင်းရေးဆွဲ ထုတ်လုပ် ထားတယ်လို့ တော့ ဆိုပါတယ်။ သို့ သော်လည်း ကျန်းမာရေးကို ခြိမ်းခြောက်မှုတွေက လျော့နည်းမသွားပါဘူး။ ဂျာမနီ Humbolt Universitat zu Berlin က ပြုလုပ်ခဲ့တဲ့  သုသေတနနဲ့  ရုရှား ရေဒီယို တက်ခ်နော်လော်ဂျီ တက္ကသိုလ်များ ပူးပေါင်း ပြုလုပ်ခဲ့တဲ့ သုတေသန တွေက မက်ခရိုဝေ့ဖ် သုံး အစားအစာ များရဲ့ကင်ဆာ ရောဂါဖြစ်စေနိုင်မှု၊ အစားအစာ အရည်အသွေး လျော့ကျစေမှု (အာဟာရ ဓါတ်များ ဆုံးရှုံးမှု)၊ မိုက်ခရိုဝေ့ဖ် စွမ်းအင် စိမ့်ထွက်မှု ဆိုးကျိုး များနဲ့ ပက်သက်ပြီး သက်သေ အချက်အလက် များစွာ တင်ပြ နိုင်ခဲ့ပါတယ်။

အဆိုပါ သုတေသနများ အရ ပေါ်ပေါက်လာတဲ့  မိုက်ခရိုဝေ့ဖ် သုံးစွဲမှုကို စွန့် လွှတ်သင့်သော အကြောင်းအရာ တွေကတော့ ...

- မိုက်ခရိုဝေ့ဖ်ကို ကာလရှည်ကြာ စွဲစွဲမြဲမြဲ သုံးစွဲသူတွေမှာ ဦးနှောက်တွင်း လျှပ်စီးမှု ထိခိုက် ပျက်ယွင်း ခြင်း
- မိုက်ခရိုဝေ့ဖ် သုံး အစားအစာများတွင် ပေါ်ပေါက်လာသော အမျိုး အမည်မသိ ဘေးထွက် ပစ္စည်း များကို ကိုယ်ခန္ဓာမှ မချေဖျက် နိုင်ခြင်း
- မချေဖျက် နိုင်သော ဘေးထွက် ပစ္စည်းများ၏ မကောင်းသော အာနိသင်များ ကိုယ်ခန္ဓာတွင် ကျန်ရှိ နေခြင်း
- အဆိုပါ အစားအစာများကို ရေရှည် စားသုံးမှုကြောင့် ကျား/မ ဟော်မုန်းများ ထုတ်လုပ်မှု ပြောင်းလဲ နိုင်ခြင်း
- ဗီတာမင်၊ သတ္တုဓါတ်၊ အာဟာရဓါတ်များ လျော့နည်း သွားခြင်း
- အသီးအရွက် များတွင် ပါရှိသော သတ္တုဓါတ်များမှ ကင်ဆာ ဖြစ်စေသော free radicals များ အဖြစ် ပြောင်းလဲ သွားခြင်း
- အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာများ ဖြစ်စေခြင်း (အမေရိကမှာ အူမကြီး ကင်ဆာ ဖြစ်ပွားမှု တိုးလာစေတဲ့ အကြောင်း အရာတွေ ထဲက တစ်ခုလို့  ဆိုကြ ပါတယ်)
- ကင်ဆာဆဲလ်များ သွေးထဲ ရောက်ရှိမှုကို ပိုမို များပြား စေခြင်း
- ပြန်ရည်ကျိတ် နှင့် သွေးအတွင်း ပြောင်းလဲမှုများ ကြောင့် ကိုယ်ခန္ဓာ ခုခံအား စနစ် ချို့တဲ့ အားနည်း ခြင်း
- မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုများကို လျော့ကျစေခြင်း
တို့ ဖြစ်ပါတယ်။

ဒါ့အပြင် မိုက်ခရိုဝေ့ဖ်နဲ့ ပက်သက်လို့  အလုပ်ရှုပ်လှပါတယ်ဆိုတဲ့ နို့ ဘူးတိုက်မေမေများ အထူးသတိထားစရာ တစ်ချက်ရှိပါသေးတယ်။ အချိန်မရှိလို့ ဆိုပြီး ကလေးနို့ ဘူးကို မိုက်ခရိုဝေ့ဖ်ထဲ သွား မထည့်လိုက် ပါနဲ့ ။ နို့ဘူး မှာ အေးပုံ ပေါက်နေ သော်လည်း အတွင်းရှိ နို့များ ပူ နေလို့  ကလေးရဲ့ ပါးစပ်နဲ့ လည်ချောင်း အပူလောင် သွားတတ် ပါတယ်။ နို့ မှာ ပါဝင်တဲ့ အချို့ အမိုင်နို အက်စစ် (အသားဓါတ်) တွေဟာ အသွင် ပြောင်း သွားပြီး ကလေးရဲ့  အာရုံကြောနဲ့  ကျောက်ကပ် တွေကို ထိခိုက် စေနိုင်ပါသေးတယ်။

၁၉၉၁ က အမေရိကန်၊ အော့ကလာ ဟိုးမား ဆေးရုံ တစ်ခုမှာ မိုက်ခရိုဝေ့ဖ်နဲ့ အပူပေးထားတဲ့ သွေးကို သွင်းပေးလိုက်လို့  သာမန် သွေးသွင်းမှု လေးမှ လူနာတစ်ဦး အသက် ဆုံးရှုံး ခဲ့ဖူး ပါတယ်။ မိုက်ခရို ဝေ့ဖ် ကြောင့် သွေး အတွင်း ပစ္စည်းများကို ပြောင်းလဲ စေခဲ့ ပုံပါပဲ။

၂၁ ရာစု လူသားများကတော့ ထိုသို့  ဘေးထွက်ဆိုးကျိုး များလှသော မိုက်ခရိုဝေ့ဖ်များကို မက်မက်မောမော သုံးစွဲနေကြပါတယ်။ အချိန်ကုန်လည်း သက်သာပါတယ်။ လူလည်း သက်သာလှပါတယ်။ အရသာလည်း ထူးကဲလှပါတယ်။ ပူပူ နွေးနွေး လေးတွေ လည်း စားရ ပါတယ်။

- အချိန်ကုန် သက်သာ သော်လည်း မိမိလူ့ သက်တမ်းကို ထိခိုက် စေကြောင်း …
- လူသက်သာသော်လည်း မမြင်နိုင်သော ထိခိုက်မှုများ ကိုယ်ခန္ဓာတွင်း ဖြစ်ပွား နေကြောင်း …
- အရသာထူးလှသော်လည်း အာဟာရ ဓါတ်များ ချို့ တဲ့နေကြောင်း …
- ပူပူ နွေးနွေးလေးရဲ့ နောက်ကွယ်မှာ ကင်ဆာ ဖြစ်စေသည့် ဓါတ်ပစ္စည်း ပါဝင် နေနိုင်ကြောင်း ကိုတော့ဖြင့် … … … …


ကိုးကား
http://www.mercola.com/article/microwave/hazards.htm
http://www.gallawa.com/microtech/history.html
http://www.manbir-online.com/htm3/new.42.htm

Read More...

Life Cycle (6)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၆)
Juan
ကျန်းမာရေး အသုံး စရိတ် နှင့် ဆေးဖိုးဝါးခ

ဈေးကွက် ထဲမှာ အောင်ပန်းပန် လို့ အောင်လံ တံခွန် လွှင့်ထူ ထားတဲ့ ပုဂ္ဂလိက ကုသ ရေး ဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း ဟာ အမေ ရိကန် တစ်နိုင်ငံ လုံးကို လွန်ခဲ့ တဲ့ အနှစ် လေးဆယ် လောက်က စလို့ ၀ါးမျို ပစ်လိုက် တယ်။ ဘာသာရေး အသင်း အဖွဲ့ အချို့ ရဲ့  ခနော် ခနဲ့ မဖြစ် စလောက် အခမဲ့ ဆေးရုံ ကလေး များနဲ့ အစိုးရ ရဲ့  Medicare & Medicaid program ခေါ် သက်ကြား အိုနဲ့ ဒုက္ခိတ ကျန်းမာရေး စောင့်ရှောက်မှု မဖြစ်စလောက် ကလွဲ လို့ ပေါ့။ ကျွန်တော် တို့ ရွှေပြည်ကြီး မှာလည်း ယခင် စာဘူးတောင်း သာသာ ပုဂ္ဂလိက ဆေးခန်း လေးများ ရန်ကုန် ရွှေဘုံ သာလမ်း လောက်မှာ ပဲ ကျိုးတို့ ကျဲတဲ ရှိခဲ့ ရာက ဈေးကွက် လှိုင်းလုံး ကြီးတွေ ရိုက်ခတ်တဲ့ ၁၉၉၀ ပြည်လွန် နှစ်များ ကစလို့ ပုဂ္ဂလိက ဆေးရုံ ဆေးခန်း များဟာ ကလလ ရည်ကြည် သန္ဓေ တည်လာ လိုက်တာ အချိန် တိုတို အတွင်း အခြေ ခိုင် အသားကျ လာကြတယ်။ ဘယ်စီးပွား ရေးလုပ်ငန်း မှ မယှဉ် နိုင်လောက် အောင် ဖွံ့ဖြိုး လာတယ်။ ခန္ဓာ ရှိသရွေ့  ဝေဒနာ ရှိမှာ မို့ ဖောက်သည် မရှိမှာ ဘယ်တော့ မှပူ စရာ မလိုတဲ့ လုပ်ငန်းကိုး။

ဝန်ဆောင်မှု သဘောလည်းပါ၊ ဈေးကွက် စံနစ် လည်းဖြစ်လို့ လက်ဝါးကြီး အုပ် (Monopolize) လုပ်လို့ မရပဲ အပြိုင် အဆိုင် တွေများ လာတယ်။ ဒီလို ဆိုတော့ ကိုယ့်ဆေးခန်း လူများများဝင်ဖို့ ဆွဲဆောင် တဲ့ နည်းလမ်း တွေ သုံးလာ ကြရ ပြီပေါ့။ လူနာ တွေကို ကံစမ်းမဲ နဲ့၊ မော်ဒယ် ရှိုးပွဲ နဲ့ ဆွဲဆောင်လို့ မရဘူး။ လူနာ နှစ်ယောက် ကျုပ်တို့ ဆေးရုံ တက်ရင် နောက်ထပ် တစ်ယောက် အလကား တက်ခွင့် ပေးမယ် တူးပလပ်စ်ဝမ်း ပါလို့ ပရိုမိုးရှင်း လုပ်လို့ မရတာ လဲသေချာ တယ်။ ဒီမှာ တင်ပဲ အရည် အသွေးမြင့် ကုသရေး လုပ်ငန်း (Quality Health Care) ဆိုတဲ့ စကားလုံး ကိုနှုတ်တက် ရွရွ ရွတ်ဆို ကြတော့တယ်။ ကုသမှု အရည် အသွေး မြင့်လေ၊ ဝေဒနာ ပျောက်ကင်း ချမ်းသာ ဖို့အာမခံ ချက်ပေးနိုင် လေ၊ လူနာများများ ရဖို့ သေချာလေ၊ ဆိုတော့ ဒိတ်ဒိတ်ကြဲ အတွေ့အကြုံ ရင့် ဆရာဝန် ဂေါ်ဇီလာ ကြီးများ၊ နောက်ဆုံးပေါ် ရောဂါ ရှာဖွေရေး စက်ကရိယာ များ၊ ပြည်သူ့ ဆေးရုံများ မှာ အိပ်မက်တောင် မမက်ဝံ့ တဲ့ ဒစ်ဂျစ်တယ် ကုသရေး အသုံး အဆောင်များ၊ လှိုက်လှဲ ပျူဌာ ယဉ်ကျေး ပြီးမြင်ရုံ နဲ့ ရင်တုန် သွားရမဲ့ ဧည့်ကြို မယ်ကလေးများ၊ အပျံစား လူနာ နားနေ ခန်းများ၊ မျက်စိပဿာဒ ရှိဖို့ ဘာညာ၊ အကွန့် အညွန့် တွေကို အပြိုင် အဆိုင် ထင်တိုင်းကြဲ ကြတော့တယ်။ ဟိုတယ် ဆေးရုံ ၀န်ဆောင်မှု (Hotel Hospital Service) ဆိုတဲ့ စကားလုံး တောင်သုံးလာ ကြတယ်။ ဒါကြောင့် နောင် အမြတ် အစွန်း ကိုမျှော်ကိုးပြီး ထည့်လိုက် ရတဲ့ အရင်း အနှီး ကကြောက် စရာကောင်း လောက်အောင် ကြီးလာတယ်။ ဆေးရုံ ကြော်ငြာ လေးတစ်ခု ဖတ်ကြည့် ကြပါစို့ --- --- --- --- -- --- --- --- ။

