Tuesday, September 30, 2008
Monday, September 29, 2008
Smoking and Heart
သာမန် စာဖတ် သူတွေကတော့ ဆေးလိပ်နဲ့ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါတွေ ဆက်နွယ်နေ တယ် ဆိုတဲ့ အကြောင်း သိပြီး ကြမှာပါ။ နှလုံး ကျန်းမာရေးနဲ့ ပက်သက်ရင်တော့ သိတဲ့သူ နည်းပါ လိမ့်မယ် ငယ်ငယ်က မြန်မာ့ ရုပ်မြင်သံကြား မှာ ပညာပေး ဇာတ်လမ်းတိုလေး ကြည့်ဖူး ပါတယ်။ ကျန်းမာရေး ၀န်ကြီး ဌာနကတော့နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ပညာပေး နေတာပါပဲ။
နှလုံးရောဂါ တွေဖြစ်စေနိုင်တဲ့ အခြေခံ အကြောင်း အရင်းတွေထဲ မှာ ဆေးလိပ် သောက်ခြင်းက အဓိက အချက် တစ်ချက် ဖြစ်ပါတယ်။ နေ့စဉ် ဆေးလိပ် ဘယ်နှစ်လိပ် သောက်တယ် ဆိုတဲ့အချက် က နှလုံးရောဂါ ဖြစ်ပွား မှု အပေါ်မှာ တိုက်ရိုက် အကျိုး သက်ရောက် ပါတယ်။ များများ သောက်လေ ဖြစ်ဖို့ အလားအလာ ပိုများ လေပါပဲ။ နေ့စဉ် ဆေးလိပ် တစ်ဘူး ကုန်အောင် သောက်တဲ့ သူဟာ ဆေးလိပ် လုံးဝ မသောက်တဲ့ သူနဲ့ စာရင် နှလုံး ရောဂါ ဖြစ်နိုင်ခြေ (၂) ဆ ပိုများ ပါတယ် ဆေးလိပ်လည်း သောက်တယ် သန္ဓေ တားဆေး တွေလည်း သုံးစွဲတယ် ဆိုတဲ့ အမျိုးသမီး တွေ အတွက်တော့ ဖြစ်နိုင်ခြေပို များပါတယ်။
ဆေးလိပ် သောက်တယ် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တဆင့်ခံ ဆေးလိပ်သောက်ခြင်း (secondhand smoke) လည်း ပါဝင် ပါတယ်။ နှစ်စဉ် နှလုံးရောဂါကြောင့် သေဆုံးသူ ၃၅၀၀၀ ခန့်ဟာ ဒီလို တဆင့်ခံ ဆေးလိပ်သောက်ခြင်း နှင့် တိုက်ရိုက် ဆက်စပ် နေတယ်လို့ ဆိုပါတယ်။
ဆေးလိပ် နှင့် နှလုံးရောဂါ ဘယ်လို ဆက်စပ် နေသလဲ ?
ဆေးလိပ်မှာ အဓိကပါဝင်တဲ့ နီကိုတင်းဓါတ်က
- နှလုံး အတွက် လိုအပ်တဲ့ အောက်ဆီဂျင် ရရှိမှု ကို နည်းပါးစေ ပါတယ်။
- သွေးဖိအားကို များစေပြီး နှလုံးခုံနှုန်းကို မြန်စေပါတယ်။
- သွေးခဲအောင် အားပေး ပါတယ်။
- နှလုံး သွေးကြော အပါအ၀င် သွေးကြောအားလုံး၏ နံရံမှ ဆဲလ်များကို ထိခိုက် ပျက်စီး စေပါတယ်။
ဆေးလိပ်ဖြတ်ခြင်း၏ အကျိုးကျေးဇူးများ
- အသက်ကို ရှည်စေပါတယ်။
- နှလုံးရောဂါ၊ သွေးတိုးရောဂါ နှင့် ကင်ဆာရောဂါ များဖြစ်ပွားနိုင်ခြေ ကို လျော့နည်း စေပါတယ်။
- ချောင်းဆိုးခြင်း၊ လည်ချောင်း နာခြင်းများ ကင်ဝေးပြီး အမောအပန်း ခံနိုင်လာပါတယ်။
- အသား အရေ တွန့်ခြင်း၊ အရွယ်မတိုင်ခင် အိုမင်း ရင့်ရော်ခြင်း ကို ကာကွယ် ပေးပြီး နုပျိုစေပါတယ်။
- အရသာခံ ခြင်း၊ အနံ့ခံခြင်း စတဲ့ အာရုံများ ကို တိုးတက်စေပါတယ်။
- ငွေကြေး အကုန်အကျ သက်သာပါတယ်။
- ဆေးလိပ်ငွေ့ ကင်းစင်တဲ့ ပျော်စရာ မိသားစုလေး ကို ပိုင်ဆိုင်နိုင်ပါတယ်။
ဆေးလိပ် ဘယ်လို ဖြတ်ကြမလဲ ?
ဆေးလိပ် မကောင်းကြောင်း လည်းပြောပြီးပြီ။ ဆေးလိပ်မသောက်ရင် ဘာတွေကောင်းမယ် ဆိုတာလည်း ပြောပြီးပြီ။ ဆေးလိပ်ဘယ်လို ဖြတ်ရမလဲ ဆိုတဲ့ မေးခွန်းတွေကို ခဏခဏ အမေးခံရ ဖူးပါတယ်။ ဆေးလိပ် ဖြတ်တယ်ဆိုတာ ဆရာ ပြောသလောက် မလွယ်ပါဘူး ဆိုတဲ့ သူတွေ လည်း ကြုံဖူးပါတယ်။ မလွယ်ဘူး ဆိုတာ ကိုယ်တိုင် မသောက်ပေမယ့် ရိပ်စား မိပါတယ်။ သို့ပေမယ့်လည်း မိမိ ကောင်းကျိုး၊ မိသားစု ကောင်းကျိုး ရှေ့ရှူပြီး ကြိုးစား သင့်ပါတယ်။
ဆေးလိပ်ဖြတ်မယ် လို့ ဆုံးဖြတ်တဲ့ အခါမှာ မိမိကိုယ်တိုင် က ပြတ်သားဖို့ လိုပါတယ်။ လိုလိုချင်ချင် ရှိရပါမယ်။ ရည်းစားက ဖြတ်ခိုင်းလို့ ဆိုတာထက် မိမိကိုယ်တိုင် မသောက်သင့် တော့ဘူး၊ ဖြတ်ကို ဖြတ်ရမယ် ဆိုတာမျိုး ဖြစ်သင့် ပါတယ်။ ပထမဆုံး လုပ်ရမှာ က ဆေးလိပ် ဖြတ်မယ့်နေ့ကို ရွေးရပါမယ်။ ဒီနေ့ ဖြတ်ရမယ်လို့ မဆိုလို ပါဘူး။ ဥပမာ အောက်တိုဘာ ၁၅ ရက်နေ့ ဆေးလိပ်ဖြတ်မည် ဆိုတာမျိုးပေါ့။ ရက်ရွေးပြီးရင် တိတိကျကျ လုပ်ရ ပါမယ်။ ဘာအကြောင်းနဲ့ မှ ရက် နောက်ဆုတ် သွားတာမျိုး မဖြစ်သင့် ပါဘူး။
- ဘာကြောင့် ဆေးလိပ်ဖြတ်ဖို့ ရွေးချယ်ခဲ့တယ် ဆိုတာ ရေးသားပြီး နေ့စဉ် ပြန်ပြန် ဖတ်ပါ။ ဥပမာ ဆေးလိပ်ရဲ့ ဆိုးကျိုး တွေကို ရေးချပြီး နေ့စဉ် ပြန် သတိရအောင် ဖတ်ပါ။
- ဘာလို့ အချိန်တွေ မှာဆေးလိပ် သောက်တယ်၊ ဘာကြောင့် ဆေး လိပ်သောက်တယ်၊ ဆေးလိပ် သောက်တဲ့ အချိန်တွေမှာ ဘာတွေ လုပ်နေတယ် ဆိုတာကို စာရွက်နဲ့ ရေးချပြီး မိမိ ဆေးလိပ် သောက်ရ ခြင်း အကြောင်းအရင်း ကို ဆန်းစစ်ပါ။
- လုံးဝ အပြီးအပိုင် မဖြတ်ခင် သောက်နေကျ အချိန်တွေမှာ မသောက်ဘဲ နေကြည့်ပါ။ ဥပမာ အလုပ်နားချိန်၊ ညစာ စားပြီချိန်။
- ဆေးလိပ် သောက်ချင် စိတ်ပေးလာရင် တစ်ခုခုလုပ်ဖို့ စာရင်း ပြုစုထားပါ၊ ဥပမာ ပီကေ၀ါးမယ်။ ရေကူးမယ်။
- Chantix and Wellbutrin ကဲ့သို့ဆေးလိပ် ဖြတ်ဆေးများ၊ နစ်ကိုတင်း Gum များ ကိုလည်းသုံးစွဲနိုင်ပါတယ် နီးစပ်ရာ ဆရာဝန် နှင့် တိုင်ပင် သုံးစွဲ ရပါမယ်။
အနောက် နိုင်ငံတွေ မှာတော့ ဆေးလိပ် ဖြတ်သူတွေ စုစည်း ထားတဲ့ အသင်းအဖွဲ့ တွေရှိပါတယ်။ အတွေ့အကြုံ ဖလှယ်ခြင်း အကြံဉာဏ် ရယူခြင်းများ ဖြင့် အကျိုး ရှိစေ ပါတယ်။
ဆေးလိပ် ဖြတ်ပြီ ဆိုတာနဲ့ နောက်အရေး ကြီးတဲ့အချက် က ပြန်မသောက် ဖြစ်အောင် ထိန်းနိုင်ဖို့ လိုပါတယ်။ ဒီအတွက် အောက်ပါ အချက်လေး များကို ဂရုစိုက်ပြီးလိုက်နာသင့်ပါတယ်။
- ဆေးလိပ်၊ မီးခြစ်၊ ဆေးလိပ်ပြာခွက် စတာတွေကို လုံးဝ စွန့်ပစ်လိုက်ပါ။
- အနီး ပတ်ဝန်းကျင်မှာ ဆေးလိပ် မသောက်ဖို့ သူငယ်ချင်းတွေ ကို ပြောပါ။ တားမြစ်ပါ။
- ဆေးလိပ်ကို သတိရတိုင်း မိမိ ကျန်မာရေး ကောင်းမွန် လာမှာကို တွေးပြီး ဖြေသိမ့်ပါ။
- ဆေးလိပ် သောက်ချင်စိတ် ဖြစ် လာတဲ့အခါ အသက်ပြင်းပြင်း ရှူပြီး(၁၀) စက္ကန့်ခန့် အောင့်ထားပါ။ ဖြေးညှင်းစွာ ရှူထုတ်ပါ။ ဆေးလိပ် သောက်ချင်စိတ် ပျောက်တဲ့ အထိ အကြိမ်ကြိမ် ပြန်လုပ်ပါ။
- လက်ကို မအားအောင် တစ်ခုခု လုပ်နေပါ။ ဥပမာ … ခဲတံဖြင့် ကစားနေပါ။
- ဆေးလိပ်နဲ့ ပက်သက် နေတဲ့ မိမိရဲ့ လူနေမှု ပုံစံကိုပြင်ပါ။ လမ်းလျှောက်၊ ရေကူး လေ့ကျင့်ခန်းများ လုပ်ပါ။
- ပီကယ် ၀ါးပါ။ ဆေးလိပ် အစားထိုး အစားအစာကို သတိထား ရွေးချယ်ပါ။ သကြားဓါတ် မများပါစေနှင့်။
- ရေများများ သောက်ပါ။ အရက်နှင့် ကဖင်းဓါတ် ပါသော အချိုရည်များကိုရှောင်ပါ။
ဆေးလိပ်ဖြတ် လက္ခဏာများ
ဆေးလိပ်မှာ ပါတဲ နစ်ကိုတင်း ဓါတ်ကြောင့် ဆေးလိပ် ဖြတ်စမှာ ခန္ဓာကိုယ် က ဆေးလိပ် တောင်းတတ် ပါတယ်။ ဂဏှာမငြိမ်ခြင်း၊ စိတ်တို လွယ်ခြင်း၊ ဗိုက်ဆာခြင်း၊ ခေါင်းကိုက်ခြင်း၊ ချွေးစေးများ ထွက်ခြင်း၊ အိပ်မပျော်ခြင်း စတဲ့ ဝေဒနာတွေ ကို ခံစား ရနိုင် ပါတယ်။ ဒီကာလမှာ တောင့်ခံနိုင်အောင် ကြိုးစား ရပါမယ်။ မိသားစုဝင် တွေ က လည်း စာနာ ဖေးမ ပြီး ကူညီ ပေးရ ပါမယ်။ ဒီလက္ခဏာတွေ ဟာ သာမန် အားဖြင့် (၂) ပတ် အတွင်း ပျောက်ကင်း သွားနိုင် ပါတယ်။ ဆေးလိပ် ဖြတ်တာ (၁၅) နှစ်ကြာပြီ ဆို ရင်တော့ နှလုံးရောဂါရ နိုင်ခြေ ဟာ သာမန်လူတွေနဲ့ အတူတူ ပြန်ဖြစ် သွားပါမယ်။
သင်ကိုယ်တိုင် နှင့် သင့် မိသားစုဝင် တွေ ဆေးလိပ် အန္တရာယ်မှ ကင်းဝေး နိုင်ကြပါစေ။
Sunday, September 28, 2008
Melamine found in sweets !!!



အောက်ဖေါ်ပြပါ သတင်း ဌာနများတွင် မူရင်း ဖတ်ရှု နိုင်ပါသည်။
BBC News
Yahoo News !
New Zealand Herald Newspaper
Dementia Syndrome (2)
တချို့ကျတော့လည်း ရောဂါကြောင့် မေ့လျော့ပြီး အထားမှားတာကို ကိုယ့်ဖာသာကိုယ် မမှတ်မိတော့ သူများ ခိုးတယ် ထင်ပြီး မိသားစုဝင် သို့မဟုတ် တခြားလူတွေကို စွပ်စွဲတာမျိုး ဖြစ်တတ်ပါသေးတယ်။ ဆရာဝန်ကို ပြကြည့်သင့်ပါတယ်။ ဆေးနဲ့ ကုဖို့ လို၊မလို ဆုံးဖြတ်ရအောင်ပါ။ ဒါကို ရောဂါကြောင့် ဖြစ်တာပဲလို့ နားလည်ရင် မလိုအပ်တဲ့ ဒေါသ၊ စိတ်ပူပန်ခြင်းတွေ အထိုက်အလျောက် သက်သာပါလိမ့်မယ်။ ကိုယ့်ဖက်က တတ်နိုင်သလောက် ရှင်းအောင် ထားရင်၊ နေရင် အများအမြင်မှာလည်း သံသယ ကင်း၊ ကိုယ်လည်း စိတ်ပေါ့ပါးတာပေါ့။
ရောဂါမှန်း မသိခဲ့ရင် အထက်ပါ လက္ခဏာတွေဟာ လူနာအတွက်ရော၊ မိသားစုအတွက်ပါ ကြောက်စရာ ဖြစ်ပါတယ်။ အယူသည်းတဲ့ ယဉ်ကျေးမှု ရှိတဲ့အရပ်မှာဆိုရင် ဒါကို အပမှီတယ်၊ ပယောဂ၀င်တယ်လို့တောင် ပြောကောင်းပြောမယ် ထင်ပါတယ်။ အမှန်က ဦးနှောက်တွင်း ဓာတ်သဘာဝတွေ ဖောက်ပြန်လို့ ဖြစ်ရတာပါ။ သူငယ်ပြန်ရောဂါသက်သက်ကို ပျောက်အောင် မကုနိုင်သေးပေမယ့် ဒီလို တွဲဖက်လက္ခဏာတွေကိုတော့ ဆေးကုလို့ ရပါတယ်။ Symptomatic treatment ပေါ့။ ရလဒ်ကောင်းပါတယ်။
ဦးနှောက်တွင်း ရောဂါဇစ်မြစ်ပေါ် မူတည်လို့ သူငယ်ပြန်ရောဂါ အမျိုးမျိုး ရှိတဲ့အထဲမှာ အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ တစ်ခုတည်းပဲ သူ့ရောဂါ သက်သက်ကို ကုတဲ့ဆေး ရှိပါသေးတယ်။ နှစ်မျိုးရောတဲ့ သူငယ်ပြန်ရောဂါဆိုရင်လည်း အယ်လ်ဇိုင်းမားရောဂါဆေးတွေ သုံးကြည့်လို့ ရပါတယ်။ ထိရောက်မှုကတော့ အယ်လ်ဇိုင်းမားရောဂါသက်သက် ဖြစ်သူနဲ့စာရင် ကွာဟလျော့နည်းနိုင်ပါတယ်။ ကျန်တာကတော့ ဆိုင်ရာဆိုင်ရာကို ကုရပါတယ်။ လေဖြတ်ရောဂါကြောင့် ဖြစ်တဲ့ သူငယ်ပြန်ရောဂါဆိုရင် နောက်ထပ် လေမဖြတ်အောင် သွေးတိုး၊ ဆီးချိုကို သေချာကု၊ သွေးခဲကြောင့် ဖြစ်တဲ့ လေဖြတ်ရောဂါဆိုရင် သွေးကျဲဆေး ပေး၊ အရက်ကြောင့် ဖြစ်တဲ့ သူငယ်ပြန်ရောဂါဆိုရင် အရက်ကို ဖြတ် စသည်ဖြင့်ပေါ့။
လောလောဆယ် သုံးခွင့်လိုင်စင်ရထားတဲ့ အယ်လ်ဇိုင်းမားရောဂါဆေးတွေထဲမှာ Memantine ကတော့ ရောဂါလမ်းကြောင်းကို ပြောင်းလဲစေတဲ့ ဆေးမျိုး (Disease-modifying agent) လို့ ခေါ်ရင် ရပါတယ်။ တခြားဆေးတွေနဲ့ စာရင် ပေါ်တာ အရမ်းကြီး မကြာသေးလို့ ရေရှည်သုတေသနနဲ့ လက်တွေ့ကု ရလဒ်အဖြေတွေ နောက်ထပ် လိုပါသေးတယ်။ အရှင်းပျောက်စေတဲ့ဆေးတော့ မဟုတ်ပါဘူး။
ကျန်တဲ့ အယ်လ်ဇိုင်းမားရောဂါဆေး Choline Esterase Inhibitors (Donepezil, Galantamine, Rivastigmine) တွေဟာ ရောဂါလမ်းကြောင်းကို ပြောင်းလဲစေတဲ့ ဆေးမျိုး (Disease-modifying agents) မဟုတ်ကြပါဘူး။ ရောဂါလက္ခဏာကို ခဏထိန်းထားတဲ့ သဘောပဲ ရှိပါတယ်။ အကြမ်းအားဖြင့် လူနာသုံးယောက်မှာ နှစ်ယောက် ရလဒ်ကောင်း ရတတ်ပါတယ်။ ဒါကလည်း အချိန်အတိုင်းအတာ တစ်ခုအထိပါ။ ဆေးရဲ့အစွမ်းကို ရောဂါရှေ့တိုးနှုန်းက အနိုင်ယူသွားတဲ့ တစ်ချိန်မှာတော့ ဆေးမတိုးတော့ပါဘူး။ ဒါကို ဆရာဝန်က ဆေးစညွှန်းကတည်းက လူနာနဲ့ လူနာရှင်ကို ပွင့်ပွင့်လင်းလင်း ပြောထားရပါတယ်။ နောက်မှ စိတ်အနှောက်အယှက်ဖြစ်၊ နားလည်မှုလွဲ၊ မကျေနပ်တာတွေ မဖြစ်ရအောင်ပါပဲ။ ဒါကို လူနာနဲ့ လူနာရှင်အားလုံးက လိုလားလက်ခံပါတယ်။ ဒီလို သိရတာဟာ သူတို့ရဲ့ ဆေးအပေါ် ဆုံးဖြတ်ချက်အတွက်လည်း အထောက်အကူ ရတာပေါ့။
တွဲဖက်လက္ခဏာတွေ (co-existing symptoms) ကိုတော့ သက်ဆိုင်ရာဆေးတွေ { ဥပမာ စိတ်ဓာတ်ကျရောဂါ တန်ပြန်ဆေး (anti-depressants) စိတ်ငြိမ်ဆေး (anxiolytics) အမှန်နှင့် ကင်းကွာခြင်းကို တန်ပြန်ဆေး (anti-psychotics)}နဲ့ ကုနိုင်ပါတယ်။ ကုချင်တဲ့ လက္ခဏာ သတ်သတ်မှတ်မှတ် ထားပြီး သေသေချာချာ စောင့်ကြည့်ကုသနိုင်ပါတယ်။ မလိုအပ်ပဲ ဆေးတွေ အများကြီး ပေးထားတာမျိုး ရှောင်ရပါမယ်။
