Thursday, August 6, 2009
လှရုံမက ၀ချင်သေးရင်
ကိုယ်အလေးချိန် တိုးချင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ မွေးရာပါ မျိုးဗီဇကိုက skinny body type ခပ်ပိန်ပိန် သမားများ အတွက် ပိုခက်ပါမည်။ ငါးကျီးခြောက် ကြပ်တင်လို့၊ ငါးဖေါင်ရိုးခြောက်လို့ အခေါ်ခံ နေရနိုင်တယ်။ ငါးများမှာတောင် ပိန်ရင် ငါးရာ-လူရာ မသွင်းဘူးထင်ပါရဲ့။ ကဲ - ဘယ်လို အ၀တိုးကြမလဲ။
ဝချင်ပါရင် အရင်ဆုံး ရောဂါဘယတွေ ကင်းနေဖို့ လိုပါတယ်။ သိတဲ့အတိုင်း နာတာရှည်ရောဂါတွေက လူကို ပိန်သွား စေပါတယ်။ HIV-AIDS ကင်ဆာ၊ တီဘီ၊ လည်ပင်ကြီး ဟော်မုန်းများ နေသူ စသူတွေပါ။ တီဘီ ဖြစ်နေသူ တစ်ယောက် ဆေးပါတ်လည်လို့ ပျောက်လာရင် သေချာပေါက် ၀လာပါတယ်။ တိတိကျကျဆိုရရင် ညိုပြီး ၀လာတာပါ။ ကိုယ်အလေးချိန် ချိန်ကြည့်တာ ကောင်းတဲ့ အကျင့် ဖြစ်လို့ ဟော်တယ်တွေက ရေချိုးခန်း ထဲမယ် weighing machine ထားပေးတတ်တာပေါ့။ နေကောင်းပါလျက် ၀မလာတဲ့ သူတွေ အတွက် ဒီစာရေးတာပါ။ ၀နေပါလျက်နဲ့ နေမကောင်းသူတွေလဲ ရှိတာကိုး။
ခပ်မြန်မြန် သဘောပေါက်အောင် ပြောရရင် ၀ချင်ရင် ကြီးကြီးကြံပါလေ။ များများကြီး စားပါ။ ကျွန်တော်တို့ အိန္ဒိယကို ရောက်ခါစ ဦးမာသီရိ ဆိုတဲ့ စာပေဆုရဖူးသူ မိတ်ဆွေကြီးကပေးတဲ့ အကြံတစ်ခုက ဘာလဲဆိုတော့ “တံငါ ဖြစ်မှတော့ ငါးကြီးကြီး မျှားပါ”တဲ့။ တစ်ခါစားလဲ များများ၊ အကြိမ်လဲ များများ၊ ထမင်းလုတ် ကြီးကြီး၊ ထမင်း ပန်းကန် အစား ဇလုံ၊ ယောက်ချိုလို ဇွန်းကြီးကြီး သုံးပါ။ အတွေ့အကြုံအရ ပြောရရင် လူကောင်ကြီးသူတွေ လက်ရေး လက်သား သေးသေး၊ လက်မှတ်က ငယ်ငယ်လေး ဖြစ်တတ်တယ်။ အဲတော့ လက်ရေးပါ ပြောင်းချင် ပြောင်းလို့ အကြံပေးရမလားဘဲ။
ဝချင်ရင် အလေး(၀ိတ်)မ ခိုင်းတာ ငြင်းစရာတော့ မရှိပါ။ များများ စားဖို့လောက်တော့ မထိရောက်ပါ။ ပိန်သူတွေရဲ့ ဇီဝကမ္မ ဆိုတဲ့ သက်ရှိတို့ ထုံးစံ လုပ်ပေးနေရတဲ့ ဖြစ်စဉ် ကိုယ်၌က မြန်မြန်ကြီး လုပ်နေသူတွေ ဖြစ်လို့ (ကယ်လိုရီ)တွေ ပိုရဖို့ လိုပါတယ်။ စာသင်သလို ပြောရရင် အဆင့် ၅ ဆင့်။