“ကျွန်ုပ် တို့၏ ဆေးရုံကြီး သည် နိုင်ငံ တကာ အဆင့်မှီ ဆေးကုသ မှုကို ပေးစွမ်း နိုင်ယုံ မျှမက ဆေးရုံတွင်း ကြွရောက် လာသူ သဗ္မူရိသ အနွယ်ဝင် သူတော်စင် မိတ်သဟာ အပေါင်းအား ချစ်စဖွယ် ကောင်းလှပြီး ချိုသာ ယဉ်ကျေး လွန်းလှ သည့် ဧည့်ကြိုမယ် ကလေးများက အပြုံးပန်း များဖြင့် ပထမ ဆုံးကြိုဆို ပါရစေ။ မိတ်ဆွေ ဆောင်ရွက် စရာ ကိစ္စရပ် အားလုံး ကိုဝန်ဆောင်မှု ၀န်ထမ်းများက သေချာ စေ့စပ်စွာ လုပ်ဆောင်ပေးပါမည်။ ရေမြှုပ် ဆိုဖာ တွင်ထိုင်ရင်း ဧည့် ခန်း ဆောင် အတွင်း မှစိမ်းလန်း စိုပြေသော ရောင်စုံ ပန်းမာန် များ နှင့် ရေပန်း များကို ကြည့်ရှု ခံစားရင်း မိတ်ဆွေ စိတ်ချမ်း သာစွာ နေထိုင်ပါလေ။ မိတ်ဆွေ ခံစားနေရ သောဝေဒနာ ကိုပိန်းကြာ ဖက်တွင် ရေမတင် သလို လျှောကျ ပျောက်ကင်း အောင် ကုသ ပေးနိုင် စွမ်းရှိ သည့် ၀ါရင့်၊ သမ္ဘာရင့် ဒိတ်ဒိတ်ကြဲ၊ လက်လက်ထ၊ ဆရာဝန် ကြီး နှင့်ဆွေးနွေးပါ။ ဆေးရုံ တွင် တက်ရောက် ကုသရန် လိုအပ် ပါက ကြယ်ငါးပွင့် အဆင့် ဟိုတယ် ၀န်ဆောင်မှု ထက် သာလျှင်သာမည်၊ မညံ့သော ကျွန်ုပ် တို့၏ လူနာခန်း များကို မိတ်ဆွေ စိတ်တိုင်းကျရ ပါစေမည့်။ ကေဘယ် တီဗွီ မှ ၂၄ နာရီ ဖျော်ဖြေရေး အစီအစဉ် များကို ကြည့်ရင်း အပန်းဖြေပါ။ ဂေါက်ရိုက်ချင် သေးသည် ဆိုလျှင် အနီးနားမှာ ကိုးကျင်း မီနီဂေါက်ကွင်း ကလေးနှင့် --- --- --- --- -- --- --- ---”

ပျော်စရာကြီး။ ရောဂါ သာမရှိခဲ့ ရင်ပေါ့လေ။ ဆေးရုံ လာပါတယ် ဆိုမှ ရောဂါ မရှိတဲ့ လူရှိမလား ဗျ၊ ကွာလတီ ၀န်ဆောင် မှု ဆိုတဲ့ သဘောကို ထင်သာအောင် ပြောပြ တာပါ။ ဒီလို ကွာလတီ့ ကွာလတီ ၀န်ဆောင်မှု တွေ အတွက် ရင်းနှီး မြုပ် နှံ လိုက်ရတဲ့ ကုန်ကျ စရိတ် တွေဟာ သူ့ထက်ငါ အပြိုင် အဆိုင် ခေတ်ကြီး မှာ ကျေသွားတယ် လို့ မရှိလောက်အောင် ထပ်ထပ် ပြီးတက်တက် လာလို့ စက်လှေကား အရင်း အနှီး (Cost Escalation) လို့ အမည် ကင်ပွန်း တောင် တပ်ပေး ထားရသေး။

ဒီကုန်ကျ စရိတ် တွေကို ဒီဝန်ဆောင်မှု ကိုနောက်ဆုံး သုံးစွဲ သူ (End User) လည်းဖြစ်၊ ငါ့ဝမ်း ပူဆာ မနေသာ သူလည်း ဖြစ်တဲ့ လူနာ များက ကျခံ ရမှာ ကတော့ အသေ အချာ ပဲပေါ့။ ဒါကြောင့် လည်း ဒီအတွက် သင်အိတ် ဖောင်း နေဖို့ တော့ လိုသည် လို့ ထည့်ကြော်ငြာ စရာ မလိုလောက်အောင် သဘောပေါက် နားလည်ပြီးသား။

ကြိုက်သလောက် သုံး၊ ကျသလောက် ပေး ဆိုတော့ လူနာများများ ၀င်ဖို့ ဆွဲဆောင်ဖို့ လိုလို မလိုလို လုပ်ထားတဲ့ အပို ၀န်ဆောင်မှု စရိတ် စက တွေ အားလုံး ကိုအချိုးကျ ပေါင်းထည့်လိုက် တဲ့အခါ အမှန် တကယ် ကျသင့် ကျထိုက် တဲ့ ဆေးဖိုး ၀ါးခ ဆိုတာ ထက် အများကြီး ပိုကျ သွားပါတော့တယ်။ ဧည့်ကြို မယ်ကလေး တွေရဲ့  အပြုံး တစ်စ အတွက်၊ ဧည့်ခန်း ထဲက ရေမြှုပ် ဆိုဖာမှာ ထိုင်ပြီး ရေပန်း ကိုမျက်စိ ပဿာဒ ခံစား မိတဲ့ အတွက်၊ အခန်း ထဲကနေ ထမင်း ပွဲ ရှေ့ ရောက် မှာစား မိတဲ့ အတွက်၊ ရေချိုး ဇလုံ ကြီး ထဲ ရေမွှေး ဆပ်ပြာ တွေ ထည့်ပြီး ဇိမ်ခံ ရေချိုးမိတဲ့ အတွက်၊ နာလန် ထစ မှာငြိမ်ငြိမ် မနေနိုင် ပဲ ဒရိုက်ဗာ တုတ်နဲ့ ဟန်လုပ်ပြီး ဂေါက်သီး ကိုအုပ်မိ တဲ့ အတွက်၊ ဟိုဟာ အတွက်၊ ဒီဟာ အတွက်၊ အားလုံး အတွက် ပေးဖို့ တာဝန် မိတ်ဆွေ မှာရှိနေ သည်မဟုတ် ပါလား။

Read More...

Wednesday, August 20, 2008

Useful links to epidemiological software and courses (1)

 

Read More...

Tuesday, August 19, 2008

Life Cycle (5)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၅)
Juan

ကျန်းမာရေး စံနစ် နှင့် ကျန်းမာရေး အသုံး စရိတ်

WHO ရဲ့  Health System Performance Index အရ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး ကနေ အဆိုးဆုံး တိုင်းပြည် ထိ အဖွဲ့ဝင် နိုင်ငံတွေ ကိုအမှတ်စဉ် ချလိုက်တဲ့ အခါ ကမ္ဘာ့အကောင်းဆုံး ဆရာဝန်၊ သမားတော် ကြီးများ စုစည်းရာ လို့လက်မ ထောင်နေတဲ့ အမေရိကန် ပြည်ထောင်စု ဟာ နံပါတ်ဝမ်း တစ်၊ ဂဏန်း တစ်ပဲ လို့ ထင်တစ်လုံး နဲ့နေ ကြရာ က တကယ်တမ်း မှာတော့ အဆင့် (၃၉) မှာသာ ရပ်တည် ရရှာ တယ်။ ကျန်းမာရေး စံနစ် ရဲ့ စွမ်းဆောင်ရည် အကောင်းဆုံး အဆင့် (၁) ကပြင်သစ် နိုင်ငံ၊ အဆင့် (၂) ကအီတလီ နိုင်ငံ၊ UK က အဆင့် (၁၈)၊ အာရှစီးပွားရေး ဘုရင် ဂျပန် ကတော့ အဆင့် (၁၀) ပါ။ ၀မ်းနည်း စရာ ကောင်း တာက ကျွန်တော် တို့ရဲ့  မြန်မာ နိုင်ငံ ဟာ ဒီဇယား မှာ အဆင့် (၁၉၀) ချိတ်ပါတယ်။ သူ့ နောက်မှာ ဘာကီယာ ဖူဆို တစ်နိုင်ငံသာ ကျန်ပါတော့တယ်။

(အထင်သေး လွန်ပြီး ရမ်းထည့် တဲ့ Data တွေရယ်၊ တိတိ ကျကျ ဘယ်လိုမှ မရ နိုင်လို့ မှန်းထည့် တဲ့ data တွေကြောင့် ဒီလောက် ဖြစ်ရ တာပါ၊ အမှန်တော့ Financial contribution component တစ်ခု ကလွဲ ရင် ဒီလောက် အခြေ အနေ မဆိုးပါ။)