ဆေးမဟုတ်တဲ့ အခြားကုထုံးများလည်း ရှိပါတယ်။ လူနာကို လက်ရှိ အချိန်၊ ပတ်ဝန်းကျင်နဲ့ ပြန်ဆက်စပ်ပေးတဲ့ Reality Orientation Therapy, ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြော၊ ဓာတ်ပုံဟောင်းတွေ ပြန်ကြည့်ရင်း မှတ်ဥာဏ်ကို နှိုးဆွပေးတဲ့ Reminiscence Therapy, အမွှေးနံ့အမျိုးမျိုးကို သုံးပြီး စိတ်ရောကိုယ်ပါ တင်းကြပ်နေတာကို ဖြေလျှော့ပေးတဲ့ Aroma Therapy, စသည်တို့ကိုလည်း သုံးနိုင်ပါတယ်။ ဒါတွေ လုပ်တတ်တဲ့ သူနာပြုတို့ Occupational Therapist တို့တော့ လိုတာပေါ့။ ဒီကုထုံးတွေက သုတေသန အထောက်အထား အကြီးစား မရှိသေးပါဘူး။ အသေးစား လေ့လာချက်တွေမှာတော့ ရလဒ် ကောင်းကြပါတယ်။ ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားလည်း မရှိပါဘူး။
သူငယ်ပြန်ရောဂါကို ကြိုတင်ကာကွယ်နည်းတော့ မတွေ့သေးပါဘူး။ ကျန်းမာရေးဆိုင်ရာ ယေဘူယျ ကောင်းချက်၊ဆိုးချက်တွေ အတိုင်းပဲလို့သာ ဆိုပါရစေ။ အရက်က ဦးနှောက်အတွက် အဆိပ်မို့ ရှောင်နိုင်ရင် ကောင်းပါတယ်။ အကိုက်အခဲပျောက်ဆေးတစ်မျိုး (NSAIDs) အမျိုးသမီး ဟော်မုန်း (Oestrogen) အပင်ထွက် ဆေးတစ်မျိုး (Gingko biloba) နဲ့ Vitamin E & C တို့ဟာ သူငယ်ပြန်ရောဂါ ဖြစ်နှုန်းနည်းစေတယ်လို့ ကနဦးတွေ့ရှိချက်တွေ ရှိထားပါတယ်။ သူတို့မှာလည်း ဘေးထွက်ဆိုးကျိုးတွေနဲ့ပါ။ သိပ္ပံနည်းကျ တိုက်ရိုက် ဖြစ်စေမှုကို အတည်မပြုရသေးလို့ လက်တည့်မစမ်းသင့်ပါဘူး။
အိမ်သား မိသားစုဝင်အနေနဲ့ ဘာလုပ်ပေးနိုင်သလဲဆိုရင် မေ့တတ်တာလေးကို ခဏခဏ မဝေဖန်မိ၊ မပြင်မိဖို့ သတိထားပါ။ မဟုတ်ရင် လူနာ စိတ်ရင်လည်းတို ဒါမှမဟုတ် စိတ်ထိခိုက်၊ စိတ်ဓာတ်ကျစေနိုင်လို့ပါပဲ။ ကိုယ်ဆိုရင်ကော အဲလို တစ်ချိန်လုံး လိုက်ပြော၊ လိုက်ပြင်နေတာ ခံချင်မလား ကိုယ်ချင်းစာကြည့်ပေါ့။ စကားပြောရင်လည်း ရှင်းရှင်းလင်းလင်း တစ်ချိန်မှာ တစ်ခု ပြောပါ။ အများကြီး တစ်ပြိုင်နက် ပြောရင် လူနာအတွက် အင်မတန် ရှုပ်ထွေး၊ လိုက်မမီ၊ စိတ်ညစ်စရာ ဖြစ်စေပါတယ်။ လူနာက နေ့တွေရက်တွေ ရောထွေးမှားယွင်းတတ်ရင် အိမ်ရှေ့မှာ ဒီနေ့ ဘယ်ရက်ဘယ်နေ့ဆိုတာ ရေးထားတဲ့ သင်ပုန်း သို့မဟုတ် ပြက္ခဒိန် တစ်ခု ထားပေးလိုက်ပါ။ မေ့တတ်ရင် စာရင်းစာအုပ်ထား၊ စာရင်းရေးတဲ့ အကျင့်လေးနဲ့ ကူပေးနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ လူနာရဲ့ ပတ်ဝန်းကျင်မှာ အသစ်တွေ သိပ်မလုပ်မပြောင်းမိပါစေနဲ့။ လုပ်နေကျ ကိစ္စ၊ နေနေကျ ပတ်ဝန်းကျင်က သူတို့အတွက် ယဉ်ပါးပြီးသား၊ အရင်ကတည်းက မှတ်မိပြီးသားမို့ အကောင်းဆုံးပါ။ သူတို့ လုပ်နိုင်တာလေးတွေ ဆက်လုပ်နေတာ လူနာရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာရေးအတွက် ကောင်းပါတယ်။ မီးဖို သုံးတဲ့အခါမျိုးမှာတော့ အန္တရာယ် မဖြစ်အောင် စောင့်ကြည့်ပေးရမှာပေါ့။
သူငယ်ပြန်ရောဂါရှိသူ လူနာဟာ ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်စွမ်း နည်းလာတတ်လို့ မိသားစုက သတိပေး ပြုစုရပါမယ်။ မဟုတ်ရင် အစားအသောက် မမှန်လို့ အာဟာရချို့တဲ့တာ၊ ခန္ဓာကိုယ်တွင်း ရေခမ်းခြောက်တာတို့ ဖြစ်ရင် အန္တရာယ် ဖြစ်နိုင်လို့ပါ။ တစ်ကိုယ်ရေ သန့်ရှင်းရေးလည်း ကျဆင်းလာတတ်ပါတယ်။ ချော့မော့ပြီး လိုတာလေး လုပ်ပေးရင်တော့ လက်ခံကြတာ များပါတယ်။ ပြုစုသူ စိတ်ရှည်ဖို့ လိုပါတယ်။
သူငယ်ပြန်ရောဂါဟာ ဆုံးဖြတ်ချင့်ချိန်မှု (judgement) ကို ထိခိုက်လို့ ကားမောင်းရင် အန္တရာယ် ဖြစ်နိုင်ပါတယ်။ ရောဂါ ဖြစ်တာနဲ့ ကားမောင်းရပ်ဖို့ မလိုပေမယ့် တစ်ချိန်ချိန်မှာတော့ ရပ်ရမှာပါပဲ။ ကားကိုယ်တိုင် မမောင်းကြတဲ့ မြန်မာနိုင်ငံမှာ ဒါဟာ ပြဿနာ သိပ်မဟုတ်လှပေမယ့်၊ အနောက်တိုင်းမှာတော့ လူနာရဲ့ ခြေထောက်ကို ရိုက်ချိုးသလိုမို့ တော်တော် ထိခိုက်ပါတယ်။ လူနာတွေ သိပ်ညည်းတဲ့ ရောဂါရဲ့ နေ့စဉ်ဘ၀အပေါ် သက်ရောက်မှုပါ။ လူနာ ကားဆက်မောင်း၊ မမောင်းကို ဆရာဝန်က မဆုံးဖြတ်ပါဘူး။ ယာဉ်နှင့် ယာဉ်မောင်းလိုင်စင် ကြီးကြပ်ရေးအဖွဲ့ကို လူနာ သို့မဟုတ် လူနာရှင်က ကိုယ့်တာဝန်ကိုယ် ယူပြီး အကြောင်းကြားရတာပါ။ ဆရာဝန်က သတိပေးလျက်နဲ့ ဒီလို အကြောင်းကြားဖို့ ဆက်တိုက် ပျက်ကွက်ရင်တော့ နောက်ဆုံး ဆရာဝန်ကပဲ အကြောင်းကြားရပါတယ်။ ကျန်တာကိုတော့ အဲဒီအဖွဲ့က စစ်ဆေးဆုံးဖြတ်ပါတယ်။
သူငယ်ပြန်ရောဂါ ရင့်လာတဲ့အခါ လူတွေကို မှတ်မိနိုင်တဲ့ အရည်အသွေးပါ ထိခိုက်လာပါတယ်။ မိသားစုဝင်တွေကိုတောင် မမှတ်မိတော့လို့ စိတ်ထိခိုက်ကြေကွဲကြတာ မကြာခဏ ကြုံရတတ်ပါတယ်။ တချို့ဆိုလည်း အိမ်ထောင်ဖက်ကို မမှတ်မိတော့လို့ ရိုက်ပုတ်တာမျိုး၊ အိမ်က မောင်းထုတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဆေးနဲ့ ထိန်းလို့ ရတတ်ပါတယ်။ ဆေးရဲ့ ဆိုးကျိုး side effects တွေနဲ့တော့ ချင့်ချိန်ရပါတယ်။
ရောဂါနှောင်းပိုင်းမှာ လူနာဟာ သူများအပေါ် မှီခိုမှု လုံးလုံးလျားလျား ဖြစ်နေပါပြီ။ စားတာ၊ သောက်တာ၊ သန့်စင်တာ၊ အ၀တ်လဲတာ၊ အိပ်ရာဝင် အိပ်ရာထ အားလုံး သူများက လုပ်ပေးရတဲ့ အဆင့်ပေါ့။ အိမ်သားတွေ မတတ်နိုင်တော့တာ များပါတယ်။ သူနာပြု ဘိုးဘွားရိပ်သာကို ပို့ရတဲ့ အခြေအနေပါ။ မိသားစုတော်တော်များများ စိတ်ထိခိုက်စွာ ဆုံးဖြတ်ချက် ချရတဲ့ အချိန်ပါပဲ။ အိမ်ထောင်ဖက် ရှိသေးတယ် ဆိုရင် တော်တော် သနားစရာကောင်းတဲ့ အခိုက်အတန့်ပါ။
သူငယ်ပြန်ရောဂါကို အထူးကုများ (Neurologists, Geriatricians, Old Age Psychiatrists) က ရောဂါရှာဖွေအတည်ပြုပေးနိုင်ပါတယ်။ လူနာကို ရောဂါအတည်ပြုခြင်း (Diagnosis) နဲ့ ရောဂါ ရှေ့အလားအလာအကြောင်း (Prognosis) ပြောမယ် မပြောဘူးဆိုတာ အမြင်ကွဲခဲ့ကြပါတယ်။ ရှေးဆန်တဲ့ ဆရာဝန်တစ်ချို့က လူနာကို ကာကွယ်လိုစိတ် (paternaltistic view) နဲ့ မပြောလိုကြပါဘူး။ ကုလို့လည်း မပျောက်တော့ လူနာ စိတ်ညစ်တာပဲ အဖတ်တင်မယ် ဘာညာပေါ့လေ။ ဒါပေမယ့် ဒီလို မပြောရင် လူနာကို ဒီရောဂါအတွက်ဆေး ဘယ်လို ပေးမလဲ။ တခြားအကြောင်းနဲ့ ညာပေးမလား။ ဒီိလို ဖုံးကွယ်ထိန်ချန်တာဟာ သမားဝိနည်းနဲ့ ညီရဲ့လား၊ လူနာအတွက် အကောင်းဆုံးအကျိုး (best interest) ဟုတ်ပါ့မလား ဆိုတဲ့ အမြင်တွေက နောက်ပိုင်းဆရာဝန် အများစုရဲ့ အတွေးနဲ့ ဆုံးဖြတ်ချက်ကို သက်ရောက်ပါတယ်။
လူနာတွေ အနေနဲ့ ရောဂါနုစဉ်မှာ ကြိုသိရင် ကြိုပြင်နိုင်တာတွေ ရှိတာပေါ့။ သူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း (Decision-making capacity) မရှိတော့တဲ့ အဆင့်ကို ရောက်တဲ့အခါ ဘယ်သူကဖြင့် ငွေကြေးကိစ္စ တာဝန်ယူနိုင်တယ်၊ ဘယ်သူကဖြင့် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် သူတို့ ကိုယ်စား ချနိုင်တယ် စသည်ဖြင့်ပေါ့။ ဘိုးဘွားရိပ်သာတွေ ဘာတွေလည်း ကြိုကြည့် အသိပေးထားကြပါတယ်။ များသောအားဖြင့်တော့ ဆရာဝန်က လူနာရဲ့ သဘောကို ပွင့်ပွင့်လင်းလင်း မေးပါတယ်။ သူ ဘယ်လောက် သိချင်သလဲ ဆိုတာပေါ် မူတည်ပြီး ပြောပြပါတယ်။ အများစုက အမှန်အတိုင်း သိချင်ကြလို့ အရှိအတိုင်း ပြောကြတာ များပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ဒီစာကို ဖတ်တဲ့ စာဖတ်ပရိသတ်များရဲ့ သဘောထားကို သိလိုပါတယ်။ အမည်ဖွင့်ဆိုစရာမလိုပဲ ဆန္ဒထုတ်ဖော် vote နိုင်အောင် စာရေးသူရဲ့ ကိုယ်ပိုင်ဘလော့ဂ်မှာ စီစဉ်ထားပါတယ်။ အချိန်လေး ပေးပြီး ဖြေပေးသွားမယ်ဆိုရင် ကျေးဇူးတင်ပါတယ်။ Comment မှာ ပွင့်ပွင့်လင်းလင်း ရေးချင်ရင်လည်း နှစ်မျိုးစလုံးသာ လုပ်သွားပါ။ ပါဝင်ဆွေးနွေးမှုကို ၀မ်းမြောက် ကြိုဆိုပါတယ်။
မြန်မာ လူမျိုးအပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။
Friday, September 26, 2008
Influenza
မြန်မာနိုင်ငံမှာ တုပ်ကွေး ရောဂါဟာ ပြီးခဲ့တဲ့ လ ကထဲက အခုထိ ဖြစ်ပွားဆဲ ရောဂါ တစ်ခု ပါပဲ ...
တုပ်ကွေး ရောဂါဟာ influenza virus ပိုး ကြောင့်ဖြစ်ပြီး A,B,C ဆိုပြီး virus အမျိုးအစား (၃) မျိုး ရှိပါတယ်။ ရာသီကို လိုက်ြပီး ဖြစ်တာ မို့ Seasonal influenza လို့ သတ်မှတ်ပြီး အလွယ်တကူ Flu လို့ပဲ ခေါ်ပါတယ်။ influenza virus A နဲ့ B ဟာ နှစ်စဉ် ပုံမှန် ဖြစ်ပွား တတ်ပြီး ဒေသတွင်း ပျံ့နှံ့ ကူးစက် တတ်ပါတယ် (Epidemic disease)။ influenza virus C ကတော့ ရံဖန်ရံခါ မှသာ နေရာ ကွက်ပြီး ဖြစ်ပွား တတ်ပါတယ် (Sporadic disease) ။
အဖြစ်အများဆုံး ကတော့ Virus A ပါဘဲ ။ Virus A ကို surface protein ပေါ် မူတည်ပြီး အုပ်စုခွဲ (subtype) များ ထပ်မံ ခွဲခြား နိုင်ပါတယ် ... surface protein များ ကတော့ Hemagglutinin (H) နဲ့ Neuraminidase (N) တို့ဖြစ်ပြီး (H)မျိုး ကွဲ (၁၆) မျိုးနဲ့ (N) မျိုးကွဲ (၉) မျိုး လောလောဆယ် စမ်းသပ် တွေ့ရှိ ထားပါတယ် ။ Virus A surface protein များဟာ ဗီဇ ပြောင်းလဲမှုများ ဖြစ်ပေါ် တတ်ပြီး အုပ်စုခွဲမျိုးကွဲများ ဖြစ်ပေါ်လာ တတ်ပါတယ် ။ Virus A (H1N1) ဟာ လတ်တလော ကမ္ဘာမှာ အဖြစ်များဆုံး အုပ်စုခွဲပဲ ဖြစ်ပါ တယ်။ (ကြက်ငှက် တုပ်ကွေး Avian or Bird Flu ဖြစ်စေ တာကတော့ Virus A (H5N1) ပဲ ဖြစ်ပါတယ်)
တုပ်ကွေးဟာ အနောက် နိုင်ငံ တွေမှာတော့ Winter & Spring ရာသီတွေမှာ ဖြစ်ပွား လေ့ရှိပြီး မြန်မာ နိုင်ငံမှာ တော့ မိုးနှောင်းပိုင်း (August, September) မှာ အဖြစ်များ တာ တွေ့ရပါတယ် ။ တုပ်ကွေး ဗိုင်းရပ်စ် ဟာ ရောဂါပိုး ရှိသူ၏ နှာခြေ၊ ချောင်းဆိုးခြင်း ကြောင့် အသက်ရှူလမ်း ကြောင်း မှတစ်ဆင့် အဓိက ကူးစက်ပြီး ရောဂါပိုး ရှိသူရဲ့ နှာရည်၊ တံတွေးကို တစ်ဆင့်ခံ ထိတွေ့မိ ရာမှ လည်း ကူးစက် နိုင်စေ ပါတယ်။
( ဥပမာ - တယ်လီဖုန်း၊ တံခါး လက်ကိုင်၊ ဇွန်းခက်ရင်း ...)
တုပ်ကွေး ရောဂါ လက္ခဏာဟာ ရောဂါပိုး ထိတွေ့ ဝင်ရောက်ပြီး ၂-၃ ရက် အတွင်း ပေါ်ပေါက်လာ တတ်ပါတယ် ။ ရောဂါ လက္ခဏာ တွေ ကတော့
တို့ ဖြစ်ပါတယ် ...
- အဖျားတက်ခြင်း
- ခေါင်း ကိုက်ခြင်း
- ချောင်းဆိုးခြင်း
- လည်ပင်း နာခြင်း
- နှာရည် ကျခြင်း၊ နှာ ပိတ်ခြင်း
- တစ်ကိုယ်လုံး ကိုက်ခဲခြင်း
- နုံးခွေသွားခြင်း
- ကလေးများတွင် ဝမ်းလျှောပြီး အန်တတ်ခြင်း
တုပ်ကွေး ရောဂါ ခံစား ရပြီ ဆိုပါက ...
- အိမ်မှာ လုံလောက်စွာ အနားယူပါ
- အရည် များများ သောက်ပါ ... အရက်နဲ့ ဆေးလိပ် ရှောင်ပါ ...
- ရောဂါ လက္ခဏာ သက်သာ စေသော ဆေးများ (symptom relief) သောက်နိုင် ပါတယ် ။ ဥပမာ - Paracetamol , Chlorpheniramine (Burmeton) ... လူငယ်ပိုင်း နှင့် ကလေးများ ကို Aspirin (Buspro) မတိုက်ရပါ ။
- ချောင်းဆိုး ပျောက်ဆေး ရည်၊ ချွှဲပျော် ဆေးရည် များကို လိုအပ်ပါက ပေးနိုင်ပါတယ် ။ ရေနွေး ငွေ့ရှူခြင်းသည် လည်း နှာပိတ်ခြင်းကို သက်သာ စေပါတယ်။ အရည် ခန်းခြောက်ခြင်း ရှိပါက ဓါတ်ဆားရည် သောက်နိုင်ပါတယ် ။
- ဗိုင်းရပ်စ် သေဆေး(antiviral drugs) များကို ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း စနစ်တကျ သောက်ပါ။ (မြန်မာနိုင်ငံ မှာတော့ ပေးလေ့ မရှိပါ ။ ဆေးလည်း ရှားပါး ပါတယ်။) ဆေးတွေ ကတော့
- Relenza® (Zanamivir)
- Tamiflu® (Oseltamivir) - ဒီဆေး ဆိုရင် အခု နေရာ တော်တော် များများ မှာ ဆေးမတိုးတဲ့ ပြဿနာ ရှိနေ ပါပြီ ။ (WHO Report)
တုပ်ကွေး ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေ ကတော့ နမိုးနီးယား (Pneumonia due to viral or bacteria)၊ နား ပိုးဝင်ခြင်း၊ ထိပ်ကပ်နာ ဖြစ်ခြင်း၊ ရောဂါ အခံ ရှိသူများ (ဆီးချို၊ နှလုံး၊ ပန်းနာ၊ ကျောက်ကပ်နာများ) ဟာ ရောဂါ ပိုဆိုးခြင်း တို့ ဖြစ်တတ် ပါတယ် ။
ရောဂါ ကာကွယ်ရေး အနေနဲ့ ကတော့ ...
- လက်ကို ဆပ်ပြာနှင့် စင်ကြယ်စွာ ဆေးပါ ... (ရောဂါပိုး လက်တွင် ကပ်နေ ပါက ကင်းစင် စေရန်)
- လက်မဆေးမီ မျက်လုံးနှင့် နှာခေါင်းကို မကိုင်တွယ် မိစေရန် သတိ ထားပါ ။
- တုပ်ကွေး ဖြစ်သော အချိန်တွင် မျက်နှာသုတ် ပုဝါ၊ လက်ကိုင် ပုဝါ အစရှိတဲ့ အသုံး အဆောင်များ အတူ သုံးခြင်း ရှောင်ကြဉ်ပါ။
- နှစ်စဉ် တုပ်ကွေး ရာသီ ရောက်လျှင် ကာကွယ်ဆေး ထိုးခြင်းဖြင့် ကာကွယ် နိုင်ပါတယ်။
Thursday, September 25, 2008
Dementia Syndrome (1)
အမှန်တော့ သူငယ်ပြန်ရောဂါ (Dementia Syndrome) ဟာ အသက်ကြီးခြင်းရဲ့ မလွှဲမရှောင်သာ နောက်ဆက်တွဲကိစ္စတစ်ခု မဟုတ်ပဲ အတိုင်းအတာတစ်ခုအထိ ကုသနိုင်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အသက်ကြီးလို့ မေ့တတ်ခြင်းထက် ပိုမိုတဲ့ အထွေထွေ ဦးနှောက် စွမ်းရည် ကျဆင်းလာခြင်း (global impairment of cognitive functions) ပါ။ ဦးနှောက် တဖြည်းဖြည်း ပျက်စီးခြင်း (degenerative disease of the brain) ဖြစ်ပြီး၊ မပျောက်ကင်းနိုင်သလို တဖြည်းဖြည်းနဲ့လည်း ဆိုးလာတတ်ပါတယ်။ ဒါဆို ဘာလို့ ဆေးကုမလဲလို့ မေးရင် လူနာရဲ့ လက်ရှိ ဘ၀ အရည်အသွေးကို တတ်နိုင်သမျှ ထိန်းထားပေးဖို့ - လို့ ဖြေရပါလိမ့်မယ်။
တို့ ဖြစ်ပါတယ်။ရေတို မှတ်ဉာဏ် မကောင်း တော့ခြင်း (ဥပမာ - ရှေး ပဝေသဏီက အကြောင်းအရာ တွေကို မှတ်မိပြီး ဒီနေ့ မနက်စာ ဘာ စားသလဲ မမှတ်မိ တာမျိုး) အချိန် နဲ့ ပတ်ဝန်းကျင်ကို သတိ မရှိတော့ပဲ မှားယွင်း ကုန်ခြင်း (ဥပမာ - ညကြီး သန်းခေါင် အိပ်ရာက နိုးပြီး နေ့ည မှားကာ အပြင်ထွက်ဖို့ ပြင်ဆင် တာမျိုး) လွယ်ကူသော ဆုံးဖြတ်ချက် များကိုပင် မချ နိုင်တော့ခြင်း (ဥပမာ - အ၀တ်အစား ရွေးချယ်ရာ မှာတောင် ခက်ခဲလာပြီး သူများက ကူနေ ရတာမျိုး) အမှန်းအဆ လွဲချော် မှားယွင်းမှု များလာခြင်း (ဥပမာ - ကားလမ်း ကူးရာမှာ မလွတ်နိုင် တာကို လွတ်မယ်လို့ ယုံကြည်ပြီး ကူးတာမျိုး) စကားလုံး ရှာမရပဲ စကားစများ ပြတ်တောက် ကုန်ခြင်း (ဥပမာ - ပြောချင်တာ သိလျက်နဲ့ လျှာဖျားမှာ ထစ်နေသလိုမျိုး ခဏခဏ ဖြစ်တာ ရှက်လာလို့ နောက်ဆုံး လူအများ စကားဝိုင်းဆို ရှောင် လာတာမျိုး) နေ့စဉ် လုပ်နေကျ လွယ်ကူ နေကျ ကိစ္စများကို မလုပ်တတ်တော့ပဲ ခက်ခဲလာခြင်း (ဥပမာ - ဟင်းချက် နေကျလူက ဟင်းချက်တဲ့ အဆင့် အထာတွေ လွဲချော် ကုန်တာမျိုး) လူရည် လူသွေး နဲ့ အမူ အကျင့် ပြောင်းလာခြင်း (ဥပမာ - အရင်က သိပ်အေးဆေး တဲ့လူက ဒေါသကြီး ဆဲဆို လာတာမျိုး) -
ဒီလက္ခဏာတွေ အတော်များများ ခြောက်လထက် ပိုကြာကြာ ရှိပြီး၊ နေ့စဉ် ရပ်တည်လုပ်ကိုင်မှုတွေကို ထိခိုက်လာပြီ (ဆိုလိုတာက အရင်က အင်မတန် ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်သူတစ်ယောက်ဟာ ရောဂါကြောင့် သာမာန် ကိစ္စလေးတွေကိုတောင် ကိုယ့်ဖာသာ ကိုယ် မလုပ်နိုင် တော့တာပဲ သူများအပေါ် မှီခိုရမှု များလာတာ) ဆိုရင်တော့ သူငယ်ပြန်ရောဂါ (Dementia Syndrome) ခံစား နေရတယ် လို့ ပြောလို့ ရနေပါပြီ။
သူငယ်ပြန်ရောဂါ ဟုတ်၊ မဟုတ် အပ်ချမတ်ချ အဖြူအမည်း သိစေတဲ့ သွေးစစ်ခြင်း သို့မဟုတ် ဓာတ်မှန်ပုံရိပ်ရှာခြင်း မရှိသေးပါဘူး။ အသေချာဆုံးက လူနာသေဆုံးတဲ့အခါ ဦးနှောက်ကို ခွဲစိတ်ကြည့်မှပဲ သိနိုင်ပါတယ်။ လူနာ သက်ရှိထင်ရှားနေတုံး ရောဂါအမည် ရနိုင်ဖို့ကတော့ လူနာရှင်ကတဆင့် စုံစမ်းသိရတဲ့ ရောဂါလက္ခဏာတွေနဲ့ သူတို့ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းပေါ် အများကြီး တည်မှီပါတယ်။
ပိုသေချာအောင်လို့ တခြား ဖြစ်တတ်တဲ့ ရောဂါများကို ရှာဖွေစစ်ထုတ်ရပါတယ်။ ဥပမာအားဖြင့် ဦးနှောက်တွင်း သွေးခဲခြင်း၊ ဦးနှောက် တွင်း အရည် စုအောင်းခြင်း၊ ဗိုက်တာမင် ဘီ-၁၂ နဲ့ ဖိုးလစ်အက်စစ် လျော့နည်းခြင်း၊ သိုင်းရွိုက် ဟော်မုန်း လျော့နည်းခြင်း တို့မှာလည်း သူငယ်ပြန်ရောဂါ အစပိုင်းနဲ့ ဆင်တဲ့ လက္ခဏာတချို့ ပြတတ်လို့ပါပဲ။ ဒီလို ဖြစ်နှုန်း သိပ်နည်းပေမယ့် ဟုတ်ခဲ့ရင် ကုသ ပျောက်ကင်း နိုင်တာမို့ မဖြစ်မနေ စစ်ဆေးရပါတယ်။
လူနာတွေရော၊ လူနာရှင်တွေပါ အများဆုံး ပြောတဲ့ အစောပိုင်း ရောဂါလက္ခဏာကတော့ ပြောပြီးသားစကား၊ မေးပြီးသားမေးခွန်းကို ခဏခဏ ပြန်ပြော၊ ပြန်မေးတာပါပဲ။ တချို့ဆို မိနစ်ပိုင်းအတွင်း ထပ်ကာတလဲလဲ ပြောနေ၊မေးနေတတ်လို့ အိမ်ထောင်ဖက်ကို တော်တော် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ သူလည်း ကြာတော့ စိတ်တိုလာတာပေါ့လေ။
ရောဂါလက္ခဏာ အတော်များများကို ကာယကံရှင်ထက် မိသားစုအသိုင်းအ၀ိုင်းက ပိုသတိထားမိတာ များပါတယ်။ ဒီရောဂါ ရှိတယ် ထင်လို့ အထူးကုဆေးခန်းဆေးရုံကို လာပြတဲ့ လူနာတွေကို သူတို့ရဲ့ မိသားစုဝင်(တွေ)နဲ့ ကြည့်ရပါတယ်။ ကာယကံရှင်က ရောဂါ လက္ခဏာကို ပြဿနာလို့ မမြင်တတ်လို့ပါ။ သနားဖို့ ကောင်းတာက ရောဂါမှန်း မသိလို့ မကုတော့ ဆေးသောက်ပြီး ခဏထိန်းထားနိုင်တဲ့ အခွင့်အရေး၊ ရောဂါဆိုးလာရင် ဘာတွေ ဖြစ်နိုင်တယ်ဆိုတာ ကြိုသိပြီး ပြင်ဆင်ထားနိုင်တဲ့ အခွင့်အရေး မရတော့ဘူးပေါ့။ အန္တရာယ် ဆိုတာ ဘယ်အချိန်မှာ ဘယ်လို ကျရောက်မယ်မှန်း မသိနိုင်တာ မှန်ပေမယ့် မှန်းလို့ ရတာ လေးတွေ ကို ကြိုပြင် ထားနိုင် တာကိုး။
အိမ်သားတွေခမျာလည်း တစ်ခါတစ်ခါ သူတို့ ခင်ပွန်း၊ ဇနီး၊ အဖေ၊ အမေ၊ ယောက္ခမ (လူနာ) အရှေ့မှာ သူတို့ (လူနာ) အကြောင်း အမှန်တွေ ပြောရတာ သိပ်တော့ မလွယ်လှဘူး။ လူနာက လျှော့ပေါ့မြင်ထား၊ ပြောထားတာတွေကို ဆန့်ကျင်ပြီး၊ ဆရာဝန်ကို အရှိ အတိုင်း သတင်းပေးရတာကိုး။ ဆေးခန်းက အပြင်ထွက်တာနဲ့ ရန်ဖြစ်ဖို့၊ အဆူခံရဖို့ အကြောင်းရှိပါတယ်။ ဒီလို အခြေအနေကို ဆရာဝန် က ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းတတ်ဖို့ အရေးကြီးပါတယ်။ အဲဒီလိုမှ မဟုတ်ရင် မိသားစုတွင်း စိတ်ကသိကအောက်တွေ ဖြစ်၊ စိတ်တွေဆိုးနဲ့ နောက်ဆုံးတော့ လူနာခမျာ ဂရုစိုက် ကူညီမယ့် အဓိက ကျောထောက်နောက်ခံ (မိသားစု) မရှိပဲ ဖြစ်သွားတတ်လို့ပါ။
ယေဘူယျ ရောဂါ လက္ခဏာတွေ တူပေမယ့်၊ ရောဂါဇစ်မြစ်ပေါ် မူတည်လို့ သူငယ်ပြန်ရောဂါ အမျိုးမျိုး (Different types of Dementia) ရှိပါတယ်။
တို့ ဖြစ်ပါတယ်။အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ (Dementia in Alzheimer's Disease) ဦးနှောက်ထဲ သွေး အရောက် နည်းခြင်း နဲ့ လေဖြတ်ခြင်း ကြောင့် ဖြစ်တဲ့ သူငယ်ပြန် ရောဂါ (Vascular Dementia) အထက်ပါ နှစ်မျိုး ရောနေသော သူငယ်ပြန်ရောဂါ (Mixed Dementia) “လျူဝီဘော်ဒီ” ခေါ် ဦးနှောက် ဆဲလ်တွင်း စွန့်ထုတ် ပစ္စည်း တစ်မျိုး ကြောင့် ဖြစ်သော သူငယ်ပြန် ရောဂါ (Dementia with Lewy Bodies) “ပါကင်ဆင် ရောဂါ” ခေါ် အကြော ရောဂါ တစ်မျိုးကို ကြာရှည် ခံစားရာမှ ဖြစ်လာသော သူငယ်ပြန် ရောဂါ (Dementia in Parkinson's Disease) အခြား ရှားပါးသော သူငယ်ပြန် ရောဂါတစ်ချို့
အယ်လ်ဇိုင်းမား သူငယ်ပြန်ရောဂါ (Dementia in Alzheimer's Disease) ကတော့ အတွေ့အများဆုံး သူငယ်ပြန်ရောဂါ ဖြစ်ပါတယ်။ အသက်ကြီး သူတွေမှာ ဖြစ်တတ်တဲ့ သူငယ်ပြန်ရောဂါအားလုံးရဲ့ ၅၅-၇၀% ဟာ အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ ဖြစ်ပါတယ်။ အနောက်နိုင်ငံ သုတေသန ပြုချက်များ အရ အသက်(၆၅)နှစ်ကျော်သူတွေရဲ့ ၅%ဟာ ဒီရောဂါ ခံစားရဖို့ အလားအလာ အန္တရာယ် ရှိပြီး၊ အသက် ငါးနှစ်ကြီးလာတိုင်း ဒီအလားအလာက နှစ်ဆ တက်သွားတတ်ပါတယ်။ အသက် (၈၅) နှစ်ကျော်ပြီ ဆိုရင်တော့ ဒီရောဂါ ဖြစ်နိုင်ချေ ၄၀% ရှိနေပါပြီ။ လူငါးယောက်မှာ နှစ်ယောက် ဖြစ်တဲ့ သဘောပေါ့။ လက်ရှိ ကိန်းဂဏန်းများ အရ ယူကေမှာ အယ်လ်ဇိုင်းမား သူငယ်ပြန် ရောဂါ (Dementia in Alzheimer's Disease) ဝေဒနာရှင်ပေါင်း ငါးသိန်း ရှိပြီး ကမ္ဘာတလွှားမှာ သန်းသုံးဆယ် ရှိတယ်လို့ ခန့်မှန်း ပါတယ်။
ဆက်လက် ရေးသားပါမယ်.....
Reference:
1. World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO
2. Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.
Tuesday, September 23, 2008
Unnoticed Causes Of Fatigue

“ပင်ပန်း လိုက် တာ ဆရာရယ်၊ကျွန်မ အိပ်ရေး လည်း ၀ပါတယ်။ အစားလည်း မှန်ပါတယ်။ ဒါပေမယ့် အမြဲတမ်း နုံးချိ နေတာပဲ။ အလုပ် မှာ လည်း ထူးပြီး မပင်ပန်း ပါဘူး။ ဘာဖြစ်မှန်း ကို မသိပါဘူး ဆရာရယ်”(၃၅) နှစ်အရွယ် အမျိုးသမီး တစ်ယောက်ရဲ့ ပြဿနာပါ။ တစ်ချို့က လည်း အားနည်းတယ် ဆိုပြီး အကြောဆေး ထိုးပေးပါ ဆိုတာမျိုး လည်း ရှိတတ် ပါတယ်။ ညဘက် ၇-၈ နာရီ အိပ်တယ်။ အစားအသောက် လည်း ပုံမှန် စားတယ်။ သာမန် အိမ်မှု ကိစ္စလေးတွေ တောင် မလုပ်နိုင် လောက်အောင် ပင်ပန်း နွမ်းနယ် နေပြီ ဆိုရင်တော့ သင့်မှာ ငုတ်လျှိုး နေတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုခုရှိနိုင်တယ် ဆိုတာ သတိပြု သင့် ပါတယ်။ ဘယ်လို ပြဿနာတွေလဲ … ကြည့်ကြ ရအောင်…
(၁) သွေးအား နည်းခြင်း (Anemia)
လူတော်တော် များများဟာ မိမိကိုယ်တိုင်သွေး အားနည်း နေတာကို သတိမထားမိ တတ်ကြပါဘူး ။ သွေးထဲမှာရှိတဲ့ ဟေမိုဂလိုဘင် ပမာဏ ဟာ အမျိုးသား များမှာ ၁၃.၈ - ၁၇.၂ မီလီ ဂရမ် / ဒက်ဆီ လီတာ ရှိပြီး အမျိုးသမီး များ မှာတော့ ၁၂.၁- ၁၅.၁ မီလီ ဂရမ် / ဒက်ဆီ လီတာ ရှိပါတယ်။ ရာသီသွေး ဆင်းခြင်း၊ သားအိမ် အတွင်း အကျိတ်ကြောင့် သွေးဆင်းခြင်း ၊ လိပ်ခေါင်း ရောဂါ စတာ တွေ ကြောင့် သွေး ဆုံးရှုံးမှု ဖြစ်ပွားကာ သွေးအားနည်း ရောဂါ ရရှိနိုင် သလို၊ အစား အသောက်ရှောင် သူ ။ သတ်သတ် လွတ် ကြာရှည် စွာ စားသုံးသူ တွေမှာ လည်း သွေး အားနည်း ရောဂါ ရဖို့ အခွင့်အလမ်း ပိုများ ပါတယ်။ သွေးထဲမှာ ဟေမိုဂလို ဘင် ပမာဏ နည်းလျှင် တစ်ရှူး နှင့်ကြွက်သားများကို အောက်ဆီဂျင် လုံလောက်အောင် မထောက်ပံ့နိုင်တော့ပါဘူး ။ဒါကြောင့် ပင်ပန်း နွမ်းနယ်မှု ဝေဒနာ ကို ခံစားရ တတ်ပါတယ်။ အစိမ်းရင့် ရောင် ရှိသော အသီး အရွက်များ၊ အသားနှင့် ငါးများ ကို မျှတအောင် စားသုံး သင့်ပါတယ်။ သံဓါတ် အား တိုးဆေး များ ကိုလည်း လိုအပ်လျှင် သောက် သုံး ရပါမယ်။ လိပ်ခေါင်း ကဲ့သို့ ရောဂါများ ကိုလည်း ပျောက်ကင်းအောင် ကုသခြင်း ဖြင့် သွေးအား နည်းရောဂါ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။
(၂) သိုင်းရွိုက် ဟော်မုန်း အားနည်းခြင်း (hypothyroidism)
သိုင်းရွိုက်ဂလင်း ဟာ လည်ပင်းမှာ ရှိပြီး သေးငယ် တဲ့ လိပ်ပြာ ပုံသဏ္ဍန် ဂလင်း လေး ဖြစ်ပါတယ်။ သိုင်းရွိုက်ဂလင်း အားနည်း နေတဲ့ သူဟာ အမြဲလိုလို နှေးကွေး လေးလံ နေတတ်ပြီး စိတ်ကျ ရောဂါ လည်း ရှိနေ တတ်ပါတယ်။ အမေရိကန်မှာ အသက် (၆၀) အရွယ် အမျိုးသမီး ၁၇% မှာ သိုင်းရွိက် အားနည်း ရောဂါ ခံစား နေရပြီး hashimoto’s thyroiditis ခေါ် ကိုယ်ခံ စွမ်းအား စနစ်က သိုင်းရွိုက် ဆဲလ်ေ တွ ကို ဖျက်ဆီး ပစ်တဲ့ ရောဂါ ဟာ အဆိုပါ အမျိုး သမီး တွေမှာ အဓိက ပြဿနာဖြစ် ပါတယ်။ T3,T4 ခေါ် သိုင်းရွိုက် ဟိုမုန်း ပမာဏ နည်းနေ တတ်ပြီး သိုင်းရွိုက် ဟိုမုန်း အစားထိုး ကုသခြင်း ဖြင့် တက်ကြွဖျတ် လတ်တဲ့ ဘ၀ကို ပြန်လည် ရရှိ နိုင်ပါတယ်။
(၃) ဆီး လမ်းကြောင်း ပိုး ၀င်ခြင်း
ဆီးပူခြင်း၊ ဆီးကျဉ်ခြင်း၊ ကိုယ် အပူချိန် တက်ခြင်း စတာ တွေဟာ ဆီးလမ်းကြောင်း ပိုဝင်တဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ သို့ပေမယ့် လူတိုင်း တသမတ် တည်း ခံစားရတာ မဟုတ်ပါဘူး။ တစ်ချို့ အမျိုးသမီး တွေဆို လျှင် မောပန်း နွမ်းနယ် ရုံ သက်သက်သာ ခံစား ရပါတယ်။ တခြား ဘာလက္ခဏာ မှ မပြတတ် ပါဘူး။ ဆီးလမ်းကြောင်း တစ်လျှောက် မှာရှိတဲ့ ဘက်တီးရီးယား တွေ ဟာ အဓိက ပြဿနာ ဖြစ်ပါတယ်။ တကိုယ်ရည် သန့် ရှင်းရေး အားနည်းသူ တွေမှာ ခဏခဏ ဖြစ်ပွား တတ်ပါတယ်။ ပဋိဇီဝ ဆေးတွေနဲ့ ကုသ နိုင်ပြီး တစ်ကိုယ်ရေ သန့်ရှင်းရေး ကို အထူး ဂရုစိုက် ရပါမယ်။
(၄) ကဖင်းဓါတ်
ကျွန်တော်တို့ ပင်ပန်း နွယ်နယ်နေ ချိန်ဆိုရင် ကော်ဖီတစ်ခွက် ၊ကိုလာတစ်ဘူးသောက်လိုက်ရရင် ပြန်လည် အားပြည့် လာ သလို ခံစား ရပါတယ်။ ဒါပေမယ့် တစ်ချို့သူ တွေမှာ တော့ ဆန့်ကျင်ဘက် အကျိုးရ လဒ် တွေပြ တတ်ပါတယ် ။ ကော်ဖီနဲ့ ကိုလာ ကဲ့သို့ အဖျော်ယမ ကာ များကို စွဲစွဲ လမ်းလမ်း သောက် သုံး ရင်တော့ ပင်ပန်း နွမ်းနယ်ပြီး လေးလေး မှိုင်မှိုင် ဖြစ်နေ တတ်ပါတယ်။ ညဘက် အလုပ်ဆင်း ရတဲ့ ဆရာဝန် သူနာပြု တော်တော် များများ ဟာ ကော်ဖီ တော်တော် သောက် ကြ ပါတယ်။ ကော်ဖီ သောက်မှ လန်းဆန်း မယ် ဆိုပြီး လိုအပ်တာ ထက် ပိုသောက် ရင်တော့ ဥပါဒ် ဖြစ်တတ် တယ် ဆိုတာ သတိပြု သင့်ပါတယ်။
(၅) အစား အသောက် မတည့်ခြင်း
ကျွန်တော်တို့ တွေနေ့စဉ် လှုပ်ရှား သွားလာ ဖို့၊ အားအင်ပြည့် ဖြိုးပြီး လန်းဆန်း တက်ကြွ နေဖို့ အတွက် အစား အသောက်ကို ညီညွတ် မျှတ အောင် စားနေ ရပါတယ်။ သို့ပေမယ် သတိ မထားမိတဲ့ အစားမတည့် သည့် ပြဿနာ (Food allergy) ရှိနေတတ် ပါတယ်။ စားသောက်ပြီး အင်ပြင် တွေထ၊ အသက်ရှု တွေ ကျပ်လာမှ ဓါတ် မတည့်တာလို့ အများ ကသိ ထား ကြပါတယ်။ တစ်ချို့ အစား အသောက် တွေက လက္ခဏာ ကြီးကြီး မားမား မပြ တတ်ပါဘူး ။ စားသောက်ပြီး အားပြည့် သလိုမခံစားရပဲ ပင်ပန်းနွမ်းနယ်နေ တတ် ပါတယ်။ အစား အသောက် တစ်ခုခုစားပြီး(၁၀) မိနစ်အတွင်း အိပ်ချင် လာတယ် ၊နုံးချိချိ ဖြစ်လာတယ် ဆိုလျှင်တော့ အဲဒီ အစား အသောက် နဲ့ မတဲ့ဘူး ဆိုတာ သံသယ ၀င်သင့်ပါတယ်။
(၆) အိပ်နေစဉ် အသက်ရှု ရပ်ခြင်း (sleep apnea)
ဒါနဲ့ ပက်သက်လို့ အရင်လည်း ရေးခဲ့ ဘူးပါတယ်။ အိပ်နေစဉ် မှာ အသက်ရှူ လမ်းကြောင်း ပိတ်ပြီး လန့်နိုးလာ တတ်ပါတယ်။ အ၀လွန် ရောဂါ သည်တွေမှာ အဖြစ်များ ပြီး ညဘက်အိပ် လျှင်ဟောက် တတ်ကြပါ တယ်။ အလုပ်မှာ အမြဲ အိပ်ငိုက်နေ တတ်ပြီး တက် တက် ကြွကြွ ဖျတ်ဖျတ် လတ်လတ် မရှိ ပါဘူး။ ပင်ပန်း နွမ်း နယ်ရုံ သာမက နှလုံးသွေး ကြော ကျဉ်းရောဂါ၊ လေဖြတ်လေ ငန်းရောဂါတွေ ခံစား ရဖို့ အခွင့်အလမ်း ပို များ ပါတယ်။ ဆေးလိပ် အရက် ကို ရှောင်ကျဉ် ပြီး ကို အလေးချိန် ကျအောင် ကြိုးစား ရပါမယ်။ လိုအပ် လျှင်တော့ သင့်ရဲ့ ဆရာဝန်က အိပ် နေစဉ်မှာ သုံးဖို့ ကိရိဟာလေး တစ်ခု ၀ယ်ခိုင်း ပါလိမ့်မယ်။
(၇) နှလုံး ရောဂါ
နေ့စဉ် ပုံမှန် လုပ်နေတဲ့ အလုပ် တွေဟာ သင့် အတွက် ၀န်ထုပ် ၀န်ပိုး ကြီး ဖြစ်လာမယ် ၊ခြံထဲမှာ လမ်းဆင်း လျောက် တာ လောက် နဲ့မောပန်း နွမ်းနယ် လာမယ် ။ ညအိပ်ရင် ခေါင်း အုံး မြင့်မြင့် လေးနဲ့ မှ အဆင် ပြေတယ်၊ တခြားရောဂါ လည်း ရှာလို့ မရဘူးဆိုရင်တော့ သင့်ရဲ့ နှလုံး ပုံမှန် အလုပ်လုပ် နိုင်ရဲ့ လား ဆိုတာ စမ်းသပ် စစ်ဆေးဖို့ လိုလာ ပါပြီ။
စာဖတ်သူများ ကိုယ်စိတ် နှစ်ပါး ရွှင်လန်း ချမ်းမြေ့ပါစေ။
Malnutrition
ခန္ဓာ ကိုယ် အတွက် မရှိမဖြစ် လိုအပ်ပြီး နေ့စဉ် စားသုံး သင့်သော အာဟာရ များကို Micronutrients ဟုခေါ်သော ဗိုက်တာမင်နှင့် သတ္တုဓါတ်များပါဝင်သည့် အသေးစား အာဟာရ နှင့် Macronutrient ဟုခေါ်သော ကစီဓါတ်၊ အဆီဓါတ်၊ အသားဓါတ် နှင့် ရေပါဝင်သည့် အကြီးစား အာဟာရ ဟူ၍ နှစ်မျိုး တွေ့ရပါသည်။ ထိုအာဟာရ နှစ်မျိုးထဲတွင် ပါဝင်နေသည့် အစား အစာ များအား လုံလောက်စွာ မစားသုံးခြင်း နှင့် လွန်ကဲစွာ စားသုံးခြင်း တို့ကြောင့် ဖြစ်သော Malnutrition သည် အသက် အန္တရာယ် ကို ထိခိုက် စေနိုင်ပါသည်။ ထို့ကြောင့် အစာ အာဟာရ မမျှတခြင်းကို လူတိုင်း ကာကွယ်နိုင်ရန်အတွက် အစာ အာဟာရ ချို့တဲ့ခြင်းနှင့် လွန်ကဲခြင်း နှစ်ခု စလုံးအား လက်လှမ်း မီသမျှ တင်ပြ လိုက်ပါသည်။
၁။ အစာ အာဟာရ ချို့တဲ့ခြင်း