၁။ ခါတိုင်း တစ်နေ့မှာ (ကယ်လိုရီ) ဘယ်လောက်စားနေသလဲ။ ကိုယ်အလေးချိန် ချိန်ထားပါ။
၂။ စားနေတာထက် ၅၀၀ (ကယ်လိုရီ) ပိုစားပါ။ စားနိုင်အောင် ခါတိုင်း တစ်နေ့ ၃ ထပ်ကနေ ၄-၅ ထပ် စားပစ်လိုက်ပါ။
၃။ (၀ိတ်)မ ပါ။ gym သွားချင်သွား၊ အိမ်မှာပဲ လုပ်လုပ်။
၎။ ကိုယ်အလေးချိန် ပြန်ချိန်ပါ။ တစ်ပါတ် အပြီး ၁-၂ ပေါင် တိုးရင် ကောင်းတယ်။ ၁၀ ပေါင် မတိုးချင်ပါနဲ့။ ကျန်းမာရေး အရ အကောင်း မဟုတ်ပါ။ ၁ လ ကုန်ရင် ၅-၈ ပေါင် တိုးတာ ကောင်းတယ်။
၅။ အလေးချိန် ဆက်မတိုးရင် နောက်ထပ် (ကယ်လိုရီ) ၂၅၀ ပိုစားပါလေ။
တစ်နေ့ (ကယ်လိုရီ)ဘယ်လောက် လိုတာကို ဦးတိကျတွေ အတွက် ဖေါ်မြူလာရှိတယ်။ အရင်ဆုံး ဘာမှ မလုပ်ဘဲ နေတဲ့ အချိန်မျိုးမှာ လိုမယ့် နှုန်းထားကို တွက်ရတယ်။ Resting Metabolic Rate (RMR) လို့လဲ ခေါ်တယ် Basal Metabolic Rate (BMR) လို့လဲ ခေါ်တယ်။ လမ်းလဲ မလျှောက်၊ ပြေးလဲ မပြေး၊ အသာလေး နေတုန်း ကိုယ်ခန္ဓာက အသက်ရှူဖို့၊ နှလုံးခုန်ဖို့၊ အစာခြေနေဖို့ စတာတွေရဲ့ ဇီဝ အလုပ်တွေအတွက် လိုအပ်ချက်ကို ပြောတာပါဘဲ။
ပျင်းတော့ ပျင်းစရာကြီး။ သင်္ချာလို ထပ်ရှင်း ရအုံးမယ်။
RMR = 9.99w + 6.25h - 4.92a + 166g-161
w = ကိုယ်အလေးချိန် ကီလိုဂရမ်၊ h = အရပ် စင်တီမီတာ၊ a = အသက် နှစ်၊ g = ကျား-မ၊ (ကျား = 1 မ = 0)
တစ်နေ့တာ လိုမယ့်(ကယ်လိုရီ) သိဖို့ RMR ကို 1.25 နဲ့ မြှောက်လိုက်ပါ။ ဘယ်အစားက (ကလိုရီ)ဘယ်လောက် ဆိုတာ စာရှည်မှာ စိုးလို့ မထည့်တော့ပါ။ သီးခြားစာမှာ ဖတ်ပါလေ။