ဒီလို လည်းအဖြေ ထွက်ရော အရာရာ ငါသာ ပထမ လုပ်ချင်ကြ တဲ့ အန်ကယ်ဆမ် တို့ မစ္စတာ ယန်းကီး တို့လူစု ဆွေ့ဆွေ့ခုန် အောင် မခံ မရပ် နိုင်ဖြစ် ကြပါတယ်။ ပြင်သစ်နဲ့ အင်္ဂလန် မှာ ဆရာဝန် တစ်ဦးရဲ့  တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဟာ ဒေါ်လာ ခြောက်သောင်း သာရှိနေ ချိန်မှာ USA ကဆရာဝန် တစ်ဦး ဟာ တစ်နှစ် ပျမ်းမျှ ၀င်ငွေ ဒေါ်လာ နှစ်သိန်း ကျော် ရှိပါတယ်။ ကျန်းမာရေး အသုံး စရိတ် ကိုကြည့်ဦး မလား။ ပြင်သစ်နဲ့ အီတလီ ကကျန်းမာရေး အတွက် နိုင်ငံ့ GDP (Gross Domestic Product) ရဲ့  (၉) ရာခိုင်နှုန်း၊ UK က (၈) ရာခိုင်နှုန်း နီးပါး လောက်ပဲ သုံးနေချိန်မှာ USA က ကျန်းမာ ရေး အတွက် GDP ရဲ့  ၁၄ ရာခိုင်နှုန်း လောက်သုံးပြီး ဇောတိက ဇီဝက ဂိုက်ဖမ်း နေပါ တယ်။ ဒါနဲ့ တောင် ဒီလောက် အဆင့် ဖြစ်စရာ လားဆိုပြီး ဒေါမနဿ ပွားကြ တယ်လေ။ စူပါ မက မက်ဂါ အင်အားကြီး များဆိုတော့ WHO အညွှန်း ကိန်းဟာ မှန်ပုံ မရ ဘူးလို့ ယူဆပြီး သူသြဇာ ညောင်းတဲ့ OECD ခေါ် စီးပွားရေး အကျိုးတူ ပူးပေါင်း ဆောင်ရွက် ရေး အဖွဲ့ ကို Health system performance index အသစ် တီထွင် ခိုင်းပြီး တစ်စင် ထောင် ပါလေ ရော။ OECD index အရ လည်း သူ့ရဲ့  ကျန်းမာရေး စံနစ် အဆင့် သတ်မှတ်ချက် ဟာဒုံရင်း ဒုံရင်း ပါပဲ။ အလုပ်ပို ပြီး တစ်ရှက် ကနေ နှစ်ရှက် ဖြစ်ခဲ့ ရတာသာ အဖတ် တင်ခဲ့တယ်။

ကမ္ဘာ့ ထိပ်သီး ပါဝါ နိုင်ငံကြီး။ ကျန်းမာရေး စရိတ် တွေဒီလောက် သောက်သောက် လဲသုံးစွဲ ပြီး ကျန်းမာရေး စံနစ် က ဘာကြောင့် ထိပ်သီး မဖြစ် ရတာတုန်း ဆိုတာ စိတ်ဝင် စားစရာ ပါပဲ။ US Health System Analysts များရဲ့  သုံးသပ် ချက် အနန္တ ထဲက အဓိက အကြောင်း ကတော့ ကျန်းမာရေး စောင့်ရှောက်မှု ကိုအစိုးရ ကတာဝန် လုံးဝ မယူပဲ ပုဂ္ဂလိက လက်ထဲ ၀ကွက်အပ် ပြီး privatization လုပ်ထား လို့ ဒီလို အဖြစ်ဆိုး ရတာပါတဲ့ ခင်ဗျ။

ခေတ်သစ် ဘောဂ ဗေဒ ရဲ့  ဂေါ့ဖားသား ကြီး အဒမ် စမစ် က “အစိုးရ ကအုပ်ချုပ် ရေးပိုင်း ကိုသာ တာဝန်ယူပါလေ။ စီးပွားရေး လုပ်ငန်း မှန်သမျှ လုပ်ငန်းရှင် တွေစိတ်ကြိုက် လုပ်ပါစေ။ ဈေးကွက် ချိန်ခွင်လျှာ ကိုမမြင်ရတဲ့လက် (Invisible Hands) တွေက သူ့ အလိုလို ထိန်းညှိ ပေးသွားလိမ့် မယ်” ဆိုတဲ့ စကားကို ဈေးကွက် စီးပွားရေး မာစတာ အန်ကယ်ဆမ် တို့က အင်မတန် နှစ်သက် သကိုး။ ဒါနဲ့ပဲ Health Care ကိုဈေးကွက် စီးပွားရေး ပုံစံ လုပ်လို့ ဖြစ်ဖြစ် မဖြစ်ဖြစ် ဈေးကွက် ထဲ ဇွတ်ထည့် ပစ်လိုက် ကြတော့ တာပေါ့။ ဒီမှာ မေးစရာ ရှိလာတာက ---

ကျန်းမာရေး စောင့်ရှောက် မှုဟာ ဈေးကွက်ဝင် ကုန်ပစ္စည်းလား?

အခြေခံ ဘောဂဗေဒ သီအိုရီ မှာ လူတွေရဲ့  ၀ယ်လိုအား (Demand)၊ ဈေးနှုန်း (Price) နဲ့ ၀င်ငွေ (Income) ပေါ်မူတည် ပြီး ဈေးကွက်ဝင် ကုန်ပစ္စည်း အမျိုး အစားကို လေးမျိုး လေးစား ခွဲကြ ပါတယ်။

၁၊ ပစ္စည်းဈေးနှုန်း (Price) ကြီးနေပြီး စားသုံးသူရဲ့  ၀င်ငွေ (Income) က နည်းနေ ရင် အဲဒီ ပစ္စည်းကို ၀ယ်လိုအား နည်းမယ်။ ပစ္စည်းဈေးနှုန်း ကျလာပြီး၊ ၀င်ငွေ ကောင်းနေ ရင်တော့ ပစ္စည်း အပေါ်ဝယ်လိုအား ကောင်းလာ မယ် ဆိုရင် အဲသလို ကုန်ပစ္စည်း အမျိုး အစားကို ပုံမှန်ကုန်ပစ္စည်း (Normal Goods) လို့ ခေါ်ပါတဲ့။ လူသုံးကုန် ပစ္စည်း အများစု ဟာ ဒီ Category ထဲမှာ။

၂၊ ပစ္စည်း ဈေးနှုန်း တက်သည်ဖြစ်စေ၊ ကျသည် ဖြစ်စေ၊ ၀ယ်သူ ရဲ့ ဝင်ငွေ အခြေ အနေ ဘယ်လို ရှိရှိ၊ ပစ္စည်း တစ်ခု အပေါ် ၀ယ်လိုအား ကမပြောင်းလဲ ပဲ ဘယ်ခေတ် ရောက်ရောက် ပန်းပန် လျှက်ပါ ဆိုတဲ့ ပစ္စည်း မျိုးကို မရှိ မဖြစ် ကုန် ပစ္စည်း (Essential goods) တဲ့၊ အခြေခံ စားသောက်ကုန် ပစ္စည်း များပေါ့။

၃၊ ပစ္စည်း ဈေးနှုန်း ကအရမ်း ချိုသာ တယ်၊ သုံးစွဲ သူများ ကလည်း မူးစု ပဲစု ဆိုတဲ့ အချိန်မှာ ဒီပစ္စည်း မျိုး အလွန် ရောင်း ကောင်းတတ် တယ်။ လူတွေ ရဲ့  ဘ၀ တွေ အဆင်ပြေ၊ လူနေ မှုတွေ အဆင့်မြင့် ၊၀င်ငွေ တွေတိုး လာတာ နဲ့ အမျှ ၀ယ် လိုအား ကဖုတ်ကနဲ ပြုတ်ကျ တတ်တဲ့ ပစ္စည်းမျိုး ကို မရှိသုံး ကုန်ပစ္စည်း (Inferior goods) တဲ့ဗျား။ အသင့်စား ခေါက်ဆွဲ ထုတ်တို့၊ 3 in 1 instant coffee mix တို့ဆိုတာ ဒီလို အမျိုး အစား တဲ့ဗျား။ သိန်းငါးရာ ထီပေါက် ရင် ခေါက်ဆွဲ ခြောက် ကွန်တိန်နာ နဲ့ တစ်လုံး ၀ယ်စား မယ်လို့ စိတ်ကူး ယဉ်တဲ့ လူမျိုး တွေ့ဖူး လို့လား။ ဒါကြောင့် ဒီပစ္စည်း မျိုး ထုတ်လုပ် ရောင်းချ သူများ ဟာလူတွေ အမြဲတမ်း ဆင်းရဲ၊ စုတ်ပြတ် ပြီး အမွဲ တကာ့ ထွဋ်ခေါင် ဘ၀ ကမတက် ပါစေနဲ့ လို့ ဆုတောင်း ရမလို ပါပဲ။

၎၊ ၀ယ်သူ တွေက ၀င်ငွေ အလွန် ကောင်းချိန် မှာ ၀ယ်လိုအား အတန် အသင့် ရှိမယ်၊ ပစ္စည်း ဈေးနှုန်း ကတော့ ထိလု မိုးဆီ တိမ်သို့မှီ။ ၀င်ငွေ နည်းနည်း လျှော့သွား တာနဲ့ လုံးဝ ကိုမရောင်း ရတော့တဲ့ ပစ္စည်း မျိုးတွေ ကိုဇိမ်ခံ ကုန်ပစ္စည်း (Luxury goods) ပါတဲ့။ ကျောက်မျက် ရတနာ၊ ဇိမ်ခံကား များ စသည်ဖြင့်ပေါ့၊ ဒီပစ္စည်း ရောင်းသူ တွေကတော့ လူတွေ အားလုံး ဇောတိက ဘ၀ ကတစ်ပြား မှမလျော့ ပါစေနဲ့ လို့ နေ့စဉ် ဘုရား မှာ အခါတစ်ရာ ဆုတောင်းမယ် ထင်ပါတယ်။ ကုသိုလ် ရတာ ပေါ့ဗျ။

ပြောချင် တာက အကယ်၍ ကျန်းမာရေး စောင့်ရှောက်မှု ဟာရောင်းလို့၊ ၀ယ်လို့ ရတဲ့ ကုန်ပစ္စည်း တစ်ခုဆိုရင် အထက်ပါ လေးမျိုး ထဲက ဘယ်အမျိုး အစားထဲ ပါဝင် ပါသလဲ? စဉ်းစား တော်မူ ကြည့်ကြ ပါလေ။ သေချာ စဉ်းစား ရင် ဘယ်အမျိုး အစား ထဲမှ အတိ အကျ ထည့်လို့ မရပါ။ ဒါကြောင့် ကျန်းမာရေး စောင့်ရှောက် မှုကို ကုန်ပစ္စည်း လို့ သဘော ထားခဲ့ရင် တောင် ဒါဟာ လူထု နဲ့ဆိုင်သော ကုန်ပစ္စည်း (Merit good, public good) သာဖြစ်တယ် လို့ ပြောတဲ့ သူကပြော၊ ကျန်း မာရေး စောင့်ရှောက် မှုဟာ လူတစ်ဦး ချင်းစီ အတွက် ဆိုရင် မရှိ မဖြစ် ကုန်ပစ္စည်း ဖြစ်ပြီး တိုင်းပြည် တစ်ခု လုံး အတွက် ဆိုရင် တော့ဇိမ်ခံ ကုန်ပစ္စည်း ပဲလို့ စွပ်စွဲ တဲ့လူတွေ လည်းဒုနဲ့ဒေး။