အကြောင်း အမျိုးမျိုးကြောင့် ခန္ဓာကိုယ်မှ အာဟာရ လုံလောက်စွာ မရရှိ ခြင်းကြောင့် အာဟာရ ချို့တဲ့နိုင်ပါသည်။ ပိန်လွန်းခြင်း၊ ဖေါရောင် ခြင်း၊ ကြွက်သား အားနည်းခြင်း၊ ကိုယ်အပူချိန် အလွန်နည်းခြင်း အနာ ဒဏ်ရာများ ရှိပါက ဆေးကု သော်လည်း သက်သာ ပျောက်ကင်းမှု နှေးကွေးခြင်း စာသည့် လက္ခဏာ များကို တွေ့ရ ပါသည်။ အစာရေစာ ရှားပါးမှု ကြောင့် အဖြစ်များပြီး ဖွံ့ဖြိုးဆဲ နိုင်ငံ များတွင် အများဆုံး တွေ့ရသည်။ နေရာ ဒေသနှင့် မသက်ဆိုင်ပဲ ဖြစ်ရသည့် အကြောင်းများနှင့် အဖြစ်များသည့် အုပ်စုမှာ မွေးခါစ ကလေးများ အပါအ၀င် ကလေးသူငယ်များ၊ ဆယ်ကျော်သက်ရွယ် ကလေးများ၊ စားဝတ်နေရေး အဆင်မပြေသူများ၊ သက်ကြီး ရွယ်အိုများ၊ နာမကျန်းဖြစ်နေသူ သို့မဟုတ် ရောဂါ တစုံတရာ ခံစား နေရသူများ နှင့် ထိခိုက်ဒဏ်ရာ ရရှိထား သူများ တွင်လည်း တွေ့ရ နိုင်ပါသည်။
ထိခိုက် ဒဏ်ရာ ရရှိသောအခါ တစ်ရှူးများ ရောင်ပြီး အာရုံကြော စနစ်တခု (Sympathetic Nervous System) ၏ အလိုလျောက် တုန့်ပြန်မှု ကြောင့် ခန္ဓာကိုယ် အတွင်းရှိ ဟော်မုန်းများ မြင့်တက်လာကာ ခန္ဓာကိုယ်၏ အာဟာရ စွမ်းအင်လောင်စာ သုံးစွဲမှုနှုန်းကို မြင့်တက် စေပါသည်။ ထိုနည်း အတူပင် ဒဏ်ရာရရှိချိန် မဟုတ်သည့် သာမန် အခြေအနေများ တွင်လည်း အစာ အာဟာရ ကို လုံလောက်စွာ မသုံးစွဲသောအခါ ခန္ဓာကိုယ်မှ စွမ်းအင်တောင်းဆိုမှုကို ဖြစ်စေသည်။ မည်သည့်အကြာင်းကြောင့် တောင်းဆိုသည်ဖြစ်စေ ထို တောင်းဆိုမှု ကို ပြင်ပမှ မဖြည့်ပေးပါက ကိုယ်တွင်း မှာပင် အသားဓါတ်ကို ပိုမို ထုတ်လုပ်ပြီး ခန္ဓာကိုယ်၏ အဓိက လောင်စာ ဖြစ်သည့် ဂလူးကို့စ် အဖြစ်သို့ ပြန်ပြောင်းပြီး အသုံးချ ရသောကြာင့် အသားဓါတ် ဆုံးရှုံးသည့် ရောဂါ Protein Calorie Malnutrition (PCM) ကို ဖြစ်စေ ပါသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အသားဓါတ်ကို ခန္ဓာကိုယ် တွင်းရှိ အချဉ်ဓါတ် တခုဖြစ်သည့် အမီနိုအက်စစ် မှ တဆင့် ထုတ်လုပ် ရပြီး အမီနိုအက်စစ်ကို ထုတ်လုပ် သောအခါ အရိုးတွယ် ကြွက်သားများကို အသုံးပြု ရသောကြောင့် အရိုးတွယ် ကြွက်သား များ ဆုံးရှုံး သွားရသဖြင့် လူကို ပိန်ချုံးစေခြင်း ဖြစ်ပါသည်။
PCM အသားဓါတ်ဆုံရှုံးခြင်းတွင် ခန္ဓာကိုယ်အတွင်း သိုလှောင် ထားသော အဓိကလောင်စာဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း စသည့် စားစရာများမှ ဖြစ်လာသော ကစီဓါတ်သည် ၁၈ နာရီအတွင်း ကုန်ခမ်းသွားခြင်းကြောင့် ခန္ဓာကိုယ်ကို ဆက်လက် လည်ပတ်နိုင်ရန် အဆီ များ နှင့် အမီနို အက်စစ်များမှ ၄ နာရီမှ ၆ နာရီအတွင်း ဂလူးကို့စ်အဖြစ် ပြန်ပြောင်း အသုံးပြု ရပါသည်။ အစာ အာဟာရ ကို မဖြည့်ပေးပဲ ဆက်တိုက် ချို့တဲ့နေစေပါက အသားဓါတ် ထုတ်လုပ်သည့် အမီနိုအက်စစ်များ ကုန်ခမ်း သွားစေနိုင်ပြီး အသည်း အလုပ်လုပ်မှုကို ရပ်ဆိုင်း သွားနိုင်ပါသည်။ ထို့နောက် သွေးထဲ အရေစိမ့်ဝင်သည့် ဖိအား (Plasma Osmotic Pressure) ကျဆင်း လာပြီး ဆဲလ် ကလပ်စည်း အတွင်းရှိ အရည်များ ဆဲလ်အတွင်း ဆက်လက် မနေနိုင်တော့ပဲ အပြင်သို့ စိမ့်ထွက် လာခြင်း ကြောင့် ဆဲလ်ကလပ်စည်း တခု နှင့် တခုကြား တစ်ရှုးအတွင်း အရည်များ ကိန်းအောင်းလာပြီး လူကိုဖေါရောင် စေပါသည်။
အထက်ပါ လက္ခဏာများကို ဖြစ်စေသည့် အတိုင်းအတာထိ မပြင်းထန်ပဲ အစာအဟာရ အခုခု လုံလောက်စွာမရ၍ မသိမသာ ချို့တဲ့ သူများ သည်ပင် ခန္ဓာကိုယ်၏ ရောဂါကို ခုခံနိုင်သည့်အား ကျဆင်း လာသောကြောင့် တချိန်လုံး မောပမ်း နွမ်းနယ်နေပြီး အားအင် ကုန်ခမ်းသည့် လက္ခဏာ ကို တွေ့ရပါမည်။ ဆက်လက်ပြီး သတ္တုဓါတ်နှင့် ဗိုက်တာမင်ဓါတ်မျိုး ချို့တဲ့လာပါက အသက် အန္တရာယ်ကို အထူး စိုးရိမ်ရပါသည်။
ကုသခြင်း
(၁) ဖေါရောင်နေပြီး ဆေးဝါး ကုသရန် လိုအပ်သည် အထိ အခြေအနေ ပြင်းထန် ပါက ဆေးရုံ တက် ကုသ ရနိုင် ပါသည်။
(၂) အရည် နှင့် သတ္တုဓါတ် မမျှမတ ဖြစ်သည်ကို ပုံမှန် ဖြစ်အောင် လုပ်ရမည်။
(၃) ကယ်လိုရီ များသည့် အသားဓါတ်နှင့် ကစီဓါတ် များသော အစားအစာ များများစား ရမည်။
(၄) ခံတွင်း တွေ့သော အစားအစာ များ စားသုံး သင့်သည်။
၂။ အစာ အာဟာရ လွန်ကဲခြင်း
ခန္ဓာကိုယ်မှ လိုအပ် သည်ထက် ပို၍ အာဟာရ ကို လက်ခံ ရရှိ သောကြောင့်ဖြစ်သည်။ အထင်ရှားဆုံးတွေ့နိုင်သည့် အာဟာရ လွန်ကဲ ခြင်း မှာ အ၀လွန်ခြင်း ဖြစ်ပါသည်။ အ၀လွန်ခြင်း ရှိမရှိကို Body Mass index (BMI) ကို တွက်ကြည့်ခြင်း ဖြင့် သိနိုင်ပါသည်။ BMI အကြောင်းကို ယခုတင်မည့် ပို့စ်တွင် အသေးစိတ် ဖေါ်ပြမည် မဟုတ်သောကြောင့် အသေးစိတ် သိလိုပါက ဒေါက်တာ ဇင်သူ ၏ BMI တိုင်းကြမယ် နှင့် ကျွန်မ တင်ခဲ့ ဖူးသော ဆီးချို ရောဂါနှင့် အင်ဆူလင်ဟော်မုန်း အကြောင်းတွင် ပြန်ကြည့် စေလိုပါသည်။ BMI သတ်မှတ်ချက် တွင် အနိမ့်ဆုံး BMI အတွက် ၁၈.၅၊ ၁၉၊ ၂၀ စသည်ဖြင့် ရည်ညွှန်းချက် အပေါ် မူတည်၍ ကွဲပြားမှု ရှိသော်လည်း BMI မြင့်ဆုံး ကိုမူ ရည်ညွှန်းချက် အားလုံး တွင် ၂၅ ဖြစ် လက်ခံ ထားသည်ကို တွေ့ရ ပါသည်။ ထို့ကြောင့် BMI ကို ပုံမှန်အဖြစ် ၁၈.၅-၂၅ အဖြစ် အတည်ယူ ထားပါသည်။ ထိုထက် ၁၀% ပိုခြင်း၊ လိုခြင်း ရှိပါက မိမိကိုယ်ကို ပိန်လွန်းခြင်း နှင့် အ၀လွန်ခြင်း အဖြစ် ယူဆကာ အန္တရာယ် အတွင်း ကျရောက် နေပြီ ဟု သတ်မှတ် နိုင်ပါသည်။
အ၀လွန်ခြင်း
အ၀လွန်ခြင်း ရှိမရှိကို BMI 25 ထက် ပိုများနေခြင်း တခုတည်း ကို ကြည့်၍ ဆုံးဖြတ် သတ်မှတ်နိုင်ပါသည်။ အ၀လွန်ခြင်း သည် ကယ်လိုရီ များသော ကဇီဓါတ်နှင့် အဆီဓါတ် ကို လွန်ကဲစွာ စားသုံး ရာမှ စသောကြောင့် ဖြစ်ပါသည်။ အဆီနှင့် ကဇီဓါတ်များကို ပို၍ စားသုံးပါက ခန္ဓာကိုယ်မှ အသုံးပြုပြီး ပိုလျှံသော အာဟာရ များကို အဆီအဖြစ်သို့ ပြောင်းလဲကာ ရေပြားအောက်နှင့် အတွင်း ကလီစာ များ တ၀ိုက်တွင် သိမ်းထား ပေးပါသည်။ ခန္ဓာကိုယ်အတွက် ရှိသင့်ရှိထိုက်သည့် အဆီပမာဏမှာ အမျိုးသားများတွင် စုစုပေါင်း ခန္ဓာကိုယ် အလေးအချိန် ၏ ၂၀% နှင့် အမျိုးသမီး များတွင် ၃၀% ထက် ပိုမရှိသင့်ပဲ အဆီ ပမာဏ ထို ထက် ပိုများ နေခြင်းကြောင့် အ၀လွန်နေခြင်း ဖြစ်ပါသည်။
အ၀လွန် သောကြောင့် နှလုံးနှင့် အာရုံကြောစနစ် နှစ်ခုစလုံး ပုံမှန်ထက် ပို အလုပ်လုပ် ရပါသည်။ နေ့စဉ် လှုပ်ရှား သွားလာရာတွင် မိမိ အရပ်နှင့် မမျှသည့် အလေးချိန်ကို သယ်နေ ရသောကြောင့် အာရုံကြော စနစ်ရှိ လှုပ်ရှားမှု ဆိုင်ရာ အပိုင်း ကို အလုပ် ပိုလုပ် ရစေ ပါသည်။ ပုံမှန်ထက် ပိုကြီးထွား နေသော ခန္ဓာကိုယ် အနှံ့ရှိ ဆဲလ်များ အားလုံးသို့ အောက်စီဂျင် နှင့် အာဟာရ ကို မနိုင်ဝန် ထမ်ဲးခင်း မရောက် ရောက်အောင် ပို့ပေး နေရခြင်း ကြောင့် နှလုံးကိုပို အလုပ်လုပ် ရစေသဖြင့် သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ရောဂါများ ဖြစ်ရန် အလွန် နီးစပ်ပါသည်။
အ၀လွန်သူများ၏ သွေးထဲတွင် တိရစ္ဆာန်ဆီ ဟုခေါ်သော ကော်လက်စရောလ် ပါသော အဆီဖတ်များသည် သွေးကြော နံရံတွင် စုဝေး၊ တွယ်ကပ်ကာ အနယ်ထိုင် နိုင်၍ သွေးကြော မာကြောသည့် ရောဂါကို ဖြစ်စေ နိုင်ပါသည်။ မာကြောနေသော သွေးကြောနံရံကို နှလုံးမှ လာသော သွေးဖိအား အရှိန်ဖြင့် တိုက်စား ခံရ နိုင်သောကြောင့် သွေးကြော နံရံပဲ့ထွက် ပျက်စီး၍ တစ်ရှူး အတွင်း သွေးယိုစီးခြင်း၊ ပဲ့ထွက် သွားသော အစသည် သွေးကြော တလျှောက် တနေရာတွင် သွားရောက် ပိတ်ဆို့ နိုင်ပြီး ပိတ်မိ ခံလိုက် ရသည့် ခန္ဓာကိုယ် အစိတ် အပိုင်းသည် အောက်ပိုင်း ဖြစ်ပါက လေဖြတ်ပြီး ကိုယ်တပိုင်း သေနိုင်ပါသည်။ အကယ်၍ ဦးနှောက်သို့သွားသော သွေးကြော ပိတ်ခံရပါက ဦးနှောက် သွေးကြော ပိတ်ပြီး အသက် ဆုံးရှုံး နိုင်ပါသည်။ ကိုယ်အလေးချိန်ကို အချိန်မီ မလျှော့ချပဲ ဆက်လက် အ၀လွန် နေခြင်း (သို့) ထိုထက် ပိုဝ လာစေခြင်းသည် ရောဂါ တခုခုကို မလွဲမသွေ ရရန် ကြိုဆို ဖိတ်ခေါ် နေခြင်းပင် ဖြစ်သော ကြောင့် ကိုယ်အလေးချိန် ကို လျှော့ချသင့်ပါသည်။
Body fat composition ခန္ဓာကိုယ် အဆီဓါတ် ဖွဲ့စည်းတည်ရှိမှု
အ၀လွန်သူ ဖြစ်စေ၊ ပုံမှန် ကိုယ်အလေးချိန် ရှိသူဖြစ်စေ ရောဂါ တခုခုကို ရရှိနိုင်သည့် လက္ခဏာသည် ကိုယ်အလေးချိန် နည်းခြင်း များခြင်းအပေါ် မူတည် သည့်အပြင် ခန္ဓာကိုယ် အတွင်း အဆီဓါတ် စုစည်း တည်ရှိသည့် နေရာ အပေါ်တွင် လည်း မူတည် နေပါသည်။ ဆိုလိုသည်မှာ အ၀လွန်ခြင်း တူသူ နှစ်ဦးတွင် ခါးနှင့် တင်ကို တိုင်းတာ ကြည့်၍ ခါး၏ အကျယ်အ၀န်းသည် တင်၏အကျယ်အ၀န်းထက် ပိုများ နေသူသည် အန္တရာယ် နှင့် ပိုနီးစပ်သူ ဖြစ်ပါသည်။ အမျိုးသမီး များတွင် ခါးနှင့်တင် အချိုး wrist/Hip တနည်းအားဖြင့် ခါး အတိုင်း အတာကို တင် အတိုင်း အတာနှင့် စား၍ ရသည့် အဖြေသည် ၀.၈ နှင့်အောက်မှာ ရှိသင့်ပြီး အမျိုးသားများတွင် ခါးနှင့်တင် အချိုးတူ ၁ နှင့် အောက်မှာ ရှိသင့်ပါသည်။ ထိုထက် ပိုများနေပါက အန္တရာယ် ရှိသည်ဟု မှတ်ယူရမည်။ ထို့ကြောင့် BMI တခုတည်းကို ကြည့်၍ အန္တရာယ် ကင်းပြီဟု မှတ်ယူ၍ မရပဲ BMI ပုံမှန် ရှိသူ သည်လည်း ခါးသည် တင်ထက် ပိုကျယ်နေပါက ၀မ်းဗိုက်မှ အဆီကို ကျအောင် ချရမည် ဖြစ်သည်။ သတ္တုဓါတ်များ လွန်ကဲခြင်း ကြောင့်လည်း တခြား ပြဿနာ များစွာကို ဖြစ်ပေါ် စေနိုင်ပါသည်။ အလျဉ်းသင့် ပါက နောက်ပိုင်းတွင် Electrolyte imbalance ကို သီးသန့် တင်ပြပါမည်။
အစာ အာဟာရ မမျှတခြင်းသည် အန္တရာယ် အလွန် များသောကြောင့် မည်သူမဆို မိမိကိုယ်ကို ကျန်းမာစွာ အသက်ရှင် ရပ်တည် လိုပါက အစာ အာဟာရ ကို လုံလောက်စွာ နှင့် မျှတစွာ စားသုံးခြင်း ဖြင့် ခန္ဓာကိုယ်ကို ပုံမှန် အရွယ်အစားမှာ အမြဲ ထိန်း ထားသင့်ပြီး ခန္ဓာကိုယ် အဆီ စုစည်းမှုကိုလည်း သူ့နေရာနှင့်သူ စနစ်တကျ ရှိနေစေရန် ဂရု စိုက်ရပါမည်။ ကျန်းမာရေး အတွက် နေ့စဉ် လိုအပ်သော အာဟာရ ကို ဆက်လက် ဖေါ်ပြပါမည်။
Monday, September 22, 2008
Attention Deficit Hyperactivity Disorder (3)
ဝေဒနာရှင် ကလေးတွေရဲ့ မိဘတိုင်း သိချင် နေတဲ့ မေးခွန်းလေး ပါပဲ။ ဒီ ကလေးလေး တွေကို ပြုစု ကုသဖို့ ပြီးပြည့်စုံတဲ့ တစ်ခု တည်း သော နည်းလမ်း ဆိုတာ မရှိပါဘူး။ ရောဂါ လက္ခဏာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူတတ်လို့ ကုသတဲ့ အပိုင်း မှာလည်း မတူ တတ် ပါဘူး။ ဒါအပြင် တွဲပြီး တွေ့ရ တတ်တဲ့ ရောဂါတွေ ကိုလည်း ကုသ ရပါမယ်။
ဆေးဝါးဖြင့် ကုသနည်း (Medication)
ဒါက တော့ မိဘ အုပ်ထိန်းသူ တွေ စိုးရိမ် နေတဲ့ ပြဿနာ တစ်ရပ်ပါ။
ADHD ကို ကုသဖို့ အတွက် အာရုံ နိုးကြွ စေသော လှုံ့ဆော် ဆေး Stimulant Drugs တွေကို သုံးနေရ လို့ ပါပဲ။ သူတို့ ကလေးလေး တွေကို ဆေးစွဲ သွားမှာ စိုးရိမ် ကြပါတယ်။ သက်ဆိုင်တဲ့ နယ်ပယ် က တတ်ကျွမ်းတဲ့ ဆရာဝန်ကြီး တွေ စနစ်တကျ ပေးမယ် ဆိုရင်တော့ ဒီဆေး တွေက စိတ်ချ ရပါတယ်။ ယခု အချိန် အထိတော့ ADHD မှာ အသုံးပြုတဲ့ Stimulant ဆေး တွေမှာ ဆေးစွဲ စေတတ်တယ် ဆိုတဲ့ အချက် အလက် ခိုင်ခိုင် လုံလုံ မတွေ့ရ သေးပါဘူး။ ဆရာဝန် ဆီကိုတော့ ချိန်းဆို မှု အတိုင်း မှန်မှန် ပြန်လာ ပြခြင်း follow up လုပ်ဖို့ လိုပါတယ်။ ဆေး အချိန်အဆ တိုးခြင်း၊ ဆေး ပြောင်းခြင်း စတာ တွေကို ဆရာဝန် ကိုယ်တိုင် လူနာရဲ့ တိုးတက် ပြောင်းလဲမှု ကို လေ့လာပြီး မှ ဆုံးဖြတ် ပါလိမ့်မယ်။ ဆေးဝါး တွေက ADHD ရဲ့ လက္ခဏာ တွေကို ထိန်းချုပ် ပေးရုံ သက်သက်ပါ။ လုံးဝ ပျောက်ကင်းအောင် မကုသ နိုင်ပါဘူး။ လူနာရဲ့ အသက် အရွယ် ဟာလည်း အရေးကြီး ပါတယ်။ အသက်အရွယ် အလိုက် သုံးစွဲရတဲ့ ဆေးဝါး တွေ ကလည်း မတူနိုင် ပါဘူး။
အောက်မှာ ဖော်ပြ ထားတဲ့ ဆေးဝါး တွေ ကတော့ FDA က အသိအမှတ် ပြုထားတဲ့ အာရုံ နိုးကြွ စေသော ပစ္စည်း Stimulant တွေ ဖြစ်ပါတယ်။
Adderall(amphetamine) 3years and older
Concerta(methylphenidate)6years and older
Cylert(pemoline )6 years and older
Dexedrine(dextroamphetamine) 3 year and older
Dextrostat(dextroamphetamine)3 year and older
Focalin( dexmethylphenidate) 6 years and older
Metadate ER(methylphenidate) 6 year and older
Metadata CD (methylphenidate) 6 year and older
Ritalin(methylphenidate) 6 years and older
FDA က နေပြီး stimulant မဟုတ်တဲ့ ဆေးဝါး တစ်မျိုး ကို မကြာခင် ကပဲ အသိအမှတ်ပြု သုံးစွဲခွင့် ပေးထား ပါတယ်။ Strattera လို့ ခေါ်တဲ့ အဆိုပါ ဆေးဝါးဖြင့် ကုသတဲ့ ကလေး ၇၅% ဟာ ရောဂါ လက္ခဏာ တွေ သက်သာ ပျောက်ကင်း ကြောင်း တွေ့ရှိ ရပါတယ်။
ဆေးဝါးဖြင့်ကုသခြင်း၏ ဆိုးကျိုးများ
ကြီးကြီးမာမား အန္တရာယ် ဖြစ်စေတဲ့ ဘေးထွက် ဆိုးကျိုး မရှိပါဘူး။ ယျေဘူယျ တွေ့နိုင်တဲ့ ဘေးထွက် ဆိုးကျိုး တွေ ကတော့ အစား အသောက် ပျက်ခြင်း၊ နှစ်ခြိုက်စွာ အိပ် မပျော်ခြင်း၊ စိတ်တို စိတ်ဆတ်ခြင်း၊ ခေါင်းကိုက်ခြင်း တို့ ဖြစ်ပါတယ်။
Behavior modification
ဆေးဝါးတွေက ကလေးရဲ့ နေ့စဉ် performance တွေကို အထိုက် အလျောက် တိုးတက်အောင် စွမ်းဆောင် နိုင်ပေမယ့် နေ့စဉ် ကြုံတွေ့ နေနိုင်တဲ့ လူမှုရေး ပြဿနာ တွေကို ဖြေရှင်း နိုင်ဖို့၊ ကလေးရဲ့ အမူအကျင့် ဆိုင်ရာ ပြဿနာ behavior problem တွေ အတွက် နည်းလမ်း ရှာနိုင်ဖို့ စိတ် ကျန်းမာရေး ပညာရှင် mental health professional နဲ့ တွေ့ဆုံ ဆွေးနွေး သင့်ပါတယ်။ ဝေဒနာရှင် ကလေး ကိုယ်တိုင် သာမက မိသားစုဝင် တွေ ကိုပါ တွေ့ဆုံ ဆွေးနွေး အကြံပေး ရပါမယ်။
Social skill training
ကလေးကို လူမှု ပတ်ဝန်းကျင် မှာ လိုက်နာ ရမယ့် စည်းကမ်း လေးတွေကို သင်ပေး ရပါမယ်။ ဥပမာ ... တန်းစီပြီး ကိုယ်အလှည့် ရောက် အောင် စောင့်ခိုင်း ခြင်း၊ ဘောလုံး၊ အရုပ် စတာ တွေကို မျှဝေ ကစားခြင်း၊ တဘက်လူရဲ့ မျက်နှာရိပ်၊ မျက်နှာကဲ နှင့် အသံ အနေ အထား အပေါ် မူတည်ပြီး တုန့်ပြန် ပြုမူ တတ်အောင် သင်ကြား ပေးခြင်း စတာတွေကို အထူး လေ့ကျင့်ထားတဲ့ Social health worker လူမှု ကျန်းမာရေး လုပ်သား တွေနဲ့ သင်ကြား ပေးရပါမယ်။ မိဘတွေ အနေနဲ့ ကလည်း ဘ၀တူ မိဘတွေကို ရှာဖွေပြီး အတွေ့အကြုံ ဖလှယ် နိုင်ပါတယ်။ အကြံဉာဏ်များ ရယူ နိုင်ကြ ပါတယ်။ တစ်ချို့ ကလေးတွေ အရွယ်ရောက် လာတဲ့ အချိန်မှာ ရောဂါ လက္ခဏာ ကင်းစင် ပပျောက် သွားပေမယ့် ၃၀% မှ ၇၀% အထိ ကတော့ လူကြီးပိုင်း အထိ လက္ခဏာ တွေ ရှိနေ တတ်ပါတယ် …
ADHD Diet အစားအစာများ
ADHD ကလေးတွေ အတွက် အစားအစာ ဆိုပေမယ့် ထူးထူး ခြားခြား ကြီး ပြင်ဆင် ချက်ပြုတ် စရာတော့ မလို ပါဘူး။ မိသားစု အတွင်း နေ့စဉ် စားသောက် နေတာကို အနည်းငယ် ပြင်ဆင် စားသောက်လျှင် ရနိုင်ပါတယ်။
ပရိုတင်းဓါတ် (အသားဓါတ်) ပြည့်ဝအောင် စားပါ။
နံနက်စာ အတွက် ပရိုတင်းဓါတ် အဓိက ပါဝင်အောင် ပြင်ဆင် သင့်ပါတယ်။ သာမန် နံနက်စာမှာ ကာဗိုလ် ဟိုက်ဒြိုတ်ဓါတ် (ကစီဓါတ် (သို့) သကြားဓါတ်) များစွာ ပါဝင် နေတတ် ပါတယ်။ ပရိုတင်းဓါတ် (၇၀%) ကာဗို ဟိုက်ဒြိုတ် (၃၀%) ဖြစ်အောင် ပြင်ဆင် စားသုံး သင့်ပါတယ်။
ရေများများ သောက်ပါ။
တစ်နေ့ကို ၁လီတာ ခွဲ (ရေသန့်ဗူး တစ်ဗူး ခွဲ)ခန့် အနည်းဆုံး သောက်သုံး သင့်ပါတယ်။
Omega 3 fatty acid
နေ့စဉ် အစား အသောက်မှာ ပင်လယ် ငါး တစ်မျိုး မှ ရသော ငါးကြီးဆီ သန့် တစ်မျိုး omega 3 fatty acid ပါဝင်အောင် စားသောက်ခြင်း က ADHD ဝေဒနာ တွေကို သက်သာ စေတယ် လို့ ဆိုပါတယ်။ ယောင်္ကျား လေးတွေမှာ Omega 3 fatty acid ပမာဏ ပိုပြီး လိုအပ် ပါတယ်။ asprin နှင့် warfarin ကဲ့သို့ သွေးကျဲ စေသော ဆေးများကို သောက်သုံး နေလျှင်တော့ omega 3 သောက်သင့် မသောက် သင့် ဆရာဝန်နှင့် တိုင်ပင် သင့်ပါတယ်။
ရှောင်ကျဉ် သင့်သည့် အစားအစာများ
ကိုယ်ခန္ဓာ ၏ လွန်ကဲ တုန့်ပြန်မှု လက္ခဏာ Hyperactivity symptom တွေဟာ food allergy အစားအသောက် ဓါတ်မတဲ့ မှု နဲ့ ဆက်နွယ်မှုရှိတာကြောင့် မိမိနဲ့ မတည့်သော အစားအစာ များကို ဂရုစိုက် ရှောင်ကျဉ် သင့်ပါတယ်။
ဥပမာ -
နို့နှင့် နို့ထွက် ပစ္စည်းများ
အချိုရည် ဘူးများ
ချောကလက်
ဆီ နှင့် ကြော် ထားသော အစားအစာ များ (Fried foods)
အရောင်တင် ထားသော အစားအစာများ
သကြားဓါတ် များသော အစားအစာများ
ကျန်းမာ ရွှင်လန်း ကြပါစေ ...