ပိုပြီး စားနိုင်အောင် စားပုံ စားနည်း ပြောင်းသင့်ရင် ပြောင်းရမယ်။ အ၀စား ၃ ခါနဲ့ အဆာပြေ၊ သွားရည်စာ ၂ ခါ၊ ၃ ခါ စားပါ။ ကော်ဖီ၊ လက်ဖက်ရည် သောက်မယ့် အစား၊ နွားနို့၊ သစ်သီး ဖျော်ရည် သောက်ပါ။ ပေါင်မုန့် စားရင် အညိုက အဖြူထက် ပိုတယ်။ အသီးအရွက်မှာလဲ ရေများများ ပါတာမျိုး ဖြစ်တဲ့ ဂေါ်ဖီ၊ ပဲစိမ်းစားဥ၊ သခွါးသီးတို့ထက် အာလူး၊ ပဲမျိုးစုံ၊ မုံလာဥနီ၊ ပြောင်းဖူးတို့က သာတယ်။ အသီးတွေဆိုရင် လိမ္မော်၊ ပိခ်ျ၊ ဇီးသီး၊ ဖရဲသီးတွေထက် ငှက်ပျောသီး၊ သစ်တော့သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ပန်းသီးတွေက သာတယ်။ (ဆု-ပ်)ဆိုတဲ့ ဟင်းရည်ဆိုရင် (ခရင်)ပါတာက အကြည်ရည်ထက် သာတယ်။
ဖြစ်နိုင်သမျှ အစားအသောက်တွေ ထဲမယ် စားသုံးဆီ ထည့်ရပါမယ်။ သံလွင်ဆီ၊ အုန်းဆီ၊ ထောပတ်ဆီတို့က နေကြာစေ့ဆီ၊ ပဲဆီတို့ထက် သာတယ်။ သာတယ်ဆိုတာ (ကယ်လိုရီ) ပိုရတာကို ပြောတာပါ။
မဖြစ်မနေ စားရမှာက (ပရိုတင်း)ဓါတ်ပါ အစာတွေ ဖြစ်တယ်။ အသားမျိုးစုံ၊ ငါးမျိုးစုံ။ စားနိုင်တဲ့ အသား အမျိုးမျိုး အပြင် (ကယ်လိုရီ) များများပါတဲ့ ထောပတ်၊ ဒိန်၊ (အောလစ်ဖ်)ဆီ၊ (ခရင်မ်)ဆိုတာတွေ ထပ်ဖြည့်ပါ။ အသား မစားသူတွေလဲ ၀နိုင်တာပါ။ ကြွက်သားတွေ မာတင်းပြီး သန်ချင်ရင်တော့ အသားစားသူများက ပိုသာပါတယ်။
ရှောင်သင့်တာတွေကတော့ ကျန်းမာရေးနဲ့ မကိုက်တဲ့ trans fat တွေများတဲ့ (ပက်စထရီ)၊ ကိတ်၊ ကွတ်ကီး၊ ပြုပြင်ထားတဲ့ အသား-ငါး၊ (မာဂျရင်)၊ အလွယ် ၀ယ်ရတဲ့ အစားအစာတွေပါ။
စိတ်လှုပ်ရှားမှုတွေဟာ (ကလ်လိုရီ)အတော်ဖြုန်း ပစ်တယ်။ ဒါကြောင့် စိတ်အေးအေးထားနိုင်အောင် လွမ်းစရာ ၀တ္တုတွေ မဖတ်နဲ့။ ဟောလိဝုဒ်က သရဲကား၊ (အေလီယန်)ကား၊ (အက်ရှင်)ကားတွေ မကြည်နဲ့၊ ဇာတ် မနာနာအောင်ရိုက်ထားတဲ့ ကိုရီးယားကား၊ ကုလားကားတွေ မကြည့်နဲ့။
စားခိုင်းတာတော့ ဟုတ်ပါပြီ၊ စားချင်စိတ် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဗီတာမင် ဘီအုပ်စု စားဆေး၊ သောက်ဆေး၊ ထိုးဆေးတွေက အထောက်အပံ့ ပြုပါမယ်။ Cyproheptadine (Cypon) ဆိုတဲ့ဆေးက (အလာဂျီ) စတာတွေအတွက် ဆေးဖြစ်ပေမယ့် anorexia nervosa ခေါ်တဲ့ စားချင်သောက်ချင်စိတ် နည်းနေသူတွေ အတွက်လဲ ပေးနိုင်ပါတယ်။ ကလေးတွေဟာ နည်းနည်း ဖြစ်လိုက်တာနဲ့ ကျသွား၊ ပိန်သွား ဖြစ်တတ်တယ်။ (Cypon) တိုက်ရင်လဲ ခဏနဲ့ ပြန်စားချင် လာကြတယ်။ နောက်တစ်ခုက အစပ်စားတဲ့လူ၊ (မဆလာ)ကြိုက်သူ၊ အချဉ် ပါမှ ဆိုသူတွေ ခံတွင်းတွေ့ရင် စားသာစားပါလေ။ အစပ်တို့၊ ဟင်းခပ် အမွှေးအကြိုင်တို့ ဆိုတာ စားချင်လာအောင်လုပ်ပေးတဲ့တန်ဖိုး ရှိတာတွေပါ။ တရုတ်နံနံ(ကြံမဆိုင်) ခတ် ထားတဲ့ ဟင်းချိုရည်က ပိုချိုသလို မဟုတ်လား။
ကိုယ်ခန္ဓာ ကြီးထွားစေတဲ့ ဟော်မုန်းဆိုတာ လူ့ဦးနှောက်ကနေ ထုတ်ပေးနေတယ်။ အလေးမသူများ ကြွက်သားတွေ သန်မာလာတာ သူ့အစွမ်းပါ။ သဘာဝ မဟုတ်ဘဲ အပို ဆောင်းချင်သူတွေ အတွက် (စတီရွိုက်)ဟော်မုန်းဆေးတွေလဲ ရှိနေပါတယ်။ Growth hormone (GH), Growth factors and Testosterone-based analogs ဆိုတာတွေပါ။ ဒီဆေးတွေကို အရွယ်လွန်သူ ယောက်ျားတွေအတွက်ရော အားကစားသမားများ အတွက်ရော သုံးနေကြပေမယ့် သန်လာ၊ ကြီးလာအောင် လုပ်တာက အဓိကပါ။ ဒါပေမဲ့ ဟော်မုန်းဆိုတာ အစွမ်းကြီးပေမဲ့ သတိကြီးကြီးထား သုံးရတာမျိုး ဖြစ်ပါတယ်။
ချုပ်လိုက်ရင် ရောဂါကင်းရှင်း၊ ထမင်းဟင်း များများ၊ ဆေးဝါးလဲ စား၊ အလေးလဲ မ,ပါ ခင်ဗျား။
ဆူမိုနည်း ကျန်သွားတာ ထပ်ဖြည့်ပါရစေ။
ဆူမို နပမ်းသမား နည်းက (ကယ်လိုရီ)များတဲ့ အစာတွေ စား၊ အဆီ မများစေနဲ့။ (အင်စူလင်)ဆိုတဲ့ သကြားဓါတ် ထိန်းတဲ့ ဟော်မုန်းကို ဆွပေးစေတယ်။ (ကယ်လိုရီ) များရင် သိမ်းထားတဲ့ အဆီကို ထုတ်သုံးစရာ မလိုတော့ဘူး။ တစ်ခါတည်း များများ စားနိုင်အောင် တချို့ မနက် စောစောစာ မစားဘဲ နေတယ်။ ဆူမို နပမ်း သမားတွေ တစ်နေ့ကို (ကယ်လိုရီ) ၆၀၀၀ ကနေ ၂၀၀၀၀ အထိ စားသတဲ့။ သူလို ကိုယ်လိုတွေက တစ်နေ့မှ ၂၀၀၀-၃၀၀၀ သာ စားတယ်။ အရက် (ဘီယာ)လဲ သောက်ပါတဲ့။ တစ်ထိုင်ထဲ ဘီယာဗူး ၁၀၀ ကုန်သူဆိုတာ ရှိဆိုပဲ။ လေ့ကျင့်ခန်း ပို ပြင်းပြင်းထန်ထန် နေ့တိုင်း လုပ်တာကြောင့် အစားစားချင်စိတ်တွေ ပိုလာတယ်။