ငွေကုန် ကြေးကျ ခံနိုင် တိုင်းတော့ ကျန်းမာရေး စံနစ် တစ်ခု ကောင်းမလာ တာကိုရွှေ အမေရိကန် ကအကောင်းဆုံး သင်ခန်း စာပြသွား ခဲ့ပါပြီ။ သို့သော် လည်းငွေကြေး ကိုလုံးဝ ထည့်သွင်း မစဉ်းစားပဲ စေတနာ၊ ၀ါသနာ၊ အနစ်နာ သာ အရင်း တည်ပြီး ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကြီး တစ်ခုလုံး ကိုလည်ပါတ် လို့ရနိုင် ရိုးလား။ ဥဒ္ဒစ္စ၊ ကုက္ကုစ၊ ဒေါ မနဿ တွေတိုး လာပါ လိမ့်မယ်။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ဟာ ဥုံ-ဟတ်ချလောင်း၊ ရောဂါ ပျောက်စေ လို့ မန်းမှုတ် ပြီး ရှိသမျှ ရောဂါ ပျောက်စေ မယ်ဆို ရင်တောင် ဂါထာ မန်းမှုတ်သူ စတဲ့ အရင်း အနှီး လိုသေး တာကိုး။ ဆေးရုံ များ၊ ကျန်းမာရေး ဌာနများ၊ ရောဂါ ရှာဖွေရေး ပစ္စည်းများ၊ ပညာရှင် များ၊ လုပ်သား များ စတဲ့ စတဲ့ စွမ်းအားစု များအတွက် ငွေကြေး စိုက်ထုတ်မှု အရင်း အနှီး သိပ်ရှိတာပေါ့။ ကျန်းမာရေး စံနစ် တစ်ခု အတွက် မနဲ လှတဲ့ ငွေကြေး အရင်း အနှီး တွေကို မျှမျှ တတ ဖြစ်အောင် စီမံ ခန့်ခွဲ နိုင်ဖို့ အလွန် လိုအပ် ပါတယ်။
တကယ်တော့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ဆိုတာ ရောဂါသည် လူနာ နဲ့ ကုသသူ သမား တို့ရဲ့ ဆေးကုသ မှု လုပ်ငန်း တစ်ခုတည်း ဘယ်ဟုတ် မလဲ။ ပြီးပြည့် စုံသော ကျန်းမာရေး စောင့်ရှောက်မှု (Comprehensive Health Care) မှာ လုပ်ငန်း လေးရပ် ပါဝင် တယ် ---

  • ကျန်းမာ နေသော ပြည်သူ များအား ပို၍ ကျန်းမာ စေရန် လုပ်ပေး သော promotive health service
  • ရောဂါ ဖြစ်လတ္တံ့သော လူထု ကို ရောဂါ မဖြစ်အောင် ကာကွယ်ပေးသော preventive health service
  • ဝေဒနာသည် လူနာ များကို ရောဂါ ပျောက်ကင်း အောင် ကုသ ပေးသော curative health service
  • ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုး များကြောင့် ကိုယ်ကျိုးနည်း ရသူ များကို ပြန်လည် ထူထောင် ၍ ပုံမှန် လူ့အဖွဲ့ အစည်းတွင်း ပို့ဆောင် ပေးသော rehabilitative health service
ရယ်လို့ လုပ်ငန်း ကြီး လေးရပ် လုံး လုပ်ပေး နိုင်ပါမှာ ပြီးပြည့်စုံ တဲ့ကျန်းမာရေး စောင့်ရှောက်မှု လို့ဆိုသကိုး။

ဒါပေမဲ့ ကျန်းမာရေး စောင့်ရှောက်မှု လို့ပြောရင် အရင်ဆုံး မျက်စိထဲ ပြေးမြင် တာက ဆေးရုံ၊ ဆေးခန်း များပဲ မဟုတ် လား။ ဆေးပညာ သမိုင်းတစ်လျှောက် လုံးလည်း ကုသရေး လုပ်ငန်း ကသာ အဓိက ကျန်းမာရေး စောင့်ရှောက်မှု အဖြစ် ပါဝင် ကပြ အသုံးတော် ခံခဲ့ တာနှစ်ပရိစေတ္တ ကြာကြာ လှပေါ့။ ဒါကြောင့် လည်းတကမ္ဘာလုံး ရဲ့ ကျန်းမာရေး ဘတ်ဂျက် ခွဲတမ်း ဟာ အမြဲတမ်း ၈၀-၂၀ ပေါ်လစီ ပဲ။ ဆိုလိုတာ ကတော့ ကျန်းမာရေး ဘတ်ဂျက် ရဲ့  ၈၀ % ကို ကုသရေး လုပ် ငန်း မှာသုံးစွဲ ပြီး ကျန်သုံးခု ကတော့ ၂၀% ကိုမျှသုံး ကြရတယ်။ USA မှာကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း အားလုံး ကို ပုဂ္ဂလိက ပိုင်ပြုလိုက်တယ် လို့ အထက်က တင်ပြခဲ့တယ်။

တကယ်တော့ ကုသရေး လုပ်ငန်း ကိုသာ ပုဂ္ဂလိက ပိုင်ပြု လို့ရပါတယ်။ ကျန် လုပ်ငန်း သုံးခု ကိုဘယ်ပုဂ္ဂလိက လုပ်ငန်းရှင် ကမှ အစိုးရ ထံမှ လက်လွှဲ မယူဝံ့ပါလေ။ ထည့်သွင်း ရင်းနှီး လိုက်တဲ့ အရင်း မှန်သမျှ ကျောက်ခဲ ရေမြုပ်သလို စွပ်ကနဲ မြုပ်ပြီး ဘာအကျိုး အမြတ် မှမရတဲ့ ဒီလုပ်ငန်း တွေ အတွက် ပီတိ စားပြီး အားရှိ မဲ့ဘိဇနက် သမား တစ်ယောက် မှမရှိ၊ မြတ်ချင် လို့ ရင်းနှီး မှုပြုတာကိုးဗျ။ ဘိဇနက် လုပ်ငန်း ရှင် တွေရဲ့ အမြင်မှာ promotive, preventive & rehabilitative ဆိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သုံးရပ် ဟာ သွေးစုပ် ဖုတ်ကောင် ကြီးသုံးကောင် လိုအန္တရာယ် ကြီးလွန်းလှတယ်။

ပါတ်ဝန်းကျင် သန့်ရှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေး ပညာပေးခြင်း၊ အဖြစ်များ ရောဂါ များထိန်းချုပ်ခြင်း၊ ကိုယ်ဝန် ဆောင် စောင့်ရှောက်မှု ပေးခြင်း၊ ကာကွယ်ဆေး ထိုးခြင်း၊ ဒီလုပ်ငန်း တွေကြောင့် လူထုမှာ အကျိုးရှိတာ သေချာ တယ်နော်။ ဒါပေမဲ့ တစ်ဦးကောင်း တစ်ယောက် ကောင်း အကျိုးရှိ တာမဟုတ်၊ အားလုံး အပေါ်မှာ ဖြန့်ဝေ ရရှိသော အကျိုး တရားကိုး။ ဒါကြောင့် အားလုံး ရထိုက် တဲ့ပစ္စည်း (Public good) လို့ပြောတာပေါ့။ အားလုံး ရထိုက်လို့ အားလုံး တတ်နိုင် တဲ့ဈေးနှုန်း သတ်မှတ်ပါ ဆိုတော့ ဆင်းရဲ ချမ်းသာ မရွေး လူတန်းစား အားလုံး တတ်နိုင် တဲ့ဈေးနှုန်း ကတော့ အလကား ပေးခြင်း မှတပါး အခြားမရှိလေ။ ဘယ်ဘိဇနက် သမားက တာဝန်ယူရဲမှာလဲ။ ဘယ်တော့ မှ အရင်း ပြန်မပေါ် တဲ့ငွေကြေး ကိုစိုက်ထုတ် ပြီးဒီကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွေကို ပြည်သူ လူထု အကျိုး အတွက် ဆောင်ရွက် ရသူ ကအစိုးရ ပဲပေါ့။

ကုသရေး လုပ်ငန်း ကျတော့ လူနာ မချိ မဆန့် ခံစား နေရတဲ့ ဝေဒနာ ဗြုန်းကနဲ၊ ဒိုင်းကနဲ သက်သာ ပျောက်ကင်းခြင်း ဆိုတဲ့ အကျိုး အမြတ် ကိုလူတစ်ဦး ချင်းစီ အနေတဲ့ ချက်ချင်း လက်ငင်း ရရှိ ခံစား နိုင်တာ ကြောင့် ဒီအတွက် ကျသင့် တဲ့ ငွေကြေး တစ်စုံ တစ်ရာ ကိုလည်း ချက်ချင်း ပေးဖို့ ၀န်မလေး တတ်ကြဘူး၊ အသက် ထက် တန်ဖိုးရှိ တာမရှိ ဆိုသကိုး။ တောင်းသမျှ ငွေကြေး ကိုသိပ်များ တာပဲ၊ နည်းနည်း လျှော့ပါဦး တို့၊ အဆစ် ကလေး ပေးပါဦး တို့ အသက်နဲ့ ရင်းပြီး ဈေးဆစ် လေ့မရှိ စကောင်း၊ ဒါကြောင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်း ရှင်တွေ အလွန်မျက်စိကျ၊ သွားရည် ယိုစရာ လုပ်ငန်း ကြီးပေါ့။ ဈေးကွက် စီးပွားရေး ကမွေးထုတ် ပေးလိုက်တဲ့ ဆေးကွက် စီးပွားရေး ဟာ ကမ္ဘာ့ စီးပွားရေး မျက်နှာ စာမှာ ကြံတိုင်းအောင်၊ ဆောင်တိုင်းမြောက် အဆင့် အတန်း နဲ့ မျက်နှာပန်း အလွန် လှသပေါ့ ခင်ဗျား။

Read More...

English Learning Websites

English စာ လေ့လာလိုသူတိုင်းအတွက် ကျွန်တော်သိတဲ့ ကောင်းတဲ့ Link လေးတွေကို စုစည်းဖော်ပြထားပါတယ်။ ဒီထက်ကောင်းတာလေးတွေ ရှိရင်လည်း Share လုပ်ပေးပါ။
http://www.americanrhetoric.com/
http://www.gettoefl.com/
http://www.rong-chang.com/
http://englishtips.org/en/
http://www.englishbaby.com/

ဒီမှာတော့ အရမ်းကောင်းတဲ့ Dictionary ကို File size သေးသေးလေးနဲ့ အလကားပေးထားတဲ့ Dictionary ကို ရယူနိုင်ပါတယ်။
http://www.lingoes.net/

Read More...

Life Cycle (4)

ထို့ကြောင့် ဤအရာ ကိုသံသရာ ဟုခေါ်သည် (၄)
Juan

ကျန်းမာရေး ၀န်ဆောင်မှု နှင့် ကျန်းမာရေး စံနစ်


ကျန်းမာ ဖို့ ဘာအရေး ကြီးသလဲ ?