Thursday, September 18, 2008
Attention Deficit Hyperactivity Disorder (2)
Environmental Agents
သုတေသန စမ်းသပ်မှု တွေအရ ADHD ဟာ ပွဲတိုင်းကျော် ဆေးလိပ်၊ အရက် တွေနဲ့ ဆက်စပ် နေပါသတဲ့။ ကိုယ်ဝန် ဆောင်နေစဉ်
အတွင်း ဆေးလိပ် အရက် သောက်သုံးတဲ့ မိခင်တွေ သတိထား ဖို့ လိုပါတယ် ။ မြန်မာမိခင် အများစု ကတော့ ဆေးလိပ်၊ အရက် သောက်လေ့ မရှိ ပါဘူး။ ဒါပေမယ့် ကိုယ်ဝန်ဆောင် ဇနီးသည် အနားမှာ ဆေးလိပ် မသောက် ကြဖို့ အမျိုးသား များကို အကြံပေး လိုပါတယ်။
Environmental agents တွေထဲမှာ နောက်သတိထားရမှာ တစ်ခုက Lead (ခဲ) ပါ။ မြန်မာပြည် မှာတော့ ဘက်ထရီအိုး လုပ်ငန်း တွေမှာ ခဲဆိပ် သင့်ဖို့ အခွင့် အလမ်း များ ပါတယ်။ အခြား လုပ်ငန်းခွင် တွေ လည်း ရှိမယ် ထင်ပါတယ်။ ဟိုး အရင်က နံရံ ဆေးရေး ပန်းချီ တွေမှာ ခဲတွေ ပါဝင်တယ် လို့ ဆိုပါတယ်။ အခုခေတ် မှာတော့ ခဲပါဝင်မှုကို ထိန်းချုပ် လိုက်ပါပြီ။ ပတ်ဝန်းကျင် မှာ ရှိတဲ့ ခဲ ပမာဏကို မိဘ တွေက သတိပြု ရပါမယ်။ ADHD သာမက အခြား ရောဂါတွေ လည်း ဖြစ်နိုင် သေးလို့ပါ။ ကျွန်တော် အချိန်ရရင် ခဲဆိပ် သင့်တဲ့ အကြောင်း ကို ရေး ပေးပါ့မယ်။
Brain Injury
ဦးနှောက်ကို မတော်တဆ ထိခိုက် မိတဲ့ ကလေး တွေမှာ ADHD ရောဂါ လက္ခဏာ တွေ တွေ့ရ တတ်ပါတယ်။
Food Additives and Sugar
အစား အသောက်တွေမှာ မှာ အသုံးပြုတဲ့ Food additive နဲ့ သကြား ပမာဏ ဟာလည်း ADHD နဲ့ သက်ဆိုင် နေတယ် လို့ ဆိုပါတယ်။ Food allergy ရှိတဲ့ ကလေး တွေမှာ သကြား ပမာဏကို ထိန်းချုပ် လိုက်ခြင်းဖြင့် ၅ ရာခိုင်နှုန်း သော ကလေး တွေမှာ ရောဂါ လက္ခဏာ တွေ လျော့ပါး သွားတယ်လို့ ဆိုပါတယ်။
Genetic
ADHD ရောဂါ ရောဂါသည် ကလေးရဲ့ ဆွေမျိုးရင်း First degree relative တွေ မှာလည်း ADHD လက္ခဏာ တွေ တွေ့နိုင် ပါတယ်။ တစ်ချို့ သုတေသန တွေမှာ ဆိုလျှင် first degree relative ရဲ့ ၂၅ %မှာ တွေ့နိုင် တယ်လို့ ဆို ပါတယ်။ အမွှာ ကလေး တွေမှာ အတူတူ ဖြစ်တတ် ကြလို့ မျိုးရိုး လိုက်တယ် ဆိုတဲ့ အချက်က ပို ထင်ရှား လာတယ် လို့ ဆိုပါတယ်။ ADHD ဖြစ်စေတဲ့ Genes ကိုတော့ရှာဖွေ ဆဲပါ။
နောက်ဆုံး လေ့လာတွေ့ရှိချက် ကတော့ ADHD ရောဂါ ဝေဒနာရှင်လေး တွေ မှာ သာမန် ကလေးတွေ နဲ့ စာရင် ဦးနှောက် အစိတ် အပိုင်း အားလုံးရဲ့ ပမာဏ ၃-၄ % ခန့် သေးငယ် နေတာ တွေ့ရ ပါတယ်တဲ့။ MRI, PET, SPET စတဲ့ ပုံရိပ် ဖော်စက် တွေနဲ့ စမ်းသပ်ပြီး ရလာတဲ့ တွေ့ရှိချက် တွေပါ။
တွဲဖက် တွေ့ရ တတ်သော အခြား ပြသနာများ
ADHD ဝေဒနာရှင် လေးတွေမှာအောက်ပါ ရောဂါ လက္ခဏာ လေးတွေ တွဲပြီး တွေ့ရ တတ်ပါတယ်။
Learning Disabilities
အပိုင်းတစ် မှာ ဖော်ပြခဲ့တဲ့ ဂဏာမငြိမ်လို့၊ အာရုံ စူးစိုက်နိုင်မှု အားနည်းလို့ စာသင်ခန်းမှာ အခက်အခဲ ဖြစ်သလို၊ သူတို့လေးတွေ
ကိုယ်တိုင်က တစ်ချို့ စာလုံးတွေ၊ အသံတွေကို နားလည်ဖို့ ခက်ခဲ ပါသတဲ့။ အထူးသဖြင့် dyslexia လို့ခေါ်တဲ့ reading disorder ကို မူလတန်း အရွယ် ဝေဒနာရှင် ကလေး ၈ ရာခိုင်နှုန်း ခန့်မှာ တွေ့ရပါသတဲ့။
Tourette Syndrome
ADHD ကလေး အချို့မှာဒီ ရောဂါ လက္ခဏာစု လေး တွဲပြီး ရှိနေတတ် ပါတယ်။ မျက်တောင် ခဏခဏ ခတ်တတ်တာ၊မျက်နှာကို ခဏခဏ မဲ့ တတ်တာ၊ မလိုအပ်ဘဲ လည်ချောင်းကို ခဏခဏ ရှင်းတတ်တာ စတာတွေဟာ ဒီ ရောဂါ လက္ခဏာစု ရဲ့ လက္ခဏာ တွေပါပဲ။ တစ်ချို့ ကလည်း လုပ်ရင်း လုပ်ရင်း အကျင့်ပါ သွားတာ လို့ ဆိုပါတယ်။ ကုသရင် ပျောက်ကင်း နိုင်ပါတယ်။
Oppositional Defiant Disorder
ADHD ဝေဒနာရှင် ကလေးတွေရဲ့ ၃ ပုံတစ်ပုံ ကနေ တစ်ဝက်ခန့်မှာ တွဲပြီး တွေ့ရ တတ်ပါတယ်။ ခေါင်းမာပြီး ပြောစကား နား မထောင် တတ်ပါဘူး။ ယောင်္ကျားလေးတွေ မှာ ပိုတွေ့ရ တတ်ပါသတဲ့။
Conduct Disorder
ဒါကတော့ ပိုပြီး ဆိုးဝါးတဲ့ လူမူရေး ပြဿနာ တွေကို ဖြစ်စေ တတ်ပါတယ်။ ၄၀% သော ADHD ကလေး တွေဟာ ဒီပြဿနာ နဲ့ တွဲ နေတတ် ပါတယ်။ Conduct Disorder နဲ့ တွဲ လာရင် တော့ ဒီ ကလေးလေး တွေဟာ လိမ်ပြော တတ် လာမယ်၊ သူများ ပစ္စည်း ခိုးတတ် လာမယ်၊ သူများကို အနိုင်ကျင့် တတ်လာမယ်။ လူမူရေး ပြဿနာ တွေက မသေးလှပါဘူး။
Anxiety and Depression
တချို့ ADHD ဝေဒနာရှင် လေးတွေမှာတော့ Anxiety and depression တွဲပြီး တွေ့ရ တတ်ပါတယ်။ ADHD ကို ကုသ လိုက်ရင် Anxiety and depression လက္ခဏာ တွေလည်း သက်သာ ပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။
Bipolar Disorder
ADHD ဝေဒနာရှင် ကလေးတွေမှာ Bipolar Disorder ကို တွဲပြီး တွေ့ရ တတ်ပေမယ့် ရာခိုင်နှုန်း ဘယ်လောက်မှာ Bipolar disorder ဖြစ်တတ်တယ် ဆိုတာ တိကျတဲ့ သုတေသန စာတမ်းတော့ မရှိသေး ပါဘူး။ Bipolar Disorder အကြောင်းကို ဒေါက်တာနုသွဲ့ ရဲ့ ဘလော့မှာ အကျယ်တ၀င့် ရှင်းလင်း ထားပါတယ်။
ကုသပုံ ကုသနည်းများ အကြောင်း ကိုတော့ အပိုင်း ၃ အနေနဲ့ တင်ပြပါ့မယ်။
ကျန်းမာ ရွှင်လန်း ကြပါစေ။
Tuesday, September 16, 2008
Medical Diseases of US
ရှေ့ က ပညာပေး ဆောင်းပါး ဘာသာပြန်သူ ကို ဖြည့်စွက် တင်ပြသော ဆောင်းပါး ဖြစ်ပါတယ်။ သူ့ ကို ဝေဖန်တာ မဟုတ်ပါ။ ဆရာဝန် တွေ သုံးတဲ့ဆေးတွေ ဟာ သတ်မှတ် ထားတဲ့ ဆေးတွေ ဖြစ်တာ သေချာပါတယ်။ လူနာ ရှင် တွေ ကသာ အလွဲ သုံးစား မပြု မိရန် အရေးကြီး တာ ပါ။ ဆရာဝန် ကလည်း ဖြစ်တတ်တာ ကို သိထားရန် သတိပေးရန် အရေးကြီး ပါတယ်။
နားလည် လိပ်ပတ်အောင် ဖတ်ကြည့်ကြပါ။ ဗဟုသုတ ရရှိတာ လေးတွေ မျှဝေ ပေးတာပါ။ အင်္ဂလိပ် စာစောင်တွေ ကို စံနစ်တကျ ဘာသာ ပြန်ဘို့ လဲ အချိန် မရှိတော့ ကိုယ်ပိုင် အတွေ့ အကြုံ တွေ ဘဲ ရေး ရန် အားသန် နေပါတယ်။
အမေရိကန် တွေဟာ တော်တော် ဆေးသုတေသန တွေ လုပ်ကြပါတယ်။ ဆေးပညာလဲ တိုးတက်ကြတယ်။ ဆေးအသစ် တွေ လဲ ထုတ်လုပ် ကြတယ်။ အချို့ ဆေးတွေ ဆို တော်တော် ကို အသက် ကယ်နိုင်ခဲ့ကြတယ်။ လူတွေကို အသက် ရှည်စေ ခဲ့ကြတယ်။ penicillin, prozac , viagra စတဲ့ wonder drug တွေ ဟာ တော်တော် ကျေးဇူးရှိပါတယ်။
အချို့ ကြတော့လဲ ထူး မခြားနား တွေ ဖြစ်တယ်။ အချို့  တော့လည်း ဘာ အရေးကြီးတယ် ဒီဆေး စားသင့်တယ် လုပ်ကြတယ် ကြော်ငြာ ကြတယ်။ ဆရာဝန်တွေကို လိုက်လံ သင်ပြကြတယ်။ ရောင်းကြတယ်။ နောက်တော့ ၁၀ နှစ်ကြာမှ အဲဒီဆေးဟာ ကင်ဆာ ဖြစ်တာတွေ့ တယ် ပြောကြပြန်တယ် ရုပ် သိမ်းကြပြန်တယ်။ ရရှိတဲ့ အကျိုး ရလဒ်နဲ့ ပေးဆပ်ရတဲ့  မလိုလားတဲ့ ဒဏ်တွေ ကြောင့် ဆေးကို ပိတ်ပင် တာ ခံရပြန်တယ်။ ဈေးကွက် မှာ မရောင်း တော့ ပြန်ဘူး။ ချောက်စား ဟောက်စား ဆိုတာလဲ ဆေးလောကမှာ ရှိတာ သတိ ပေးတာပါ။ လူတွေ လဲ တော်တော် လည်လာပါပြီ။ လူနာတွေ ဘက် က တရားစွဲ ပေးတဲ့ရှေ့ နေတွေ ရှိတယ်။ လူနာရှင် အချင်းချင်း ပညာ ပေး ကြတယ် အားပေး ကြတယ်။
သူတို့ ဆီမှာ ထူးခြားတာ က ဖွံ့ ဖြိုးစ နဲ့ မဖွံ့ ဖြိုး သေးသော နိုင်ငံများ မှာ မတွေ့ ရတဲ့ ရောဂါ တွေ တွေ့ရ တယ်။ ဒါကြောင့်မို့  သူတို့ ရော ဂါ အထူး အဆန်း တွေကို ဖွံ့ဖြိုးလွန် ရောဂါ လို့ သာ ခေါ်လိုက် ချင်ပါတယ်။
ဥပမာ အားဖြင့် အဝလွန် ရောဂါ ဆိုပါတော့ တော်တော် ကြီးဝတာပါ။ ပြောရမယ်ဆိုရင် ဒီမှာ ဆင်းရဲတဲ့ လူတွေ ဝတယ်။ အိန္ဒိယ မှာ ဆင်းရဲတဲ့ လူတွေ ပိန်တယ်။ ဒီမှာ ဆင်းရဲသားတွေက စားသောက်ဘူးတွေ ဖွင့်စားကြတယ်။ လပ်ဆတ်တာ မစား ကြပါ။ ဘူး တွေ ထဲမှာ ပါတဲ့ ဓါတ်တွေ က ဝစေတာ လူတိုင်း သိတယ် ... ဒါပေမဲ့  မပြင်ကြဘူး။ စားတဲ့ လူတွေကလဲ စားတာဘဲ။ သကြား တွေ အရမ်းသုံး ကြတယ်။ အချိုတွေ အရမ်း စားကြတယ်။ refined sugar သကြား က အနု ချက် ထားတာ ဆိုတော့ အလွန် စိမ့်ဝင် လွယ် တယ်။ ဝ စေတယ်။ အားလုံး သိကြတယ် ။ မရှောင် ကြဘူး။
စာရေးသူ ရန်ကုန် မှာ အေဒီ အိပ်ခ်ျဒီ ကို စတင် ကြားဘူး တယ်။ သူဌေးသား တွေ စင်္ကာပူ ကိုလွတ် ပြီးကုရတယ်။ ငယ်ငယ်တုံး က မကြားဖူး ပါဘူး။
မျောက် ချောက် တာ ပေါ့။ အကြောက်တရား မရှိ အလွန်ဆော့သော ကလေးပေါ့။ အိမ် က မြောက်စား တာလဲ ပါမှာပေါ့။ ဆုံးမ မဲ့လူ မရှိတာလား ။ အလွန် သွက် လက် လို့  ညဏ်ထက်ပြီး စိတ် မရှည်တတ် တာလား တော့ မသိပါ။ မငြိမ် တာတော့ သေချာ တယ်။ ဘေးက လူတွေ စိတ်ညစ် လောက်တယ်။စသဖြင့် မြန်မာ ပြည်က လူတွေ က အဲဒီ အချိန်က ခံယူ နေခဲ့ကြတယ် ။ ရောဂါမှန်း မသိခဲ့ ကြပါဘူး။
အမေရိကားမှာ တော်တော် ခေတ်စားတယ်။ မိဘတွေက ထိန်း မနို်င်ရင် ဆရာ မတွေ ဆရာတွေ ကျောင်းခန်းမှာ ထိန်းမနိုင်ရင် ဆရာဝန် ဆီ ပို့ တာဘဲ။ ဆရာဝန် က ဆေးကျွေး တာနဲ့ ကလေးဟာ ငြိမ်သွားတယ်။ ထိုင်တယ်။ စာကျက်တယ်။ လေ့ကျင့်ခန်းကို စိတ် ငြိမ်စွာနဲ့ လုပ်နိုင်တယ်။
Ritalin ရီတယ်လင် ဆိုတဲ့ ဆေးဟာ ကမ္ဘာကျော် သွားပါတယ်။ သုတေသန ပြုတဲ့  ဆေး ကုမ္ပဏီ တော်တော် မြတ်ပါတယ်။ နောက်ပိုင်း အလွဲ သုံးစား တာတွေ အဖြစ်များ လာပါတယ်။ Ritalin abuse
အသိတယောက် အရင် အပတ်က သူ့ သား မင်္ဂလာဆောင် ပါတယ်။ သူပြောပြတယ် ” ငါ့သား ငယ်ငယ် က သိပ်ဆော့တာ ။ သူ့ ကျောင်း က ဆရာမ က အေဒီအိပ်ခ်ျဒီ ဆိုပြီး ဆေးကျွေး ခိုင်းတယ်။ ဆရာဝန် ဆီ ပြခိုင်း တယ်။ ”နင် ပြသလား ဆေးကျွေး သလား” လို့ မေး လိုက်တော့။ ”ငါ ဆေး မကျွေး ပါဘူး။ ငါ့ သား ကို ဆေးနဲ့ ငြိမ်အောင် မလုပ်ချင် ပါဘူး။ ငါ သူ့ ကို ဘော်လုံး အားကစား အား ကုန်အောင် ကစားခိုင်း လိုက်တာ ပေါ့။” သူ့ သား က အကောင်ကြီး လိုက်တာ ကြောက်စရာ ဘဲ ကောလိပ်မှာလဲ ဘော်လုံး ချံပီယံ ဖြစ်တယ်။ ကျောင်းအားရင် သူ့ အလုပ်က ဘား ကလပ် တွေမှာ အပေါက်စောင့် တာ တော်တော် ပိုက်ဆံရ တယ်။ ဘောက်ဆာ လို့ ခေါ်တယ်။ လူဆိုးထိန်းပေါ့။ အရက် သမားတွေ ရန်ဖြစ်ရင် ထိန်းဖို့ တဲ့။ အခုတော့ အလုပ် အတည်အကျ ရပါပြီ။ အခုလဲ သူ့ ကို ထိန်းမဲ့ မိန်းမ ကောင်းကောင်း ရသွားပါပြီ။ ဘာပဲ ပြောပြော ဆေးနဲ့ မဖိဘဲ အေဒီ အိပ်ခ်ျဒီ သားကို ကြီးအောင် မွေးခဲ့တဲ့ အမေ ကို တော်တယ် ပြောရပါမယ်။ အဖေ မရှိဘဲ သူ အလို လိုက် မွေးခဲ့ တာပါ။ ဆေး မကျွေး ရင် တော်တော် ထိန်းရ ခက်တဲ့ ကလေးမျိုး ဖြစ် ပါလိမ့်မယ်။
