Monday, January 11, 2010

The Voice Journal မှ ကောက်နုတ်ချက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၆


မီဒီယာများတွင် အသင်းဝင်ဆရာဝန်များနှင့် ပတ်သက်၍ မဟုတ်မမှန်ရေးသားဖော်ပြထားသည့် သတင်းဖော်ပြပါက အသရေ ဖျက်မှုဖြင့် တရားဆွဲဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆရာဝန်များအသင်း (ရန်ကုန်) ဥက္ကဌ ပါမောက္ခ ဒေါက်တာကျော်မြင့်နိုင် က အသိပေးပြောကြားသည်။

မြန်မာနိုင်ငံ ဆရာဝန်များ အသင်း(ရန်ကုန်)က ဒီဇင်ဘာ ၂၆ ရက်နေ့ တွင် မြန်မာနိုင်ငံ ဆရာဝန် အသင်း(ဗဟို)တွင် ပြုလုပ်သည့် ၂၀၀၉ ခုနှစ် အထွေထွေ အစည်းအဝေး၌ ၎င်းက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ မီဒီယာတွေ ရေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်တဲ့အခါ ဒီလိုမျိုး ဆောင်ရွက်ဖြစ်ဖို့ ရှိလာပါတယ် ဟု ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဥက္ကဌက ဆက်လက်ပြောကြားရာတွင် နောက်နောင်ထိုကဲ့သို့ သော ကိစ္စရပ်များ ဖြစ်လာပြီး အဖွဲ့အစည်းသို့ အသင်းဝင်များမှ တင်ပြလာသောအခါတွင် မြန်မာနိုင်ငံဆရာဝန်အသင်းအနေဖြင့်ရော မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်ပါ ဆရာဝန်များအတွက် ဆောင်ရွက်နိုင်သည့် ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း၊ တတ်နိုင်သမျှ ကျန်းမာရေးဝန်ဆောင်မှုကိစ္စဆောင်ရွက်သူ အသင်းဝင်ဆရာဝန်များအားလုံး မိမိဘက်မှ ထိန်းသိမ်းရန် လိုသကဲ့သို့ စည်းကမ်းတကျဆောင်ရွက်ရန်လိုကြောင်း၊ ဖြစ်လာမည့်ကိစ္စများအတွက် ကြိုတင်တွေးဆ ရှောင်ရှားဆောင်ရွက် ရန်လိုကြောင်း၊ တစ်ချိန်တည်းမှာပင် လူနာ၏လုံခြုံမှု၊ မိမိ၏ လုံခြုံမှုကိစ္စများကို ဆောင်ရွက်နိုင်မှသာ အန္တရာယ်ကင်းမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

"တစ်ဖက်က ဒီလိုပြောတဲ့အခါမှာ အသင်းဝင်ဆရာဝန်တွေအနေနဲ့ ကိုယ့်တာကိုယ်လုံအောင် ထိန်းဖို့ လိုပါတယ်" ဟု ဒေါက်တာ ကျော်မြင့်နိုင်က ပြောကြားသည်။

ဆရာဝန်မှ မဟုတ် မည်သည့်အဆင့်တွင် ရှိသည့် မြန်မာနိုင်ငံသားတိုင်း မိမိအကြောင်း မီဒီယာများတွင် မဟုတ်မမှန်ရေးသားပါက တရားစွဲဆိုနိုင်သည်မှာ နိုင်ငံသားအခွင့်အရေးပင်ဖြစ်ကြောင်း အထက်တန်း ရှေ့နေတစ်ဦးက ပြောကြားသည်။


Reference


The Voice Journal Vol.6/No.10 Supplement III မှ ကူးယူဖော်ပြပါသည်။

2 comments:

  1. ဒီနေ့ဘဲ ဖတ်လိုက်မိတယ်။

    ReplyDelete
  2. ဒီသတင်းကို ဖတ်လိုက်ရမှစိတ်ချမ်းသာသွားတော့တယ်။ မှားလို့ အပြစ်တင်ခံရတာကိုတော့လက်ခံပါတယ်။ ဆရာဝန်ဘက်ကလည်းလူနာအပေါ်မှာ အမှားမရှိအောင်ပြုစုကုသပေးသင့်ပါတယ်။ မမှားဘဲနဲ့ မတရားဝေဖန်ပြောဆိုတာမျိုးကိုတော့ လုံးဝလက်မခံနိုင်ပါဘူး။ အခုလိုသတင်းမျိုးကိုဖော်ပြလိုက်တော့ မဟုတ်မတရားပြောချင်တဲ့ မီဒီယာတွေ ရပ်တန့်သွားလိမ့်မယ်လို့ယူဆပါတယ်။

    ReplyDelete