ဒီမေးခွန်း ကိုဖြေဖို့ လူမျိုး တစ်ရာ့ တစ်ပါး မှာ အဖြေ တစ်ရာ့ တစ်မျိုး၊ ပါပ လူမျိုး ကိုးဆယ့်ကိုး မှာ အဖြေ ကိုးဆယ့်ကိုးမျိုး ရှိနေမှာ အသေ အချာ ပါပဲ။ ပုဂံ ရာဇ၀င် ကို တုတ်ထမ်း ပြီးငြင်း ရတယ် ဆိုသလို ပဲ ဒီမေးခွန်း ရဲ့  အဖြေ မှာလည်း လူတစ်ကိုယ်၊ အကြိုက် တစ်မျိုး မို့ တုတ်ထမ်း ဖြေကြ ရမှာ မျိုး ဖြစ်တယ်။ အများညီ ဤကို ကျွဲဖတ် လို့ရမဲ့ အဖြေမျိုး တွေက တော့ သင့်တင့် လျှောက်ပတ် တဲ့အာဟာရ ကိုမှီဝဲ၊ ဥတု ရာသီ နဲ့ သဟ ဇာတ ဖြစ်အောင် နေထိုင် ၀တ်ဆင်၊ မက်ဒီကယ် ချက် အပ် ခေါ် လိုအပ် တဲ့ဆေးစစ် မှုတွေ မှန်မှန်လုပ်၊ ရောဂါ ဖြစ်ရင် တတ်ကျွမ်း နားလည်သူ ဆရာဝန် ကြီးများ နဲ့ စောစော စီးစီး ပြသ၍ ကုသမှု ခံယူ ဆိုတာမျိုး တွေဖြေကြ မှာပေါ့။


သူ့ အထွာ နဲ့ သူကျိုးကြောင်း ဆီလျှော် တဲ့ဒီ အဖြေတွေ ကိုမှားတယ် လို့ပစ်ပစ် ခါခါ ငြင်းပါယ် စရာ အကြောင်းမရှိပါ။ သို့သော် ကျန်းမာ ဖို့ အရေး အကြီးဆုံး အကြောင်း တစ်ခုတည်း ပြောပါ ဆိုရင်တော့ အတော် လေးကို အဖြေရ ကျပ်လိမ့်မယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ကတော့ ကျန်းမာရေး အတွက် အရေး အကြီး ဆုံး အရာသည် ကောင်းမွန် မှန်ကန် တဲ့ ကျန်းမာရေး စံနစ် (Good Health System) ပါပဲ လို့ ခိုင်ခိုင် မာမာ ဆိုပါတယ်။ ကျန်းမာရေး စံနစ် တစ်ခု ကို အောင်အောင် မြင်မြင် တည်ဆောက် အကောင် အထည် ဖော်နိုင် ခြင်းသည် သာလျှင် အဲဒီ ကျန်းမာရေး စံနစ် လွှမ်းခြုံ ၀န်ဆောင် မှုပေး သော ဒေသ အတွင်း နေထိုင်သူ များရဲ့  ကျန်းမာရေး အတွက် အရေး အကြီးဆုံး၊ အလိုအပ် ဆုံး ကိစ္စ ဖြစ်ပါသတဲ့။

စံနစ် တစ်ခု ကို ဖန်တီး တည်ဆောက် ဖို့ ဆိုတာ ယေဘုယျ အားဖြင့် ပေါ်လစီ မိတ်ကာ တွေရဲ့  အလုပ်၊ လူတိုင်း လမ်းလှမ်း မှီတဲ့ အရာ မဟုတ်၊ ဒါကြောင့် ငါတို့နဲ့ မဆိုင်- လို့တွေးမိ သူတွေ ဒုနဲ့ဒေး။ ရှေးယခင် ကတော့ လက်တစ်ဆုပ် စာ ပေါ်လစီ မိတ်ကာ များလည်း ဒီလို ပဲတွေးခဲ့၊ လုပ်ခဲ့ ကြတယ်။

တစ်ခါတုန်းက-
အားလုံး အတွက် ကျန်းမာရေး၊ အားလုံး ကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာ (ခု ၂၀၀၀ ကို ၈ နှစ်တောင် ကျော်ခဲ့ပြီ)၊ လူတိုင်း အတွက် ကျန်းမာရေး ဆိုတဲ့ WHO ရဲ့ မိုးလုံး ဟိန်းတဲ့ ကြုံးဝါး ကြွေးကြော် သံကြီး တွေနဲ့ အတူ ဆင်းရဲ ချမ်းသာ မရွေး၊ နီးနီး ဝေးဝေး၊ တတ်နိုင်နိုင် မတတ်နိုင်နိုင် ကျန်းမာရေး စောင့်ရှောက်မှု ဆုလာဒ် ကြီးကို လူတန်းစေ့ လူမှန်ရင် အခမဲ့ ရရှိ နိုင်စေ ရမယ် ဆိုတဲ့ ပဏာမ ကျန်းမာရေး စောင့်ရှောက်မှု စံနစ်ကြီး (Primary Health Care) ကို လက်တစ်ဆုပ်စာ ကျန်းမာ ရေး ပေါ်လစီ မိတ်ကာ အီလစ် များက တကယ့် အစောင့် ရှောက်ခံ လူထု ရဲ့  သဘော ဆန္ဒ ကိုတစိုးတစိ မှမမေးပဲ ကိုယ့်ဇာတ် ကိုယ်ထောင်၊ ကိုယ့်ကြိုး ကိုယ်ဆွဲ ပြီး ဖန်တီး အကောင် အထည် ဖော်ခဲ့ ကြဖူးတယ်။ အကျိုး ဆက် ကတော့ ပိုးသာ ကုန်၊ မောင်ပုံ စောင်း မတတ် ဖြစ်ခဲ့ ရတာ ပါပဲ။

ဆိုတော့ ယခင် ကဖန်တီး ခဲ့ကြ တဲ့ ကျန်းမာရေး စံနစ် တွေဟာ အများအားဖြင့် မအောင်မြင် ခဲ့ကြ ဘူး၊ ဒီလို မအောင်မြင် တဲ့ကျန်းမာရေး စံနစ် အတွက် အချိန်၊ ငွေ နဲ့ လုပ်အား တန်ဖိုး တွေရင်းနှီး ရတာ တွက်ခြေ မကိုက်ဖူး၊ အကြောင်းရင်း ကိုပြန်လည် သုံးသပ် ကြတဲ့ အခါ ကျန်းမာရေး စောင့်ရှောက်မှု ပေါ်လစီ တွေဟာ ချမှတ်သူ ထားရှိတဲ့ တန်ဖိုးက များများ၊ အမှန်တကယ် သုံးစွဲ သူတွေ အတွက် တန်ဖိုးက နည်းနည်း ဖြစ်နေတာ တွေ့လာကြ ရတယ်။ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု မျိုး လူထု ကို ပေးသင့် သလဲ၊ ဘာနည်းလမ်း နဲ့ ပေးမလဲ ဆိုတာ ပေးသူ ဖက် ကသာ တန်ဖိုးတွက် ပြီးတစ်ဖက်သတ် ဆုံးဖြတ် ချမှတ် အကောင် အထည် ဖော်လေ့ ရှိခဲ့ ကြတာကိုး။

ဒီလိုနဲ့ ခံရ ပါများ လာတော့ ကျန်းမာရေး စံနစ် တစ်ခု ရဲ့ တန်ဖိုး ဟာ ပေးဆပ်သူ တို့ရဲ့  နှလုံးသား အလို ကိုချည်း လိုက်လို့ မရ ဘူး ဆိုတာ ပေါ်လစီ မိတ်ကာများ သဘောပေါက် စပြုလာ ကြတယ်။ အရေး အကြီး ဆုံး အကျိုးရှင် (Stakeholder) ဖြစ်တဲ့ လူထု ရဲ့ သဘောထား ကိုလည်း တောင်းဖို့ လိုတယ်၊ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှု နည်းနာ နိသရ တွေကို ဘာနည်းလမ်း နဲ့ ဘယ်သူ့ ကိုပေးမှာ လဲ၊ ဘယ်ပုံ ဘယ်နည်း လိုချင် သလဲ ဆိုတာကို ရရှိမဲ့ အစောင့်ရှောက်ခံ လူထု အနေနဲ့ ရွေးချယ် တတ်ဖို့ သိပ်လို သပေါ့။
“ဘယ်လို ကျန်းမာ ရေးစောင့်ရှောက် မှုတွေ လိုချင် ပါသလဲ” လို့ တကယ် မေးလာ ခဲ့ရင်- အစောင့်ရှောက် ခံ လူထု ဖက်က “သားသား တိဘူးလေ” လို့ ပြီးစလွယ် ဖြေလို့ မရပါ။ အရပ်ဖက် ဆိုင်ရာ လူ့ အဖွဲ့ အစည်းများ (Civil Society) မှာ သုံးစွဲ သူတို့ ရဲ့ သဘောထား ကိုဆန်းစစ် ညှိနှိုင်း ချမှတ် တဲ့ Demand Based Health Policy ဟာအလွန် ခေတ်စား လာပါပြီ။

ကျန်းမာရေး စံနစ် ကောင်းဖို့ ဘာအရေးကြီး သလဲ?

ကျန်းမာရေး အတွက် အရေးကြီး တာက ကျန်းမာရေး စံနစ်၊ ကျန်းမာရေး စံနစ် ကောင်းဖို့ အရေးကြီး တာက ကျန်းမာရေး လို့ ပါတ်လည်ရိုက် လို့ မရဘူးခင်ဗျ၊ သေချာစဉ်းစားရင် အတော်ရှုပ်တဲ့ အမယ်ဘုတ် ချည်ခင် ကြီးပါ။

WHO ကတော့ ကောင်းမွန် မှန်ကန် တဲ့ ကျန်းမာရေး စံနစ် တစ်ခု ဖြစ်ဖို့ အီးလေးလုံး ကိုဂရုစိုက် ရမယ် လို့ ဆိုပါတယ်။
• ကျန်းမာရေး စံနစ် တစ်ခု ရဲ့ စွမ်းဆောင်နိုင်စွမ်း (Effectiveness)
• ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွင် လိုအပ်သော resource များကို မှန်မှန်ကန်ကန် ခွဲဝေ သုံးစွဲ တတ်မှု (Efficiency)
• ကျန်းမာရေး စောင့်ရှောက်မှု ကို သာတူညီမျှ ပေးစွမ်းနိုင်မှု (Equity) နဲ့
• ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များရဲ့  ကုန်ကျ စရိတ် (Economy) ဆိုတဲ့ အီးလေးလုံး ပါတဲ့။


ကျန်းမာရေး စံနစ် ဆိုတာကြီး ကလည်း WHO ကစတဲ့ ဇာတ်လမ်းမို့ ကိုယ့်ဇာတ်ကိုယ် နိုင်အောင်က နိုင်ဖို့ အတွက် Health System Performance Indicator ခေါ်တဲ့ ကျန်းမာရေး စံနစ် ရဲ့ စွမ်းဆောင်ရည် တိုင်း အညွှန်းကိန်းများကို တီတွင် ဖော်ထုတ် ရပြန် ပါတယ်။

ကျန်းမာရေး စံနစ် တစ်ခု ကောင်းမကောင်း ကို----
• ကျန်းမာရေး အသုံး စရိတ် (Health Care Cost)
• ကျန်းမာရေး စောင့်ရှောက်မှု ပေးစွမ်းနိုင် ခြင်းနှင့် လက်ခံရ နိုင်ခြေ (Assess to Health Care)
• အစောင့်ရှောက်ခံ လူထု၏ ကျန်းမာရေး အခြေအနေ (Health and Well Being status)
• ကျန်းမာရေး စောင့်ရှောက်မှု ကိုလူအများ မျှော်လင့် ထားသည့်အတိုင်း အတာ အထိ ပေးစွမ်း နိုင်ခြင်း ရှိ၊ မရှိ (Responsiveness)
• မျှတသော ကျန်းမာရေး ကုန်ကျ စရိတ် (Fair Financial Contribution)

ဆိုတဲ့ အချက် (၇) ချက်ပါ ပေါင်းစပ် အညွှန်းကိန်း (Composite Index) နဲ့ တိုင်းတာ ရမယ် လို့ဆိုတယ်၊ ပြောတဲ့ အတိုင်းလည်း WHO အဖွဲ့ဝင် နိုင်ငံ အားလုံး ရဲ့  ကျန်းမာရေး စံနစ် တွေကို ဒီအညွှန်းကိန်း ပေတံကြီး နဲ့ တိုင်းတယ်။ အကောင်း ဆုံးကနေ အဆိုးဆုံး အထိ ကြီးစဉ်ငယ်လိုက် စဉ်ချ လိုက်တဲ့ အခါမတော့ --- --- --- --- ---

Read More...