နောက် အမေရိကန် တယောက် ကလဲ အေဒီအိပ်ခ်ျဒီ ပါဘဲ။ သူ ကတော့ လူကြီးပါ။ တော်တော် တက်ကြွ သူပါ။ သူ့ မိန်းမ က အေးအေး နေလိုတယ် သူက အမြဲ တက်ကြွ နေတယ်။ မိန်းမက မျက်စေ့ နောက်လို့ သူ့ ကို ဆရာဝန် ပြခိုင်းတယ်။ အေဒီ အိပ်ခ်ျဒီ ဆေး သောက်ခိုင်းတယ်။ သူပြောတာ ကတော့ အဲဒီဆေး သောက်လိုက်ရင် စိတ် ကို တနေရာထဲ ထားလို့ ရတယ်တဲ့။ စာ ဖတ်လို့  သိပ် ကောင်းတယ်။ အလုပ်လဲ လုပ်လို့  ကောင်းတယ်တဲ့။ နောက်တော့ နေလို့ ကောင်းတယ် ဆိုပြီး ဆရာဝန် ညွန်းတာထက် ပိုလို့  သောက်ရင်း သောက်ရင်းနဲ့ စိတ် အနေတွေ မမှန် တော့ဘူးပေါ့။ ထင်ယောင် ထင်မှား တွေ ဖြစ် လာတယ်။ ပိုလို့ စိတ်တွေ ပိ လာတယ်။ အခြား ဆရာဝန်တွေ ဆီသွားရ တိုင်ပင်ရ ဖြစ်ကုန် တယ်။ ဆေး အလွဲ သုံးစားမှု ခေါ်ပါတယ်။ နောက်တော့ သူ ဆေးဖြတ် လိုက်တယ်။ ဆရာဝန် ကိုလည်း သူ့ ကို ဆေးစာ မရေး ပေးရန် တောင်းပန် လိုက်တယ်။ နေ့ စဉ် ပြေးတယ်။ အားကစား လုပ်တယ်။ သူ့ မိန်းမ ကို လည်း ”ငါ ကတော့ ငါ ဘဲဟေ့ ။ တနေရာ မှာ အငြိမ် မနေလိုဘူး။ မကျေနပ်ရင် ကွာ ရှင်း” လို့  ပြောလိုက် ပါတယ်။ တကယ်ဘဲ ကွာရှင်း ပြတ်စဲ လိုက်ကြ ပါတယ်။
အမေရိကန်မှာ ဆရာဝန် တွေကို ဆေးစာ ရေးခိုင်းပြီး စိတ်ရောဂါ ကုသတဲ့ ဆေးတွေ အလွဲသုံးစား နေကြသူတွေ အများကြီးပါဘဲ။ အနာ ပျောက်တဲ့ ဆေးတွေ ”ကိုဒိန်း ” တွေ လဲ စွဲကြ ပါတယ်။ ဒါကြောင့်မို့  တတ်နိုင် ရင်တော့ ဆေးမကျွေးဘဲ လူနေမှု စရိုက်တွေ ပြင်ဆင် နေထိုင် နိုင် ကြရင် တော့ အကောင်းဆုံး ပါဘဲ။ မြန်မာပြည် မှာတော့ အမေရိကန်မှာလို နောက် ကကျားလိုက်နေတဲ့ နေရာမျိုး မဟုတ် တော့ လွယ်ပါတယ်။ သူတို့ လောက် ဒုက္ခ မများပါဘူး။ အသက် လဲ သူတို့ လို မရှည် ပေဘူး ပေါ့လေ။ သူတို့ လို လဲ မအောင်မြင် ဘူးပေါ့။ သို့ သော် သူတို့ မှားသလို လဲ မမှားဘူးပေါ့။ အကောင်း အဆိုး ပြောရတာ တော့ ခက်ပါတယ်။ ကိုယ့် အခြေအနေ ကို ကြည့်ကာ ချင့်ချိန် ကြပါ လို့ သာ ပြောချင် ပါတယ်။ ဆေး ဆိုတာ ကတော့ ဘေး ဆိုးကျိုး ရှိကြပါတယ်။ လူနာ လက်ထဲ ပြစ်ထားလို့ လဲမရပါ။ စိတ္တဇ ဆေးကို ဘေးက လူတွေ တိုက်ရ တာပါ။ ချင့်ချိန် ရပါတယ်။ အလွဲသုံးစား မလုပ် ပါစေနဲ့ ။
နောက်ရောဂါ တခု လဲ သူတို့ ဆီမှာ တော်တော် ပေါတယ်။ အစာ စားပြီး လက်ထိုး အံတာ ။ လေဒီ ဒို်င်ယာနာ မှာ ရှိတဲ့ရော ဂါ ပေါ့ ။ ဘူလီမီယား တဲ့။ ( bulimia ) စားကလဲ စားချင် လှလဲ လှချင် တယ်လေ။ မော်ဒယ်တွေ ကလည်း အဝတ်အစား ချိတ်လို့ ရအောင် ပိန်ကပ် နေတာကိုး။ ရောဂါသည် ဟာ စားပြီး ဝါးပြီး အရသာခံပြီးရင် လက်ထိုး အံပါ လေရော။ အစာအိမ်ထဲက အက်ဆစ်တွေ သည်းခြေရည်တွေ ပါ ပါကုန် တာပေါ့။ ဓါတ်မမျှတ တာတွေ့ ဖြစ်ကုန် ပါရော။
နောက် တခု ရှိသေးတယ်။ အနော်ရက်ဆစ် anorexia တဲ့ ။ အစာ ကို မစား တော့တာ။ ကိုယ် ကိုယ် ကို မသထာ တော့ တာပေါ့။ ပဌာန်း ဒေသနာ က စိတ် ဝေဒနာ လိုမျိုး ပေါ့။ အဲဒီ မိန်းမတွေ ဟာ ဝမှာ ပုံပျက်မှာ ကိုအကြောက်လွန်ပြီး အငတ်ခံနေတာပါဘဲ။ လူလဲ အရိုးခြောက် လို ပုံ ပေါက် နေတယ် ။ မလှလိုက်တာ။ သူ့ စိတ်ရောဂါ က လည်း အစား ကို ပါးစပ်ထဲကို မထဲ့တာ။ ဒါလဲ ပြသနာပါဘဲ။ အမေရိကန် မှာ နေပြီး အာဖရိက ဒုက္ခသည် ပုံ ဖြစ်နေတယ်။
နောက် ရောဂါ တခု ရှိသေးတယ်။ အော်တစ်ဇင် autism တဲ့ ။ ကလေးတွေ ဟာ စိတ်မပြည့်တာ။ ဘာ လို နေလဲ မသိဘူး။ ဉာဏ်တော့လဲ မဆိုး လှဘူး။ မိဘတွေ တော်တော် ဒုက္ခ ရောက်တယ်။ မြန်မာပြည် မှာတော့ မိသားစု က ကြည့်နေ ကြရတာပါဘဲ။ စာလဲ သိပ်သင်လို့ မရ ပါဘူး။ အမေရိကန်မှာ ပြဿနာ က မိဘ ကလည်း အလုပ် လုပ်ရတယ် ကလေး ကြည့်မဲ့ လူမရှိဘူး။ ကလေးထိန်း စရိတ် ကုန်တယ်။ သူတို့ လို ချင်တာ က အစိုးရ ကျန်းမာရေး စရိတ် က နေ ထောက်ပန့် စရိတ် ရအောင် တိုက် နေကြတယ်။ ဒါကြောင့်မို့ သူတို့ တိုင်းပြည် ရဲ့ ကျန်းမာရေး ပြသနာတွေ နဲ့  မြန်မာပြည်လို နေရာရဲ့ ပြဿနာ တွေ အသွင်မတူ ကွဲပြား နေတာ သိမြင် မိတာ ပြောတာပါ။
တင်ပြတာ အသေးစိပ် တွေ တော့ မပါလို့ လို တာတွေ ရှိပါလိမ့်မယ်။ အထက်ပါ ရောဂါတွေကို အခြား ဆရာဝန်များ ဆေးစာလို အသေးစိပ် ရေးပြ ရှင်းပြ နိုင်ပါတယ်။ autism ကို အသေးစိပ် ရှင်းပြ နိုင်ပါတယ်။
စာရေးသူ ကတော့ အတွေ့ အကြုံဘဲ ရေးတတ် သူပါ။ အချိန် ရရင်တော့ ကိုယ်ပိုင် စာတမ်း ပြုတာ ကို တင်ပြ ပေးပါမယ်။ လောလော ဆယ်တော့ ဒီလောက်ဘဲ ပါဝင် ကုသိုလ် ပြု ပါရစေ။
Sunday, September 14, 2008
Attention Deficit Hyperactivity Disorder (ADHD) - (1)
ADHD ရောဂါကို ၁၈၄၅ ခုနှစ်မှာ ဒေါက်တာ Heinrich Hoffman ကပထမဆုံး ဖော်ထုတ် နိုင်ခဲ့ပါ တယ်။ ဒေါက်တာ Hoffman ဟာ စိတ်ကျန်းမာရေး စာအုပ်တွေ ရေးသားခဲ့ပြီး ကဗျာဆရာ တစ်ဦးလည်း ဖြစ်ပါတယ်။ သူရဲ့(၃) နှစ်သား အရွယ် သားငယ်ကို ဖတ်ပြဖို့ စိတ်ကြိုက် စာအုပ် မတွေ့တဲ့ အခါ ကိုယ် တိုင် ရုပ်ပြ ကဗျာ စာအုပ် ရေးသားရာမှ ဒီ ရောဂါကို သတိ ထားမိ သွားပါတယ်။ သူ့ကဗျာ မှာ ကလေး အမျိုးမျိုးးရဲ့ ပုံလေး တွေနဲ့ သူတို့ရဲ့ အမူအကျင့် လေးတွေကို သရုပ်ဖော် ထားပါတယ်။ The story of Fidgety Philip ဆိုတဲ့ ကဗျာ လေးဟာ ADHD ဝေဒနာရှင် လေး တစ်ယောက်ကို အ တိအကျ ပုံဖော် ထားတဲ့ ကဗျာလေး ဖြစ် ပါတယ်။ အဲဒီ ကဗျာလေး ကို ဒီနေရာ မှာ ဖတ်ရှု နိုင်ပါတယ်။
ADHD ရောဂါ ဟာ အသက် (၇)နှစ်အောက် ကလေးငယ်တွေမှာ အဖြစ်များပြီး အရွယ်ရောက် လာရင် တော့ (၄၀- ၉၀) ရာခိုင်နှုန်း ဟာသက်သာ ပျောက်ကင်း သွားတတ် ပါတယ်။ သူတို့ လေးတွေ ပုံမှန် ကလေး တွေလို ကြီးပြင်း နိုင်ဖို့၊ ပတ်ဝန်းကျင် မှာ ၀င်ဆန့် နိုင်ဖို့ မိဘ ဆွေမျိုး တွေ၊ ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်း အပေါင်းအသင်း တွေရဲ့ နားလည် စာနာတတ်မှုလိုအပ်ပြီး ဂရုဏာ နှင့် ယှဉ်ပြီး ကူညီ ဖေးမ ပေးသင့် ပါတယ်။
ရောဂါလက္ခဏာများ
အဓိက ရောဂါ လက္ခဏာတွေ ကတော့
(၁) အာရုံ စူးစိုက်နိုင်မှု မရှိခြင်း( Inattention)
(၂) ဂနာမငြိမ်ဘဲ အမြဲတမ်း လှုပ်ရွနေခြင်း ( Hyperactivity)
(၃) လှုံ့ဆော်မှုများ ကြောင့် အာရုံ ပြောင်းတတ်ခြင်း( impulsivity)
ရောဂါလက္ခဏာတွေအပေါ်မူတည်ပြီး ADHD ကို အောက်ပါအတိုင်း(၃)မျိုးခွဲခြားနိုင်ပါတယ်။
(၁) hyperactive-impulsive type
(၂) Inattentive type
(၃) Combined type
(၁) Hyperactive type
ဒီကလေးတွေ ကတော့ အမြဲတမ်း တက်ကြွ နေတတ်ပြီး အငြိမ် မနေ ပါဘူး။ မျက်စိ ရှေ့မှာ ရှိသမျှ ပစ္စည်း တွေနဲ့ ကစား တတ်ပါတယ်။ မိသားစုနဲ့ အတူ ညစာ ပြီးအောင် စားဖို့၊ စာသင် ခန်းထဲမှာအချိန် ပြည့်အောင် ထိုင်ဖို့ ဆိုတာ တွေဟာ သူတို့ လေးတွေ အတွက် အလွန်ခက်ခဲတဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ခုံ တွေကို အကြောင်းမဲ့ လှုပ်နေ တတ်ပြီး၊ အခန်း ထဲမှာ ဟိုပြေး ဒီပြေး ပတ် ပြေး နေတတ် ပါတယ်။ ကြမ်းပြင်ကို တဒုန်းဒုန်း မြည်အောင် ပြေးရတာ နှစ်သက်ပြီး၊ တွေ့သမျှ ပစ္စည်း လက်ဆော့တတ် ပါတယ်။ စာသင်ခုံကို ခဲတံ နဲ့ တဒေါက်ဒေါက် ခေါက်ရတာ ကို အရသာတွေ့ တတ်ပါတယ်။ ဆယ်ကျော်သက် တွေမှာတော့ ပုံစံက တစ် မျိုးပါ။ သူတို့ကို ကြည့် လိုက်ရင် အမြဲ ဂနာမငြိမ်တဲ့ အမူအရာတွေ တွေ့ရ တတ်ပြီး အလုပ် ပေါင်း များစွာကို တစ်ပြိုင်တည်း လုပ်နေ တတ်ပါတယ်။ တစ်ခု မှလည်း မပြီးပါဘူး။
(၂) Impulsive type
ခြေမြန် လက်မြန် ရှိလှပါတယ်။ ဦးနှောက်က မစဉ်းစားခင် လက်က လုပ်ပြီး နေပါပြီ။ ပါးစပ်က ပြောပြီးနေ ပါပြီ။ နောက်ဖြစ်လာမယ့် အကျိုးဆက် တွေကို မစဉ်းစားမိ တတ်ကြပါဘူး။ စာသင်ခန်း ထဲမှာ ဆိုလျှင်လည်း မေးခွန်း မဆုံးခင် အ ဖြေ ထ အော်တတ် ပါတယ်။ မှန်သလားမှား သလား သူ ဂရုမ စိုက်ပါဘူး။ အလှည့်နဲ့ လုပ်ရတဲ့၊ စောင့်ရတဲ့ အလုပ်တွေ မှာလည်း စိတ်မရှည် ကြပါဘူး။ အဲလို စရိုက်မျိုး Mr.Bean ဇာတ်လမ်း တိုလေး ရှိပါတယ်။ ဆေးခန်းမှာ တန်းစီ စောင့်ရမယ့် ဟာ မစောင့် ချင်တော့ လူလည် ကျတဲ့ ဇာတ်လမ်း လေးပါ။ ဒီလို ကလေး လေး တွေကတော့ စိတ်မရှည် တတ်ကြပါဘူး။ ထစ်ခနဲ ဆို ရန်ဖြစ်တတ် ကြပါတယ်။
(၃) Inattentive type
ဒီလို ကလေးတွေ က တော့ စိတ်ကို တစ်နေရာ တည်းမှာ အာရုံ စူးစိုက် နိုင်ဖို့ ခဲယဉ်း ပါတယ် ။ အလုပ် တစ်ခုကို မိနစ် အနည်းငယ် ခန့် လုပ်ပြီး ရင် ငြီးငွေ့ လာတတ် ပါတယ်။ အလုပ် တစ်ခု မပြီးခင် တစ်ခြား တစ်ခု ပြောင်းတတ် ကြပါတယ်။ အိမ်စာတွေ ပြီးအောင် မလုပ် တတ်ပါ ဘူး။ စာအုပ်၊ ဘောလ်ပင်၊ ခဲတံတွေ ခဏခဏ ပျောက်ရှ တတ်ပါတယ်။ စာသင်ဖို့ ခက်ခဲ တတ်ပြီး ပညာရေး မှာ မထူးချွန် တတ်ကြ ပါဘူး။ သူတို့ လေးတွေရဲ့ လေ့ကျင်ခန်း စာအုပ် တွေမှာ ကြက်ခြေခတ် တွေ နဲ့ ခြစ်ရာ၊ ဖျက်ရာ တွေက အရုပ်ဆိုး အကျည်း တန်စွာ နေရာယူ ထားတတ် ကြပါတယ်။
အထက်ပါ ရောဂါ လက္ခဏာ တွေကို သာမန် ကလေးတွေ မှာလည်း တွေ့ရှိ ရတတ်လို့ တတ်ကျွမ်း တဲ့ ဆရာဝန် တွေနဲ့ ပြသပြီး မှသာ ADHD ရောဂါ ဟုတ်မဟုတ် ပြောနိုင် ပါလိမ့်မယ်။ သာမန် ကလေးတွေ မှာတော့ ဒီလို လက္ခဏာ တွေ အမြဲ မရှိတတ် ပါဘူး။ လနဲ့ ချီပြီး ကြာလာပြီ ဆိုရင်တော့ သာမန် မဟုတ်ဘဲ ADHD ဖြစ်နိုင်ခြေ ကို ထည့်သွင်း စဉ်းစားသင့် ပါတယ်။
ADHD နဲ့ ရောဂါ လက္ခဏာတူတဲ့ အခြား ပြဿနာ တွေကတော့ -
(၁) ကလေးဘ၀ မှာ ကြီးမားတဲ့ ပြောင်းလဲမှု ဖြစ်ပွားခြင်း (မိဘများ အိမ်ထောင် ကွဲခြင်း)တို့ ဖြစ်ပြီး၊ စနစ်တကျ စမ်းသပ် ရှာဖွေ ရပါမယ်။
(၂) သတိ မထားမိတဲ့ ၀က်ရူးပြန် ရောဂါအမျိုးအစား
(၃) နား အတွင်း ရောဂါပိုး ၀င်ပြီး အကြား အာရုံချို့တဲ့ခြင်း
(၄) ဦးနှောက်ကို ထိခိုက်သော အခြား ကျန်းမာရေး ပြဿနာများ
(၅) စိတ်ကျရောဂါ
ADHD TV
Friday, September 12, 2008
Calculate your BMI
BMI ကို ဘယ်လို တိုင်းမလဲ ?
အောက်မှာ ပြထားတဲ့ box လေးထဲမှာ သင့်ရဲ့ ကိုယ် အလေးချိန် နဲ့ အရပ် အမြင့်ကို ထည့်ပါ။ ပြီး ရင် calculate ဆိုတာေ လးကို နှိပ်လိုက် ရုံပါ ပဲ။
သင်ရဲ့ BMI ဟာ ၁၈.၅ ထက်နည်းနေ ရင်တော့ အစားအသောက် မှန်မှန် စားဖို့ လို ပါသေးတယ်။ ၂၅ နဲ့ ၂၉.၉ ကြားမှာဆို ရင်တော့ Overweight လို့ ခေါ်ပါ တယ်။ အစားအ သောက် ဆင်ခြင် ပေ တော့။ ၃၀ေ ကျာ် နေပြီ ဆိုရင် တော့ တော်တော်လေးကို ၀နေ ပါပြီ။ Obesity လို့ သုံး ပါတယ်။ ကျန်းမာရေး အတွက် တော်တော် အန္တရာယ် များတဲ့ ကိုယ်အလေးချိန် ပေါ့။ ၁၈.၅ ကနေ ၂၄.၉ ကြား မှာ ဆိုရင်တော့ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ကိုယ်ခန္ဓာ ပိုင်ရှင် ဖြစ်နေပါပြီ။ ၀မ်းသာပေတော့ ...