ကနေ့ ကျန်းမာရေးသတင်း အသစ်စက်စက် တစ်ခုက မျောက်တွေကို စုထားပြီး စမ်းတဲ့အခါ အကောင်ကြီးသူတွေက နိုင်ချင်လို့ စိတ်ညစ်တဲ့ မျောက်တွေမှာ အဆီစုပြီး ၀မ်းခေါင်းကျယ်လာသတဲ့။ ကောက်ချက်ဆွဲရင် လူမှု စိတ်ဒုက္ခတွေကြောင့် ၀စေတယ် ဆိုပဲ။ နိုင်လိုမင်းထက် အနှိပ်စက် ခံနေရသူများ အတော်ဘဲပေါ့။
Dr. တင့်ဆွေ
12 comments:
  1. ၀ တာကိုလဲ ပိန်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာလေး ရေးပါအုံးလား ဆရာရေ။ ကျေးဇူးတင်ပါတယ်
    ReplyDelete
  2. ကျေးဇူးတင်ပါတယ် ဆရာရယ်။
    သိပေမယ့်လည်း ကြိုးစားလို့မအောင်မြင်နိုင်သေးတော့ ခက်သားလား။ :P
    ReplyDelete
  3. ဟူး ... လွမ်းနေမှတော့ ဘယ်လိုလာပြီး ဝတော့မလဲဗျာ။ :P ကောင်မလေးနဲ့ မြန်မြန်ယူမှ ပါလေ...
    ReplyDelete
  4. မေးခွန်းတွေ ဖြေပေးတဲ့အတွက်ရော၊ အသစ်တင်ပေးတဲ့ အတွက်ပါ ကျေးဇူးတင်ပါတယ် ဆရာ။
    ကျွန်မရဲ့ မာတိကာ တင်ထားတဲ့ စာမျက်နှာလေးက ပြဿနာ ရှိနေလို့ မာတိကာတွေကို update မလုပ်နိုင်သေးတာ ခွင့်လွှတ်ပါ။
    ReplyDelete
  5. အဟီး မပိန်ရင် နေပါစေ ၀တော့ ထပ်ပြီးတော့ ထပ်မ၀ချင်တော့ဘူး။ အလိုလိုနေရင်းတောင် ၀လာလို့
    ReplyDelete
  6. (ကွန်မင့်)တွေကို အခုမှဖတ်ဖြစ်တာ တောင်းပန်ရဦးမယ်။ ခရီးထွက်နေရလို့ပါ။ ခရီးထွက်တယ်ဆိုတော့ သိတဲ့အတိုင်း အပြင်စာ ခေါ်တဲ့ ဟော်တယ်စာတွေ စားရတာပေါ့။ ကျွန်တော့်အတွက်က ဒုက္ခတမျိုးဗျ။ အစားအစာမှာ ဇီဇာကြောင်လို့။ ခရီးတခေါက်ထွက်ရင် တခါတလေကြ အလေးချိန် တိုးလာတတ်ပြီး၊ တခါတလေ ပိန်သွားတယ်။
    (ကွန်မင့်)တွေဖတ်ရတာ ပြုံးရတယ်ဗျို့။ ယူစရာရှိရင် ယူလိုက်ဗျာ။ ယူလိုက်မှ ၀တာလဲရှိသေးတယ်နော်။
    ReplyDelete
  7. ဆ၇ာကျွန်တော်အခုလက်၇ှိcyprotoneအားဆေးသောက်တယ်ဆ၇ာ ကောင်းမကောင်းပြောပါဆ၇ာကျွန်တော်အသက်က(၂၅)နှစ်ပါဝိတ်ကစားတာ၅လလောက်ရှိပါပြီဆေးကဆိုးကျိုး၇ှိမရှိသိချင်ပါတယ်