Chest Pain

ရင်ဘတ်အောင့်ခြင်း

ရင်ဘတ်အောင့်ခြင်း (Chest Pain) သည် ရင်ဘတ် အလယ်တည့်တည့်နေရာ တခုတည်း၌ အောင့်ခြင်းကိုသာ ဆိုလိုခြင်း မဟုတ်ပဲ ရင်ဘတ် တခုလုံးသာမက ရင်ဘတ်နှင့် ဆက်စပ်လျက်ရှိသည့် တခြား အစိတ်အပိုင်းများအထိ ပြန့်နှံ့ပြီး အောင့်ခြင်း၊ ထိုးခြင်း၊ နာကျင် ကိုက်ခဲခြင်းအားလုံးကို ဆိုလိုပါသည်။ ရင်ဘတ်အောင့်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး ဆရာဝန်မှ အတိအကျ ရောဂါ ခွဲခြားသတ်မှတ်ခြင်း (Diagnosis) ကိုလုပ်ပြီးမှသာ မည်သည့်ရောဂါ အမျိုးအစား ဖြစ်သည်ကို သတ်မှတ်နိုင်မည် ဖြစ်ပါသည်။

သို့သော်လည်း ရင်ဘတ်အောင့်သည့် ဝေဒနာကို မကြာခဏ ခံစားနေရသူ တချို့သည် ရောဂါကိုဆရာဝန်နှင့် ပြပြီး ရောဂါအဖြေမရှာပဲ မိမိကိုယ်မိမိ နှလုံးရောဂါ (သို့) အစာအိမ်ရောဂါ စွဲကပ်နေသည်ဟု ထင်မှတ်နေကြပြီး ပတ်ဝန်းကျင်မှ အကြံပေးသည့် မိမိ သန်ရာ နည်းများဖြင့် ကုသနေကြသည်ကို မကြာခဏ ကြားသိနေရပါသည်။ ထို့ကြောင့် ရင်ဘတ်အောင့်သည့် ဝေဒနာကို ခံစား နေသူများ အားလုံး အတွက် ဗဟုသုတလို့ငှာ Dr Warwick Carter ရေးသားသည့် Home Doctor ထဲမှ ကောင်းနိုးရာများကို ကောက်နှုတ်၍ ပြုစု တင်ပြ လိုက်ပါသည်။

စမ်းသပ်တွေ့ရှိမှု

ရင်ဘတ်အောင့်ခြင်းသည် အဆုပ် (သို့) နှလုံးနှင့် ပတ်သက်ပြီး ဖြစ်ပါက အရေးကြီးသဖြင့် အရေးပေါ်အနေဖြင့် ဆေးရုံအကူအညီကို ချက်ချင်းလိုအပ်နိုင်ပါသည်။ တခြားအင်္ဂါအစိတ်အပိုင်းများဖြစ်သည့် အစာပြွန်၊ ရင်အုံအရိုး၊ နံရိုး၊ နှလုံးသွေးလွှတ်ကြောမကြီး၊ သွေးလွှတ်ကြောငယ်များ၊ သွေးပြန်ကြောနှင့် နာ့ဗ်ကြောများ၊ ကြွက်သား၊ အရိုးနု၊ ရင်သားနှင့် ကျောရိုးဆစ်များ စသည့် အစိတ်အပိုင်းတခုခုတွင် ပြဿနာရှိပါကလည်း ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အကြောင်းရင်းမတူသည်ကို အခြေခံ၍ အောင့်သည့် အခြေအနေများမှာလည်း စူး၍အောင့်ခြင်း၊ ကိုက်၍အောင့်ခြင်း၊ ပျော့လွန်းမပြင်းလွန်းအောင့်ခြင်းနှင့် ဖြိကပ်၍အောင့်ခြင်း စသည်ဖြင့် အမျိုးမျိုး ရှိပြီး ဆက်တိုက် သို့မဟုတ် အကြိမ်ကြိမ်မကြာခဏ အောင့်ခြင်းများ ဖြစ်နိုင်ပါသည်။ အစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်းတို့ကြောင့် စအောင့်နိုင်ပြီး အောင့်သည့်အချိန်တွင် အသက်ရှုကြပ်ခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားဝင်ခြင်း၊ ပါးစပ်ပျက်ခြင်း စသည့် လက္ခဏာများ တွဲပါလာနိုင်ပါသည်။ ဆရာဝန်မှ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီး ရောဂါခွဲခြားသတ်မှတ်ပေးမှသာ ရောဂါကို အမျိုးအစားကို မှန်ကန်စွာ သိရှိနိုင်မည်ဖြစ်သည်။

ရောဂါ စစ်ဆေးသတ်မှတ်ခြင်း (Diagnosis)

ဆရာဝန်သည် ရောဂါကို အတိအကျ သိရှိရန်အတွက် အရိုးကို ကောင်းစွာစစ်ဆေးနိုင်သည့် ဓါတ်မှန်ရိုက်ခြင်း၊ အရိုးနှင့် တချို့ တစ်ရှူးများကိုပါ မြင်တွေ့နိုင်သည့် CT scan, နှလုံးအလုပ်လုပ်ပုံကို ကောင်းစွာမြင်တွေ့နိုင်သည့် ECG ( Electro-Cardiac Graph), အဆုပ်အလုပ်လုပ်နိုင်မှုကို စမ်းသပ်စစ်ဆေးသည့်သည့် Lung Function Test, ခန္ဓာကိုယ်ထဲသို့ ပါးစပ်မှတဆင့် ကင်မရာထည့်၍ ကြည့်သည့် Endoscopy စသည်တို့ ပါဝင်နိုင်သည့် စမ်းသပ်မှုကို တခု (သို့) တခုထက်ပို၍ှ ပြုလုပ်ပြီး သတ်မှတ်လေ့ရှိပါသည်။ ထိုသို့ ရှာဖွေပြီး ဖြစ်ရသည့်ရောဂါ ဇက်မြစ်ကို အတိအကျသိမှသာ ထိရောက်သည့် ကာကွယ်ကုသမှုကို ပေးနိုင်မည် ဖြစ်သည်။

ရင်ဘတ်အောင့်ခြင်းကို အဖြစ်များစေသည့် အကြောင်းရင်းများ

(၁) Injury
ရင်ဘတ်ဒါဏ်ရာ ရရှိသောအခါ ရင်ဘတ်၌အညိုအမဲစွဲ၍ နံရိုးကျိုးခြင်း၊ ကြွက်သား (သို့) အရွတ်များ စုတ်ပြဲခြင်း စသည့် တခုခုကြောင့် ရင်ဘတ် နေရာ အနံ့ပြားကို အောင့်စေပြီး လှုပ်ရှားပါက ပိုဆိုးပါသည်။

(၂) Viral infection
ဗိုင်းရပ်ကြောင့်ဖြစ်သော ကူးစက်ရောဂါများသည် များသော အားဖြင့် ကြွက်သားများကို ရောင်စေသဖြင့် ရင်ဘတ်နှင့် ကျောကုန်း ဘက်တွင် ရှိသော ကြွက်သား အဆွယ်အပွား များကို ကိုက်ခဲ နာကျင်စေပါသည်။

(၃) Arthritis
ကျောရိုးဆစ်၌ အရိုးကြေပြီး နာ့ဗ်ကြောများအား ဖိညှပ်ခံရ၍ ရင်ဘတ်၏ ကျောဘက်၌ သာမကပဲ နာ့ဗ်ကြောများ ပြန့်နံ့သည့် ဘေး တဖက်တချက် နှင့် အရှေ့ဘက် အထိနာကျင်စေနိုင်သည်။ ကိုယ်အနေအထား ပြောင်းပါက ပိုမိုနာကျင်စေပါသည်။

(၄) Myocardial Infaction
နှလုံးရောဂါသည် ကော်လက်စထရောလ် ကြောင့် ဖြစ်ပေါ်လာသည့် အဆီဖတ်များမှ နှလုံးကြွက်သားအား သွေး ထောက်ပံ့ပေးနေသည့် သွေးလွှတ်ကြော တခုခုအား ပိတ်ဆို့ စေသောအခါ ဖြစ်စေပါသည်။ နှလုံးသည် ခန္ဓာကိုယ်တခုလုံးကို အောက်စီဂျင်နှင့် အာဟာရ ရောက်အောင် တွန်းပို့ပေးနေသော အင်္ဂါဖြစ်ပါသည်။ ထိုအခြေအနေတွင် နှလုံးကြွက်သားကိုယ်တိုင်မှာပင် အောက်စီဂျင်နှင့် အာဟာရ မရတော့ သောကြောင့် ကျုံ့လိုက် ကြွလိုက် မလုပ်နိုင်တော့သောအခါ သွေးကိုခန္ဓာကိုယ်တခုလုံးသို့ ရောက်အောင် မတွန်းပို့ ပေးနိုင် တော့ပဲ နှလုံးရော ခန္ဓာကိုယ်ပါ အောက်စီဂျင်ပြတ်လပ်ပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ နှလုံးကြောင့်ဖြစ်သော ရင်ဘတ် အောင့်ခြင်းသည် လည်ပင်း၊ မေး (သို့) လက်မောင်း ( ဘယ်ဘက်၌ ပိုဖြစ်သည်) စသည့် ရင်ဘတ်နှင့် ဆက်စပ် နေသည့် မည်သည့် နေရာတွင်မဆို ဖြစ်နိုင်သော်လည်း ပုံမှန် အားဖြင့် ဘယ်ဘက်ရင်ဘတ်၊ အရှေ့ ဘက် လည်ပင်း အောက်၊ ရင်ဘတ်အလယ်တည့်တည့်နှင့် ပုခုံး အရှေ့ခြမ်းတို့၌ အဖြစ် များ ပါသည်။ အောင့်သည့်ပုံစံမှာ စူး၍ အောင့်ခြင်းမျိုးမဟုတ်ပဲ ဖိနှိပ်ပွတ်တိုက်ခံရခြင်း (သို့) အလွန်အမင်း ကိုက်ခဲစေသည့် အောင့်ခြင်းမျိုးကို ခံစားရသည်။ ထို့အပြင် နှလုံးကြောင့်ဖြစ်သော ရင်ဘတ်အောင့်ခြင်းသည် ခန္ဓာကိုယ်လှုပ်ရှားခြင်း၊ အနေအထားပြောင်းခြင်း၊ အစား စားခြင်း၊ ချောင်းဆိုးခြင်း ကြောင့် ပိုမိုနာကျင်စေခြင်း မရှိပါ။ နှလုံးကြောင့်ဖြစ်သည်ဟု ယူဆပါက ချက်ချင်း ဆရာဝန်နှင့် ဆေးရုံ အကူအညီ အရေးပေါ် လိုအပ်နိုင်ပါသည်။