Wednesday, September 10, 2008
Schizophrenia
ကမ္ဘာကျော်ရုပ်ရှင် A Beautiful Mind ရဲ့ အဓိကဇာတ်ကောင် သင်္ချာပညာရှင် ပါမောက္ခ ဂျွန်နက်ရှ် Professor John Forbes Nash Jr. ဟာ အပြင်လောကမှာ အမှန်တကယ် ဒီရောဂါဝေဒနာရှင် ဖြစ်ပြီး၊ ၁၉၉၄ ခုနှစ် စီးပွါးရေး သိပ္ပံဗေဒ ဆိုင်ရာ နိုဘဲလ်ဆု ရခဲ့သူ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဖော်ထားတဲ့ ဝေဒနာရှင်နဲ့ မိသားစုရဲ့ ခံစားချက်တွေဟာ ပီပြင်လှပါတယ်။ ကုထုံး တွေကတော့ တော်တော်လေး ပြောင်းလဲတိုးတက်ခဲ့ပါပြီ။
စိတ်ကစဉ့်ကလျားရောဂါရဲ့ အဓိက လက္ခဏာတွေကတော့ -
- တို့ပါပဲ။
- အတွေးစကို နှောက်ယှက်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (thought interference)
- ပြင်ပမှ ထိန်းချုပ်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (delusions of passivity)
- လှုံ့ဆော်မှုမဲ့ အကြားအာရုံများ လက္ခဏာစု (auditory hallucinations)
- လုံးဝမဖြစ်နိုင်သော၊ ယဉ်ကျေးမှု နောက်ခံများနှင့်ပင် ရှင်းမပြနိုင်သော ယုံမှားခြင်း လက္ခဏာစု (delusions which are absolutely impossible and culturally implausible)
ဒီလက္ခဏာတွေကို နေ့စဉ်လိုလို တစ်လဆက်တိုက် သို့မဟုတ် ဒီ့ထက်ကြာကြာ ခံစားနေရပြီဆိုရင်တော့ ဒီရောဂါလို့ သတ်မှတ်ဖို့ရာ ဖြစ်နိုင်ချေ တော်တော် များနေပါပြီ။ ဆေးခြောက် အပါအ၀င် မူးယစ်ဆေး ကြာရှည် သုံးစွဲတဲ့ ရာဇ၀င် ရှိရင် ပို သေချာတာပေါ့။ ဒီကိစ္စနှစ်ခုက အကြောင်း အကျိုး ဆက်စပ်နေပါတယ်။
“အတွေးစကို နှောက်ယှက်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (thought interference)” မှာ ခေါင်းထဲမှာ ကိုယ့်အတွေးတွေကို ပဲ့တင်ထပ်သလို ထပ်ကာထပ်ကာ ကြားနေခြင်း (thought echo) ကိုယ့်အတွေးတွေကို သူများက ထုတ်ယူသလို ခံစားရခြင်း (thought withdrawal) ကိုယ့်ခေါင်းထဲကို သူများက အတွေးများ လာထည့်သည်ဟု ခံစားယုံကြည်ခြင်း (thought insertion) ကိုယ့်ကိုယ်ပိုင် အတွေးများကို သူများ သိနေသည် (တစ်နည်းအားဖြင့် ကိုယ့်အတွေးများ လွှင့်ထုတ်ခံရသည်) ဟု ခံစားယုံကြည်ခြင်း (thought broadcasting) - တို့ ပါဝင်ပါတယ်။ ဒါတွေဟာ သာမန် သံသယမျိုး မဟုတ်ပါဘူး။ ဘယ်လိုမှ ရှင်းပြ၊ထောက်ပြလို့ မရတဲ့ အကျောက်အကန် ယုံကြည်နေခြင်းမျိုး (unshakable mis-beliefs) ဖြစ်ပါတယ်။
“ပြင်ပမှ ထိန်းချုပ်ခံရသည်ဟု ယုံမှားခြင်း လက္ခဏာစု (delusions of passivity)” ကတော့ ကိုယ့်ခြေလက်ခန္ဓာ၊ အတွေးစိတ်၊ လှုပ်ရှားမှု၊ ခံစားမှုအာရုံတွေကို ပြင်ပပုဂ္ဂိုလ် သို့မဟုတ် စွမ်းအားတစ်ခုခုက ထိန်းချုပ်ထားတယ်-လို့ ယုံကြည်တာ ဖြစ်ပါတယ်။ မမြင်ရတဲ့ ဂြိုဟ်သား တွေက ဂြိုဟ်တုကနေတဆင့် ကိုယ့်စိတ်ကို ချယ်လှယ်နေကြတယ် ထင်တာမျိုးပေါ့။
“လှုံ့ဆော်မှုမဲ့ အကြားအာရုံများ လက္ခဏာစု (auditory hallucinations)” ကတော့ ရှင်းပါတယ်။ အနားမှာ ဘယ်သူမှ၊ ဘာမှ မရှိပဲ အသံတွေကြားနေတာပါ။ အထူးသဖြင့်တော့ ကိုယ့်အကြောင်းကို နှစ်သံ သို့မဟုတ် ဒီ့ထက်ပိုတဲ့ အသံတွေက ပြောတာ ကြားနေရတာမျိုး၊ ကိုယ်လုပ်သမျှ တောက်လျှောက် ဝေဖန်သံ (ဘောလုံးပွဲ ဝေဖန်ချက်လိုမျိုး) ကြားနေရတာမျိုး ဖြစ်ပါတယ်။ နာကျင်မှုဝေဒနာ မဟုတ် ပေမယ့်၊ အင်မတန် ခံရဆိုးပြီး အနှောက်အယှက် ပေးပါတယ်။
“လုံးဝ မဖြစ်နိုင်သော၊ ယဉ်ကျေးမှု နောက်ခံများနှင့်ပင် ရှင်းမပြနိုင်သော ယုံမှားခြင်း လက္ခဏာစု (delusions which are absolutely impossible and culturally implausible)” မှာတော့ ကိုယ့်ကိုယ်ကို ကမ္ဘာ့အရေးပါဆုံး ပုဂ္ဂိုလ်လို့ ယုံမှားနေတာ၊ “ပွင့်”နေပြီလို့ ထင်တာမျိုး ပါဝင်ပါတယ်။ လုံးဝ ဖြစ်နိုင်ချေ မရှိပဲနဲ့ ဖြစ်မှ ပြောတာပါ။ ယဉ်ကျေးမှု သို့မဟုတ် ကိုးကွယ်ယုံကြည်မှု နောက်ခံကို ထည့်သွင်းစဉ်းစား လက်ခံပါတယ်။ ဒါတွေနဲ့တောင် မရှင်းနိုင်မှ ရောဂါလက္ခဏာ သတ်မှတ်တာပါ။
စိတ်ကစဉ့်ကလျားရောဂါမှာ အခြားလက္ခဏာများ လည်း ရှိပါသေးတယ်။ ကိုယ့်ကို တိုက်ရိုက်ပြောနေသော အသံများ အပါအ၀င် လှုံ့ဆော်မှုမဲ့ အခြားအာရုံတွေ ဖြစ်တာ၊ အတွေးစိတ်ကို ဖြတ်တောက်နှောက်ယှက်သလို ခံစားရတာ၊ အပေါ်ကလောက်မဆိုးတဲ့ ယုံမှားခြင်းတွေဖြစ်တာ၊ လှုပ်ရှားမှု စကား ခံစားတုံ့ပြန်မှုတွေ သိသိသာသာ နည်းပါးလာတာ-တို့ပါပဲ။
စိတ်ကစဉ့်ကလျားရောဂါဟာ ကျားမဖြစ်နှုန်း အတူတူပါပဲ။ အသက်နှစ်ဆယ် ပတ်ဝန်းကျင်မှာ စတတ်ပါတယ်။ အမျိုးသား တွေမှာ စဖြစ်ချိန် နည်းနည်းစော (အသက်ငယ်) တတ်ပါတယ်။ ရောဂါ ဖြစ်ခါစမှာ တချို့က အထက်ပါ အဓိက လက္ခဏာတွေ မပြပဲ လူတွေနဲ့ မရောတော့ပဲ ခပ်ဖယ်ဖယ် လုပ်နေတာ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးကို လျစ်လျူရှုလာတာ၊ အဆက်အစပ် မရှိတဲ့ စကားတွေကို ပြောတာ တွေနဲ့လည်း အစပျိုး တတ်ပါတယ်။ ဒါကို နေ့စဉ် တွေ့မြင်နေကျ မိသားစုက စရိပ်မိတတ်ပါတယ်။
စောစောမကုပဲ ထားလိုက်ရင် ရောဂါလက္ခဏာတွေ ပိုပြင်းထန်တာရှည်တတ်တဲ့ပြင် ထပ်ဖြစ်တဲ့အခါတွေမှာလည်း ပိုပိုပြီး ဆိုးလာတတ်လို့ သံသယ ရှိတာနဲ့ သက်ဆိုင်ရာ ပါရဂူနဲ့ ပြသပြီး ခေတ်မီဆေးဝါးများနဲ့ ကုရမှာ ဖြစ်ပါတယ်။ ပယောဂ မဟုတ်လို့ လမ်းလွဲလိုက်ပြီး ပိုဆိုးမှ ကုရတာမျိုးဆို လူနာခမျာ နစ်နာပါတယ်။ မိသားစုမှာလည်း ၀န်ပိုပိတာပေါ့။ နေမြန်မြန် ပြန်ကောင်းမှ အလုပ်ပြန်လုပ်နိုင်၊ မိသားစု ၀င်ငွေကို ကူရှာ ထည့်ဝင်နိုင်မှာ မဟုတ်လား။
ဒီရောဂါ ဝေဒနာရှင်တွေမှာ အကြမ်းအားဖြင့် ငါးပုံတစ်ပုံဟာ တစ်ခါပဲ ရောဂါလက္ခဏာ ပြတတ်ပြီး လုံးဝ ကောင်းသွား တတ်ပါတယ်။ နောက် ငါးပုံသုံးပုံက မဆိုးအောင် ဆေးနဲ့ ထိန်းထားလို့ ရပါတယ်။ နောက်ဆုံး ငါးပုံတစ်ပုံကတော့ ဆေးကုတဲ့ကြားက တဖြည်းဖြည်း ဆိုးလာတတ်ပါတယ်။ စိတ်ရောဂါ မဟုတ်တဲ့ တခြားရောဂါတွေမှာ လိုပဲပေါ့။ ရောဂါ ဖြစ်ခါစမှာ စိတ်ဓာတ် ကျဆင်းမှုနဲ့ သတ်သေမှုနှုန်း အမြင့်ဆုံးမို့ ရောဂါ စသိ ဆေးကုချိန်မှာ မိသားစု၊ မိတ်ဆွေ အသိုင်းအ၀ိုင်းရဲ့ နားလည်မှု၊ ကရုဏာနဲ့ ဖေးမမှု အလိုအပ်ဆုံး ဖြစ်ပါတယ်။
ဒီရောဂါအတွက် ဆေးတွေက ဘေးထွက်အာနိသင်အနေနဲ့ ကြွက်သားတွေကို တောင့်တင်းစေတတ်ပါတယ်။ လမ်းသွားရင် လက်လွှဲတာ နည်းသွားပြီး အတောင့်လိုက် ရွေ့လျားနေတာမျိုးပေါ့။ တစ်ခါတလေတော့ ခြေလက်ဂနာမငြိမ် ဖြစ်တတ်သေးတယ်။ လူတိုင်းမှာ မဖြစ် ပေမယ့် ခေတ်ဟောင်းဆေး တော်တော်များများက ဒီဘေးထွက်အာနိသင် ဖြစ်စေလို့၊ ၁၉၉၀နောက်ပိုင်းမှာ ခေတ်သစ်ဆေးတွေ ပိုသုံး လာကြပါတယ်။ လူနာ မကြိုက်တဲ့၊ သည်းမခံနိုင်တဲ့ ဘေးထွက်အာနိသင်ဆိုရင် လူနာရဲ့ ဆေးအပေါ် စွဲမြဲအားထားမှု လျော့သွားမယ်။ ကြာရင် ဆေးမသောက်ပဲ နေမယ်။ ဒါဆို ရောဂါ ပြန်ဖောက်တော့မှာပေါ့။ ဒါ့ကြောင့် အစကတည်းက လူနာကို သေသေချာချာ ရှင်းပြပြီး သတိပေး ထားတာ အကောင်းဆုံးပါ။ ရေရှည်အတွက် တွေးရ၊ တွက်ဆရပါမယ်။
လတ်တလော ရောဂါဖောက်ခြင်း (acute episode) ပျောက်သွားပြီ ဆိုရင်တော့ ဝေဒနာရှင်ကို သူ့ကိုယ်သူ ယုံကြည် အားထားစိတ် ပြန်တက်လာအောင် သူ လုပ်နိုင်တဲ့၊ လုပ်နေကျ အလုပ်ကလေးတွေ ပြန်လုပ်စေရပါမယ်။ လုံးဝ စိတ်မချ ဖြစ်နေမယ့်အစား တဖြည်းဖြည်းချင်း ပုံမှန် နေ့စဉ်ကိစ္စလေးတွေကနေ ပြန်အစပျိုးပြီး အားပေးရပါမယ်။ မိသားစုနဲ့ လူမှု အသိုင်းအ၀ိုင်းရဲ့ လက်ခံမှုဟာ အများကြီး တာသွားစေနိုင်လို့ပါပဲ။
မေးချင်တာ၊ ဖြည့်စွက်ချင်တာ၊ ဝေမျှချင်တာလေးတွေ ရှိရင် ရေးခဲ့ပါ။ ကျေးဇူး တင်ပါတယ်။
မြန်မာလူမျိုး အပေါင်း စိတ္တဘယမှ ကင်းဝေး၊ ချမ်းသာကြပါစေ။
Reference:
1. World Health Organisation (1992) The ICD-10 Classification of Mental and Behavioural Disorders, Geneva: WHO
2. Semple, D., Smyth, R., Burns, J., Darjee, R. & McIntosh, A. (2005). Oxford Handbook of Psychiatry, Oxford: University Press.
Good Boy, Good Girl ...

ကလေးလေး တွေဆိုတာ ကိုယ်ပဲ့ပြင် ဆုံးမရင် ဆုံးမသလို လူတော်လေးတွေ ဖြစ်လာ နိုင်ပြီး၊ ကိုယ် မဆုံးမ မသွန်သင် တတ်ရင် လည်း ကလေးဆိုး လေးတွေ၊ လူရမ်းကား လေးတွေ ဖြစ်လာ မှာပါပဲ။ ဆရာ အတ္တကျော်ရဲ့ စာအုပ်လေးက တော့ မရှိရှာ တော့ပါဘူး။ တစ်နေ့က Webmed မှာ Discipline tactics ဆိုတဲ့ ဆောင်းပါလေး ဖတ်မိလို့ ဘာသာပြန်ပြီး ဖော်ပြ လိုက်ပါတယ်။ မိဘ လောင်းလျာတွေ အတွက် စိတ်င်စားစရာ ဆောင်းပါလေး ဖြစ်လို့ မျှဝေ ပေးလိုက် ပါတယ်။
မိမိ ရင်သွေးငယ် ကို ဘယ်ဟာ ကတော့ ကောင်း တယ်၊ ဘယ် ဟာက တော့ မကောင်းဘူး။ ဘယ်လို အပြုအမူက လက်ခံနိုင် လောက် တဲ့ အပြုအမူ ဖြစ်ပြီး ဘယ်လို အရာမျိုး ကတော့ မှားယွင်းတဲ့ အပြုအမူတွေ ဖြစ်တယ် ဆိုတာ သင်ကြား ပြသ ပေးတာ Discipline ပါပဲ။ ဆုပေး ဒဏ်ပေး စနစ် ရှိရ ပါမယ်။ ကောင်း တာ လေးတွေ လုပ်ရင် ဆုပေး ပြီး မကောင်းတာ ကို လုပ်ရင် အပြစ်ပေး ခံရမယ် ဆိုတာ ရှင်းလင်း ပြောကြား ဖို့ လိုပါတယ်။ ကျွန်တော် ကတော့ ခုထိ ကလေး မရှိသေး တော့ အတွေ့ အကြုံတော့ မရှိပါဘူး။ ကလေး တွေကို စည်းကမ်းတွေ သတ်မှတ်ဖို့ ဆိုတာ ထင်သလောက် တော့ မလွယ်ကူ လှပါဘူ။
တချို့ လုံးဝ နားမ ထောင် ဂျစ်ကန်ကန် လေးတွေ တွေ့ဘူး ပါတယ်။ အာခံတဲ့ ကလေး တွေပေါ့။ အထူးသဖြင့် သူတို့ကို အရမ်းအလို လိုက် တဲ့ သူရှိရင် အာကိုးနဲ့ အာခံ တတ်ပါတယ်။ ဥပမာ အမေက စည်းကမ်း တွေ ထုတ်နေ ပေမယ့် အဖေက အလို လိုက် နေရင် အဖေ အား ကိုးနဲ့ ဂျစ်ကန်ကန် လုပ်တတ် ပါတယ်။ ဒါကြောင့် မိဘလောင်း လျာ တွေ အနေနဲ့ ကလေး ယူတော့မယ် ဆို ကတည်းက ကြိုတင် တိုင်ပင် သင့်ပါတယ်။ ဘယ်လို ထိန်းကျောင်း ပဲ့ပြင် ကြမလဲ ဆိုတာ ကြိုတင် တိုင်ပင် သင့်ပါတယ်။ တစ်ချို့ ကလေးတွေ ကြတော့ ပြန် မပြော၊ နားမထောင် လေးတွေ၊ ဘယ်ကနေ တတ် လာတယ် မသိ၊ ငယ်ငယ် ရွယ်ရွယ်နဲ့ ပြန်မပြော၊ နားမထောင် အကျင့်လေး တွေ တွေ့ရ တတ်ပါတယ်။ ဖြစ်နိုင်တာ တော့ အဖေတွေ ဆီက အတု ယူတယ် ထင်ပါတယ်ဗျာ။
မိဘတွေရဲ့ အဓိက တာဝန်က ရင်သွေးငယ် လေးတွေ ကိုယ့်ကိုယ်ကို တန်ဖိုး ထားတတ် လာအောင်၊ ကြီးသူ ကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနား တတ် လာအောင်၊ ကိုယ့်အားကိုယ် ကိုးပြီး ကြိုးစား တတ် လာအောင် သင်ကြား ပေးရပါမယ်။ အဖိုး၊ အဖွား၊ ဦးလေး၊ အဒေါ် တွေနဲ့ စာသင်ကျောင်း တွေ မှာ သင်ကြား ပြသ ပေမယ့် တာဝန် အရှိဆုံး သူတွေ ကတော့ လက်ဦး ဆရာဖြစ် တဲ့ မိဘ နှစ်ပါးပါပဲ။ ဒါကြောင့် သားသမီး မကောင်း မိဘခေါင်း လို့ ဆိုကြတာ ပေါ့။
သားသမီး တွေကို စည်းကမ်းနဲ့ ထိန်းတယ် ဆိုတဲ့ နေရာမှာ မိဘ (၃) မျိုးခွဲခြား သတ်မှတ်ထား ပါတယ်။ မှတ်သား စရာပါပဲ။
(၁) An authoritative parent
ဒီလို မိဘ တွေကတော့ သားသမီး တွေနဲ့ပက်သက်ပြီး စိတ်ကူး အိမ်မက် ကောင်းကောင်း လေးတွေ ရှိပါတယ်။ အပြုအမူပိုင်း ဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေ သတ်မှတ် ရာမှာ ပျော့ပြောင်းပြီး စိတ်ရှည် ကြပါတယ်။ ကောင်းရင် ဘာ့ကြောင့် ကောင်းတယ်၊ မကောင်းဘူး ဆိုရင် လည်း ဘာ့ကြောင့် မကောင်းဘူး ဆိုတာ ရှင်းပြတတ် ကြပါတယ်။ အမေရိကန် စိတ် ကျန်းမာရေး အဖွဲ့ ကတော့ ဒီလိုမိ ဘမျိုး ကို နံပါတ် (၁) ပေးထားပါတယ်။
(၂) An authoritarian parent
သူတို့ မှာလည်း စိတ်ကူး အိမ်မက်လေးတွေရကြပါ တယ်။ ငါ့သားလေး ကို လိမ္မာအောင် သွန်သင်မယ်။ ငါ့သမီးလေးကို ယဉ်ကျေး အောင် ဆုံးမမယ် ဆိုတာ မျိုးပေါ့။ ဒါပေမယ့် စိတ်ရှည် သီးခံမှု အားနည်း ပါတယ်။ “သမီး ဒါကို လုပ်ရမယ်။ ပြန်မမေးနဲ့။ အမေခိုင်းတဲ့ အတိုင်းသာ လုပ်” ဆိုတာ မျိုးပေါ့။ သူတို့က တော့ နံပါတ် (၂) အမျိုးအစား မိဘတွေ ဖြစ်ပါတယ်။
(၃) A permissive parent
သူတို့ကတော့ နံပါတ်(၃) နဲ့ နောက်ဆုံး နေရာမှာ ရှိပါ တယ်။ သားသမီးနဲ့ ပက်သက်ပြီး ရည်မှန်းချက်၊ မျှော်လင့်ချက် မရှိကြ ပါဘူး။ စည်း မျဉ်း စည်းကမ်း တွေနဲ့ ပဲ့ပြင် ထိန်းကျောင်း ရကောင်း မှန်းလည်း မသိကြ ပါဘူး။ ကျွန် တော်တို့ ပတ်ဝန်းကျင်မှာ ဒီလို မိဘ (၃) မျိုးလုံး ကို တွေ့နိုင် ပါတယ်။ ကိုယ်လည်း မိဘ ဖြစ်လာတဲ့ တစ်နေ့ ကျရင် ဘယ်လို မိဘမျိုး ဖြစ်ချင် သလဲ၊ ဖြစ်သင့် သလဲ ဆိုတာ ကြိုတင် ဆုံးဖြတ် ထားကြပါစို့ …
ခုဆက်ပြီး စည်းကမ်း သတ်မှတ်တဲ့ နည်းစနစ် လေးတွေ အကြောင်း ဆက်ချင် ပါတယ်။ ဒီနေရာ မှာလည်း အပေါ်မှာ ဖော်ပြခဲ့ တဲ့ မိဘ အမျိုးအစား၊ ကလေးတွေ ရဲ့ လိမ္မာ ရေးခြား ရှိမှု၊ အသက် အရွယ်၊ မကောင်းတဲ့ အမူ အကျင့် အမျိုးအစား ပေါ် မူတည် ပြီး စည်းကမ်း သတ်မှတ်ပုံ လေးတွေ ကွဲပြား တတ်ပါတယ်။
ကောင်းတာ လေးတွေ လုပ်ရင် ချီးကျူး ပါ။
ကိုယ့်ရင်သွေး မှာ ကောင်းတဲ့ အမူ အကျင့်လေး တွေ ရှိရင် ထုတ်ဖော် ချီးကျူးဖို့ ၀န်မလေး သင့်ပါဘူး။ ချီးကျူး ခံရပြီး ဆိုတာ နဲ့ သူတို့လေးတွေ ဒီအမူအကျင့်ကောင်း တွေကို ဆက်လက် ထိန်းသိမ်း သွားကြ ပါလိမ့်မယ်။