    ReplyDelete
  8. ဆရာစာဖတ်ရတာရယ်လဲရယ်ရတယ်။ဗဟုသုတလဲရတယ်။
    ကျွန်မကပိန်ချင်းတယ်ဆိုတော့ပြောင်ပြန်လုပ်လိုက်မယ်
    ဆရာ။ဆရာကျန်းမာပါစေ။
    ReplyDelete
  9. To aung said...
    Cyproterone ဆိုတာ Cyproterone acetate, Androcur, Cyprostat, Cyproteron, Procur, Cyprone, Cyprohexal, Ciproterona, Cyproteronum, Neoproxil, Siterone လို့ခေါ်တဲ့ Antiandrogen ဆေးဖြစ်တယ်။ Testosterone ခေါ်တဲ့ ကျားဟော်မုန်းရဲ့ အလုပ်တွေကို ဆန့်ကျင်စေတယ်။
    ဒီဆေးကို အဓိကသုံးတာက Prostate cancer ကျားဆီးကြိတ်-ကင်ဆာ၊ Benign prostatic hyperplasia ကျားဆီးကြိတ် ကြီးရောဂါ၊ Priapism ယောက်ျားလိင်တံ ဒါမှမဟုတ် မိန်းမ အစိ သန်မာနေတာ ပြန်မလျှော့နိုင်တဲ့ ရောဂါ၊ Hypersexuality လိင်စိတ် ကဲလွန်းနေတာတွေမှာ ဖြစ်တယ်။ Hirsutism ခေါ်တဲ့ Male-to-female transsexual people ယောက်ျားကနေ မိန်းမဘ၀ ပြောင်းစေတဲ့နေရာမှာလဲ သုံးပါတယ်။ Precocious puberty ခေါ်တဲ့ အသက်ငယ် လွန်းချိန်မှာ အရွယ်ရောက်လာသူတွေအတွက်လဲ Leuprolide ဆေးမပေါ်ခင် အရင်က သုံးခဲ့တယ်။
    ဘေးထွက် ဆိုးကျိုးတွေ ရှိပါတယ်။ အသဲကို ထိခိုက်စေတယ်။ ကိုယ်ဝန်တားဆေးထဲမှာ ပါသလောက် နဲနဲပေးတာ တော်သေးတယ်။ ဆီးချိုရှိနေရင် ဂရုစိုက်ရမယ်။ Hyperkalemia ပိုတက်ဆီယမ်ဓါတ်နည်းစေတယ်။ တချို့မှာ Depressive mood စိတ်ကျတာ ဖြစ်တတ်တယ်။ တချို့ပြောင်းပြန်ဖြစ်သေးတယ်။ သူ့ကြောင့် Estrogen မ-ဟော်မုန်း နည်းစေတယ်။ ကြာရင် Osteoporosis အရိုးအားနည်းစေမယ်။ ဒီဆေး ပေးနေတာကို ယုတ်တရက် ရပ်လိုက်ရင်လဲ တမျိုးတမည်တွေ လာဖြစ်အုံးမယ်။ ကိုယ်ဝန်ရှိနေသူကို မပေးပါ။ ယောက်ျားတွေမှာသုံးရင် Gynecomastia ရင်သားတွေ ထွားလာမယ်။ Galactorrhea နို့ရည်တောင်ထွက်တတ်သေးတယ်။ Erectile dysfunction ပန်းညှိုးတာလည်း ဖြစ်တတ်တယ်။
    ReplyDelete
  10. To hone said...
    ဒီမှာ တင်ပြီးသလားတော့ မမှတ်မိဘူး။
    Weight loss ပိန်ချင်သလား ဆိုတာ ဖတ်ပါလား။ စိတ်မပိန်စေပါ။ လူသာပိန်ပါမယ်။
    ReplyDelete
  11. This comment has been removed by the author.
    ReplyDelete
  12. This comment has been removed by the author.
    ReplyDelete