(၅) Angina
ရင်ကြပ်လာပြီး ရင်ဘတ်ကို ဖိ၍ ဆုပ်ညှစ်ခံထားရသည့် အောင့်ခြင်းမျိုးကို ခံစားရပါသည်။ များသောအားဖြင့် ရင်ဘတ် အလယ် တည့်တည့် တွင် ဖြစ်ပြီး လေ့ကျင့်ခန်း (သို့) အားကစားလုပ်နေချိန်နိုင် ရုတ်တရက်ဖြစ်လာနိုင်ပြီး အနားယူလိုက်ပါက သက်သာ သွားလေ့ရှိသည်။

(၆) Pneumonia
အဆုပ်ပွခြင်း သည် အဆုပ်ကို အဓိကဖွဲ့စည်းထားသည့် လေအိတ်အသေးများ ( Alveoli) တွင် ဘတ်တီးရီးယား ကူးစက်ရောဂါပိုးများ ၀င်ရောက်နေသည့် ရောဂါဖြစ်ပါသည်။ နှာခေါင်းမှ ရှူသွင်းလိုက်သော အောက်စီဂျင်များကို အဆုပ်လေအိတ်နံရံရှိ ဆံချည်မျှင် သွေးကြောများ မှတဆင့် နှလုံးသို့ပို့ဆောင် ရပြီး နှလုံးမှတဆင့် အောက်စီဂျင်ကို သွေးက ခန္ဓာကိုယ်အနှံ့ သယ်ဆောင်ပြီး ဖြည့်ပေး ရပါသည်။ အဆုပ်ပွ သောအခါ လေအိတ်များတွင် ဘတ်တီးရီးယားကြောင့် လေအိတ်တခုလုံး (သို့) လေအိတ်နံရံရှိ ဆံချည်မျှင် သွေးကြောများ ပျက်စီးနိုင်ပြီး အဆုပ်ပုံမှန် အလုပ်မလုပ်နိုင်ပဲ အဖျားဝင်ခြင်း၊ ချောင်းဆိုးခြင်းနှင့် ရင်ဘတ် အောင့်ခြင်းတို့ကို ဖြစ်စေ ပါသည်။ မကုသပါက ဘတ်တီးရီးယားများ အဆုပ်တခုလုံး ပြည့်သွားနိုင်သောကြောင့် လေအိတ်များ ပျက်စီးပြီး ခန္ဓာကိုယ်အား အောက်စီဂျင် မပေးနိုင်သောကြောင့် အသက် ဆုံးရှုံးနိုင်ပါသည်။

(၇) Pleurisy
အဆုတ် အမြှေးပါး ရောင် လျှင် ရင်ဘတ်အောင့်ခြင်းကို ပြင်းထန်စွာ ဖြစ်စေနိုင်၍ အသက်ရှူခြင်း၊ ချောင်းဆိုးခြင်းနှင့် လှုပ်ရှားခြင်း တို့ကြောင့် ပိုအောင့်နိုင်ပါသည်။

(၈) Reflux oesophagitis
အစာအိမ် ရောဂါတခုခုကြောင့် ရင်ဘတ်အောင့်နိုင်ပါသည်။ အစာအိပ်တွင် ဟိုင်ဒရိုကလိုရစ် အက်ဆစ်ပါရှိပြီး အစာအိမ်အား ထူထဲသော အချွဲများဖြင့် ကာကွယ်ထားပါသည်။ အကယ်၍ အစာအိမ်ရောဂါ ရှိသူများတွင် အစာအိမ် ပုံမှန်အလုပ်မလုပ်နိုင်သောကြောင့် ယင်းအား အစာအိမ်နံရံရှိ ချွဲများမှ ကာကွယ်မှုမပေးနိုင်သည့်အခါ အက်ဆစ်များမှ အစာအိမ်နံရံသို့ ရောက်ရှိလောင်ကျွမ်းနိုင်ပြီး ပူ၍နာကျင်ခြင်းနှင့် အသက်ရှူကြပ်ခြင်းကို ဖြစ်စေနိုင်ပါသည်။

(၉) Tietze syndrome
ရင်အုံရိုး အနောက်ဘက်ရှိ နံရိုးနှင့်ဆက်ထားသော အရွတ်တခု (သို့) တခုထက်ပို၍ ရောင်ခြင်းကို ဖြစ်စေပြီး ပူ၍နာကျင်ခြင်းကြောင့် ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေပါသည်။

(၁၀) A blood clot
သွေးခဲ တခုခုသည် သွေးကြောအတွင်း၌ မျောပါနေလျင် ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ပိတ်ဆို့နိုင်ပါသည်။ ထို သွေးခဲ သည် အဆုပ်တွင်းရှိ အဓိကသွေးလွှတ်ကြောတခုခုအား ပိတ်ဆို့သောအခါ ( Pulmonary embolus) ကို ဖြစ်စေပြီး ပိတ်ဆို့ခံရသော အဆုပ် ၏ အစိတ်ပိုင်းကို ပျက်စီးစေခြင်းဖြင့် ရင်ဘတ်အောင့်ခြင်းနှင့် အသက်ရှူ ကြပ်ခြင်းကို ဖြစ်စေပါသည်။

ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေနိုင်သည့် တခြားအကြောင်းရင်းများ

(၁) အဆုပ်အပြင်ဘက်ရှိ ရင်ဘတ်ထဲတွင် လေခိုနေခြင်း (Pneumothorax )၊
(၂) နာ့ဗ်ကြော၌ ဗိုင်းရပ်ပိုးဝင်ရောက်နေခြင်း (Shingles)၊
(၃) အဆုပ်ပျက်စီးခြင်း (Bronchiectasis)၊
(၄) နှလုံးကြွက်သားသို့ ပိုးဝင်ခြင်း (Myocarditis)၊
(၅) မွေးရာပါ နှလုံး၏ဖွဲ့စည်းပုံ ပုံမမှန်ခြင်း၊
(၆) နှလုံးအဆို့ရှင် အလုပ်မလုပ်ခြင်း ၊
(၇) အဆုပ်တွင်း တနေရာရာ၌ ကင်ဆာရှိနေခြင်း၊
(၈) နှလုံးရောဂါအတွက် အလွန်အမင်း စိုးရိမ်နေခြင်း (Cardiac neuroses)၊
(၉) ရင်ဘတ်နံရံ ရောင်ခြင်း၊
(၁၀) သည်းခြေအိတ်တွင် ရောဂါဝင်၍ ရောင်ခြင်း (Cholecystitis) စသည်တို့ကြောင့်လည်း
... ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေ နိုင်ပါသည်။

မည်သူမဆို မည်သည့်အကြောင်းကြောင့် ရင်ဘတ်အောင့်သည်ဖြစ်စေ ရင်ဘတ်အောင့်သည့် ဝေဒနာကို တစ်ကြိမ်ထက်မက ခံစားရပါက အန္တရယ်ရှိနိုင်သည်ကို နှလုံးမူ၍ ရောဂါကို အတိအကျသိရှိရန်နှင့် အချိန်မီကာကွယ်၊ ကုသနိုင်ရန် ဆရာဝန်နှင့် မဖြစ်မနေ တွေ့သင့် ပါသည်။ မိမိ ကိုယ် မိမိ အစာအိမ်ရောဂါ (သို့) နှလုံးရောဂါ ဖြစ်နေသည်ဟု ယူဆနေသူများအနေဖြင့်လည်း ထိုရောဂါများ အမှန်တကယ် ရှိနေပါက ဆရာဝန်ညွှန်ကြားချက်မပါပဲ မိမိသန်ရာ ဆေးများ သုံးစွဲနေခြင်းသည် ရောဂါကို ပျောက်ကင်းစေမည် မဟုတ်သည့်အပြင် ပိုမို ပွားလာစေရန် မွေးထားသည်နှင့်ပင် တူနေသဖြင့် အန္တရယ် ကြီးမား လှကြောင်းကို သတိပေးရင်း မိမိ၏ ကျန်းမာရေးကို ထိရောက်စွာ ကာကွယ် စောင့်ရှောက်ကြပါရန် အကြံပြု တင်ပြအပ်ပါသည်။

ရွှင်လန်းချမ်းမြေ့ကြပါစေ...

Nge Naing

Read More...

Monday, August 18, 2008

Life Cycle (3)

ထို့ကြောင့် ဤအရာကို သံသရာ ဟုခေါ်သည် (၃)
Juan

သမား နှင့် သူ၏၀န်ဆောင် မှုများ

ရှေးအခါ ကသမား နဲ့ လူနာ ဆက်ဆံရေး ဟာ ... စေတနာ ကိုအရင်း တည်တဲ့ ဆရာ - ဒကာ ဆက်ဆံရေး မျိုးဖြစ်ခဲ့ တယ်။ ကျွန်တော် တို့ မြန်မာ့ လူဘောင် အဖွဲ့အစည်း ရဲ့ စံအရ ရောဂါ ဝေဒနာ ပျောက်ကင်း ချမ်းသာခဲ့ရင် ကုသ ပေးတဲ့ သမား တော် ကို အသက် သခင် ကျေးဇူးရှင် အဖြစ် အနန္တော၊ အနန္တ ငါးပါး လောက်နီးပါး သဘောထား တတ်ကြ ပြီး ဝေဒနာ မသက်သာ ခဲ့ရင် ကံကိုသာ အပြစ် ပုံချ လို့ ကုသ ပေးသူ သမားတော် များမှာ နဘယံ - ဘေးမရှိ၊ ဒါကြောင့် ရှေးခေတ် မြန်မာ့ လူ့အဖွဲ့ အစည်း မှာ သမားတော်၊ ဆရာဝန် များဟာ လူသား နဲ့ ဘုရား ကြား ကတန်ခိုးရှင် နတ်ဒေ၀တာ လောက်ကို တန်ဖိုးထား ရိုသေ ခြင်းခံခဲ့ ကြရ ဖူးတယ်။ ခုထက်ထိ လည်းဒီလို ရိုသေ လေးစား မှုမျိုးတွေ ရှိသင့် သလောက် ရှိနေတုန်းပါ။