မကောင်းတဲ့ အကျိုးဆက် လေး တွေကို ခံစား ပါစေ။
သူတို့လေး တွေမဟုတ်တာ လုပ်ရင် ဘာဖြစ်မယ် ဆိုတာကို သိအောင်လုပ် ပြရပါမယ်။ ဥပမာ အရုပ် ကို ချိုးပစ်တယ် ဆိုပါ စို့။ ဆူတာ ရိုက်တာ မလုပ်ပါနဲ့။ အသစ်လည်း ၀ယ်မပေး ပါနဲ့။အရုပ်နဲ့ ကစား ချင်တဲ့အခါ သူသိ ပါလိမ့်မယ်။ ငါ ချိုးပစ်ရင် ငါပဲ ဒုက္ခ ရောက်ပါ လား ဆိုတာ သူသိပါစေ။ သတိ အတန်တန် ပေးတာ နားမထောင် တဲ့ ကလေး တွေမှာ ဒီနည်း လေးက ထိရောက် တတ်ပါတယ်။ အရေး ကြီး တာက အန္တရာယ် မဖြစ် ဖို့တော့ လိုပါတယ်။ မီးပူကို ကိုင်ဖို့ ကြိုးစား နေတဲ့ ကလေးကို အကြောင်း သိအောင် လွှတ်ပေး လိုက်မယ် ဆိုတာမျိုး မလုပ်ရပါဘူး။ အန္တရာယ် မဖြစ် အောင်တော့ ထိန်း ရပါမယ်။
လက်ခံဖွယ် ကြောင်းကျိုး ဆက်များ
နောက်တစ်မျိုး ကတော့ Logical consequences လေးတွေပါ။ ဒါကို မလိုက်နာရင် တော့ ဒီလိုဖြစ်မယ် ဆိုတာ ကြိုပြော ရပါမယ်။ ဥပမာ သား မင်းအရုပ်တွေ ကစားပြီး ရင်သိမ်း ရမယ်၊ ဒီတစ်ခါ ကြမ်းပြင်ပေါ်မှာ ပြန့်ကြဲနေ ရင်တော့ မေမေ တစ်ပါတ်တိတိ သိမ်းထားမယ် ဆိုပြီး ကြိုတင် သတိပေး ရပါမယ်။ နားမထောင် ရင်လည်း တိတိ ကျကျ လုပ်ရပါမယ်။ မျက်ရည်လေး တစ်စက် ကျရုံနဲ့ အလျော့ပေး လိုက် တာမျိုး မလုပ်ရ ပါဘူး။ မျက်ရည် ကျရင် ရတယ် ဆိုတာ သိသွားပါ လိမ့်မယ်။
တားမြစ်ပိတ်ပင်ခြင်း။
တစ်ခါ တစ်လေတော့ အကျိုးဆက် တွေ ကို ပေးမ တွေ့ နိုင်တာတွေ ရှိပါတယ်။ ဒီလို အခါမျိုး မှာတော့ တားမြစ် ပိတ်ပင်တဲ့ နည်း လေးတွေ သုံးရပါမယ်။ ဆိုကြပါစို့ ... အလယ်တန်း ကျောင်းသား တစ်ယောက်၊ အိမ်စာတွေကို မလုပ်ဘူး။ တီဗီ ရှေ့မှာ ပဲ ဂိမ်းဆော့ နေတယ် ဆိုရင် ဆော့ပါစေ။ စာမေးပွဲ ရောက်ရင် သိလိမ့် မယ် ဆိုပြီး လွတ် ထားလို့ မရပါဘူး။ ဂိမ်းစက်ကို ထိုက်သင့်တဲ့ အချိန် အတိုင်း
အတာ အထိ သိမ်းထား ရပါမယ်။ ကျေနပ် လောက်မှ ပြန်ပြီး ခွင့်ပြု ရပါမယ်။
ကျဉ်ထားခြင်း။ (Time out )
မဟုတ်တာ လုပ်လာရင် ဒီနည်း လေးလည်း ကောင်းပါတယ်။ နေရာလေး ကိုတော့ ကြိုတင် စီစဉ် ထားရ ပါမယ်။ ဆိတ်ငြိမ်ပြီး ပျင်းရိ ငြီးငွေ့ဖွယ် ကောင်းတဲ့ နေရာကို ရွေးရ ပါမယ်။ အိပ်ယာလို အလွယ်တကူ အိပ်ပျော်မယ့် နေရာမျိုး၊ မီးဖို၊ ရေချိုးခန်းလို အန္တရာယ် ရှိတဲ့နေ
ရာမျိုး တွေ မဖြစ်ရ ပါဘူး။ ကလေး က လည်း သူ့ကို ဘာလို့ ဒီလို အပြစ် ပေးရတယ် ဆိုတာ နားလည် သိတတ်တဲ့ အရွယ်ဖြစ် ရပါမယ်။ အကြာကြီးလည်း မလုပ်သင့် ပါဘူး။ ၂-၃ မိနစ် လောက်ဆို လုံလောက် ပါပြီ။ အသက်၂-၃ နှစ် အရွယ် ကလေး တွေမှာ အလုပ်ဖြစ် ပါတယ်။ သူတို့ လေးတွေက မိဘ နဲ့ ခွဲနေ ရရင် အရမ်း ၀မ်းနည်း တတ်လို့ တစ်ခါလောက် လုပ်ပြ လိုက်တာနဲ့ မှတ်သွား တတ်ကြ ပါတယ်။
ရိုက်နှက် ဆုံးမခြင်း။
ဒီနည်း ကိုတော့ ကလေး စိတ်ပညာရှင်တွေ ကအားမပေး ကြပါဘူး။ ကျွန်တော်လည်း အားမပေး ပါဘူး။ တစ်ချို့ မိဘတွေက ပြော
တတ် ပါတယ်။ အသားလေး နာမှ မှတ်တာ တဲ့။ ရိုက်နှက် ဆုံးမခြင်း ရဲ့ အပြစ် တွေ က တော့ _
(၁) ကလေးက ပိုမို ဆိုးသွမ်း လာခြင်း၊ ကြမ်းတမ်း လာခြင်း
(၂) လက်လွန် သွားရင် ကလေးကို ထိခိုက် နိုင်ခြင်း
(၃) ကိုယ်ချစ်တဲ့ သူ တစ်ယောက်ကို ကိုယ်ခန္ဓာ နာကျင် ထိခိုက်အောင် ရိုက်နှက်ခြင်း ဟာ သာမန်ပဲလို့ ကလေး စိတ်မှာ စွဲထင် သွားခြင်း
စည်းကမ်းတွေ ထုတ်ပြီး ရင်လည်း Maintain လုပ်ဖို့ အရေးကြီး ပါတယ်။ ကိုယ့်က လေး ဘယ်လို ကလေးမျိုး လည်း ဆိုတာ သိဖို့ လို ပါတယ်။ ကလေးမှာ ရှိတဲ့ လိမ္မာ ယဉ်ကျေးတဲ့ အပြုအမူ လေးတွေကို ဖော်ထုတ်၊ သူမှာရှိတဲ့ အရည် အချင်း တွေကို မြေထောင် မြှောက် ပေး ရပါမယ်။ ဒါလေးတွေကို ကိုယ့် ရဲ့ စည်းကမ်း ဘောင်လေးနဲ့ ထိန်းပေး ရ ပါမယ်။ ဂီတ ၀ါသနာရှင် ကလေးကို ဆရာဝန် ဖြစ်အောင် အတင်း ဇာတ်သွင်းဖို့ ကြိုးစား ရင်တော့ မှားပါ လိမ့်မယ်။
အရွယ်ရောက်ပြီး ကလေးတွေ ကိုတော့  စည်းမျဉ်း စည်းကမ်းနဲ့ ပက်သက်ပြီး ပါဝင်ခွင့် ပေးရ ပါမယ်။ သူလိုက်နာ နိုင်ရင်ဘာ ဆု လိုချင်လည်း၊ မလိုက်နာရင် ဘယ်လို အပြစ်ပေးတာ ခံချင်လည်း ဆိုတာကြို မေး နိုင်ပါတယ်။ ကလေးကို လေးစား ရပါမယ်။ Behave the way you want your child to behave. ကလေး ဆိုတာ မိဘကို အတုခိုး တာပါပဲ။ ကိုယ်ကလည်း စံနမူနာပြ နေပြဖို့ လိုပါတယ်။ ကလေးကို ဆေးလိပ် မီးညှိခိုင်းတဲ့ မိဘက “ဆေးလိပ် သောက်ရင် တော့လား ... ငါနဲ့ တွေ့မယ်”လို့ ပြော မထွက် သင့်ပါ ဘူး။ အရက် ၀ယ်ခိုင်းခြင်း၊ ဆေးလိပ် မီးညှိ ခိုင်းခြင်း စတဲ့ ကလေးကို မလေးစားတဲ့ အပြု အမူတွေ မလုပ်သင့် ပါဘူး။ အပြစ် ပေးတာ ပြီးရင်တော့ ကလေးကို သူရဲ့ မူလ အခွင့် အရေးတွေ ပြန်ပေး ရပါမယ်။ နောက် မလုပ်တော့ ပါဘူး (၃) ကြိမ်အော် ဆိုတာ မျိုးထက် ဘာကြောင့် သားကို ဒီလို အပြစ် ပေးရတယ်၊ ဘယ်လို လိမ္မာအောင် နေရမယ် ဆိုတာ ရှင်းပြ ရပါမယ်။ ကလေး မလုပ်နိုင် တဲ့ အပြစ်တွေ မပေးဖို့ လိုပါမယ်။ သင့်တော်တဲ့ အပြစ်ပေး နည်းတွေ ဖြစ်ဖို့လို ပါတယ်။
ကလေးရဲ့ အပြုအမူ တွေနဲ့ပက် သက်ပြီး ဘာကြောင့် သူ ဒီလို လုပ်ရတယ် ဆိုတာ လေ့လာဖို့ လိုပါတယ်။ ဥပမာ ... အဖေနဲ့ အမေ တကျီကျီ ရန်ဖြစ် နေလို့ ကလေး စိတ်ထိခိုက် ရာက ဒီလို အပြုအမူ ဆိုးတွေ လုပ်လာတယ် ဆိုရင် အဖေနဲ့ အမေမှာ အပြစ် ရှိပါတယ်။ သူချစ်တဲ့ အတန်း ဖော် သူငယ်ချင်း တွေ နယ် ပြောင်း သွားလို့ စိတ်ထိခိုက် နေတယ် ဆိုရင် လည်း နားလည် သဘော ပေါက်အောင် ရှင်းပြဖို့ လိုပါတယ်။ ကလေးရဲ့ သူငယ်ချင်းတွေ အကြောင်းလည်း သိထား သင့်ပါတယ်။ ကျောင်းမှာဆရာ တာ ၀န် ဆိုပြီ လွှတ် ထားလို့ မရပါဘူး။ ကလေးနဲ့ ပက်သက်သ မျှ အရာ အားလုံးဟာ မိဘနဲ့ သက်ဆိုင် ပါတယ်။ ကိုယ်က အမှား လုပ်မိ ရင်လည်း ကလေးကို တောင်းပန် ရပါမယ်။ သင့်က လေးကိုပြုပြင် ထိန်းကျောင်းလို့ မရနိုင် တော့ဘူး ဆိုရင်တော့ က လေး ဆရာဝန် ဆီကို သွားပြဖို့ တိုက်တွန်း လိုပါတယ်။ စကားမစပ် သင့် ကလေးမှာ အောက်ပါ လက္ခဏာ တွေ တွေ့ နေရ ရင်တော့ စိတ်ရောဂါ ဆရာဝန်နဲ့ ပြသ သင့်ပါတယ်။
(၁) ဘယ်လိုပင် ဆုံးမပါစေ၊ လူကြီးမိဘ၊ ဆရာသမား များကို မလေးစားခြင်း
(၂) ကြမ်းတမ်း ခက်ထန်ခြင်း၊ ပစ္စည်း ကိရိယာ များကို ဖျက်ဆီး ပြစ်တတ်ခြင်း
(၃) စိတ်ဓါတ်ကျတဲ့ ရောဂါ လက္ခဏာများ တွေ့ရခြင်း
(၄) စိတ်ကြွ မူးယစ်ဆေးဝါး များသုံးစွဲခြင်း
(၅) မိသားစု အတွင်းမှာ အံဝင်ခွင်ကျ လုံးဝ မဖြစ်တော့ခြင်း
ဖတ်ရတာ လည်း ပျင်းနေ လောက်ပြီ။ မိဘဖြစ်ပြီး သား အကိုအမ တွေကိုလည်း ဝေဖန် ပေးဖို့ ဖိတ်ခေါ် ပါတယ်။
ချမ်းမြေ့ ပျော်ရွှင်ဖွယ် မိသားစု လေးတွေ ပိုင်ဆိုင် နိုင်ပါစေဗျာ။
Saturday, September 6, 2008
Dental Caries
အဲဒီ သွားလေးတွေက မျက်နှာပြင် အလှကို အထောက်အကူ ပြုပေးနိုင်သလို ၊ အစား အသောက်စားတဲ့ နေရာမှာလဲ အစာတွေကို အဓိက ကိုက်ဖြတ် ချေမွ ပေးရပါတယ်။ ဒါပေမယ့် အများစုကတော့ သူ့ကို ဂရုစိုက်ဖို့ကြတော့ မေ့နေ တတ်ကြပါတယ်။ သွားကိုက် နေရင် ပတ်ဝန်းကျင်က လူတွေက သတိမထား မိကြပေမယ့် ကိုယ်ကိုယ် တိုင်ကတော့ ခံစားရ ခက်တဲ့ ဝေဒနာတစ်ခုပါ။ ကိုယ်တိုင် ခံစားဖူး တဲ့သူတွေ တိုင်း သွားကိုက်တာ ဘယ်လောက် ခံစား ရတယ်ဆိုတာ ကို သိကြ မှာပါ။
သွား တစ်ချောင်း ဆိုတာ ခန္ဓာကိုယ်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်း တစ်ခုပါ ။ သေးငယ်လှပေမယ့် အဖိုးတန်လှတဲ့ အစိတ် အပိုင်း တစ်ခု ဖြစ်ပါတယ်။ ဆုံးရှုံးသွား တဲ့အခါ အစား ပြန်မရနိုင်တဲ့ သွား တစ်ချောင်းရဲ့ တန်ဖိုးကို ပေါ့ပေါ့ဆဆ သဘော မထား သင့်ပါဘူး။ ငယ်သွား လဲရင် ကြီးသွား ပေါက်တယ် ဆိုပေမယ့် ငယ်သွား ကိုရော ကြီးသွား ကိုရော ဂရုစိုက်ဖို့ လိုအပ် ပါတယ် ။
ဒီပုံလေးက အပေါ်ကပုံနဲ့ ယှဉ်ကြည့် လိုက်ရင် တော်တော် ကြည့်ရ ဆိုးပါတယ်။ ဘာဖြစ် နေလို့လဲ။ သွားပိုး စားနေတာပါ ။
သွားပိုး စားတယ် ဆိုတာက ကလေးတွေမှာ အဖြစ်များ ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို ဂရုမစိုက်တဲ့ ဆယ်ကျော်သက် ၊ လူလတ်ပိုင်း ၊ လူကြီး တွေမှာလဲ တွေ့ရ တတ်ပါတယ်။ သွား ဆုံးရှုံး စေတဲ့ ၊ သွားနှုတ်ရတဲ့ အဓိက အကြောင်း အရင်း တစ်ခုက သွား ပိုးစား တာ ကြောင့်ပါ။ သွား ပိုးစားတယ် ဆိုတဲ့ စကား အတိုင်း ခံတွင်းထဲမှာ ဘက်တီးရီးယား ဆိုတဲ့ ပိုးတွေ ပုံမှန် အားဖြင့် ရှိနေ ကြပါတယ်။
ပိုးတွေ ကတော့ သွားကို ကိုယ်တိုင် မစားပါဘူး ။ အဲဒီပိုး တွေက ခံတွင်းမှာ အစာစားပြီး ကျန်ခဲ့တဲ့ အချိုဓာတ် ၊ သကြားဓာတ်တွေကို အက်စစ် အဖြစ် ပြောင်းပစ် လိုက်ပါတယ်။
ခံတွင်းထဲက စားကြွင်း စားကျန်ရယ်၊ တံတွေးရယ်၊ အက်ဆစ် ဓာတ်တွေ ရယ် ပေါင်းပြီး သွားချေး အဖြစ် သွားနဲ့ သွားဖုံးကြား မှာ ကပ်ငြိ နေတက် ကြပါတယ်။ အထူးသဖြင့် ခံတွင်း နောက်ပိုင်း အံသွား တွေ နေရာမှာ တွေ့ရ တက်ပါတယ်။ အစာစားပြီး မိနစ် ၂၀ လောက် အတွင်းမှာကို ဘက်တီးရီးယား ပိုးတွေက အချိုဓာတ် တွေကို အက်ဆစ်ဓာတ် အဖြစ် ပြောင်းလဲပြီး သွားရဲ့အပေါ်ယံ ကြွေလွှာ ကို တိုက်စား ပါတယ်။ သွားရဲ့ မျက်နှာပြင်မှာ အပေါက် လေးတွေ၊ အခေါင်း ပေါက်တွေ ဖြစ်အောင် တိုက်စား ပေမယ့် နာကျင်ခြင်း မရှိပါဘူး ။
ဒီပုံလေး ကတော့ ထက်ပိုင်း ဖြတ်ထားတဲ့ သွားက အလွှာတွေကို သွားပိုးစားပုံကို သရုပ်ဖော် ထားတာပါ။ ထူထဲလှတဲ့ အဖြူရောင် ကြွေသွားလွှာ ကို တိုက်စား ပြီးမှ သွားရဲ့ အတွင်းပိုင်း အာရုံကြော တွေဆီကို ရောက်မှ နာကျင်တာ၊ သွားကိုက်တာ တွေ ဖြစ်လာ မှာပါ ။
ပိုးစားနေတဲ့ သွားမှာ အခေါင်းပေါက်တွေ ဖြစ်လာပြီး အစား ၀င်သွားတဲ့ အခါ မခံ မရပ်နိုင်အောင် နာကျင် တတ်ပါတယ် ။အပူ အအေး ၊ အချို စတာတွေကို စားသောက်ပြီးတဲ့ အခါမှာ သွားကိုက် တာတွေ၊ စာကောင်းကောင်း မစားနိုင် တာတွေ ဖြစ်တတ် ပါတယ်။ သွား ပိုးစားတာကို ကုသနည်းရဲ့ အဓိက ရည်ရွယ်ချက် ကတော့ ပိုးစားနေတဲ့ သွားကို မနှုတ်ရအောင် တက်နိုင် သမျှ ထိန်းသိမ်း ခြင်းပဲ ဖြစ် ပါတယ်။
သွား ဆရာဝန်တွေ အနေနဲ့ ပိုးစား နေတဲ့အပိုင်းကို ဖယ်ထုတ်ပြီး သွား အခေါင်းပေါက်ကို ဖာထေးခြင်း၊ အဖုံးစွပ်ခြင်း ၊ သွား အကြော ထုတ် ကုသခြင်း စတဲ့ နည်းတွေနဲ့ ပိုးစား နေတဲ့ သွားကို အတတ်နိုင်ဆုံး ထိန်းသိမ်း ကြပါတယ်။ နောက်ဆုံး အခြေအနေမှ သွား နှုတ် လိုက်ရ တာပါ။ သွား ပိုးစားတာကနေ ရောဂါပိုး ၀င်ပြီး သွားဖုံး ရောင်ယမ်း နေတာ အတွက် အရောင်ကျ ဆေးတွေ ၊ သွား ကိုက်တာ အတွက် အနာ ပျောက်ဆေးတွေ နဲ့ ကုသဖို့ လိုအပ်ပါတယ်။ သွား ပိုးစားတာကို အချိန်မီ ကုသမှု မရှိဘူး ဆိုရင် သွားဖုံး ပြည်တည် တာတွေ ၊ သွားကျွတ်ထွက် တာတွေ ဖြစ်လာနိုင်လို့ အချိန်မီ ကုသဖို့ အရေးကြီး ပါတယ် ။
သွားဟာ အစာဝါးဖို့ အတွက် တင်မကပဲ စကား ပီသမှုတို့ အတွက်ပါ အရေးပါ လှပါတယ်။ အံသွား တွေမရှိခဲ့ ရင် ပါးချောင် တွေကျပြီး မျက်နှာ ရုပ်သွင်ပြင် ပါ ပြောင်းလဲ သွားနိုင်ပါတယ် ။ သွား နဲ့ ခံတွင်းသန့်ရှင်းရေးကို တော်တော်များများက သတိထားလေ့မရှိပါဘူး ။ သွား ပိုးစား တာကလဲ အစပိုင်းမှာ နာကျင်မှု မရှိတာ ကြောင့် ပေါ့ပေါ့ ဆဆ နေလေ့ ရှိပြီး သွားကိုက် ဝေဒနာကို ခံစား လာရမှ သွား ကျန်းမာရေး ကို ဂရုစိုက်ဖို့ သတိပြု လာကြပါတယ်။ သွားတွေ ဆုံးရှုံး သွားပြီမှ သွားတု စိုက်တာတွေ ၊ အံကပ် တာတွေ အသုံးပြု ရတဲ့ အချိန် ရောက်မှ သွား အစစ် တစ်ချောင်းရဲ့ တန်ဖိုးကို သိရှိ လာကြပါတယ်။ အဲဒီအချိန်မှ သွားအစစ် တစ်ချောင်း ပြန်လိုချင်လို့ မရတော့ ပါဘူး။ မိမိ ခံတွင်းထဲမှာ ရှိတဲ့ သွားတွေကို ပုံမှန် ဂရုစိုက် သန့်ရှင်းရေး လုပ်နေမယ် ဆိုရင် အဲဒီ ဒုက္ခတွေကို ကြုံတွေ့ ရမှာ မဟုတ်ပါဘူး။
အဓိက ကတော့ သွားတိုက် ရပါမယ် ၊ ပုံမှန် ပြုလုပ် ရပါမယ်။ မနက် ၊ ည ပုံမှန် သွားတိုက်ခြင်း အပြင် အစာစား ပြီးတဲ့နောက် ( အထူး သဖြင့် အချို စားပြီး နောက် ) သွားတိုက်ခြင်း ၊ အာလုပ် ကျင်းခြင်းဖြင့် ခံတွင်းထဲမှာ စားကြွင်း စားကျန်တွေ မကျန်အောင် ပြုလုပ် ပေးရပါမယ် ။
ကလေး တွေရဲ့ ခံတွင်း သန့်ရှင်းရေး ကို မိဘတွေက ဂရုတစိုက် ပြုလုပ် ပေးဖို့ လိုအပ် ပါတယ်။ Fluoride ပါတဲ့ သွားတိုက် ဆေးတွေ ဟာ သွား ပိုးစားတာကို ကာကွယ် တိုက်ဖျက် ပေးနိုင် တာမို့ အသုံးပြု သင့်ပါတယ်။ သွားဘက် ဆိုင်ရာ ဆရာဝန်တွေနဲ့ နှစ်စဉ် ပြသပြီး သွား ကျန်းမာရေး ကို စစ်ဆေး သင့်ပါတယ်။
ခံတွင်းကို ပုံမှန် သန့်ရှင်းရေး ပြုလုပ်ပေးခြင်းဖြင့် သွားတွေ ကျန်းမာ ကြံ့ခိုင် စေသလို အာခံတွင်း ရနံ့လဲ သင်းပျံ့ စေမှာပါ။ သင့် ခံတွင်း ထဲမှာ ရှိတဲ့ အဖိုးတန် လှတဲ့ သွားတွေကို ပစ်မထား ပါနဲ့။ မေ့နေရင်လဲ အခုအချိန်ကစပြီး ဂရုစိုက်ဖို့ အချိန်မှီ ပါသေး တယ်။ အစာ စားပြီး တဲ့ အခါပုံမှန် သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့် သင့်သွားတွေကို စောင့်ရှောက်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒါမှသာ သင်းပျံ့တဲ့ အပြုံး လေးတွေကို ထာဝစဉ် ပိုင်ဆိုင် နိုင်ကြမှာပါ ။
Dr Zero