သို့သော် ---
နှစ်ဆယ် ရာစု နှောင်းပိုင်း ကာလ များမှာ ဖြူစင် ရိုးရှင်း တဲ့ သမားနဲ့ လူနာ ဆက်ဆံရေး ဟာ အနည်းငယ် ရှုပ်ထွေးစ ပြုလာ ပါတယ်။ ပြိုလဲ သွားတဲ့ ဘာလင် တံတိုင်း၊ ဆိုဗီယက် ယူနီယံ နိဂုံး နဲ့ အတူစုတေ ခဲ့တဲ့ အရှေ့ ဥရောပ ကွန်မြူနစ် စံနစ်၊ မိုက်ကရိုဆော့ဖ် ၀င်းဒိုး နဲ့ ပါဆင်နယ် ကွန်ပျူတာ၊ တတိယ လှိုင်းနဲ့ ကမ္ဘာပြားခြင်း၊ ၉/၁၁ နဲ့ ဘင်လာဒင်၊ ဆူနာမီ နဲ့ ဆဒန် ဟူစိန်၊ ဂလိုဘယ် လိုက်ဇေးရှင်း နဲ့ ဈေးကွက် စီးပွားရေး စတဲ့ အပြောင်း အလဲ လှိုင်းလုံးကြီး တွေ တစ်လုံး ပြီး တစ်လုံး ခပ်ကြမ်းကြမ်း ရိုက်ခတ် ခဲ့တဲ့ (၂၀) ရာစု လက်ကျန် သက်တမ်း ကာလ များအတွင်း ယခင် ကဂုဏ်ယူ ၀ံ့ကြွား စွာ ကမ္ဘာ့ ဒေသ အတော်များများ လက်ခံ ကျင့်သုံး ခဲ့ကြ တဲ့ အခမဲ့ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက် မှုစံနစ် နဲ့ အတူ ဒေါက်တာ နော်မန် ဗက်သွန်း၊ ဒေါက်တာ အင်ဒရူး မေဆင်၊ ဒေါက်တာ မြင့်မောင် တို့ အမှုးပြု တဲ့ စေတနာ ဆရာဝန်ကြီး များ ပါရာဒိုင်း ရေစီးကြောင်း မှာ ပက်လက်ရော၊ မှောက်ခုံ ပါမျောပါ ကုန်ကြတယ်။

ရိုးစင်း လှတဲ့ သမားနဲ့ လူနာ တစ်လမ်းသွား ဆက်ဆံရေး ဟာရုတ်တရက် ချက်ချင်း ပဲဈေးကွက် ၀င်လာတယ်၊ ကျန်းမာ ရေး ၀န်ဆောင်မှု ဈေးကွက် (Health Care Market) လို့ ပြောင်ပြောင် တင်းတင်း ခေါ်ခဲ့ကြတယ်။ ဒီအခါ မှာ ဝေဒနာရှင် လူနာ နဲ့ ကုသပေးသူ သမားတော် တို့ရဲ့  နှစ်ယောက် တစ်အိပ်မက် ကမ္ဘာလေး ဟာဈေးကွက်စီးပွားရေး နယ်ပယ် ထဲကို ၀င်လို့ ရပါ့မလား လို့ ဘောဂ ဗေဒ ဆင်စွယ် နန်းတော် ပေါ်က ပညာရှိ အခေါ်ခံ ရသူများ ကအံ့သြ ဘနန်း မေးခွန်း တွေ ထုတ်ကြ ပါတယ်။ အဖြေက တော့ဈေးကွက် ၀င်လွန်းလို့ ပြန်ဆွဲ ထုတ်လို့တောင် မရတော့ ပါဘူးတဲ့။ ဘယ်လို ဈေးကွက် မျိုးထဲ ၀င်သလဲ ဆိုတော့ ဘိဇနက် လုပ်ငန်း အားလုံးရဲ့  ထိပ်ခေါင်တင် ဖြစ်တဲ့ ၀န်ဆောင်မှု စီးပွားရေးလုပ်ငန်း (Service Business) အမျိုးအစား ထဲမှာ ပါပါ သတဲ့။

ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတာ လွယ်လွယ် ရှင်းရှင်း ပြောရရင် စားသုံးသူ (Consumer) အလိုကျ ၀ယ်သူ အမြဲမှန် (Customer is always right) ရတဲ့ လုပ်ငန်းမျိုးပါ။ ကျန်းမာရေး စောင့်ရှောက်မှု မှာ ၀န်ဆောင်မှု ပေးသူ (Service provider) ဖြစ်တဲ့ ဆရာဝန် နဲ့ ၀န်ဆောင်မှု ကိုရယူသူ (Consumer) ဖြစ်တဲ့ လူနာ၊ နှစ်ဦး နှစ်ဖက် ပြည့်စုံ နေတော့ ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း ဆိုတဲ့ ဈေးကွက် သဘော တရား နဲ့ ဇွတ်တန်းညှိ ပစ်လိုက် ပုံရပါတယ်။

တကယ်တန်း အနုလုံ၊ ပဋိလုံ သုံးသပ် ကြတဲ့ အခါ မတော့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဟာ အခြားသော ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း များနဲ့ ဖီလာ ကန့်လန့် ဖြစ်နေတာ ကိုတွေ့လာ ကြရတယ်။ အခြားသော ၀န်ဆောင်မှု လုပ်ငန်း များမှာ service provider က customer ကိုအမြဲ အလိုလိုက် အကြိုက်ဆောင် ကြရတယ်။ တနည်း ပြောရရင် service provider ကအောက်စည်း၊ customer ကအထက်စီး ကနေရာယူ ထားတယ်ပေါ့၊ ဒါကလည်း ရှင်းပါတယ်၊ သူ့အိတ် ထဲက ငွေ ကိုယ့်အိတ် ထဲရောက်ဖို့ အတွက် လူ့အောက်ကျို့  လို့ လူပိ မသေ ဆောင်ပုဒ် ကိုလက်ကိုင် ထားရ ပေမပေါ့။

ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း ကတော့ ပြောတော့လည်း ၀န်ဆောင်မှုစီးပွားရေး၊ service provider ဖြစ်တဲ့ ဆရာဝန် ကအထက်စီး ကနေ တစ်ပြားသား မှမလျှော့ပဲ “ခင်ဗျား ကဆရာဝန် လား၊ ကျုပ် ကဆရာဝန်လား၊ ကျုပ်ပြော တာလုပ်၊ ကျူပ်ကုပေးတာခံ” ဒီလို ဆက်ဆံတာကို consumer ဖြစ်တဲ့ လူနာ ကတစ်ခွန်းမခံ ဟုတ်ကဲ့၊ ဟုတ်ကဲ့ နဲ့ပြန်ပြော ရင်း ကျသမျှ ငွေကို ရိုရိုသေသေ ကမ်းပေးလို့ ဆရာဝန် အခန်းက ခေါင်းလျှို ထွက်လာရ တဲ့ဝန်ဆောင်မှု မျိုးကိုး ခင်ဗျ။ ဒါကြောင့် လည်းဈေးကွက် စီးပွားရေး စံတွေ အရ ကျန်းမာရေး ၀န်ဆောင်မှု ဟာနားမလည် နိုင်စရာ ၀န်ဆောင်မှု မျိုးပေါ့။ customer ကအောက်ကျို့ ခယ ပြီး ၀န်ဆောင်ခ ပေးရတယ် ဆိုတာ စီးပွားရေး သဘောမှာ မရှိပါ ဘူး။ ဒါကြောင့် ကျန်းမာရေး ဈေးကွက် ဘာလဲ၊ ဘယ်လဲ ဆိုတာကို ဘောဂဗေဒ ပညာရှင်များ စိတ်ဝင် စားလာကြတယ်။ သုတေ သန လုပ်ကြည့် ကြတယ်။

ဘာတွေ တွေ့ရှိ ကြသလဲ ဆိုတော့-
(က) ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သည်ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်း အမျိုး အစားတွင် ခြွင်းချက် ဖြင့် ပါဝင်သည်။
(ခ) ပုံမှန် ၀န်ဆောင်မှု စီးပွားရေး လုပ်ငန်း ၏၀ိသေသ လက္ခဏာ များနှင့် မကိုက်ညီရခြင်း အဓိက အကြောင်းရင်း မှာ သတင်း အချက် အလက် တစ်ဖက် စောင်းနင်း နိုင်မှု (Asymmetry of Information) ကြောင့် ဖြစ်သည်။
(ဂ) ဤလုပ်ငန်း ကိုအလွန် အကျွံ မဖြစ်အောင် ကောင်းမွန် မှန်ကန်သော ကျန်းမာရေး စံနစ် (Good Health System) ကျင့်သုံး၍ ထိန်းကျောင်း ပေးနိုင်ရ မည်
- ရယ်လို့ ဖြစ်ပါတယ်။

ဒီနေရာ မှာ သတင်းအချက် အလက် တစ်ဖက်စောင်းနင်း နိုင်မှု ဆိုတာက ဒီလိုပါ။ ခင်ဗျား laptop တစ်လုံး ၀ယ်ချင် တယ်ဆိုပါစို့။ ဘယ်အရောင်း ဆိုင်သွားဝယ်ဝယ် ရပါတယ်။ Laptop နဲ့ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို အရောင်း ၀န်ထမ်း တွေကို မေးမလား၊ စာရွက် စာတမ်း တွေလေ့လာ မလား၊ အွန်လိုင်း တက်ပြီး ကြည့်ဦး မလား။ ဈေးနှုန်း ကိုလွတ်လပ် စွာ နှိုင်းယှဉ် လေ့လာပြီး စိတ်ကြိုက် အဖြစ်ဆုံး ကိုမှ ရွေးချယ် ၀ယ်ယူမယ် မဟုတ်လား။ ဒါမျိုး ကိုရောင်းသူ နဲ့ ၀ယ်သူ ကြား သတင်း အချက် အလက် ညီမျှမှု (Symmetry of Information) ရှိတယ် လို့ဆိုပါတယ်။

နှလုံး ရောဂါ ရလို့ နှလုံး အထူးကု နဲ့ ပြချင်တယ် ဆိုပါစို့၊ ကိုယ့်ရောဂါ နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက် တွေကို စာရေး ကိုမေး လို့ ရမလား၊ စာအုပ် တွေဖတ် တော့ရော နားလည် မှာလား၊ အွန်လိုင်း ပေါ်မှာ ဈေးသက်သာ ပြီး ကုသမှု ကောင်းတဲ့ သမားတော် ကို စိတ်ကြိုက် ရွေးချယ် လို့ရမှာလား။ ကိုယ့် ဖက်က ဘာမှမသိတဲ့ ၀န်ဆောင်မှုကို provider ဖြစ်တဲ့ ဆရာဝန် ပြုသမျှ နုရ ပြီး ကျသလောက် ပေး ရတဲ့ အတွက် ရွေးချယ်ခွင့် မရပဲ ၀ယ်ရတဲ့ ပစ္စည်း ဖြစ်နေပါတယ်။ အကြောင်း ကတော့ doctor knows everything about your disease but you know nothing about your disease ကိုယ်ဝယ် ယူရမဲ့ ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ပါတ်သက်တဲ့ သတင်း အချက် အလက်တွေကို ရောင်းသူ ဆရာဝန် က ၀ယ်သူ လူနာ ထက် အဆ ပေါင်းများစွာ ပိုမို သိရှိ နေခြင်းကြောင့်ပါ။ ဒါကို ပဲ asymmetry of information လို့ ဆိုကြတာပါပဲ။ ဒါဟာ ကျန်းမာရေး စောင့်ရှောက်မှု ဆိုတဲ့ လူနာ-သမား ဆက်ဆံရေး ကိုဈေးကွက်ထဲ သွတ်သွင်း ရာက ရလာတဲ့ အသိသစ် လို့ ပြောရင်လည်း ရနိုင်ကြောင်းပါခင်ဗျား။

Read More...